"ဒေါက်..ဒေါက်..။"
"ဒေါက်..ဒေါက်..။"
တံခါးခေါက်သံသည် အာရုံကို ရှုပ်ထွေးစေသည်။ထက်မာန်ဦး ကွန်ပျူတာကို ကြည့်နေရင်းမှ မျက်မှောင်တွေကို ကျုံ့ထားလိုက်မိသည်။
"သားငယ်။ကြီးငယ်ဝင်လာလို့ရလား။"
အင်းဟုဖြေလိုက်သလား မဖြေလိုက်သလား မသေချာပါ။ ကြီးငယ်ရဲ့ခြေသံကြားလိုက်ချိန်တွင် ထက်မာန်ဦး ရှေ့ဆံပင်တွေကို ပွရှုပ်လောက်အောင် ဖွထားမိတာတော့သေချာသည်။ အခန်းထဲ ၀င်လာတဲ့ ကြီးငယ်ကိုလည်း အရေးတယူမပြုမိ။ ဝေလွှမ်းကိစ္စဖြစ်ပြီးကတည်းက ထက်မာန်ဦးတို့ အိမ်တွင်းစစ်သည် ဘယ်အချိန် ထပ်မံ ပေါက်ကွဲမလဲ မသိတဲ့ ဗုံးတစ်လုံးလို တအုံနွေးနွေးဖြစ်နေသည်။
"သားငယ်။အလုပ်များနေတာလား။"
မေမေနှင့် ထက်မာန်ဦးကတော့ စကား အခေါ်အပြောလုံးဝ မပြောပေမယ့် ကြီးငယ်ကတော့ ထက်မာန်ဦးကို အရင်လိုဘဲ ဂရုစိုက်ရှာပါသည်။ သို့သော် ကြီးငယ်သည် မေမေနှင့် ပြေလည်အဆင်ပြေဖို့အတွက်သာ စကားစလာလေ့ရှိတာမို့ ထက်မာန်ဦး ကြီးငယ်ကိုလည်း လိုအပ်တာထက် ပိုမပြောဖြစ်။ မေမေနှင့် ထက်မာန်ဦးကြားက ပဋိပက္ခဟာ စကားလုံးတချို့တလေလောက်နဲ့ ပျောက်ပျက်သွားနိုင်တာမျိုးမှမဟုတ်ဘဲ။ အလုပ်ရှုပ်နေတာကို သိသာစေဖို့အတွက် အင်းလို့ဖြေမယ့်အစား ကီးဘုတ်ပေါ်ကို ထက်မာန်ဦးရဲ့လက်ချောင်းတွေကို တင်ထားလိုက်သည်။
"ဝေလွှမ်းအကြောင်းကို ပြောချင်လို့။"
"ဘာလဲ။ လွှမ်းတစ်လပြည့်ဆွမ်းကျွေးလား။"
ထက်မာန်ဦး စကားက နည်းနည်းတော့ အငေါ်တူးရာရောက်သွားနိုင်သည်။ သို့သော် ထို့ထက်လည်း ပိုပြီး ပြေလျော့ပေးဖို့မရှိပါ။ ကြီးငယ်က ခဏတော့ တိတ်ဆိတ်သွားလေသည်။ ထက်မာန်ဦး Email တစ်စောင်စစ်အကြာလောက်မှာမှ ကြီးငယ်က ပြန်စကားစသည်။
"ခုနကဘဲ မန္တလေးက အန်တီချောတို့ဆီက ဖုန်းလာတယ်။"
"အင်း..။"
ထက်မာန်ဦး အင်းဟုသာ အသံပြုမိသည်။ ကွန်ပျူတာဆီမှ အကြည့်မလွှဲမိ။
"အခုသားဝေလွှမ်းက မန္တလေးကဆေးရုံမှာတဲ့။"
ထက်မာန်ဦးလက်ချောင်းတွေရဲ့ လူပ်ရှားမူသည် ရပ်တန့်လို့သွားသည်။ချက်ချင်း လှည့်ကြည့်လိုက်တော့ ကြီးငယ်ရဲ့ အမြဲလို အပြစ်ကင်းတဲ့ မျက်နှာလေးသည် လိမ်ညာဟန် အလျင်းမရှိ။ ထက်မာန်ဦးချက်ချင်း ထိုင်နေရာမှ ထရပ်လိုက်ပြီး
"ကြီးငယ်တကယ်ပြောတာလား။"
"လိမ်စရာလား။သားငယ်ရယ်။အဲ့တာ..။"
ကြီးငယ်တောင် စကားကို ဆုံးအောင် မပြောနိုင်။ ထက်မာန်ဦးသည် အ၀တ်အိတ်တစ်ခုကို ယူလိုက်ပြီး ဗီရိုထဲကို အ၀တ်အစားနှစ်စုံသုံးစုံလောက် ပစ်ထည့်နေပြီဖြစ်သည်။
"ဖြည်းဖြည်းလုပ်ပါ။ သားငယ်ရယ်။ ကြီးငယ်ကလည်း သားငယ်သွားကြည့်ဖို့ဘဲ ပြောမလို့ပါ။အခုချက်ချင်း ထသွားမလို့လား။"
ဘယ်နှစ်ရက်ကြာမည်မှန်း မခန့်မှန်းနိုင်သေးတဲ့ ခရီးအတွက် ထက်မာန်ဦး အ၀တ်အစားတွေ အသုံးအဆောင်တွေ လိုအပ်မယ်ထင်တာတွေ ထည့်နေရတာနဲ့တင် ကြီးငယ်ကို ဘာမှ ပြန်မပြောနိုင်။
ရင်တွေလည်းခုန်လွန်းလို့ ရူးတော့မလားမသိ။ လွှမ်း။ လွှမ်း။မင်းဆီကို ငါလိုက်လာခဲ့မယ်။
"ကိုယ့်ကားနဲ့ ကိုယ်မသွားပါနဲ့လား။ကြီးငယ် ကားလက်မှတ်ရုံးကိုဖုန်းဆက်ပြီး ကားလက်မှတ်လှမ်းဖြတ်ခိုင်းလိုက်ပါ့မယ်။"
ဒီတစ်ခါတွင်တော့ ကြီးငယ်စကားကိုပြန်ပြီး နာခံဖြစ်တော့သည်။ အခုလို စိတ်လူပ်ရှားပုံမျိုးနဲ့ဆို ဘယ်လိုမျိုးနဲ့မှ ရန်ကုန်နှင့် မန္တလေးကို ဖြောင့်ဖြောင့်ဖြူးဖြူးရောက်နိုင်မယ်မထင်။ ကြီးငယ်ကို တတ်နိုင်သမျှ အစောဆုံးကားနဲ့နော် လို့လှမ်းပြောဖြစ်သေးသည်။ ပြီးတော့ အ၀တ်အိတ်ကို ဧည့်ခန်းထဲ ဆိုဖာပေါ်ပစ်တင်ရင်း ဧည့်ခန်းထဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် ကဏာမငြိမ်တော့။ ကြီးငယ်ကတော့ ကားလက်မှတ်ရုံးကို ဖုန်းလှမ်းဆက်နေလေသည်။
ထက်မာန်ဦး ဟိုဒီလမ်းလျှောက်နေတဲံ အချိန် အိပ်ခန်းထဲက မေမေက ထွက်လာလေသည်။ မေမေ့ကို မြင်လိုက်တော့ ထက်မာန်ဦး ခြေလှမ်းတွေက တုံ့နှေးလို့သွားသည်။ ဘာအမှားမှလဲ မလုပ်ထားဘဲနှင့် အပြစ်လုပ်ထားတဲ့ သူလို ထက်မာန်ဦး ခံစားနေမိတုန်းပင်။
ကျစ်စ်။ နေရခက်လိုက်တာ။
မေမေသည် ထက်မာန်ဦးကိုတစ်ချက် စိုက်ကြည့်သည်။ ထို့နောက် ဆိုဖာခုံပေါ်က အ၀တ်အိတ်ဆီကို မေမေ့ရဲ့ အကြည့်တွေ ရောက်ရှိလို့သွားသည်။ မေမေဘာပြောမလဲလို့ နားစွင့်လိုက်မိ သော်ညားလည်း မေမေက ဘာမှ မပြောဘဲ ဖုန်းလှမ်းဆက်နေတဲ့ ကြီးငယ်ဆီထွက်သွားလေသည်။
