Part-4

3.2K 383 7
                                    

Uni

ကောင်းကင်ပြာကြီးဆီမျက်နှာမူနေပေမဲ့ မျက်လုံးထဲမှာ ကောင်းကင်ကြီးကို မမြင်ရတာတော့ အံ့ဩဖို့ကောင်းလွန်းပါသည်။ ကျွန်တော် မျက်လုံးမမြင်ရလို့မဟုတ်ပါ။ တစ်ယောက်သောသူကိုတွေးမိနေ၍ ဖြစ်သည်။ နေ့ရက်တွေ ရေတွက်သည့်အကျင့်သည် သူနှင့်တွေ့မှရလာသည့် အကျင့်တွေထဲက တစ်ခုပင်။ အခုဆို သူနဲ့ ကျွန်တော် မဆက်သွယ်ဖြစ်တာ ငါးရက်တိတိရှိပြီ။ ဖုန်းမဆက်ပါစေနဲ့ ဆိုတဲ့ကျွန်တော့်ဆုတောင်းက တကယ်ကြီးပြည့်သွားတာပဲ။ ဒီလိုကျတော့လည်း စိတ်မကျေနပ်ပြန်။ ‘လူ့အလိုနတ်မလိုက်နိုင်’ ဆိုသလို လူသားများ၏ စိတ်ဆန္ဒသည် အလွန်ထူးခြားသည်ထင်ပါသည်။ ကျွန်တော်ကိုယ်တိုင်မှာကို အရင်က ဖုန်းမဆက်ပါစေနဲ့လို့ ဆုတောင်းလိုက် အခု ဖုန်းဆက်စေချင်လိုက်နဲ့ အမျိုးမျိုးဖြစ်နေတယ်မဟုတ်လား။

ထီးအပြာလေးကိုလည်း ကိုင်လိုက်၊ ချထားလိုက်၊ တွေတွေကြီး စိုက်ကြည့်နေလိုက်နှင့် ရူးမှန်းမသိ ရူးနေသလိုပင်။ ဒီကြားထဲ ထိမိသမျှ ဝတ္ထုတိုင်းကလည်း ငိုစရာချည်းဖြစ်နေတော့ ပိုဆိုးလှသည်။ အရာရာဟာ အဆင်မပြေတော့။ လမ်းလျှောက်ရတာ၊ စာကျက်ရတာ၊ အိပ်ရတာ ဘာတစ်ခုကမှ ချောချောမွေ့မွေ့ရှိမနေပေ။ စိတ်ရှုပ်ထွေးခြင်းတွေက တစ်စတစ်စ ပိုပိုဆိုးလာသည်။ ‘သူဘာလုပ်နေမလဲ သူကဘယ်လိုလူလဲ နောက်ပြီး သူ့မှာ ဆိုင်သူများရှိနေနှင့်သလား’ ။ ဒီမေးခွန်းသုံးရပ်သည် ကျွန်တော်အချိန်တိုင်းတွေးမိသည့် သူနှင့်ပတ်သတ်သောမေးခွန်းများထဲမှ အဓိကအကျဆုံး သုံးရပ်ဖြစ်သည်။ စိတ်တွေထွေပြားလာသည့်အခါမျိုးမှာ ခြေထောက်တွေကတောင် သူ့အလိုလို နည်းပညာအတန်းဘက်ကို လှည့်လှည့်သွားတတ်သည်။ ဒီအခါ ကိုယ့်ခြေထောက်ကိုယ် ပြန်ဆုံးမရတာလည်း အမော။ ကားမှတ်တိုင်မပြောနဲ့။ ခုတင်ပေါ်မှာပင် အိပ်မပျော်တော့သောကြောင့် မျက်ကွင်းတွေမဲလာသလို ခေါင်းကိုက်တာကလည်း မကြာခဏဖြစ်လာသည်။

“စိုက် နေမကောင်းဘူးလား မင်း။ တစ်မျိုးကြီးလိုပဲ”

ကျွန်တော့် ဘေးမှာထိုင်နေကျဖြစ်သည့် မျိုးမြတ်က ပုခုံးကိုပုတ်ရင်းမေးသည်။ သူက ကျွန်တော့်သူငယ်ချင်းလို့ ပြောလို့မရပေမဲ့ အတော်လေးခင်သည့်အဆင့်တော့ရှိသည်။ သူငယ်ချင်းလို့ ပြောလို့မရသည်က ကျွန်တော်ကိုယ်တိုင် သူ့ကို သူငယ်ချင်းလို့ မသတ်မှတ်၍ပင်ဖြစ်သည်။ သူငယ်ချင်းဆိုသည်မှာ အရာအားလုံး အတူတူကျော်ဖြတ်ကြပြီး ယုံကြည်ရတဲ့သူတွေမဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်မှာတော့ အဲ့လိုလူမျိုးမရှိ။ ငယ်ငယ်ကတော့ သူငယ်ချင်းတွေ ထားဖူးပါသည်။ သို့သော်....omegaဆိုတဲ့ လှို့ဝှက်ချက်လေးကို ယုံကြည်စွာပြောပြလိုက်တာနှင့် လှို့ဝှက်ပေးရမဲ့အစား တမင်လိုက်ဖွတတ်သည့် သူငယ်ချင်းများပင်ဖြစ်သည်။ ဒါကြောင့် ကျွန်တော် ဘယ်သူ့ကိုများ ဆက်ယုံလို့ရဦးမှာလဲ။ လူတွေကယုံချင်စရာမကောင်းဘူး ဆိုတဲ့ စိတ်ကြီးက ရင်ဘတ်ထဲမှာ အမြစ်ကိုတွယ်လို့။ ဒီတော့ တစ်စုံတစ်ယောက်နှင့် နီးနီးကပ်ကပ်ပေါင်းသင်းလျှင် လျှို့ဝှက်ချက်ပေါ်သွားမည်စိုး၍ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ ကျွန်တော်ဟာ တစ်ယောက်တည်းသာ နေလာရသည်မှာ ၇နှစ်ကျော်ခဲ့ပြီ။

Yes,I'm Villain (Completed)Where stories live. Discover now