"ကျစ်စ်။ အဲလ်ကွန်းကလည်း မအေးတော့ဘူး။"
အဲလ်ကွန်းရီမုကွန်ထရိုးပေါ်က ခလုတ်တွေကို ဟိုနှိပ်ဒီနှိပ်လုပ်ပြီးမှ ထက်မာန်ဦး ပစ်ချလိုက်လေသည်။ ့ ညဉ့်နက်နေပြီမို့ မနတ်ကျမှဘဲ အဲလ်ကွန်းသမားကို ခေါ်ပြီးပြင်ရမည်ဟု စိတ်ထဲက တွေးလိုက်လေသည်။ အခုတော့ ဒီပူပူလောင်လောင် အခန်းကြီးထဲ ထိုင်ပြီး မပြီးသေးတဲ့ အလုပ်တွေ လတ်စသတ်ရပေဦးမည်။ စိတ်ရှုပ်ရှုပ်နှင့် ထက်မာန်ဦး ထိုင်ခုံပေါ်ထိုင်ချပစ်လိုက်ကာ ကွန်ပျူတာကို ဆက်ကြည့်နေလိုက်သည်။
ရုံးမှာ တစ်နှစ်တာလုံးရဲ့ စာရင်းတွေ ချုပ်နေတာမို့ ထက်မာန်ဦး တနေကုန် အလုပ်နှင့် လက်မပြတ်။ အခွန်ကိစ္စတွေလည်း အခွန်ဆိုင်ရာ အကြံပေးသူနှင့်အတူ လုံးပမ်းရသေးသည်။ လုပ်နေကျအလုပ်တွေဆိုပေမယ့်လည်း အခုထိတိုင် ထက်မာန်ဦးအသားမကျနိုင်သေး။ ဒီလိုဟာတွေ မေမေကတော့ နှစ်ပေါင်းများစွာဦးစီးဦးဆောင် လုပ်ခဲ့ပေမယ့်လည်း တစ်ချက်ကလေးမျှ မညည်းညူခဲ့လေသမျှ ထက်မာန်ဦးကတော့ ခွေခေါက်ပြီး အိပ်ရာထဲ ပစ်လှဲချချင်နေပြီ။ အဲလ်ကွန်းကလည်း မအေးတဲ့အပြင် တဂျစ်ဂျစ်နှင့် မြည်နေသေးတာနဲ့ စိတ်ကပါ ရှုပ်လာရသည်။
"မျှော်လင့်သမျှကို စိတ်ကူးသမျှအကုန် အရာအားလုံး မင်းလက်ထဲမှာ.."
ထိုသီချင်းသံကို ကြားလိုက်သည်နှင့် ဖုန်းဝင်လာပြီဆိုတာကို သိလိုက်ရလေသည်။ ကွန်ပျူတာထဲ ခေါင်းနှစ်ဝင်ထားရာမှ လူးလဲထလိုက်ရင်း ထက်မာန်ဦး ဖုန်းကိုလှမ်းကိုင်သည်။ ကြည့်လိုက်တော့ စိုင်းဝေယံဆီက..။ ပင်ပန်းနုံးခွေနေမူတွေက တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။ သူတို့ဆီမှ ဖုန်းနှင့်အဆက်အသွယ်မရသည်မှ တစ်လလောက်တော့ရှိပြီမဟုတ်ပါလား။ ဖေ့စ်ဘွတ်မှာသာ သူတို့ ပို့စ်လေးတွေတင်ရင် ဝင်ဝင်ကြည့်နေလို့ရတာ။ ဒါပေမယ့် ထက်မာန်ဦး စကားပြောမည်ကြံရင် သူတို့က Off line ဖြစ်သွားတာက များတာနဲ့ဘဲ သိပ်မပြောဖြစ်။ ဖုန်းပြောဖို့ဆိုတာ ရတောင့်ရခဲ အခွင့်အရေးလေးမို့ ထက်မာန်ဦး ချက်ချင်းကောက်ကိုင်လိုက်သည်။
"ဟဲလို။ ပြော။ ငစိုင်း။"
