Chapter-29

10.2K 1.7K 238
                                    

(Unicode)

ဒေါက်...ဒေါက်...ဒေါက်...။

အိပ်ယာထက်မှေးနေရာမှ တံခါးခေါက်သံကြောင့် နာရီကိုကြည့်လိုက်မိသည်။ ​နေ့လည် ၁၁ နာရီ။ မုန်းတီးသည့် ဆန်ပြုတ်ကိုသောက်ပြီး ဆေးသောက်ရမည့် အချိန်ရောက်လာပြန်ပြီမို့ တမှူး ရှုံ့မဲ့လိုက်မိသည်။ မေမေက အမြဲအချိန်တိကျလွန်းသည်။

"တံခါးဖွင့်ထားတယ် မေမေ၊ ဝင်လာလိုက်လေ"

ပြောပြီး လှဲနေရာမှ ထကာ ခုတင်ခေါင်းရင်းကို မှီထိုင်လိုက်သည်။ အကြာကြီးလှဲနေရာမှ ထလိုက်သဖြင့် မိုက်ခန​ဲမူးသွားသည့် ခေါင်းကို လက်ဖြင့် အသာထိန်းလိုက်ရသည်။

သုံးရက်ရှိပြီ။ အဖျားကကျမသွားသည့်အပြင် ည,ညဆို အပူကြီးပြီး ယောင်ယမ်းသည်အထိ အခြေအနေဆိုးလာသည်။ ဆရာဝန်က ဆေးရုံသွားရန်တိုက်တွန်းနေသည်။ မေမေကလည်း ဆေးရုံသွားချင်နေပြီ။ တမှူးကသာ ပေတေကာတောင့်ခံနေမိသည်။ မျှော်လင့်နေသည့် တစ်စုံတစ်ယောက်ကတော့ နေနိုင်ရက်လွန်းသည်။

အမှန်တော့ အဖျားမကျခြင်းသည် ခန္ဓာကိုယ်ကြောင့်ထက် စိတ်ညိုးရာကိုယ်နွမ်းသလိုဖြစ်နေခြင်းပင်။ ယခုအချိန်ထိနွမ်းနယ်နေသော စိတ်တို့ကြောင့် ခန္ဓာကိုယ်မှာ နလံမထူနိုင်။ရင်ဘက်ထဲမှ ဆို့နင့်မွန်းကြပ်မှုနှင့်အတူ ဟာတာတာခံစားချက်တစ်ခုက နေ့နေ့ညည ဒုက္ခပေးနေသည်။

ခုတင်ခေါင်းရင်းကို မှီ၍ အသာမှေးနေမိသည်။ တဆက်တည်းမှာပင် မျက်မှောက်ကုတ်မိသည်။ မေမေ တံခါးခေါက်ပြီး အခုထိ ဝင်မလာသေးဘူး။

"မေမေ..."

အသံပြုခေါ်လိုက်ချိန် တံခါးက ဖျတ်ခနဲ ပွင့်သွားသည်။ အလားတူ တမှူး နှုတ်ခမ်းများလည်း ပွင့်ဟသွားရသည်။ အခန်းဝတွင်ရပ်၍ ဆန်ပြုတ်လင်ပန်းကိုင်ထားသောသူသည် တမှူး ထင်ထားသလို မေမေမဟုတ်ခဲ့။

"စီနီယာ..."

ခေါ်နေကျ နာမ်စားတစ်ခုက နှုတ်မှယောင်ယမ်းထွက်သွားသည်။ မြန်ဆန်လာသော နှလုံးခုန်သံတို့က ပိုင်ရှင်ထက် သခင်ကို ပိုလိုလားနေသယောင်ယောင်။ ဟုတ်ပါသည်။ ပုံမှန်ထက် နှစ်ဆအလုပ်ပိုလုပ်နေသော နှလုံးသားလေး၏ ပိုင်ရှင်သည် မိမိဖြစ်သော်လည်း ထိုနှလုံးသားလေး၏ သခင်သည် အခန်းဝ၌ ရပ်နေသောသူဖြစ်သည်။

I ADORE YOU. (COMPLETED)Where stories live. Discover now