အခန်း ၇။မစ်(စ်)ဘားမား

Start from the beginning
                                    

သွားတိုက်ပြီးထွက်လာသောကိုအောင်သောင်းက "မနက်စောစောစီးစီးဘယ်သူဖုန်းဆက်တာလဲ"
"သန္တာပါ။ဒေါ်ရင်မေ အမေဆုံးလို့တဲ့။အဲ့ဒါကျွန်မတို့ဟင်းလေးဘာလေးချက်ပြီး သွားပို့မလို့။သူနဲ့သိတဲ့လူလည်း ရပ်ကွက်ထဲမှာသိပ်ရှိပုံမရဘူး။"
"ဪဟုတ်လား။ကောင်းသားပဲ။ဒါနဲ့မနက်စာဘာဝယ်ထားလဲ"
"ခိုင်မာလာလမ်းက မုန့်ဟင်းခါးဝယ်ထားတယ်။အိုးဘဲဥနဲ့"
"ဟုတ်လား။ငါးဖယ်စားချင်နေတာ။အိုးဘဲဥလည်းရပါတယ်"
"ကျွန်မမုန့်ဟင်းခါးထွက်ဝယ်တုန်းက ရှင်မှမနိုးသေးတာ။အဲ့ဒါနဲ့ကျွန်မလည်းအဆင်ပြေမယ်ထင်တာပဲဝယ်ခဲ့တာ"
"အင်းပါ။ရပါတယ်လို့။ဆင်ခြေတွေပေးစရာမလိုပါဘူး"
ကျွန်မလည်း ဘာမှဆက်မပြောတော့ ထမင်းစားပွဲပေါ်တင်ထားတဲ့မုန့်ဟင်းခါးထုပ်ကမုန့်ဖတ်ကိုပန်းကန်လုံးထဲထည့်ပြီး ချိုင်ထဲကမုန့်ဟင်းရည်ကိုဆမ်းပေးလိုက်သည်။ပုကန်တဝက်လောက်ရောက်တော့ ဖြည်းဖြည်းချင်းထည့်လိုက်သည်။ခဏနေတော့ကိုအောင်သောင်းက "ရပီ။ရပီ။ထပ်မထည့်နဲ့တော့"
ကျွန်မလည်း ပန်းကန်လုံးထဲဇွန်းတပ်ပေးပြီး ကိုအောင်သောင်းရှေ့ချပေးလိုက်တယ်။ဘေးမှာငရုပ်သီူမှုန့်ဘူးနဲ့ငံပြာရည်ပုလင်းပါအဆင်သင့်ချပေးထားလိုက်တယ်။အဲ့အချိန်မှာပဲ နောက်တစ်ခါဖုန်းဝင်လာပြန်သည်။သန္တာအကြောင်းပြန်တာဖြစ်မယ်ဆိုပြီး ဧည့်ခန်းဆီခပ်သုပ်သုပ်လျှောက်လာပြီးဖုန်းခွက်ကိုကောက်ကိုင်လိုက်သည်။
"အမရေ။ထင်တဲ့အတိုင်းပဲ။သဉ္ဇာကလိုက်မယ်ပြောတယ်။သီတာကတော့ မလိုက်နိုင်ဘူးတဲ့။သူလည်းစိတ်မကောင်းဖြစ်နေတယ်"
"ဪဟုတ်လား။အေးအေး ဒါဆို၁၁နာရီလောက်အမဆီလာခဲ့လိုက်လေ။ဒို့အတူတူသွားရအောင်။"
"ဟုတ်။အမ။သဉ္ဇာ့ကိုလည်းပြောလိုက်မယ်"

