Chapter-24

10.4K 1.7K 287
                                    


(Unicode)

"စာသင်ဆောင်နဲ့ စားသောက်ဆိုင်နဲ့ တွဲဖွင့်ထားလို့မရဘူးလားဟင် ၊ အခုလိုထမင်းစားပြီးချိန် ဗိုက်လေးလေးနဲ့ အဝေးကြီးပြန်မလျှောက်ချင်ဘူး"

လက်ထဲမှ အအေးကို ပိုက်ဖြင့် တစ်ချက်နှစ်ချက် စုပ်သောက်ပြီး ညည်းတွားလိုက်မိသည်။ ကျန်လက်တစ်ဖက်မှ မုန့်ထုပ်ကိုလည်း လက်မအားသည့်ကြားက အအေးဘူးကို ချိုင်းကြားညှပ်ပြီး နှိုက်စားရသည်။

"ဪ အခုက ဗိုက်လေးနေတာလား "

ရွဲ့တဲ့တဲ့စီနီယာ့အသံကြောင့် မျက်စောင်းမမည်သော အကြည့်ဖြင့် တုန့်ပြန်လိုက်မိသည်။ နယုန်တို့ညီအစ်မ ကျောင်းမတက်၍ ကန်တင်းမှအတန်းကို တစ်ယောက်တည်းမပြန်ချင်သဖြင့် စီနီယာ့ကို နားပူနားဆာလုပ်ကာလိုက်ပို့ခိုင်းမိသည်။

"လေးတာပေါ့ လေးတာမှ ဗိုက်ကို ကယ်နေတာပဲ ၊ အခုရက်ပိုင်း စားလို့သောက်လို့ကောင်းနေတယ် ၊ ရာသီဥတုသာယာလို့လားမသိဘူး"

စီနီယာက ဘာမှပြန်မပြောဘဲ စိတ်လေဟန် မျက်ခုံးသာပင့်ပြသည်။ တမှူးမွေးနေ့ပြီးကတည်းက ယခုနောက်ပိုင်းသုံးလေးရက်အတွင်း စီနီယာစကားအရမ်းနည်းလာသည်။ တမှူး အာပေါက်အောင်ပြောလည်း ပြုံးရုံသာတုံ့ပြန်တာများသည်။ တစ်ခါတစ်ခါ တေမိမင်းသားရဲ့ သွေးများပါလာသလားဟုထင်မိသည်။ ထို့ပြင် စီနီယာက အရမ်းလျှို့ဝှက်တတ်သည်ဟု ခံစားရသည်။ စီနီယာ့၏ ပုံစံမျိုးစုံထဲတွင် လျှို့ဝှက်သည့်ပုံစံပါ ထပ်တိုးထည့်ရမည်။

"အမေ့..."

လူနဲ့ စိတ် ခဏကွဲလိုက်ရုံနဲ့ တမှူးခေတ်တို့ အမေတရတော့သည်။ မဟုတ်ပါဘူး...။ တစ်ယောက်ယောက် တမှူးအတင်းပြောနေတာဖြစ်မယ်။ ဘလိုင်းကြီး ခလုတ် တိုက်တာလေ။ အရှေ့အနည်းငယ်မျှ ယိုင်သွားပြီး လက်ထဲရှိအအေးဘူးမှ ဖိတ်စင်သွားသော အအေးတစ်ချို့ဟာ ခြေဖမိုးပေါ်သို့ နေရာယူသည်။ ဒါတောင် စီနီယာက လက်မောင်းကို လှမ်းထိန်းပေးလိုက်လို့။

"အာ...ပေကုန်ပြီ"

စိတ်ပျက်စွာညည်းတွားရင်း ခြေထောက်မှ အအေးကို သုတ်ရန် အလုပ်ရှုပ်​ဗျာများသွားသည်။ တစ်ရှူးကလည်း အသင့်မရှိ။ လက်နှစ်ဖက်အပြည့်ကိုင်ထားသော မုန့်ထုပ်နှင့်အအေးဘူးကို ဘယ်ဘက်တွင် စုကိုင်ရမလို ညာဘက်တွင်စုကိုင်ရမလိုဖြစ်သွားသည်။ ကျောပိုးအိတ်ထဲမှ တစ်ရှူးကိုရှာဖို့ လက်တစ်ဖက်တည်းနှင့်လည်း အဆင်မပြေ။ အင်း...ကျောပိုးအိတ်ထဲမှာ တစ်ရှူးကရှိရဲ့လားတောင်မသိ။

I ADORE YOU. (COMPLETED)Where stories live. Discover now