စိုင်းဝေယံဆီမှာ ချက်ချင်းပြန်ပြီး အဖြေမရ။ ထက်မာန်ဦး ရုံးခန်းထဲမှာမို့ လိုင်းများမကောင်းလို့လားဟု တွေးမိကာ နေရာမှထမလို့ရှိသေးသည်။
"အေး။"
ဖုန်းကိုင်ပြီးကာမှ ဘာအသံမှ မကြားရတာကြောင့် နည်းနည်း စိတ်ထဲ ခုသလိုဖြစ်သွားမိသော်လည်း အေးဆိုတဲ့အသံကြားမှ ထက်မာန်ဦး ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။ အရေးထဲ လိုင်းက တစ်ချက်တစ်ချက် ပြတ်တောင်း ပြတ်တောင်းဖြစ်နေသေးသည်။ ကြည့်ရတာ စိုင်းဝေယံ ဘက်က လိုင်းသိပ်ကောင်းပုံမရ။ အချိန်မရွေးက လိုင်းက ပြတ်ကျသွားနိုင်တာမို့ စကားလေးဘာလေး ပြောထားရမည်။
"ထူးထူးဆန်းဆန်း ဖုန်းတွေ ဘာတွေဆက်လာပါလား။အခုဘယ်ရောက်နေတာလဲ။"
"လောက်ကိုင်စစ်ဆေးရုံ။"
ဆေးရုံမှာဆိုတော့ ထက်မာန်ဦး အတန်ငယ်စိတ်အေးရသည်။ စစ်ကြောင်းပြန်ဆုတ်တာလား။ သူတို့ကိုအဲ့ကို တာဝန်ချလိုက်တာတစ်ခုခုတော့ တစ်ခုခုပင်။
"အေး။အေး။ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား။ လွှမ်းရော။"
အဆင်ပြေပါတယ်လို့ ဖြေမည်ကြံကာမှ လွှမ်းရောဆိုတဲ့ မေးခွန်းသည် စိုင်းဝေယံ၏ရင်ဝကို စို့နင့်စေသည်။ တစ်ချက်ရှို်က်လိုက်မိတဲ့ အသံသည် ထက်မာန်ဦးကို စိတ်ထင့်သွားစေသလားမသိ။ ထက်မာန်ဦးသည် တူညီတဲ့ မေးခွန်းကို အထပ်ထပ်အခါခါမေးနေလေတော့သည်။
"ဟေ့။ပြောင်ကြီး။မေးနေတယ်လေ။ လွှမ်းရောလို့။"
အံကိုတင်းတင်းကြိတ်ထားရင်းမှ နူတ်ခမ်းကို တင်းတင်းဖိကိုက်လိုက်တဲ့အခါမှ ငန်ကျိကျိ အရသာကို စိုင်းဝေယံရဲ့ လျှာဖျားက ခံစားရသည်။ သို့သော် ထိုနာကျင်မူသည် ရင်ထဲကအက်ကွဲကြေမွနေမူတို့နှင့် နိူင်းယှဉ်လိုက်တဲ့အခါမပြောပလောက်ပေ။
"လွှမ်း..ဝေလွှမ်း..တိုက်ပွဲမှာ..."
စိုင်းဝေယံရဲ့အသံကို အာရုံစူးစိုက်ပြီး ထက်မာန်ဦး သေချာနားထောင်နေမိသည်။ သွေးကြောလေးတွေဆီမှ ဒပ် ဒပ်ဆိုတဲ့ လူပ်ခါမူလေးတွေကအစ အာရုံနောက်စွာ တိုးဝင်လာတဲ့အခါ စိတ်တို့က ပိုလို့ရှုပ်ထွေးရသည်။
"တိုက်ပွဲမှာ ကျသွားပြီ။.."