ကြီးငယ်နှင့် မေမေစကားပြောနေတဲ့ နေရာက အနည်းငယ် လှမ်းတဲ့ အပြင် နှစ်ယောက်လုံးရဲ့ အသံက တိုးတိတ် လွန်းတာလို့ ထက်မာန်ဦး ဘာမှမကြားလိုက်ရပေ။ မေမေ့ပုံစံက ကြီးငယ်ကို တစ်ခုခု မှာနေတဲ့ပုံရှိသည်။ ထို့နောက် မေမေက ဘုရားခန်းထဲကို ၀င်သွားလေသည်။
"သားငယ်ရေ။ ဒီညကိုးနာရီကားရတယ်။ မန္တလားမင်းကား။ ခုံကတော့ နောက်တန်းတွေဘဲ ရတယ်။"
ဖုန်းလှမ်းဆက်ပြီးတော့ ကြီးငယ်က ထက်မာန်ဦးကို လှမ်းအော်ပြောလေသည်။
"ရတယ်။ ကြီးငယ်။ ဘယ်အတန်းဖြစ်ဖြစ်။"
ပြောရင်း ထက်မာန်ဦး နာရီကိုလှမ်းကြည့်မိသည်။ညခုနှစ်နာရီတောင်ခွဲနေပြီဖြစ်သည်။
"အင်း။ ညကိုးနာရီဆိုတော့ အဝေးပြေးကွင်းက ကားကျပ်မှာဘာညာနဲ့ဆို ခုကတည်းက သွားရင်သွားလိုက်တော့။ ဟိုရောက်ရင် ကောင်တာကို တန်းသွားနော်။ လက်မှတ်ကတော့ ကြီးငယ်ကျိန်းသေပေါက် ချန်ထားခိုင်းတယ်။ ရှစ်နာရီခွဲထိ လက်မှတ်က စောင့်ပေးမယ်တဲ့။ သားနာမည်နဲ့ဘဲ ဘွတ်ခ်ထားတာ။"
"ကျေးဇူး။ကြီးငယ်။အဲ့တာဆို သားသွားပြီနော်။"
ကြီးငယ်ပြုံးသွားတာကို လှစ်ခနဲ တွေ့လိုက်ရလေသည်။ ထက်မာန်ဦး အ၀တ်အိတ်ကို ဆွဲပြီး တံခါးဆီကို သွားတော့ ကြီးငယ်ကပါ ထိုင်နေရာက ထရပ်ပြီး အိမ်ရှေ့တံခါးပေါက်ထိ လိုက်ပါလာလေသည်။။ ထက်မာန်ဦး တံခါးဝအပြင် ကိုခြေချလိုက်တဲ့အချိန်မှာဘဲ ကြီးငယ်က လှမ်းခေါ်သည်။
"သားငယ်။"
"အင်း..။"
"ဝေလွှမ်းသတိများပြန်ရခဲ့ရင် ကြီးငယ်နဲ့ မေမေက ဝေလွှမ်းကိုမေးတယ်လို့ ပြောပေးပါနော်။"
ထက်မာန်ဦး ကြီးငယ်ကို ကြည့်နေရင်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားလေသည်။ ဝေလွှမ်းအပေါ်ထားရှိတဲ့ သံယောဇဉ်အမျှင်တန်းလေးကို ကြီးငယ်ရဲ့ လင်းလက်နေတဲ့မျက်ဝန်းတွေဆီကနေ ခပ်ပါးပါးမျှ ခံစားလိုက်ရသည်။ ပြီးတော့ မေမေကရောလား..။
ထက်မာန်ဦး မေမေ့ကို လှမ်းကြည့်လိုက်တော့ မေမေပူဇော်နေတဲ့ ဘုရားဆီမီးအလင်းရောင်က မျက်ဝန်းထဲ တိုးဝင်လာသည်။ ထိုဘုရားစင်မှ အကြည့်လွှဲလိုက်ပြီး ခေါင်းကိုသာ တစ်ချက်ညိမ့်ပြလိုက်တော့ ကြီးငယ်မျက်နှာက ပြည့်ပြည့်၀၀လေး ပြုံးလာသည်။
"သွားတဲ့ ခရီးလမ်းတလျှောက် ဘေးမသီရန်မခပါစေနဲ့ကွယ်။"
မေမေပေးနေကြဆုကို ဒီတစ်ခါတော့ ကြီးငယ်ဆီမှရသည်။ ထက်မာန်ဦး အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းထပ်ညိတ်ပြလိုက်ပြီး ဓာတ်လှေကားရှိရာသို့ တရှိန်ထိုးပြေးတော့သည်။ အရေးထဲ ဓာတ်လှေကားက သုံးလွှာမယ် ရပ်နေတာမို့ ထက်မာန်ဦးမှာ လှေကားတလျှောက်ပြေးဆင်းလေတော့သည်။ လွှမ်းကိုပြေးတွေ့ဖို့ရာ ဘယ်လိုအတားအဆီးမျိုးကြောင့်နှင့်မှ တစက္ကန့်လေးတောင် နောက်ကျသွားတာမျိုး မဖြစ်စေချင်တော့။
နောက်ဆုံးတော့ မြေနီကုန်းနှင့် အောင်မင်္ဂလာကားဂိတ်ကို မတန်မရာ တက္ကစီခ နှစ်သောင်းပေးပြီး ထက်မာန်ဦး အောင်မင်္ဂလာကားကွင်းဆီသို့ ရောက် လာတော့သည်။ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီခွဲကျော်နေပြီ။ မန္တလာမင်းကားဂိတ်ကိုရောက်တာနှင့် အပြေးတပိုင်းနှင့် အထဲဝင်ကာ ဘွတ်ခ်ထားတဲ့ လက်မှတ်ကို ယူလိုက်သည်။ နောက်ကျနေတာမို့ ကောင်တာလက်မှတ်ရောင်းသူထံမှ မျက်စောင်းတစ်ချက်ပင် အဆစ်ရလိုက်လေသည်။
"မန္တလေးသို့ ညကိုးနာရီတွင်ထွက်ခွာမည့် ကားအမှတ်...။"
ခရီးသည်တင်ကားကြီးသည် ဧည့်သည်တွေကို သူနှင့်အတူ လိုက်ပါစီးနင်းဖို့ ဖိတ်ခေါ်နေချိန်ဖြစ်သည်။ နောက်ဆုံး ထက်မာန်ဦးသည် ကားပေါ် ရောက်မှဘဲ အသက်ကို၀၀ရှုနိုင်တော့သည်။ ထိုင်ခုံနှင့် တင်ပါးချမိကာမှ ပွရှုပ်နေတဲ့ဆံပင်ကို အခုမှပင် လက်နှင့် နှစ်ချက်လောက် ဖိသပ်တင်မိသည်။
ပြတင်းပေါက်အပြင်ဘက်က ရန်ကုန်မြို့၏ ညယံရှုခင်းသည် မီးရောင်ဖြိုးဖြိုးဖျဖျနှင့်။ ဟိုမှဒီသွားလာနေသော ကားကြီး ကားငယ်လေးများတွေက မြင်ကွင်းထဲ တစ်ချက်တစ်ချက် တိုးဝင်လာသည်။ တနေကုန် ရုံးမှာ ပင်ပန်းလာတဲ့ အရှိန်ပါပေါင်းကာ လေးလံလာသော မျက်ခွံတို့သည် နောက်ဆုံးတော့ အနိုင်ယူသွားလေသည်။
"ကျွဲဆည်ကန်။ ကျွဲဆည်ကန်။ ရောက်ပြီ။ ဆင်းလို့ရပြီနော်။"
.ယာဉ်မယ်ရဲ့ကြေညာသံက ထက်မာန်ဦးရဲ့နားထဲ ၀င်လာသည့်နှင့် ထက်မာန်ဦး ဆတ်ခနဲ လန့်နိုးလာလေသည်။ ဘေးဘီဝဲယာတွင်တော့ မည်သူ တစ်ဦးတစ်ယောက်မှ မရှိတော့။ ထုံးစံအတိုင်း ခရီးသွားတိုင်း မဖြစ်မနေထရသည့် နေရာတစ်ချို့မှလွဲလျှင် တစ်လမ်းလုံး အိပ်လျှက်လိုက်ပါလာသည်မှာ ဒီခရီးစဉ်တွင်လည်း ထိုနည်းတူပင်ဖြစ်လေသည်။
