Part-10

649 46 11
                                    


မိုးရာသီရောက်နေသော်လည်း မိုးမရွာသည်က စိတ်ထဲ အလိုမကျ ဖြစ်စေသည်။ နဂိုကတည်းက ခြောက်သွေ့ပြီး မိုးနည်းသော ဒီအရပ်ဒေသက မိုးနည်းတာကလွဲလျှင် ချစ်စရာကောင်းသောကြောင့် ထိန်လင်းအနေဖြင့် စိတ်ညစ်နေသော ခံစားချက်ကို မေ့ပျောက်ဖို့ရန် ကြိုးစားရလေသည်။ မြတ်နိုးရသောကြောင့် ဘာပဲဖြစ်ဖြစ် မြတ်နိုးရသည်ပင်။

Air-con မရှိ၊ ပန်ကာ မရှိသော အိမ်လေးသည် ပူအိုက်နေ၍ အိပ်ရာပေါ်မှ ထပြီး ရေတစ်ခွက်လောက် ခပ်သောက်မှ ရင်ထဲ အေးစိမ့်သွားသည်။ ထို့နောက် ဆေးလိမ်းဖို့ သတိရသွားလေသည်။ လွယ်အိတ်ထဲက ဆေးဘူးလေးကို ထုတ်ကာ ကောက်ကိုင်ပြီးမှ နောင်တရသွား‌လေ၏။

အချိန်တော်တော်ကြာသည်အထိ လက်ထဲတွင် ရှိနေသော ဆေးဘူးလေးက ငြိမ်သက်လျက် ရှိနေသည်။ အတင်းပေးလွှတ်လိုက်သော လူကြောင့် ဆေးဘူးကို ကျောင်းမှ ယူလာခဲ့ရသော်လည်း မလိမ်းချင်။ မယူမဖြစ်လို့သာ ယူလာခဲ့ခြင်း ဖြစ်သည်။

ဒီလူဟာ မိမိထက် အသက်ကြီးမှန်းလည်း ထိန်လင်း သိသည်။ မိမိခြေထောက်ကို လာကိုင်ပြီး ဆေးလူးပေးခြင်းက မသင့်တော်မှန်း သိသော်လည်း ထိန်လင်းတွင် နောင်တရမှုက နည်းနည်းမှတောင် ရှိမနေ။

"တောက်!! စိတ်ပျက်စရာကောင်းတဲ့ လူ။ ငါ့ကို အမြဲ စိတ်ဒုက္ခပေးနေတယ်"

ဒေါသကလည်း ထွက်လာသည်။ ဗိုက်ကလည်း အလိုလို ဆာလာသည်။ သူ့ဗိုက်ကိုယ်သူ ထိန်လင်း အံ့ဩသွားသည်။ ခုနကမှ စားပြီးတာ။ အခုကျ ...

လူတွေဟာ ဒေါသထွက်လျှင် ဗိုက်ဆာတတ်သလား။

"တစ်ခုခု စားမှ ဖြစ်မယ်"

ထိန်လင်းသည် ဆေးဘူးကို ပစ်ချကာ အိပ်ရာပေါ်မှ ပြန်ထလိုက်သည်။ ထမင်းအုပ်ဆောင်းကို ဖွင့်ကြည့်လိုက်ရာ ငပိရည်ခွက်နှင့် ဘူးသီးပြုတ်တို့စရာက လွဲ၍ ဘာဟင်းမှ ရှိမနေတော့ပေ။ ထိန်လင်း ကုန်စုံဆိုင်သို့ သွားကာ တစ်ခုခု ဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။

°°°°°°°°°°°°°°°°°°


"ကိုကို ဘာဖြစ်နေတာလဲဟင်။ နေမကောင်းဘူးလား"

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now