ကမ္ဘာလောကကြီးနှင့် ထက်မာန်ဦး တခဏတာ အဆက်အသွယ်ပြတ်သွားလေသည်။ အဲလ်ကွန်းဆီမှ တဂျစ်ဂျစ်မြည်သံသည် ပျောက်ကွယ်သွားသည်။
"မင်း..။ဟေ့ကောင်။ စိုင်းဝေယံ။ မင်းနောက်နေတာမဟုတ်လား။"
ထက်မာန်ဦး အော်မေးလိုက်မိသည်။ မဖြစ်နိုင်တာ။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာ။ ဝေလွှမ်းက သူပြန်လာပါ့မယ်လို့တောင် ထက်မာန်ဦးကို သေချာကတိပေးခဲ့တာ။ စိုင်းဝေယံဆိုတဲ့ ကောင်က ထက်မာန်ဦးကိုဆို နောက်စရာမရှိ ကြံဖန်နောက်နေကျအကောင်။
"နောက်နေတာ မဟုတ်လား။မင်းနောက်နေတာ..။"
မယုံကြည်နိုင်သေး။ဘယ်လိုမျိုးနဲ့မှ မယုံကြည်နိုင်သေး။ လွှမ်းဟာ ပြန်လာပါ့မယ်လို့ ကတိမထားခဲ့တာတောင် ထက်မာန်ဦး ဆီဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် အရောက်ပြန်လာခဲ့တာ။ ဘယ်လိုအတားအဆီးမဆို လွှမ်းက ဖြတ်ကျော်လာခဲ့တာ။ ဒီတစ်ခါမှ လွှမ်းက ကတိဖျတ်သွားသတဲ့လား...။
"ငထက်ရာ..။"
စိုင်းဝေယံဆီမှ မချိတင်ကဲ ရေရွတ်သံကြီးထွက်ပေါ်လာသည့်အခါမှာတော့ ပူလောင်နေတဲ့ အခန်းကျဉ်းလေးထဲ ထက်မာန်ဦး လက်ဖျားခြေဖျားတွေပါ အေးစက်လာရသည်။ ခြေမကိုင်မိ လက်မကိုင်မိနှင့် ထက်မာန်ဦး ဘာလုပ်လို့လုပ်ရမည်မသိတော့။ ဒီအချိန်မှာ စိုင်းဝေယံ တစ်ယောက်တည်းကသာ ထက်မာန်ဦး ရင်ထဲက အပူမီးတွေကို ငြိှမ်းသက်ပေးနိုင်လိမ့်မည်။
"ပြောစမ်းပါ။ မင်းနောက်နေတာ မဟုတ်လား။"
ထက်မာန်ဦးရဲ့မေးခွန်းကြောင့် စိုင်းဝေယံပိုတိုးလို့ နာကျင်ရသည်။ ရင်နာရသည်။ ဒါကို နောက်တဲ့ပြောင်တဲ့အနေနဲ့တောင် ပြောမထွက်ပါဘူး။ ငါဘယ်လိုအင်အားနဲ့များ မင်းကိုရှင်းပြရမှာလဲ။
စိုင်းဝေယံ ထံမှ ရှိုက်သံကြီးတစ်ချက်ထွက်ပေါ်လာချိန်တွင်တော့ ထက်မာန်ဦး အရာအားလုံးကို နားလည်သွားပြီ ဖြစ်သည်။ ဘေးက စားပွဲပေါ်ကို ကမန်းကတန်းလက်ထောက်ချလိုက်မိလို့သာ ထက်မာန်ဦးသည် အရုပ်ကြိုးပျက်ပြိုလဲမသွားခဲ့တာ။ လက်ကိုင်ဖုန်းလေးကို ပါးနှင့်အပ်ထားရင်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။