ကားတံခါးပေါက်ဝက ယာဉ်မယ်သည် စိတ်မရှည်တော့လည်း အတင်းဖြစ်ညစ်ပြုံးထားရသော မျက်နှာပေးနှင့် ထက်မာန်ဦးကို လှမ်းကြည့်နေလေသည်။ တစ်ခုတည်းသော အ၀တ်အိတ်ကို အပေါ်အံကနေ ဆွဲထုတ်ယူရင်း ကားပေါ်မှ ဆင်းလိုက်သည်။
ဒီတစ်ခါသည် တသက်တာလုံးတွင်မှ ထက်မာန်ဦး၏ ဒုတိယ အကြိမ်မြောက် မန္တလေးခရီးစဉ်ပင်ဖြစ်သည်။ ကားပေါ်က ဆင်းလျှင်ဆင်းချင် မျက်နှာကို နေက တည့်တည့်ထိုးလေသည်။ မန္တလာမြေသည် စိမ်းသက်မနေသော်လည်း ပူပြင်းလောင်မြိုက်စွာနှင့် ဆီးကြိုနေလျှက်ရှိသည်။ ထက်မာန်ဦးရဲ့ ရှေ့တွင်တော့ ခရီးသွားတွေ၊ ဈေးသည်တွေနှင့် ဆိုင်ကယ်ယာဉ်မောင်းတွေ ရောထွေးနေသော လူအုပ်ကြီးရှိနေလေသည်။
"ညီလေး။ လာ။ လာ။ဘယ်သွားချင်လဲ။"
အလုအယက်နှင့် ဧည့်ခေါ်နေသော ဆိုင်ကယ်ယာဉ်မောင်းများကြားထဲမှ ထက်မာန်ဦး တစ်စုံတစ်ဦးတစ်ယောက်ကို ကယောင်ကတမ်း ရှာဖွေနေမိသေးသည်။ ပြီးမှ ကိုယ့်ခေါင်းကိုယ် ပြန်ပြီး လက်သီးနှင့်ထိုးချင်လောက်အောင် စိတ်ပျက်မိသွားသည်။
ရူးများရူးနေသလားမသိ။ ဘယ်လိုလုပ်ပြီးများ လွှမ်းလာကြိုဖို့ကို မျှော်လင့်နေရတာလဲ။
ဆိုင်ကယ်ယာဉ်မောင်းများစွာကြားထဲ တိုးဝှေ့သွားလိုက်ရင်း သုံးဘီးကားလေးတွေဆီကို ထက်မာန်ဦးသွားမိသည်။ လွှမ်းမောင်းတာ မဟုတ်တဲ့ ဆိုင်ကယ်ပေါ်ကို ဘယ်လိုမှ စိတ်ချပြီးတော့ တက်မစီးနိုင်။ သုံးဘီးလေးတွေရဲ့ ယာဉ်မောင်းတွေလည်း ဖက်လှဲတကင်းပင်။
"ဘယ်သွားချင်လဲ။ညီလေး။"
"ကျွန်တော့်ကိုလေ အဆင်ပြေတဲ့ ဟိုတယ်တစ်ခုကို ပို့ပေးပါလား။ ဈေးတန်ပြီးသွားရလာရ လွယ်မယ် နေရာမျိုးဆိုရပြီ။ "
ဖုန်းထုတ်ပြီး ဘာဟိုတယ်တွေရှိသလဲလို့ ရှာမကြည့်နိုင်လောက်အောင် ထက်မာန်ဦး ပင်ပန်းနေပြီဖြစ်သည်။ ညတုန်းကတော့ ဆေးရုံတန်းသွားမယ် ဘာညာနဲ့ စိတ်ကူးထားခဲ့သော်လည်း မနတ်ရောက်တော့ စိတ်သွားတိုင် ကိုယ်ကမပါနိုင်တောပြီ။ ပြီးတော့ လွှမ်း မန္တလေးမှာဆိုတဲ့ စကားတစ်ခွန်းတည်းနှင့်ပင် စိတ်လောပြီး မန္တလေးတက်လာလေသမျှ မန္တလေးကို ရောက်တော့ ဘယ်ကိုသွားရမှန်းမသိတော့။ နောက်မှဘဲ ကြီးငယ်ကို ဖုန်းဆက်ပြီး မေးရတော့မည်။
ထိုယာဉ်မောင်းသည် ထက်မာန်ဦး ကားပေါ်တက်ဆိုတဲ့သဘောနဲ့မေးဆတ်ပြသည်။ ထိုသုံးဘီးကားထဲ ၀င်စီးလိုက်တော့လည်း ထင်သလောက် မကျဉ်းလှဟု ထက်မာန်ဦး တွေးလိုက်မိသည်။ စိုင်းဝေယံဆိုလျှင်တော့ သူ့ဒူးခေါင်းကြီးနှင့် မလွတ်လောက်။
စိုင်းဝေယံဆိုမှ လွှမ်းအကြောင်း သူ့ကိုပြောဖို့တောင် မေ့သွားမိလေသည်။ နောက်မှ ဟိုတယ်ရောက်မှဘဲ ဖုန်းဆက်ပြီး ပြောပြလိုက်တော့မယ်ဟုထက်မာန်ဦးတွေးလိုက်မိသည်။
သုံးဘီးကားလေးက ရပ်ထားရာမှ ပြေးထွက်သွားသည်နှင့် မန္တလေးမြို့ရဲ့ လေပူတွေက မျက်နှာပြင်ကို အနှံ့ကို နမ်းရှိုက်လာလေသည်။
"ညီလေး။နေပူရင် လိုက်ကာချထားလို့ရတယ်။"
သုံးဘီးယာဉ်မောင်းက အသိပေးလိုက်ပေမယ့်လည်း ထက်မာန်ဦး ချည်နှောင်ထားတဲ့ လိုက်ကာစကို မဖြုတ်မိ။ မျက်စိတဆုံးရှည်လျှားတဲ့ မန္တလေးမြို့ရဲ့ ပြန့်ပြူးလှစွာသောလမ်းတွေကို ငေးကြည့်မိသည်။ ခေါင်းကို အပြင်ကို ပြူထွက်ကြည့်တော့ ဟိုးအဝေးမှာ မန္တလေးတောင်ကြီးကို မြူတွေဆိုင်းနေတဲ့ကြားမှ ၀ိုးတ၀ါးလှမ်းမြင်နေရသည်။
"ရောက်ပြီ။ ညီလေး။ ဒီဟိုတယ်ဘဲ။ အစ်ကို အထဲဝင်ပြီး reservationလုပ်ပေးရမလား။"
သုံးဘီးသမားလှမ်းပြောတော့မှ ထက်မာန်ဦး သုံးဘီးကားပေါ်ကနေ ဆင်းရမည်ဆိုတာ သတိထားလိုက်မိသည်။ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်ပြီး ကျသင့်ငွေရှင်းဖို့ ပြင်လိုက်သည်။
"ရတယ်။အစ်ကို။ဘယ်လောက်လဲ။"
"သုံးထောင်ဘဲပေး။ညီလေး။လျှော့ပေးထားတယ်။ဈေးဦးပေါက်မို့။"
"ကျေးဇူးပါဗျာ။"
ထက်မာန်ဦး အိတ်ထဲမှ တစ်ထောင်တန်သုံးရွက်ကိုထုတ်ပေးရင်း ထိုယာဉ်မောင်းကိုနူတ်ဆက်လိုက်သည်။ ထိုယာဉ်မောင်းသည် နောက်လည်း မန္တလေးမြို့ထဲ လည်ချင်တာ ဘာညာရှိလျှင်လည်းခေါ်ပါဆိုပြီး သူ့ရဲ့ဖုန်းနံပါတ်ကိုပင် အတင်းကာရော ပေးတာမို့ မှတ်ထားလိုက်ရသေးသည်။
"လိုရင်ဖုန်းသာလှမ်းဆက်လိုက်။အစ်ကိုတို့အိမ်က ဒီနားနီးနီးလေး။ အစ်ကို ပါဆင်ဂျာလွတ်ရင်ဒီထိ လာကြိုပေးမယ်။"
"ဟုတ်ကဲ့။ကျေးဇူးပါ။"
ထက်မာန်ဦး ခေါင်းတညိမ့်ညိမ့်နှင့် ဦးညွတ်လျက် ဟိုတယ်ထဲ ၀င်လာခဲ့လေသည်။ ဟိုတယ်ရဲ့အတွင်းပိုင်းအပြင်အဆင်တို့သည် ကျွန်းသားတွေနှင့် အ၀ါရောင်ကို အဓိက သုံးထားတာမို့ နန်းတော်နှင့်ပင်တူနေလေသည်။ အပြင်အဆင်ကြောင့်ဈေးကြီးမယ်ထင်လိုက်ပေမယ့် Reception မှာဈေးမေးလိုက်တော့ ဈေးက ပုံမှန်ပင်။