သဉ္ဇာကထုံးစံအတိုင်းဗန်းတစ်ဗန်းနဲ့။ဗန်းပေါ်မှာ ဟင်းခွက်အသေးအကြီး ဆိုဒ်စုံကို အပေါ်ကအုပ်ဆောင်းလေးနှင်အုပ်ပြီး အပေါ်ကပဝါအပါးစလေးတစ်စထပ်တင်ထားတယ်။ကျွန်မစိတ်ထဲနည်းနည်းတော့ပိုတယ်ထင်လိုက်မိသည်။ကျွန်မနဲ့သန္တာနဲ့က နှစ်ဆင်ချိုင့်လေးတစ်လုံးစီနဲ့။သန္တာကလည်း သဉ္ဇာ့ကိုသတိထားမိပုံပေါ်သည်။သဉ္ဇာကတော့ ဒေါ်ရင်မေ၏အိမ်တံခါးကိုတည့်တည်ကြည့်ရင်းပြုံးထားသည်။ကျွန်မလည်း အိမ်တံခါးကိုခေါက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်
အိမ်ထဲမှ ဒေါ်ရင်မေအသံထွက်လာသည်။"လာပီ လာပီ။ခဏလေး"
တံခါးဖွင်လိုက်တော့ ကျွန်မတို့သုံးယောက်ကိုမြင်ပြီး ကြောင်သွားပုံနှင့်မျက်မှောင်ကုတ်ကြည့်သည်။ပြီးတော့ "ဘာလာလုပ်ကြတာလဲ"
သန္တာက "အဘွားအမေဆုံးသွားတယ်ကြားလို့။အဲ့ဒါတစ်ယောက်တည်းဆိုတော့ စားရသောက်ရတာအဆင်မပြေမှာစိုးလို့ဟင်းလေးနည်းနည်းစီယူလာတာ"
ဒေါ်ရင်မေက သဉ္ဇာ့လက်ထဲကဗန်းကိုကြည့်ပြီး "ဟိုဟာကရောဘာလဲ။တစ်လစာအခြောက်အခြမ်းတွေလား"
သဉ္ဇာကအပြုံးမပျက် "ဒါလည်းဒီနေ့စားဖို့ပါပဲ။ကျွန်မလုပ်လာတာနည်းနည်းများသွားတယ်ထင်တယ်။ပဲစောင်းငါးသီး၊ကျောက်ဖရုံသီး၊ခရမ်းသီး၊ဂျူးမြစ်၊ဂေါ်ရခါးသီးကို ကြက်သား၊ကုလားပဲနဲ့ပေါင်းပြီးပျဉ်းတော်သိမ်ရွက်အုပ်မဆလာလေးနဲ့ချက်ထားတဲ့သီးစုံပဲကုလားဟင်းရယ်။ရွှေဖရုံသီးကိုအခွံတစ်ဝက်နွှာပြီး ပုစွန်ခြောက်နဲ့ရေခမ်းအိအိချိုချိုလေးချက်ထားတာရယ်။ကြက်ပေါင်တစ်ပေါင်ကို ဂျင်း၊ကြက်သွန်ဖြူ၊ပဲငံပြာရည်၊ခရုဆီတွေနဲ့နယ်နှပ်ထားပြီးမှ ထောပါတ်သုတ်ပြီးခဲပတ်ပတ်ကင်ထားတာရယ်။အချိုတည်းဖို့အတွက် ရွှေကန်စွန်းဥနဲ့သာကူကို သွေးပေါင်မတက်အောင်အုန်းနို့အစား နို့စိမ်းလေးနဲ့ပဲကြိုထားတာရယ်" သဉ္ဇာက အပြုံးမပျက်သလို တစ်ခွန်းမှလည်းစဉ်းစားစရာမလို။ဆက်တိုက်တရစပ်ပြောသွားတာကြားထဲကဖြတ်ဝင်ပြောနိုင်‌လောက်စရာ အချိန်သေးသေးလေးတောင်ချန်မထား။ဒေါ်ရင်မေက မျက်ခုံးတစ်ချက်ပင့်ကြည့်ပြီး "အဲ့တော့ တစ်လစာပေါ့?"