"ငါ..ငါတောင်းပန်ပါတယ်။ငါတကယ် တောင်းပန်ပါတယ်။ ငါဘေးနားရှိနေရက်နဲ့တောင် ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူး..။"
စိုင်းဝေယံရဲ့အသံတွင် ငိုသံတဝက်နှင့်။ အခုချိန်မှာ စိုင်းဝေယံကို အပြစ်တင်စကားပြောဖို့တောင် ထက်မာန်ဦး စိတ်ထဲမရှိတော့။ ကျိန်းစပ်နေတဲ့ မျက်လုံးကို ပိတ်လိုက်ချလိုက်မိကာ ဖုန်းကို လွှတ်ချလိုက်မိလေတော့သည်။
"တီ...။"
ဖုန်းလိုင်းသည် ပြတ်တောက်သွားလေပြီ။ စိုင်းဝေယံ လက်ဖဝါးပြင်နှစ်ဖက်ပေါ် မျက်နှာကိုအပ်ချလိုက်မိလေတော့သည်။ ဘေးကုတင်က စိုင်းဝေယံနှင့် ဘဝတူ လူနာတွေသည် စိုင်းဝေယံကို စုတ်တသပ်သပ်နှင့် လှမ်းကြည့်ကြသည်။ သူတို့သည်လည်း တပ်လန်ကျတဲ့ အချိန် ဒဏ်ရာရလာတဲ့ စစ်သားတွေချည့်သာ။ခေါင်းကြီးကိုငိုက်စိုက်ပြီးနေတဲ့ စိုင်းဝေယံရဲ့ ပုံစံသည် လောကကြီးကို အရှုံးပေးနေတဲ့လူတစ်ယောက်နှယ်။
"...."
ဖိနပ်သံတချို့ကြားလိုက်ပေမယ့် ဂရုမပြုမိခဲ့။ ပုခုံးကို လာပုတ်မှသာ စိုင်းဝေယံ အာရုံက အနည်းငယ် နိုးကြားလာသည်။
"ပေါင်က ဒဏ်ရာဘယ်လိုနေလဲ။သက်သာရဲ့လား။"
တပ်ရင်းတစ်ခုထဲက ခင်ရတဲ့ အစ်ကိုတစ်ယောက်ဆိုတာ စိုင်းဝေယံ အသံ ကြားရုံနှင့် သိလိုက်လေသည်။ သို့သော် စိုင်းဝေယံ စိတ်ထဲက ရှုပ်ထွေးနောက်ကျိနေတာနဲ့ ပြန်မဖြေဖြစ်။ နောက်တပတ်လောက်နေလျှင် ပျောက်မယ့်ဒဏ်ရာကို ဘာလို့ အရေးတယူ လာပြောနေရတာလဲ။ လူတစ်ယောက်လုံး ဆုံးရှုံးလိုက်ရတာကျ ဒီလူတွေ တကယ်ဘဲ လျစ်လျူရှုထားကြတာလား။
စိုင်းဝေယံ မျက်နှာကို လက်နှင့် အုပ်ထားရာမှ ခေါင်းကိုတဖန်ပြန်ဦးမော့လိုက်ရင်း စိတ်အချဉ်ပေါက်စွာတွေးလိုက်မိသည်။ ရှမ်းပြည်၏ တောင်ပေါ်အအေးဓာတ်သည် အရိုးထဲစိမ့်နေတဲ့ အထိပင်။အအေး ဓာတ်ကြောင့် ဘယ်ဘက်ပေါင်ဆီမှ နာကျင်ကိုက်ခဲလာပေမယ့်လည်း စိုင်းဝေယံ အံကြိတ်ပြီးတော့သာ တောင့်ခံလိုက်မိသည်။ ထိုအစ်ကိုသည် စိုင်းဝေယံရဲ့ ဘေးမှာ လာဝင်ထိုင်လေသည်။