"ခဏလေးနော်။အခန်းသန့်ရှင်းရေး ပြီးမပြီး စစ်ပေးပါ့မယ်။"
ဧည့်ကြိုကောင်မလေးသည် ဖုန်းလှမ်းဆက်ပြန်နေလေသည်။ ထက်မာန်ဦး အခန်းမြန်မြန်ရဖို့ကို ဆုတောင်းလိုက်မိသည်။ မဟုတ်လျှင် ဟိုတယ်ရဲ့ ဧည့်ခန်းထဲမှာဘဲ ထက်မာန်ဦး ခွေခေါက်ပြီး အိပ်ပျော်သွားနိုင်သည်။ အခုလည်း ရက်ဆက်ရှင် ကောင်တာကို ကိုယ်လုံးကိုမှီထားရင်း ခွေခေါက်လဲချင်နေပြီဖြစ်သည်။
"အခန်းကရပြီရှင့်။ ဒါ အစ်ကို့အခန်းရဲ့ သော့နော်။ တတိယထပ်မှာပါရှင်။ အစ်ကို့ကို လိုက်ပို့ပေးပါလိမ့်မယ်။"
ထက်မာန်ဦးပျော်သွားလိုက်သည့်ဖြစ်ခြင်း။ အ၀တ်အိတ်ကို ဘဲလ်ဘွိုင်ကောင်လေးလက်ထဲ ထည့်ပေးလိုက်ကာ သူ့နောက်ကို လိုက်သွားလေသည်။ သူ့ခေါ်သွားရာနောက်ပြီး အခန်းထဲကို ၀င်သည် ဘဲဘွိုင်ကောင်လေးသည် အ၀တ်အိတ်ကိုပင် မပစ်ချရသေးခင် ထက်မာန်ဦးက ကုတင်ပေါ်အရင်ပစ်လှဲလိုက်ပြီဖြစ်သည်။
ပင်ပန်းနွမ်းနယ်မူတွေနှင့်အတူ ထက်မာန်ဦး အိပ်ပျော်သွားလေသည်။ အိမ်မက်ထဲတွင် လွှမ်းကို အ၀တ်အဖြူရောင်နှင့်ပင် မြင်လိုက်ရသေးသည်။
"အန်တီချောတို့ နေ့လည် ဆယ့်နှစ်နာရီကျော်လောက်ဆို လာခေါ်လိမ့်မယ်။ ဟိုတယ်ဧည့်ခန်းထဲမှာ စောင့်နေမယ်တဲ့။"
ဖုန်းထဲက ကြီးငယ်ရဲ့ စကားသံကို ထပ်ခါ ထပ်ခါ ပြန်ကြားယောင်မိသည်။ ဓာတ်လှေကားထဲမှာ လက်တွေ ချွေးစေးတွေပြန်တဲ့အထိ ဖြစ်လာသည်မှာ လေးဘက်လေးတန် အလုံပိတ်ထားတဲ့ နံရံတွေကြောင့်တော့ ဟုတ်ဟန်မတူ။
လွှမ်း ဆေးရုံတင်ထားရတယ်ဆိုတာက လွဲလျှင် ကျန်တာကို ဘာမှ ရေရေရာရာမသိဘဲ ထက်မာန်ဦး မန္တလေးထိ တက်လာခဲ့ခြင်းဖြစ်လေသည်။ အခုမှ လွှမ်းဆီ သွားတွေ့ရမည်လည်းဆိုရော လွှမ်းရဲ့ အခြေအနေကို တွေးမိကာ ခြေဖျားလက်ဖျားတွေပါ အေးစက်လာခဲ့သည်။
"အစ်ကို့ကိုစောင့်နေတဲ့ ဧည့်သည်က ဟိုဘက်မှာပါရှင့်။"
ဖုန်းထဲက အသံနှင့် အနည်းငယ်ဆင်တာမို့ ခုနက ဧည့်သည်ရောက်ကြောင်း ဖုန်းဆက်လာတာလည်း ထို ရက်ဆက်ရှင်နစ်စ် အမျိုးသမီးကလေးပင် ဖြစ်နိုင်သည်။ ထက်မာန်ဦး ခေါင်းညိမ့်ပြလိုက်ရင်း ဧည့်ခန်းရှိရာသို့ သွားလိုက်တော့ အမျိုးသမီးတစ်ဦး ထိုင်နေတာကို တွေ့လိုက်ရလေသည်။ မဂ္ဂဇင်း စာအုပ်တစ်အုပ်ထဲကို အာရုံစိုက်နေတဲ့ ထိုလူလတ်ပိုင်းအရွယ်မျှသာ ထင်ရတဲ့ အမျိုးသမီးသည် ထက်မာန်ဦး ဆိုဖာပေါ် ၀င်ထိုင်လိုက်မှ ထက်မာန်ဦးဆီသို့ အကြည့်ကရောက်လာလေသည်။
"ရောက်လာပြီလား။"
"ဟုတ်ကဲ့။အန်တီချော။"
ဆယ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တာတောင် နုပျိုနေဆဲ ထိုအမျိုးသမီးကို ကြီးငယ် ဖုန်းကြိုဆက်ပြီး မပြောလျှင်တောင် အန်တီချောမှန်းထက်မာန်ဦး တန်းပြီး သိနိုင်သည်။ ဆေးရုံကိုသွားမည့်လူသည် သူ့ရဲ့ထုံးစံအတိုင်း တောက်တောက်ပြောင်ပြောင်ပင် ၀တ်စားထားလေသည်။ စိတ်လူပ်ရှားမူကို ထိန်းချုပ်သည့်အနေနှင့် လက်ချောင်းတွေကို အပြန်အလှန် ဆုပ်နယ်နေမိသည်။
"အင်း။အန်တီချောတို့သွားလိုက်ရအောင်။ ကားကတော့ ဟိုတယ်ရှေ့မှာ ရပ်ထားတယ်။"
ထက်မာန်ဦးကို စကားပြောသော အသံတွင် အရင်လို လိုက်လိုက်လှဲလှဲနှင့် ဖက်လှဲတကင်း ခံစားချက်အစား ဧည့်ဝတ်ကျေပွန်မူလောက် သာ ခံစားရလေသည်။
အဆင်ပြေပါသည်။ ဒီခံစားချက်တို့ကို သိပ်ပြီးထည့်တွက်စရာမလို။ ထက်မာန်ဦးရဲ့ ရည်ရွယ်ချက်သည် လွှမ်းနှင့် တွေ့ဖို့သာ ဖြစ်သည်။ လွှမ်းအမေ မပါဝင်ပါ။ ဖြစ်နိုင်လျှင် သူ့ကို မြင်တောင် မမြင်ချင်ပါ။
"ရန်ကုန်မှာရော လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေရဲ့လား။"
ကားပေါ်သို့ တက်ပြီး တအောင့်မျှလောက်မှာပင် အန်တီချောက ထက်မာန်ဦးကို လှမ်းစကားပြောလေသည်။
"ပြေပါတယ်။"
သာမန် ၀တ်ကြေတမ်းကြေ မေးခွန်းလောက်ကို ထက်မာန်ဦး ၀တ်ကြေတမ်းကြေလောက်သာ တုံ့ပြန်သည်။ သို့သော် လွှမ်းဆိုတဲ့ ခေါင်းစီးက ကြားထဲမှာ ခံနေတာကြောင့် ထက်မာန်ဦးဘက်မှ ဒီထက် တင်းခံထားလို့မရ။
"လွှမ်းအခြေအနေဘယ်လိုလဲ ကျွန်တော်သိလို့ရမလား။"
"စိုးရိမ်စရာမရှိပါဘူး။"
"ဒါပေမယ့် ပြန်ကောင်းဖို့ အချိန်တော်တော်ယူရဦးမယ်။"
ထိုစကားနှစ်ခွန်းကို ဆက်တိုက် မပြောဘဲ ကြားထဲမှာ အချိန်ကာလတစ်ခုခြားလိုက်ခြင်းသည် ထက်မာန်ဦးကို အမြင့်ကြီးကိုရောက်ကာမှ ပုတ်ချလိုက်သည့်နှယ်။
