Part-11

627 46 8
                                    


"ဟဲ့ ခင်နွယ် ပန်းကန်ကို ဘယ်လို ဆေးနေတာလဲ။ ‌သေချာဆေးလေဟဲ့။ ငေးမနေနဲ့။ ကျကွဲရင် နင့်ထိုက်နဲ့ နင့်ကံပဲ"

မနက်စောစော နောက်ကျောဘက်မှ လှမ်းအော်လိုက်သော အသံကြောင့် ပန်းကန်ဆေးနေသော ခင်နွယ် လန့်သွားခဲ့သည်။ နှလုံးသွေးတွေက ပြောင်းပြန်စီးဆင်းသွားသလို။ ‌ခင်နွယ့်ဘဝတွင် အလုပ်ရှင် ဒေါ်မူယာရှင်း၏ အသံကို အကြောက်ဆုံး ဖြစ်နေမှန်း ဒီအိမ်တွင် အလုပ်စဝင်ချိန်ကပင် သိခဲ့၏။

"ခလွမ်း!"

ကြောက်ကြောက်နှင့် နောက်သို့ လှည့်ကြည့်မိခိုက် ပန်းကန်သည် ဆပ်ပြာအမြုပ်တွေကြောင့် လက်ထဲက ချော်ထွက်ပြီး ကြမ်း‌ပြင်ပေါ်၌ ကျကွဲသွားလေ၏။

"အမလေး"

ခင်နွယ် လန့်ကာ အော်မိသွားလေ၏။ ဒေါ်မူယာရှင်းက ခုနက အသံကြောင့် ထိန်လန့်ဟန် မရှိဘဲ အနားသို့ ဝုန်းခနဲ ရောက်လာလေသည်။ ကြီးကျယ်လှသော အရှိန်အဝါက အနားသို့ ရောက်လာသည့်အခါ ခင်နွယ်လည်း အလိုလို ကိုယ်ကလေး ကျုံ့သွားကာ ခေါင်းက ကြမ်းပြင်သို့ ထိလုမတတ် အလိုလို ငုံ့သွားလေသည်။

ဒေါ်ထားက ခုနက ပန်းကန်ကျကွဲသံကို ကြားသွားပုံ ရသည်။ ထမင်းစားပွဲတွင် မနက်စာအတွက် ခူးခပ်ပြင်ဆင်နေရင်းမှ ပန်းကန်ဆေးနေသည့် ခင်နွယ့်အနားသို့ အသာအယာ ပြေးရင်း ရောက်လာသည်။

"ခင်နွယ် ဘယ်လို ဖြစ်ရတာတုန်း။ ဟယ် မမကြီး!"

ဒေါ်ထားက ခင်နွယ့်ကို ကြည့်နေရင်း ဒေါ်မူယာရှင်းကို ကြည့်လာသည်။ ခင်နွယ် မော့မကြည့်ဖြစ်သော်လည်း သူဌေးမကြီး၏ မျက်နှာက ခက်ထန်နေမှန်း သိနေလေသည်။ အခြားသော အိမ်က အလုပ်သမားတွေလည်း အခု အဖြစ်အပျက်ကို သိကာ အဝေးကနေ မဝံ့မရဲ စပ်စုကြလိမ့်မည်။

ခင်နွယ် ရှက်လွန်းသည်။ ရှက်တာထက် အလုပ်ပြုတ်မှာကို ပိုပြီး ကြောက်သည်။ ဒီအလုပ်လေး ရှိနေလို့ ခင်နွယ်ဟာ စားဝတ်နေရင်း အဆင်မပြေသော မိဘများနှင့် အိမ်ကို ထောက်ပံ့နိုင်နေတာ။

"ဒေါ်ထား! ရှင် ဘယ်လိုလူတွေကို အိမ်မှာ ခေါ်ငှားထားလဲ။ လုပ်ပုံက နမော်နမဲ့နဲ့။ အခုပဲ ကြည့်။ ပန်းကန်ကျကွဲသွားပြီ"

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Donde viven las historias. Descúbrelo ahora