"ဝေလွှမ်းအတွက် ငါတို့လည်း စိတ်မကောင်းပါဘူးကွာ..။ ဒါတွေက တချိန်ကျရင် ဘယ်သူမဆို ကြုံတွေ့နိုင်တာဘဲလေ။ တရားနဲ့သာ ဖြေစမ်းပါ။"
"၂၅နှစ်ဆိုတာကတော့ စောလွန်းမနေဘူးလား။ အစ်ကိုရာ။"
စိုင်းဝေယံ မချိတင်ကဲရေရွတ်မိသည်။ ဘေးနားမှာလာထိုင်နေတာ ထိုအစ်ကိုရဲ့့ သက်ပြင်းချသံငွေ့ငွေ့ကို ကြားလိုက်ရသည်။ ခေါင်းကိုဦးမော့လိုက်ခြင်းအားဖြင့် မျက်ဝန်းထဲမှာအရည်ကြည်တွေကို ခဏတာတော့ စိုင်းဝေယံ ထိန်းချုပ်လိုက်နိုင်မည်ထင်သည်။
"မင်းလည်းအရှေ့မှာ ကြုံသင့်သလောက် ကြုံခဲ့ပြီးပြီဘဲ။မင်း ဒီလောက်ထိ ကြံ့ကြံ့ခံလာနိုင်တာ။"
ထိုအစ်ကိုရဲ့ စကားကြောင့် မျက်စိရှေ့မှာတင် ဗုံးမှန်ပြီးခြေပျက်လက်ပျက်နှင့် အသက်ဆုံးရှုံးလိုက်ရတဲ့ စစ်သားတွေ၊ မော်ဖိန်းတောင် မကယ်တင်နိုင်ဘဲ နာကျင်စွာ ညည်းညူရင်းလက်ပေါ်မှာတင် အသက်ပျောက်သွားရတဲ့သူတွေကို တစ်ဦးတစ်ယောက်ချင်းစီ ပြန်မြင်ယောင်မိသည်။ မျက်လုံးတွေကို ပိတ်ပစ်လိုက်လျှင်တောင် ထိုမြင်ကွင်းတို့သည် ပျောက်မကွယ်သွားပါ။ စိုင်းဝေယံ အရမ်းကိုပင်ပန်းနေပြီဖြစ်သည်။
"ဝေလွှမ်းဟာလည်း တခြားတပ်သားတွေနဲ့အတူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း သူ့ကိုယ်သူ စွန့်လွှတ်သွားတာပါ။ သူ့ရဲ့့ရဲဘော်ရဲဘက်တစ်ယောက်အနေနဲ့ မင်း ဂုဏ်ယူနေသင့်တာ။ စိတ်ကို နိုင်အောင်ထိန်းစမ်းပါ..။"
စိုင်းဝေယံ နာကျင်သွားရသည်။ကိုယ်ထဲက အသည်းတွေ အတွင်းကလီစာတွေ လိူက်ခါသွားတဲ့အထိ။ စိုင်းဝေယံသည် လူတွေထဲက လူသားတစ်ယောက်ဘဲမို့ ခံနိုင်ရည်ထက် ကျော်လွန်တဲ့ နာကျင်မူတွေကို လက်သင့်မခံနိုင်ဘဲ တန်ဖိုးထားရတဲ့ မြတ်နိုးမူတွေကို လူပီပီသသ ဖက်တွယ်ထားချင်သေးသည်။ ကြားဖူးနေကြ အက်ကြောင်းထပ်နေတဲ့ ဘယ်လို သြဝါဒမျိုးနဲ့မျှ ချေဖျတ်ပေးဖို့ စဉ်းစားလို့ကိုမရပေ။
"စိတ်ကိုနိုင်အောင်ထိန်းရမယ်။ ဟုတ်လား။အစ်ကို။"