သန္တာက လုပ်ရယ်ထရယ်ပြီး "နောက်တယ်နော်အဘွားက။အိမ်ထဲဝင်ပြီးလှယ်စရာရှိတာတွေလှယ်လိုက်အုံးမယ်နော်"ဆိုပြီးရှေ့ကအတင်းဝင်သည်။ကျွန်မတို့လည်းသူ့နောက်ကလိုက်လာခဲ့လိုက်သည်။အိမ်ထဲရောက်တော့ တစ်ချို့နေရာတွေကဖုန်တွေနှင့်။တစ်ချို့နေရာတွေလည်း သန့်ရှင်းနေသည်။ကျွန်မသတိထားမိတာက ကောင်မလေးငယ်ငယ်ချောချောလေးတစ်ယောက် မြန်မာ့ကာယအလှမယ်ပထမဆုဆိုသည့် စလွယ်လေးလက်ခံနေသည့်အဖြူအမဲပုံလေးဖြစ်သည်။ကောင်မလေးခေါင်းမှာ သရဖူလေးတစ်ခု။အင်္ကျီလက်ပြတ်၊ထဘီအကျပ်လေးနှင့် ကိုယ်လုံးကိုယ်ပေါက်ကလည်းကြည့်ကောင်းလှသည်။ဘေးမှာလည်း နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာဘွဲ့‌ယူနေသည့် ကောင်မလေးပုံ။ကောင်မလေးကတော့တစ်ယောက်တည်းပဲ။နည်းနည်းတော့အသက်ကြီးပုံပေါ်တယ်။ကျွန်မပုံတွေကိုကြည့်နေတုန်း သန္တာကကျွန်မလက်ထဲကချိုင့်ကိုပါယူသွားပြီး ထမင်းစားခန်းထဲမှာသွားလှယ်ပေးသည်။တံခါးဟထားသည့် အခန်းတစ်ခန်းထဲကိုကျွန်မလှမ်းကြည့်လိုက်တော့ စာအုပ်တွေအပုံလိုက်။မှန်ဘီရိုတွေ၊စာအုပ်စင်တွေပေါ်မှာတင်မဆံ့တော့လို့အောက်မှာချထားတာတွေပါ အများကြီး။အခန်းထောင့်မှာတော့ ဂစ်တာတစ်လက်။စာကြည့်စားပွဲပေါ်မှာလည်း စာအုပ်တွေနှင့်ရှုပ်ပွနေသည်။စာကြည့်စားပွဲက ခပ်ကြီးကြီးအပေါ်မှာမှန်တစ်ချပ်တင်ထားသည်။စားပွဲက အညိုရောင်တောက်တောက်ကိုမှ ပေါ်လစ်သေချာသုတ်ထားသောကြောင့် ပြောင်ပြီးလက်နေသည်။ကျွန်မလည်း စပ်စုတာရပ်ပြီး နောက်ဖေးမီးဖိုချောင်ထဲဝင်လာလိုက်သည်။သန္တာနှင့်သဉ္ဇာက လှယ်ပေးပြီးလို့ထမင်းစားခန်းမှာထိုင်ရင်း ဒေါ်ရင်မေနဲ့စကားပြောနေကြသည်။တစ်ယောက်တည်းနေတဲ့သူဆီက ထမင်းစားခန်းမှာဘာလို့ ခုံအပိုတွေရှိနေတာလဲလို့တောင်စဉ်းစားမိလိုက်သေးတယ်။
သူတို့ဘာပြောနေကြတာလဲတော့မသိ ကျွန်မရောက်သွားတော့ ဒေါ်ရင်မေက "ငါတို့လည်းသေရမှာပဲလေ။ဘယ်တတ်နိုင်ပါ့မလဲ။စောစောသွားတာနဲ့နောက်ကျမှသွားတာပဲကွာတာ။ငါ့အရွယ်မှာ သေမယ့်အကြောင်းသိပ်တွေးနေရင် ကျန်တဲ့အချိန်လေးတွေပါမရှင်လိုက်ရဘဲကုန်သွားမယ်"
သန္တာက "ဟုတ်တာပေါ့။ဒါ‌ပေမဲ့ကျွန်မတို့ကစိတ်ပူနေတာ။အဘွားကတစ်ယောက်တည်းဆိုတော့"
သဉ္ဇာကပါ "ဟုတ်တယ်။ကျွန်မတို့ ကူညီနိုင်တာရှိရင်ကူညီပေးရအောင်လည်းပါတယ်။ဟင်းတွေလည်းမြည့်ကြည့်ချင်မြည့်ကြည့်လို့ရတယ်နော်"
ကျွန်မကခုံအလွတ်တစ်ခုမှာဝင်ထိုင်ပြီး "ဒါနဲ့အရှေ့ကပုံတွေကဘယ်သူ့ပုံတွေလဲအဘွား"
"ငါ့ပုံတွေလေ။"
