တစ်ဆယ့်ရှစ် / တစ္ဆယ့္ရွစ္

2K 317 55
                                    

Unicode

" ဒီအချိန်မှပြန်လာရသလား။ ဘယ်တော့မှစည်းကမ်းကိုမရှိဘူး။ "

အိမ်ထဲရောက်ရောက်ချင်း ကြားလိုက်ရသည့်အသံကျယ်ကျယ်ကြောင့် တည်နေသည့်ကျွန်တော့်မျက်နှာသည် မမှိတ်မသုန်အနေအထားသို့ရောက်ရှိသွားပါတော့သည်။ အသံလာရာဆီသို့ ကြည့်လိုက်တော့ သြဇာအာဏာအပြည့်ဖြစ်နေသည့်မျက်နှာအမူအရာဖြင့် အခန့်သားထိုင်နေသောသူကြောင့် မျက်နှာအမူအရာကို ပို၍မှုန်ကုတ်ပစ်လိုက်မိသည်။

" အသက်ကဖြင့် သုံးဆယ်ပြည့်ဖို့နှစ်နာရီကျော်ကျော်ပဲလိုတော့တယ်။ အခုထိ ကလေးဆန်လို့ကောင်းတုန်းပဲလား ပတ်ခ်ဂျီမင်။ "

အသံမာမာကြီးဖြင့်ပြောလာသည့်သူအား ခပ်စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်၏။

" အဲ့တာဦးလေးနဲ့တူလို့နေမှာပေါ့ မစ္စတာပတ်ခ်ရဲ့။ မစ္စတာပတ်ခ်ကလည်း အသက်လည်းမငယ်တော့လို့ အချိုတွေမစားပါနဲ့ဆိုတာကို ကျွန်တော်တို့မသိအောင် ခိုးခိုးစားနေတာ မသိဘူးများထင်နေသလား။ ကလေးသာဆို တုတ်နဲ့နာနာလေး ရိုက်ပြီးနေပြီ ဟင်းဟင်း။ "

လုပ်ရယ်သံကြောင့် မတရားတည်အောင်ကြိုးစားထားတဲ့ဖေဖေ့မျက်နှာသည် ပြုံးစိစိဖြစ်သွားသည်။ မထူးပါ၊ ကျွန်တော်လည်း အသံတိတ်ရယ်နေမိပြီး စပ်ဖြီးဖြီးလုပ်နေမိပါသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တစ်စက္ကန့်အကြာမှာတော့

" ဟားဟား ဟားဟား ဟားဟား အမလေး ဟားဟား "

နှစ်ဦးသားလုံးပြိုင်တူအော်ရယ်မိလိုက်ကြသည်။ ဖေဖေနဲ့ကျွန်တော်က အကျင့်တွေတော်တော်တူမှန်း နောက်ပိုင်းမှ သတိထားမိလာသည်။ အထူးသဖြင့် ပေါက်တတ်ကရစကားလုံးတွေပြောပြီး အသံအကျယ်ကြီးဖြင့်အော်ရယ်တတ်တာက အတူဆုံးလို့ပြောလို့ရနိုင်မလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဂရုမစိုက်ချင်ယောင်ဆောင်ပြီး အတ္တကြီးတဲ့သူတစ်ယောက်လိုပြုမူကာ ထိုသူမသိအောင် တိတ်တခိုးဂရုစိုက်ပေးတာက ပို၍တူနေမလား။ အင်း ... မပြောတတ်။

ရယ်နေကြတာ ငါးမိနစ်လောက်ရှိပြီဖြစ်သော်လည်း နားလိုက်ရယ်လိုက်ကြနဲ့ ကျွန်တော်လည်း အခုထိမတ်တပ်ရပ်နေတုန်းဖြစ်သလို ဖေဖေလည်းအိပ်ရာမဝင်သေး။ ခဏနေတော့ မေမေသည် ကျွန်တော်တို့နားသို့ရောက်လာသည်။ ပုံမှန်လျှောက်နေကျထက် ဖြည်းဖြည်းချင်းလျှောက်လာပုံကိုကြည့်လိုက်မိကတည်းက မေမေတစ်ယောက်အိပ်ချင်မပြေသေးဘဲ ထလာမှန်း ကျွန်တော်တို့သားအဖနှစ်ယောက်စလုံး သဘောပေါက်လိုက်ကြသည်။

Fifteen Percent Is Loving YouWhere stories live. Discover now