စိုင်းဝေယံလှည့်မေးလိုက်မိသည်။ ပြတင်းပေါက်ဆီကနေ အေးခနဲ တိုက်ခတ်လာတဲ့ လေပြည်အေးတွေထဲ စိုင်းဝေယံမေးသော မေးခွန်း၏ အဖြေပါမလာခဲ့။
"စိတ်ကို နိုင်အောင်ထိန်းရအောင် တခြားသူတွေနဲ့ ဝေလွှမ်းကို ဘယ်လိုမှ တူတူထားပြီး တွေးပေးလို့မရဘူး။"
ငေးကြည့်နေတဲ့ ထိုမျက်ဝန်းတွေထဲ စိုင်းဝေယံကို သနားကရုဏာသက်နေတဲ့ အရိပ်အငွေ့တွေကို တွေ့နေရသည်။ သနားနေတာကို လိုချင်တာမဟုတ်တာ။ ဒီအချိန်မှာတစ်ယောက်ယောက်ကဘဲ ဖြစ်ဖြစ် နာကျင်နေတာကို နားလည်ပေးနိုင်တာကို လိုချင်တာ။ ဘယ်သူမှလည်း နားလည်ပေးနိုင်မယ့်ပူံမပေါ်ပါဘူး။
"ဝေလွှမ်းက ရဲဘော်ရဲဘက်လည်းမဟုတ်ဘူး။ သူငယ်ချင်းလည်းမဟုတ်ဘူး။ ကျွန်တော့်အတွက် အဲ့တာထက် အများကြီးပိုတယ်။"
စိုင်းဝေယံရဲ့အသံနေအသံထားသည် ရှမ်းတောင်တန်းတွေကို ဖြတ်တိုက်လာတဲ့ ညဉ့်လေပြည်အေးနှယ် အေးစက်ပြီး ပြတ်ရှလို့နေသည်။ ပြောချင်ရာ ပြောပြီးနောက် စိုင်းဝေယံ ခေါင်းကို ပြန်ငုံ့ချထားလိုက်မိတော့သည်။
သေမတတ်ငိုကြွေးနေရင်တောင် မျက်ရည်တွေကို တခြားသူကို မမြင်စေချင်။ ဒါ ချွတ်ခြုံချနေပြီဖြစ်တဲ့ စိုင်းဝေယံရဲ့မာန သေးသေးလေးတစ်ခုပင်။ ထိုအစ်ကိုရဲ့ သက်ပြင်းချသံ သဲ့သဲ့လေးကသာ နားထဲသို့ တိုးဝင်လာလေသည်။ စိုင်းဝေယံသည် ယူကြုံးမရနိုင်ခြင်းတွေ၊ နောင်တတွေကြား မွန်းကြပ်ပိတ်လှောင်နေလျှက်သာ။
"သားငယ်။ ပြန်လာပြီလား..။"
ထက်မာန်ဦးပြန်အလာကို ကြီးငယ်သည် ပုံမှန်အတိုင်း ပြုံးပြုံးရွှင်ရွှင်ပင် ဆီးကြိုလေသည်။ ထက်မာန်ဦးလက်ထဲက လက်ဆွဲအိတ်ကို လှမ်းယူလိုက်သည့်အချိန်တွင် ပုံမှန်ထက် အနည်းငယ် မျက်နှာထားခပ်တင်းတင်း ဖြစ်နေတဲ့ ထက်မာန်ဦးကိုလည်း ကြီးငယ်က သတိထားမိပုံရသည်။
"သားငယ် ရုံးမှာ ဘာအဆင်မပြေဖြစ်လာလို့လဲ။"
"ဘာမှမဖြစ်ပါဘူး။ ကျွန်တော်နည်းနည်း ပင်ပန်းနေလို့။"
မျက်နှာကို ကမန်းကတန်း ပြန်ပြင်ပြီး ထက်မာန်ဦး ကြီးငယ်ကို အာရုံလွှဲလိုက်မိသည်။