အန်တီချောနှင့်ထက်မာန်ဦးတို့၏ စကားစသည် ထိုမျှလောက်နှင့်သာ အဆက်ပြတ်သွားလေသည်။ နှစ်ယောက်လုံးသည် ကားစီးလာတဲ့ တလျှောက်လုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာလေသည်။ ဆေးရုံမြေကို ခြေချတော့ လွှမ်းကို တင်ထားတဲ့ဆေးရုံသည် Facility ပြည့်ပြည့်စုံစုံနှင့် အဆင်အတန်းမြင့် အထူးကု ဆေးရုံဆိုတာကိုတော့ အပြင်အဆင်တွေနှင့်တင် သိလိုက်လေသည်။ ဒါက သိပ်ပြီး အံ့သြလောက်စရာတော့ မရှိ။ လွှမ်းတို့ အိမ်အနေအထားနှင့် ဒါက မပြောပလောက်တဲ့ အနေအထားပင်။ ပြီးတော့ လွှမ်းအတွက် ဒီလောက်တော့ ပြန်ဂရုစိုက်ပေးမှပေါ့။
အန်တီချောသည် ထက်မာန်ဦးရဲ့ ရှေ့မှပင် လူနာဆောင်တစ်ခုထဲသို့ ၀င်သွားလေသည်။ တံခါးပေါက်တချို့ကိုဖြတ်ကျော်လာသည့်နောက်မှာတော့ အန်တီချောသည် အခန်းတစ်ခန်းရှေ့တွင် ရပ်တန့်လိုက်လေသည်။ ဘယ်ဘယ်အပေါ်နားလောက်က နံရံပေါ်တွင်တော့ ဝေလွှမ်းဆိုတဲ့ နာမည်နှင့် ၀ိုက်ဘုတ်တစ်ခုက ချိတ်ဆွဲထားလေသည်။ ခပ်သော့သော့ လက်ရေးတွေနှင့် ရေးထားတဲ့ ထိုနာမည်လေးကို မြင်ရုံမျှဖြင့် ထက်မာန်ဦးရဲ့ သွေးကြောတွေက တဒိတ်ဒိတ်နှင့် တုန်ခါလာရသည်။
"အို။ ဆောရီး။"
လွှမ်းရဲ့ အခန်းထဲ ထက်မာန်ဦး လောလောနှင့် ၀င်ဖို့ အပြင်မှာဘဲ အခန်းထဲမှ ထွက်လာတဲ့ သူနာပြုဆရာမလေးနှင့် တိုးလေသည်။ ပန်းနုရောင် ၀မ်းဆက်လေးဝတ်ထားတဲ့ ထိုသူနာပြုဆရာမလေးသည် ဆောရီးတခွန်းမျှလောက်သာ ပြောပြီး လောလော လောလောနှင့်ပင် အပြင်သို့ အပြေးတပိုင်းထွက်သွားလေသည်။ထိုသူနာပြုဆရာမလေး ထွက်သွားတော့မှ ထက်မာန်ဦးနှင့် အန်တီချော အခန်းထဲကို ၀င်သွားလိုက်သည်။ အခန်းထဲမှာ ဆရာဝန်တချို့က ရောက်နှင့်နေတာကို မြင်လိုက်ရလေသည်။
"ဒီမှာခဏစောင့်နေလိုက်ဦး။ ဒေါက်တာတွေ လူနာကိုကြည့်တာ မပြီးသေးဘူးထင်တယ်။ အန်တီချောသွားလိုက်ဦးမယ်။"
အန်တီချောက လူနာကုတင်ရှိရာ အတွင်းခန်းကို လှစ်ခနဲ ၀င်သွားလေသည်။ လူနာကုတင်နှင့် ဧည့်ခန်းဟု ယူဆရသော နေရာကို ကြားတွင် ဆေးရုံသုံး ကန့်လန့်ကာ အပြာရင့်ရောင် ကြီးဖြင့် ကာရံလို့ထားသည်။ ဧည့်ခန်းဆီမှ လှမ်းကြည့်လိုက်လျှင် လူရိပ် လူယောင်တွေလောက်သာ မြင်ရလေသည်။ ဆရာဝန်တွေသည် တိုးတိုး တိုးတိုး နှင့် ပြောနေဟန်ရှိတာမို့ လေသံလောက်သာ မသဲမကွဲကြားရသည်။ ကြည့်ရတာ ဆရာဝန် Round လှည့်တဲ့အချိန်မှာ မိသားစု ၀င်လောက်သာ ရှိနေစေချင်ပုံရသည်။
ထက်မာန်ဦး အန်တီချောပြောတဲ့အတိုင်း ဧည့်ခန်းထဲမှာသာ ထိုင်စောင့်ဖို့ ပြင်လိုက်သည်။ ဆိုဖာပေါ်ကို ထိုင်ချလိုက်မိပေမယ့်လည်း နားနားနေနေ မနေနိုင်။ လွှမ်းကို တွေ့ခွင့်ရဖို့ ကန့်လန့်ကာ တစ်ခုသာ ခြားနေတော့သည် ဆိုသော အသိက ထက်မာန်ဦးကို ပိုပြီး စိတ်လူပ်ရှားစေသည်။ နောက်မှီထိုင်ခုံပေါ်တွင် မှီတောင်မထိုင်နိုင်ဘဲ ကိုယ်ကိုကိုင်းချထားလျှက် လက်ချောင်းတွေကို ချိုးချနေတဲ့ ထက်မာန်ဦးသည် စိတ်လူပ်ရှားနေမှန်း အရမ်းကို သိသာသည်။
"ဧည့်သည်လားရှင့်။"
ဘယ်တုန်းက အထဲ ပြန်ရောက်နေမှန်းမသိတဲ့ သူနာပြုဆရာမလေးက ထက်မာန်ဦးကို လှမ်းမေးလေသည်။ ရုတ်တရက်မို့ ဘာပြန်ပြောလို့ ပြောရမှန်းမသိဘဲ ကြောက်အနေမိတဲ့ အချိန်မှာတင် ထက်မာန်ဦးထိုင်နေတဲ့ ဘေးကနေဘဲ အန်တီချောနှင့် ဆရာဝန်တသိုက်က စကားပြောရင်းနှင့် ဖြတ်သွားလေသည်။
ထက်မာန်ဦးကို လှမ်းမေးတဲ့ သူနာပြုဆရာမလေးကလည်း ထက်မာန်ဦးကို အရေးစိုက်ဖော်မရတော့ဘဲ ထိုဆရာဝန်တသိုက်နှင့် စကားပြောနေလေသည်။ ထို့နောက်တွင်တော့ အန်တီချောသည် ထက်မာန်ဦးကို လှည့်ပြီးပင် မကြည့်ပင် အပြင်သို့ လောလောနှင့် ထွက်သွားလေသည်။ သူနာပြုဆရာမလေးကသာ ခေါင်းတညိမ့်ညိမ့်နှင့် ကျန်ရစ်ခဲ့လေသည်။
"အန်တီနဲ့အတူပါလာတဲ့ ဧည့်သည်ထင်တယ်။"
ဒီတစ်ခါတွင်တော့ ထက်မာန်ဦး ခေါင်းညိမ့်ပြလိုက်မိသည်။ ထရမလို ထိုင်ရမလို ဖြစ်နေတဲ့ ထက်မာန်ဦးကို ထိုသူနာပြုဆရာမလေးက သတိထားသွားမိပုံရသည်။
"လူနာကြည့်ဖို့လာတာဆို ကြည့်လို့ရပြီလေ။"
ထိုဆရာမလေး စကားလမ်းကြောင်းပေးတော့မှ ထက်မာန်ဦး ထိုင်နေရာကနေ ရဲရဲထမိတော့သည်။ ထက်မာန်ဦးက လွှမ်းရှိရာဆီ ရှေ့ကနေ သွားနေပေမယ့်လို့ ထိုဆရာမလေးသည် ထက်မာန်ဦးကို မျက်တောင်တခတ်အတွင်းမှာတင် ကျော်ဖြတ်သွားနိုင်တဲ့အထိ ထက်မာန်ဦးခြေလှမ်းတွေက တုံ့နှေးလို့နေသည်။
"လူနာကို ထိလို့ ကိုင်လို့တော့ မရဘူးနော်။"
သူနာပြုဆရာမလေးရဲ့ သတိထားပေးစကားကို ကြားပေမယ့် ခေါင်းညိမ့်မိသလား ခေါင်းခါမိသလား မသေချာပါ။ သူနာပြုဆရာမလေး အသာလှပ်ပေးတဲ့ အပြာရင့်ရောင်လိုက်ကာလေး ထက်မာန်ဦး ရှေ့ကနေ ဖယ်သွားချိန်မှာ..
