တစ်ဆယ့်လေး / တစ္ဆယ့္ေလး

1.8K 294 39
                                    

Unicode

" ကျွန်တော် စုံစမ်းကြည့်သလောက်တော့ အလုပ်လုပ်ခဲ့တဲ့ ကာလအတွင်းတွေမှာ ဘာမကောင်းသတင်းမှ မထွက်ခဲ့တဲ့ အတော်ဆုံး အတွင်းရေးမှူးလို့ကြားတယ်။ အခုလိုလုပ်မယ်လို့လည်း အန်ကယ်လ်က တကယ်မထင်ခဲ့ပုံပဲ ဟျောင်း။ "

မနေ့ညက ထယ်ဟွန်းကို ဖုန်းဆက်လိုက်ပြီး ထိုသူ့အကြောင်းစုံစမ်းရန် စာပို့လိုက်တော့ ယုံကြည်ရသည့် ထယ်ဟွန်းက သူ့စကားကို နားထောင်ပြီး စုံစမ်းခဲ့သလောက် သေချာပြောပြလာသည်။

" အဲ့ကောင်ကို ငါလည်းအဲ့လိုမထင်ခဲ့တာ။ သူမို့လို့ လုပ်ရက်တယ်။ ဒါပေမယ့် သက်သေ၊ သက်သေက ရှိမနေဘူး။ အဲ့တာက မိန်းပွိုင့်ပဲ။ "

ထယ်ဟွန်းက ခေါင်းတဖြည်းဖြည်းညိတ်ပြီး တွေးတွေးဆဆဖြင့် ဆိုလာပြန်သည်။

" သက်သေဆိုတာ ရှာလို့ရပါတယ် ဟျောင်းရာ။ သူတစ်ယောက်တည်းအင်အားနဲ့ ဒါမျိုးတွေ လုပ်နိုင်မှာ,မဟုတ်ဘူး။ သူ့နောက်မှာ လူတွေရှိနေဦးမှာ။ အဲ့လူတွေကို မိတာနဲ့ သူလည်း အသေပဲ။ ပြီးတော့ ဘာကြောင့် သည်လိုလုပ်တာလဲဆိုတဲ့ အကြောင်းအရင်း။ "

ထယ်ဟွန်းစကားကြောင့် ကျွန်တော် မျက်မှောင်ကြုံ့လိုက်မိသည်။ ရှင်းနေတာပဲ၊ ကျွန်တော်တို့ကုမ္ပဏီကို အပိုင်သိမ်းချင်လို့ လုပ်လိုက်တာပဲ,မဟုတ်လား။ တခြားဘာရှိရဦးမှာလဲ။

" ကျွန်တော်ကတော့ အဲ့လိုမထင်ဘူး။ တခြားအကြောင်းအရင်း ရှိသေးတယ်လို့ ခံစားမိနေတယ်။ "

ကျွန်တော်တွေးတောနေတာကို သိသည့်အလား ထယ်ဟွန်းကလည်း သူ့အတွေးကို ထပ်မံ၍ ပြောပြသည်။ ဒါပေမယ့် သူ့အတွေးက သိပ်တော့မသေချာဘူးလို့ ကျွန်တော်ထင်မိသည်။ တခြားအကြောင်းအရင်းရှိတယ်ဆိုရင်တောင်မှ အဖေက ဝန်ထမ်းတွေကို နှိပ်စက်တတ်တဲ့သူစားမျိုးမှ,မဟုတ်တာ။ အဖေ့ကို မုန်းစရာအကြောင်းအရင်း ရှိမယ်လို့မထင်မိတာ အမှန်ပင်။

" လူတွေကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်နိုင်ပြီလို့ ထင်နေတုန်းပဲလား။ အကြောင်းလေး နည်းနည်းသိတာနဲ့ပဲ လူကောင်း၊လူဆိုး၊လူယုတ်မာဆိုပြီး ခွဲတတ်ပြီလို့ ခံယူထားတုန်းပဲလား ဟျောင်းအဆိုးလေးရေ။ "

Fifteen Percent Is Loving YouWhere stories live. Discover now