ကျွန်မစိတ်ထဲတော်တော်အံ့ဩသွားသည်။ဒါကိုရိပ်မိပုံပေါ်တဲ့ဒေါ်ရင်မေက
"ဘာလဲ နင်ကငါ့ကိုတစ်သက်လုံးဒီပုံစံဘဲထင်လို့လား။ငါလည်း နင်တို့လိုပဲ။တစ်ချိန်ကငယ်ခဲ့တယ်။လှခဲ့တယ်။"ပြောရင်း ဒေါ်ရင်မေကကျွန်မတို့ကိုတစ်ချက်ဝှေ့ကြည့်ပြီး "နင်တို့ထက်တောင်လှရင်လှအုံးမယ်။ဉာဏ်လည်းကောင်းတယ်။ဘဝတစ်ခုရှိခဲ့တယ်ကွာ။ဒါပေမဲ့ အဲ့ဒါတွေကအမြဲတမ်းမှမဟုတ်တာ" သက်ပြင်းခပ်ဖြေးဖြေးလေးချရင်းဆက်သည်။ "တစ်ခါတစ်လေကျရင်နင်တို့ဘဝမှာ နင်တို့နဲ့တစ်ကယ်အချိတ်အဆက်မိတဲ့လူတွေအများကြီးတွေ့အုံးမယ်။အဲ့လို‌လူတွေအပြင်မှာအများကြီး ရှိနေလိမ့်မယ်လို့ထင်ရင်ထင်ကြမယ်။ဒါပေမဲ့နင်တို့ထင်သလောက်မများဘူး။အဲ့လိုထင်ပြီးကိုယ်အနီးအနားကအချိတ်အဆက်မိပြီးသားလူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်ပိုပြီးနီးစပ်ဖို့မကြိုးစားမိတာတွေ၊ကြိုးစားသင့်သလောက်မကြိုးစားမိတာတွေ ဖြစ်လာတတ်တယ်။အဲ့ဒါတွေကဘယ်တော့မှအဆုံးသတ်မကောင်းဘူး။နင်တို့အဲ့လိုမျိုးရှိရင် ဖုန်းဆက်၊လူကိုယ်တိုင်တွေ့၊တစ်ယောက်ကမကြိုးစားရင်နောက်တစ်ယောက်ကရောက်အောင်သွား။မကြိုးစားကြည့်ဘဲဘယ်တော့မှလက်မလျှော့နဲ့။ငါ့မှာဆိုအဲ့လို အခွင့်အရေးတွေနေ့တိုင်းဆုံးရှုံးနေရတာ" ပြောရင်းအသံတိမ်ဝင်လာသည်။ဒေါ်ရင်မေဘေးကသန္တာက စားပွဲပေါ်ကရှုံ့တွ‌နေသည့်သူမရဲ့လက်သေးသေးလေးကိုအပေါ် သူ့လက်ကလေးဖြင့်အုပ်ပြီးကိုင်လိုက်သည်။သဉ္ဇာကလည်း ဒေါ်ရင်မေ၏လက်မောင်းကိုသူ့လက်ဝါးလေးနှင့် ဖြည်းဖြည်းလေးဖွဖွပွတ်ပေးသည်။ကျွန်မကတော့ ခပ်မဆိတ် စနည်းနားရင်း ဒေါ်ရင်မေ၏ဘဝအကြောင်းကို စိတ်ထဲမှပုံဖော်နေမိသည်။

ကျွန်မတို့၃ယောက်ဒေါ်ရင်မေအိမ်ကထွက်လာပြီး သီရိစံပါယ်လမ်းပေါ်ရောက်တော့ သန္တာက "တစ်ခါတစ်လေ ငါတို့ဒေါ်ရင်မေကိုပါ ငါတို့စကားဝိုင်းကိုခေါ်ရင်ကောင်းမလား" တိုင်ပင်သည်။
သဉ္ဇာကချက်ချင်းပဲ "ခေါ်ပြီး နင်တို့ဘာအကြောင်းပြောကြမှာလဲ။ဒုတိယကမ္ဘာစစ်အ‌ကြောင်းလား"
ကျွန်မရော သန္တာရော သဉ္ဇာ့ကိုမျက်လုံးလေးပြူးပြီးကြည့်မိသည်။သဉ္ဇာက မျက်မှောင်တစ်ချက်ကျုံ့ပြီး "အိုး..... ရယ်စရာပြောရင် ရယ်စရာလိုလက်ခံကြစမ်းပါ။မနေ့ညကတော့ နင်တို့ပဲပြောနေကြပြီး" ဟုစိတ်ရှုပ်သွားသည့်လေသံဖြင့်ပြောသည်။သဉ္ဇာ့လေသံကိုကြားတော့မှ ကျွန်မရောသန္တာရော ဆယ်ကျော်သက်လေးတွေရယ်သလို တခစ်ခစ်နှင့်ရယ်လိုက်မိသည်။

အိမ်ရှင်မတို့လျှို့ဝှက်ချက်Where stories live. Discover now