part-9

623 48 6
                                    


ကျောင်းတိုင်းလိုလို အမြဲတမ်း ထုံးစံတစ်ခုလိုပင် ပထမဆုံး ကျောင်းစတက်ရက်မှာ စာစမသင်ကြပါပေ။ နောက်တစ်နေ့ ရောက်လာလျှင်တော့ သင်ခန်းစာတွေကို အနည်းနှင့် အများ သင်တတ်ကြပါသည်။ မနေ့က ကျောင်းစဖွင့်၊ ဒီနေ့က နောက်တစ်ရက် ဖြစ်သောကြောင့် ဒီနေ့မှာ စာသင်ဖို့ ထိန်လင်း ပြင်ဆင်ထားလေသည်။ သင်ခန်းစာတွေက ထိန်လင်းအတွက် ခက်ခဲမှု တစ်စုံတစ်ရာ မရှိသော်လည်း ကြိုတင်ပြင်ဆင်မှုတော့ လိုအပ်လေသည်။

"ဆရာ ဒီနေ့ စာသင်ရမှာလား"

"ဟုတ်တယ် ဆရာမ။ ကိုးတန်း A နဲ့ B ကို သင်ရမှာ"

"ဘယ်အချိန်လဲ ဆရာ"

"ကိုးတန်း A ခန်းက ဒုတိယအချိန်၊ B ခန်းက တတိယအချိန် သင်ရမှာ"

ထိန်လင်း ဆရာမ ဒေါ်မြပန်းရုံကို ပြန်ပြောရင်းဖြင့် ထိုင်ရန် စီစဉ်ထားသော အခန်းထောင့်က စားပွဲဝိုင်းမှာ ထိုင်လိုက်လေသည်။ ထိုနေရာက ပြတင်းပေါက်နှင့် နီးလွန်း၍ လေကောင်းလေသန့်လည်း ရသလို ကျောင်းနောက်ဖေးက အုံ့မှိုင်းနေသော ကုက္ကိုလ်ပင်ကြီးများကို လှမ်းမြင်ရပါသည်။

အလယ်တန်း ကျောင်းဆောင်သည် တစ်ထပ်သာ ရှိပြီး ထောင့်မှန်စတုဂံပုံ ရှိကာ ထိုနားနေခန်း၏ ဘေးတွင် ၇ တန်းနှင့် ၈ တန်းတို့ ရှိပါသည်။ အခြားဆရာ၊ ဆရာမတွေကတော့ သူတို့ အတွက် ပြင်ပေးထားသော သုံးထပ်ဆောင်ကြီး၏ အပေါ်ဆုံးထပ် ဆယ်တန်း A ခန်း၏ အခန်းများဘေးနားက နားနေခန်းတွေမှာ နားနားနေနေ နေပါလိမ့်မည်။ ထိုအခန်းများ၌ လူများနိုင်မည် ဖြစ်သောကြောင့် ထိန်လင်းသည် သုံးထပ်ဆောင်ကြိီးနှင့် ဝေးသော အလယ်တန်း ကျောင်းဆောင်၊ ၆ တန်း၏ ဘေးအခန်း၌ အတန်းပိုင်ဆရာမ ဖြစ်သော ဒေါ်ဝါဆိုလင်း၊ ဒေါ်မြပန်းရုံတို့နှင့် ကိုယ်ပိုင် စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံး ချကာ နားနားနေနေ နေခြင်း ဖြစ်ပါသည်။

ထိန်လင်း၏ အဖြစ်က လုပ်ငန်းတူ အထက်တန်းပြ ဆရာ၊ ဆရာမနှင့် မခင်မင်ရသေးဘဲ အလယ်တန်းပြ ဆရာမတွေနှင့်သာ ခင်မင်နေပါ၏။ အခုက အစပိုင်းမို့ ဖြစ်ပါလိမ့်မည်။ နောက်ဆိုလျှင်တော့ အကုန်လုံးနှင့် ခင်ပါလိမ့်မည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Där berättelser lever. Upptäck nu