"လွှမ်း..."
ခြောက်သွေ့ကွဲအက်စွာထွက်ပေါ်လာလေတဲ့ တုန်ရင်နေတဲ့ အသံသည် ထက်မာန်ဦးအသံလားဟုပင် သံသယ၀င်ချင်စရာအတိ။ ကုတင်ထက်က လွှမ်းပုံရိပ်ကို မျက်နှာလွှဲပစ်လိုက်ချင်ပေမယ့် တဆက်တည်းမှာဘဲ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ မသိစိတ်သည် လွှမ်းကို တစ်စက္ကန့်လေးတောင် မျက်နှာလွှဲစေခြင်း ဖြစ်လိုဟန်မတူ။
နှလုံးခုန်နူန်းတိုင်းတဲ့စက်တွေ၊ ထက်မာန်ဦး ဥာဏ်တောင်မမှီနိုင်တဲ့ စက်ကိရိယာတို့သည် လွှမ်းနားပတ်လည်ဝိုင်း နေတဲ့အပြင် ပိုက်အသွယ်သွယ်တို့က ဖြူဖျော့ပြီး ပိန်လှီနေတဲ့ လွှမ်းရဲ့ ခန္ဓာကိုယ်ထဲ ဖြတ်ဖောက်ဝင်နေသလိုနှယ်။ မျက်လုံးတွေက စေ့စေ့ပိတ်ကာထားသည်။ ထက်မာန်ဦး မချိတင်ကဲရေရွတ်လိုက်မိသည်။
"လွှမ်းရာ.."
ဒီတစ်ခါ အက်ကွဲနေတဲ့ လည်ချောင်းသံကြီးနှင့်အတူ ရှိုက်သံကြီးပါလာတော့ သူနာပြုဆရာမလေးသည် Drip ပိုက်ကို ချိန်နေရာမှ ထက်မာန်ဦးကို လှည့်ကြည့်လာလေသည်။ ခေါင်းကိုငုံ့ချလိုက်သည့်အချိန်မှာဘဲ ထိုဆရာမလေးဆီမှ သက်ပြင်းချသံ လေးကို ကြားရလေသည်။
"ရှင်ကလူနာနဲ့ဘာတော်လဲ။ အစ်ကိုလား။ ညီလား။"
"သူ့သူငယ်ချင်းပါ။ ဘာလို့လဲ။"
"ရှင့်ကြည့်ရတာ အရမ်းဝမ်းနည်းနေတဲ့ပုံပေါ်နေလို့။"
သူနာပြုဆရာမလေးသည် ခပ်သွက်သွက်လေး ဖြစ်ပုံရသည်။ သူ့လုပ်စရာရှိတာတွေလည်းလုပ်၊ ထက်မာန်ဦးကိုလည်း စကားလှမ်းပြောနှင့်။
"ဒီလူနာကို လာကြည့်တဲ့ထဲ ငိုတာ ရှင်ဘဲရှိသေးတယ်လေ။"
ထက်မာန်ဦး ရှိန်းခနဲ ဖြစ်သွားသည်။ ရှက်သွားတာလို့တောင် ၀န်ခံလိုက်လို့ရသည်။ ပါးပြင်ကို အယောင်ယောင်အမှားမှားနှင့် ပြန်စမ်းလိုက်မိတော့ လက်ဖ၀ါးမှာကပ်ငြိပါလာတဲ့ မျက်ရည်စတွေ။ ဘယ်တုန်းက မျက်ရည်တွေကျလာမှန်းတောင် မသိတော့။
"ရော့။ဒီခုံပေါ်ထိုင်လို့ရတယ်။"
ပလတ်စတစ်ခုံအနီလေးတစ်လုံးကို လှမ်းပေးလာတော့ ထက်မာန်ဦး လက်ခံမိသည်။ ဆေးတွေဘာတွေကအစ ပြင်နေတာကအစ အရာအားလုံး သူ့လက်သူ့ခြေနှင့် လုပ်ကိုင်နေပုံအရ ဒီသူနာပြုဆရာမလေးသည် လွှမ်းကို စောင့်ရှောက်ဖို့ အတွက် သီးသန့်ငှားထားတဲ့ သူနာပြုဆရာမလေးပင်ဖြစ်မည် ဟုခန့်မှန်းလိုက်မိသည်။
"ဆရာမက ဒီမှာသူ့ကိုစောင့်ပေးတာလား။"
"အင်း။ဟုတ်တယ်။ ကျွန်မအလုပ်ဝင်တာ အလုပ်ဝင်တာ တစ်ပတ်လောက်ဘဲရှိပါသေးတယ်။ ပြင်ဦးလွင်စစ်ဆေးရုံကနေ ဒီက လက်လွှဲယူပြီး သုံးရက်လောက်ကြာမှ ကျွန်မရောက်တာ။ ကျွန်မစရောက်တုန်းကတော့ လူနာက သတိမရသေးဘူး။ လူနာရှင်တွေက အမြဲတမ်းကြီးကျ မကြည့်ပေးနိုင်ဘူးလေ။ ကျွန်မဘဲ သူ့ဘေးနားနေပေးနေတာ။"
"သူသတိရောရရဲ့လား။ဆရာမ"
"ဆရာမ။ ဆရာမနဲ့။ ရှင့်ကိုကြည့်ရတာ ကျွန်မထက်လည်း အသက်ကြီးမယ့်ပူံပေါ်တယ်။ နွေးလို့ဘဲခေါ်ပါ။"
"ဟုတ်ကဲ့..။"
အသံလေးကတိမ်ဝင်ပြီး ငြိမ်ကျသွားပြန်တဲ့ ထိုလူကို နွေးတစ်ချက်လှည့်ကြည့်ရင်း နွေးပါ မွန်းကြပ်လာသလို ခံစားလာရသည်။ မျက်နှာလေးအိုကျနေတဲ့ သူ့ကို ကြည့်ရတာ အပူဖိစီးနှိပ်စက်နေတဲ့ အဘိုးကြီးအိုလေးနှင့်ပင် တူနေတော့သည်။ နွေးပင် သက်ပြင်းချလိုက်မိတော့သည်။
"သတိကရပါတယ်။ ဒါပေမယ့် ရှင့်ကို စကားပြောနိုင်မှာမဟုတ်ဘူး။"
ထက်မာန်ငေးငိုင်ပြီး ထိုဆရာမလေးကိုသာ ကြည့်နေမိသည်။ ထိုဆရာမလေးသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် ဆက်ပြောလေသည်။
"သူ့ရဲ့လေပြွန် ထိထားတယ်လေ။"
ဆရာမလေးက သူ့ရဲ့ လည်ပင်းနှင့် ညှပ်ရိုးဆက်နေတဲ့နေရာကို လက်ညိုးလေးနှင့် ထောက်ပြလျှက် ပြောလာလေသည်။
"အဲ့..အဲ့တာက စိုးရိမ်ရလား။"
ထက်မာန်ဦး စကားတွေပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်သည်။
"အင်း။ အခု အသက်ရှုဖို့ အစာစားဖို့ကို အဲ့နေရာကနေ ပိုက်တွေဖောက်ထားတယ်လေ။"
ထက်မာန်ဦး လွှမ်းကို တစ်ဖန်ကြည့်မိသည်။ အသက်ရှုဖို့အတွက်တောင် ပိုက်ကနေ ခက်ခက်ခဲခဲ ရှုနေရတယ်တဲ့လား။ လွှမ်းရဲ့ အမြဲလိုသွေးရောင်လွှမ်းနေတဲ့ နူတ်ခမ်းလေးတွေသည် ခြောက်သွေ့အက်ကွဲလို့နေသည်။
