ချန်းချန်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် ဟိတ်ဟန်ကျယ်စွာဖြင့် ရေရွတ်လိုက်သည်။

"မဆိုးပါဘူး"

ရွှီနျန်မှာတော့ ဆော့များ အပြောင်အစင် အလျက်ခံလိုက်ရပြီးသည့် သူ၏လက်ချောင်းတို့ကို စိုက်ကြည့်နေလျက် ရှုပ်ထွေးလှသည့် ခံစားချက် အရှုပ်တော်ပုံထဲသို့ နစ်မြုပ်နေခဲ့လေ၏။

မီးဖိုချောင်တံခါးဝတွင် ရှိနေခဲ့သည့် ချန်သိသည် ချောင်းဟန့်လိုက်ကာ သူ့မျက်နှာအား လက်ဖြင့်ကာထားလျက် မသဲမကွဲပြောလာ၏။

"အန်တီက ဘော့စ်တို့နှစ်ယောက် အကူအညီလိုဦးမလား သွားကြည့်လိုက်ဖို့ပြောလို့......"

ချန်းချန်က မကျေမနပ်ဖြင့် စုတ်တစ်ချက် သပ်လိုက်ကာ မဆိုင်းမတွပင်ပြောလိုက်သည်။

"လာပြီး ဆလပ်ရွက်တွေ အချည်တည်တာကို လာကူလိုက်"

ချန်သိက နာခံစွာပင် ဝင်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ အိမ်မှုကိစ္စများ လုပ်သည့်နေရာတွင်တော့ သေချာပေါက် သူက ချန်းချန်ထက်ပို၍ တော်သည်ဖြစ်၍ သူဘာလုပ်ရမည်ကို နားလည်သဘောပေါက်ရန် တစ်ချက်လောက် အလျင်အမြန် ဝေ့ဝဲကြည့်လိုက်ဖို့ရန်သာ လိုအပ်လေသည်။

"ကျွန်တော် အရင်ဆုံး နံရိုးနှပ်တွေကို အပြင်ယူထုတ်သွားလိုက်တော့မယ်"

ရွှီနျန်က ဟင်းပန်းကန်အား သယ်ကာပြောလိုက်၏။

"ခဏလောက်စောင့်ပေးပါဦး၊ ကျွန်တော် ခင်ဗျားကို ပြန်လာကူမယ်"

ချန်းချန်က မျက်မှောင်ကြုတ်သွားကာ

"ဒါက ဆလပ်ရွက်နည်းနည်းလေးပဲဟာကို ၊ချန်သိတစ်ယောက်တည်း လုပ်နိုင်တယ်၊ မင်းကဘာလာလုပ်ဦးမှာလဲ?"

ချန်သိ : "......."

ဒီဆလပ်ရွက်နည်းနည်းလေးကို မင်းတို့နှစ်ယောက်အတူတူ ဆေးနေကြတုန်းကတော့ လူအရမ်းများတယ်လို့ ဘာလို့များ မခံစားရခဲ့ကြတာတုန်းလို့?!'

အပြင်ဘက်တွင်၊ လီဖန်က စားပွဲဝိုင်းကို ပြင်ဆင်ပြီးသွားခဲ့ပြီဖြစ်သည်။ သူမက စိတ်အားထက်သန်စွာဖြင့် ချန်းချန်အား အပြင်ထွက်ပြီး လာထိုင်တော့ရန် ခေါ်လိုက်သည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now