အစာသည် ပိုက်ကနေတဆင့်သွင်းရုံလောက်သာ ၀င်တာမို့ထင်သည်။ စောင်ကြားထဲက တစွန်းတစထွက်ပေါ်နေတဲ့ လက်ချောင်းလေးတွေသည် သွေးမရှိသလို ဖြူဖျော့နေလေပြီး ကျုံလှီနေလေသည်။
ထိုလက်ချောင်းလေးတွေကို ဖွဖွလေးထိမိလျှင် လွှမ်းမျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာပြီး ထက်မာန်ဦးကိုများ ငေးကြည့်လေမလား မျှော်လင့်မိသေးသည်။ သို့သော် မိမိအလိုဆန္ဒလောက်နဲ့ လွှမ်းကို အနှောင့်အယှက်မပေးချင်ပါ။ သူနာပြုဆရာမလေးကလည်း မထိရဘူးလို့ ပြောထားသည် မဟုတ်ပါလား။
"လက်နက်ကြီးအစက သူ့လည်ပင်းထဲစိုက်သွားတယ်လို့ ပြောတယ်။ ကိုယ်တွင်းအဂါင်္တွေကလည်း အတွင်းကြေတဲ့ ဒဏ်နဲ့ ထိခိုက်ထားတယ်။ အခြေအနေ ကောင်းမကောင်းက နောက်တစ်ခါထပ် ခွဲစိတ်ပြီးမှ သေချာသိရမှာ။"
စိုးရိမ်စရာမလိုဘူးဟု ပြောခဲ့သော အန်တီချောရဲ့ မျက်နှာပေးကို ပြေးမြင်လိုက်တော့ စိတ်ထဲ ဆစ်ခနဲ ဖြစ်သွားလေသည်။ သားတစ်ယောက်လုံး ဒီလိုအခြေအနေဖြစ်နေတဲ့ အပေါ် အဲ့လိုစကား ပြောထွက်ရက်နိုင်တဲ့ အန်တီချောရဲ့ အပြုအမူမှန်သမျှကို လူကြီးမို့ ရင့်ကျက်သည်ဟု တော့ ထက်မာန်ဦး မတွေးလို။ ဒါသည် စာနာစိတ်ကင်းမဲ့ခြင်းပင် ဖြစ်လိမ့်မည်။
"အန်တီ။ကျွန်မ အပြင်ခဏလေး ထွက်ဦးမယ်နော်။ Report တင်စရာလေးရှိနေလို့။"
အန်တီဆိုတဲ့ အသုံးအနူန်းကြောင့် အန်တီချောပြန်ရောက်လာပြီဆိုတာ သိလိုက်သည်။
"ရပါတယ်။သွားပါ။"
အန်တီချောနှင့် သူနာပြုဆရာမလေးတို့ အပြန်အလှန်ပြောနေသော စကားများကို ကြားနေရသည်။ ထက်မာန်ဦးကတော့ လွှမ်းဘေးထိုင်နေရာမှ မထမိ။ အန်တီချောက ဘေးနားခုံတစ်လုံးနှင့် လာထိုင်သည်ကို သိလိုက်သည်။
"ဘာဘဲ ဖြစ်ဖြစ် ကိုလေးဟာ သူလုပ်သင့်တာကို သူလုပ်ခဲ့တာဘဲ။ အဲ့တာကိုဘဲ အန်တီတို့က ဂုဏ်ယူရမှာပေါ့။ "
ရှေ့တန်းစစ်ဆေးဆရာဝန်ဖြစ်လို့ ရှေ့တန်းထွက်ရင်း ဒီလို သေမလောက်ဒဏ်ရာရလာတာဟာ မထူးဆန်းဘူးလို့ ဆိုလိုချင်တာလား။ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်လာတယ်လို့ ပြောချင်တာလား။ အန်တီချောသည် ထက်မာန်ဦးရဲ့သည်းခံနိုင်စွမ်းကို သွေးတိုးလာစမ်းနေလေပြီ။
"အန်တီချော နည်းနည်းလေးမှ နောင်တမရဘူးလား။"
"ဘာကိုလဲ။"
ထက်မာန်ဦးကို လှည့်ကြည့်လာတဲ့ အန်တီချောရဲ့ပုံစံသည် ထိုမေးခွန်းကို သာမန်ကာလျှံကာ မေးခွန်းတစ်ခုဟုသာ မှတ်ယူထားပုံရသည်။ ထက်မာန်ဦး ဆွံ့အသွားတဲ့အချိန်လေးအတွင်းမှာပင် အန်တီချောသည် လွှမ်းကိုတဖန်ပြန်ကြည့်သည်။ လွှမ်းသည် ကုတင်ပေါ်တွင်မလူပ်မယှက်ပင်။
"အန်တီချောတို့ အရှေ့ထွက်ရအောင်..။ကိုလေး နိုးသွားလိမ့်မယ်။"
အန်တီချောသည် ခပ်တင်းတင်း မျက်နှာထားနှင့်ပင် ထက်မာန်ဦး ရှေ့ကနေ ထွက်သွားလေသည်။ ဒီအမျိုးသမီးသည် သည်းမခံနိုင်လောက်အောင် စိတ်တိုချင်စရာ ကောင်းလွန်းလှသည်။ ဧည့်ခန်းကိုရောက်တဲ့အခါမှာတော့ အန်တီချောသည် စိတ်အေးလက်အေးပုံစံနှင့် ဆိုဖာပေါ်တွင်ပင် ၀င်ထိုင်လိုက်သေးသည်။
"ခုနက သားငယ် ဘာကိုပြောချင်တာလဲ။"
"လွှမ်းဒီလိုဖြစ်တာနဲ့ ပတ်သက်ပြီး ခင်ဗျား နည်းနည်းလေးတောင် နောင်တရမရဘူးလားလို့ မေးတာလေ။ "
လွှမ်း နာကျင်ခံစားရတာထက် သူတို့ကို အဆပေါင်းများစွာ ပြန်ခံစားစေချင်သည်။ သေတဲ့အထိကို နောင်တတွေနဲ့ ပူလောင်ပြီး ဖြတ်သန်းစေချင်သည်။
"လွှမ်းကိုဒီလိုဖြစ်အောင် ဒီထဲ ခင်ဗျားတို့ တွန်းပို့ခဲ့တာလေ!"
အသံကိုအတတ်နိုင်ဆုံး ထိန်းချုပ်ထားရင်းမှ ထက်မာန်ဦး၏ အသံသည် ကျယ်လောင်ပြီး ဟိန်းထွက်သွားလေသည်။ ထက်မာန်ဦးမျက်ဝန်းတွေထဲ တည့်တည့် စိုက်ကြည့်နေတဲ့ အန်တီချော၏ မျက်ဝန်းတို့သည် အေးစက်မာကြောလွန်းလှသည်။
"ကိုလေး ဒီလိုဖြစ်လာဖို့ ရည်ရွယ်ခဲ့တာ မဟုတ်လို့ အဲ့တာနဲ့ ပတ်သက်ပြီး အန်တီလိပ်ပြာလုံတယ်။"
ထိုမျက်လုံးတွေနှင့် လိုက်ဖက်ညီလွန်းစွာ ထွက်ပေါ်လာသော ထိုစကား။ ဘယ်လိုတောင် သွေးအေးအေးနှင့် ပြောနိုင်ခဲ့တာပါလိမ့်။ ဒီမိန်းမဟာ တသက်လုံးနောင်တရမယ့် လူစားမျိုးမဟုတ်မှန်းထက်မာန်ဦး သေချာသွားလေသည်။
"တောက်!"
တောက်တစ်ချက်ကို ပြင်းပြင်းခတ်လိုက်ပြီး ထက်မာန်ဦးနေရာမှ လှည့်ထွက်သွားဖို့ပြင်လိုက်သည်။ သို့သော် အန်တီချော၏ စကားတစ်ခွန်းက ထက်မာန်ဦးကို ဟန့်တားလိုက်သည်။
"ဒီမှာ။"
ခြေလှမ်းတွေကို ရပ်ပစ်လိုက်လေသည်။ ထိုမြေခွေးလို မိန်းမသည် ဘယ်လိုစကားများထပ်ထွက်လာမလဲလို့ ထက်မာန်ဦး နားထောင်ကြည့်ချင်သေးသည်။
"အန်တီချောက ကိုလေးကို ၀မ်းနဲ့လွယ်ပြီး မွေးထုတ်ထားတဲ့ မိခင်ပါ။"
ထက်မာန်ဦးမဲ့ပြုံးပြုံးလိုက်မိသည်။ မိခင်ဖြစ်နေတာမို့လည်း ကိုယ့်သားအရင်းကို ဒီလောက်ထိ လုပ်ရက်နိုင်ရတာကို အံ့သြမိနေရတာ။
"မင်းထက် အန်တီချောက ကိုလေးကို အဆပေါင်းများစွာ ပိုတယ်။"
ထိုစကားသည် ထက်မာန်ဦးကိုယ်ပေါ်ကို မြားအစင်းပေါင်းမြောက်မြားစွာ ထိုးဖောက် ၀င်ရောက်သွားသည့်နှယ်။
"အန်တီတို့သားအမိကြားထဲကို မင်းအနေနဲ့ ၀င်စွတ်ဖတ်စရာမလိုဘူး။"
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။ သွေးသားတော်စပ်သည်ဆိုတာ တစ်ခုတည်းနှင့် ထက်မာန်ဦးသည် ဘေးကို ကန်ထုတ်ခံလိုက်ရသလို၊ လွှမ်းနှင့် ဝေးရာကို လွင့်စင်သွားသလို။ အံကိုတင်းတင်းကြိတ်ထားလိုက်မိရင်း လက်သီးကို ကျစ်ကျစ်ပါနေအောင် ဆုပ်မိလိုက်သည့်နှင့် ထက်မာန်ဦးရဲ့ လက်ဖမိုးပြင်ပေါ်က သွေးကြောတို့က ထင်းလာရတော့သည်။ ဒီမှာသာ ဆက်နေမိရင် ထက်မာန်ဦး ကျိန်းသေပေါက် တစ်ခုခု လုပ်မိတော့မည်။
"ရှင်ပြန်ပြီလား။ဟောတော့..။"
အခန်းဝမှာဝင်တိုက်မိမလို ထပ်ဖြစ်တဲ့ သူနာပြုဆရာမလေးကိုပင် နူတ်မဆက်မိ။ မျက်ဝန်းက မျက်ရည်ကြည်တွေကို ထိုဆရာမလေး ထပ်မမြင်စေဖို့အတွက် ထက်မာန်ဦး ခေါင်းကိုမော့ထားလိုက်ပြီး ထွက်လာခဲ့လိုက်သည်။
အခန်းထဲကနေ ခြေလှမ်းကျယ်ကြီးတွေနှင့် ထွက်သွားတဲ့ ထိုလူကို နွေးလှမ်းကြည့်လိုက်မိသည်။ ၀င်တိုက်မလိုဖြစ်သွားတာတောင် မနူတ်ဆက်သွားဘူး။ခုနက အထိက တရင်းတနှီးပါဘဲ။ ရှုပ်ထွေးလာတဲ့အာရုံကိုရှင်းလင်းတဲ့ အနေနဲ့ ခေါင်းတစ်ချက် ဆတ်ခနဲ ခါလိုက်ပြီ်းအခန်းထဲ အ၀င်မှာ နွေးလန့်သွားသည်။
"အန်တီ။အဆင်ပြေရဲ့လား။"
ဆိုဖာပေါ်မှာ မျက်နှာကိုအုပ်ပြီး ထိုင်ချနေတဲ့ လူနာရဲ့မိခင်ကို တွေ့လိုက်တော့ နွေး အပြေးအလွှားသွားထူမိသည်။
"ရတယ်။ရတယ်။ အန်တီ ဘာမှမဖြစ်ဘူး။"
နွေးရောက်လာတော့ မျက်နှာကို အုပ်ထားရာမှ ဖယ်ပစ်လိုက်ကာ ထိုင်ရာမှထသည်။ အန့်တီ့မျက်လုံးအောက်ခမ်းတွေက အတန်ငယ်ရဲနေလေသည်။ခုနက လူနဲ့ ဘာများ ပြသနာတက်ခဲ့ပါလိမ့်။
"အန်တီပြန်လိုက်ဦးမယ်နော်။ တစ်ခုခုဆိုရင် အန်တီ့ကိုဖုန်းဆက်လေနော်။"
"စိတ်ချပါ။အန်တီ။ သူ့ကိုသေချာစောင့်ရှောက်ထားပါ့မယ်။"
အန်တီသည် ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး သူ့လက်ကိုင်အိတ်ကိုဆွဲပွေ့လျှက်ထွက်သွားလေသည်။ သူတို့ကြားထဲမှာ နွေးသိဖို့မလိုလောက်တဲ့ ပြသနာတစ်ခုခု ရှိနေသည်ဟု တွေးထင်လိုက်မိသည်။ နာရီကိုကြည့်လိုက်တော့ လူနာကို သန့်ရှင်းရေးလုပ်ပေးဖို့ အချိန်ကျနေပြီဖြစ်သည်။ ထိုအခါမှ နွေးမှာ ခုနက ပြသနာကို ခေါင်းထဲကထုတ်လိုက်ပြီး ပြင်ဆင်စရာရှိတာကို အပြေးအလွှားပြင်ဆင်ရတော့သည်။
စကားမပြောနိုင်သော လူနာအနားတွင် နေရခြင်းသည် အနည်းငယ်တော့ ပျင်းဖို့ကောင်းသည်။ နွေးက စကားပြောရတာ ကြိုက်တဲ့လူမျိုးကို။ ဒါပေမယ့်လည်း ကိုယ်က လူနာကို ရွေးနေလို့ ရတဲ့ အခြေအနေမျိုးမှ မဟုတ်တာ။ နွေးအထဲဝင်လာတော့လည်း လူနာသည် ကုတင်ပေါ်တွင် မလူပ်မယှက်ပင်။
ပိုက်တွေတန်းလန်းနှင့် အရိုးပေါ်အရေတင်ဖြစ်နေတာတောင် စင်းကျနေဆဲ မျက်တောင်ရှည်ရှည်လေးတွေ၊ နှာတံစင်းစင်းလေးနှင့် လက်ချောင်းသွယ်သွယ်လေးတွေကို တစ်ခုချင်းစီလိုက်ငေးနေမိရင်း ဒီလူသားသည် တစ်ချိန်က ဘယ်လောက်တောင် မနာလိုချင်စရာကောင်းလောက်အောင် ချောမောနေမည်ကို စိတ်ကူးနှင့် မှန်းဆနေမိသည်။
"ကျွန်မ ကိုယ်လက်ပတ်လေးတိုက်ပေးမယ်နော်။"
နွေးကို စကားပြန်မပြောနိုင်မှန်း နားလည်နေသော်ညားလည်း လှမ်းအသိပေးလိုက်သည်။ တစ်ချက်ကလေးတောင် မလူပ်ဘူးဆိုတော့ အိပ်များအိပ်နေလားမသိပါ။ လက်ချောင်းလေးတွေကို အ၀တ်စာနှင့် ဖွဖွလေးပွတ်သပ်နေရင်းမှ မျက်နှာကို ရေပက်ဝတ်နှင့် သုတ်ပေးဖို့ သူ့နားကို ကပ်သွားသည်အချိန်တွင်တော့..
"ဟင်..။"
ခပ်ဟဟလေး ပွင့်နေတဲ့ ထိုသူရဲ့မျက်ဝန်းအစုံသည် နွေးရဲ့ လက်တွေကို တုံ့နှေးသွားစေလေသည်။
သူနိုးနေတာဘဲ။
နွေး သေချာအနီးကပ်ကြည့်လိုက်ချိန်တွင်တော့ သူ့ရဲ့ပါးပြင်နှစ်ဖက်က မျက်ရည်စီးကြောင်းတွေ..။ နွေးစိတ်ထဲက ခပ်တိုးတိုးရေရွတ်လိုက်လေမိတော့သည်။
ဘုရား..သူငိုနေတယ်..။