"သြော်။ အဲ့တာဆိုလန်းသွားအောင် ကြီးငယ် သံပုရာရည်ဖျော်ပေးမယ်နော်။"
ထက်မာန်ဦးအိပ်ခန်းထဲကို မဝင်ခင် အမှတ်မထင်အိမ်ရှေ့ခန်းကို တစ်ချက်လှမ်းကြည့်လိုက်မိတော့ ဘုရားခန်းမှာ ဘုရားရှိခိုးနေတဲ့ မေမေ။ ကြီးငယ်က ထက်မာန်ဦး မေမေ့ကိုလှမ်းကြည့်နေတာကို သတိထားမိသွားပုံရသည်။
"သားမေမေ ဘုရားရှိခိုးနေတယ်လေ။ မနတ်က အိမ်မက်မကောင်းလို့ဆိုလားဘဲ။ ဘာဖြစ်လို့လဲ။"
ဘုရားခန်းဘက်ကို ဦးတည်သွားတဲ့ထက်မာန်ဦးရဲ့ ခြေလှမ်းတွေ တုံ့နှေးသည်။ သို့သော် ကြီးငယ်သည် ထိုခြေလှမ်းတွေကိုအဆုံးထိ မရပ်တန့်ပစ်နိုင်။
"ခဏပါ။ ကြီးငယ်။"
"သြော်။အေး။ဒါဆို ကြီးငယ် သံပုရည်သွားဖျော်လိုက်ဦးမယ်။"
ထက်မာန်ဦးအနားကနေ ထွက်ခွာသွားတဲ့ ကြီးငယ်ရဲ့ခြေသံရှပ်ရှပ်ကိုကြားလိုက်ရလေသည်။ နှာဖျားထဲသို့ ခပ်အီအီနှင်းဆီပန်းရနံ့တိုးဝင်လာချိန်တွင် ထက်မာန်ဦးသည်လည်း ဘုရားခန်း၏ အဝင်ဝသို့ရောက်ရှိနေလေပြီထင်သည်။ ထိုအမွှေးနံ့သည် မေမေဘုရားကို ပူဇော်ထားသော အမွှေးတိုင်ဆီမှ ဖြစ်မည်ဟု ခန့်မှန်းလိုက်မိသည်။ နိစ္စဓူဝအလုပ်တွေကြား ဘုရားခန်းကို ခြေမချမိတာ ဘယ်နှနှစ်တောင်ရှိနေပြီပါလိမ့်..။
ဘုရားဝတ်ပြုခြင်းအပေါ်အာရုံရောက်နေသော မေမေသည် ဘုရားခန်းထဲ ဝင်လာသော ထက်မာန်ဦးကို သတိထားမိဟန်မတူ။ မေမေ့နူတ်ဖျားမှ တိုးတိတ်သော လေသံလေးသည် ထက်မာန်ဦးနားထဲ ကန့်လန့်ကြီး ဝင်လာလေသည်။
"အဂါင်္သား စိုင်းဝေယံနှင့် ဗုဒ္ဓဟူးသား ဝေလွှမ်းသည်လည်း ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ..။"
"အဟက်..။"
အရေတွံ့နေပြီဖြစ်တဲ့ နဖူးပေါ်က သေးမျှငိနေတဲ့မျက်ခုံးတန်းလေးတွေက ကျုံ့လို့သွားလေသည်။ ထက်မာန်ဦးရဲ့ရယ်သံသည် မေမေ့ရဲ့ ဘုရားရှိခိုးခြင်းဖြစ်စဉ်အပေါ် အနှောင့်အယှက်ဖြစ်သွားပုံရသည်။ သို့သော် မေမေ့ထံမှ အပြစ်တင်သံတစ်စုံတရာအစား သက်ပြင်းချသံ ငွေ့ငွေ့ကထွက်ပေါ်လာလေသည်။ မေမေသည် မေတ္တာပို့ခြင်းနှင့် အမျှဝေခြင်းကို ဆုံးခန်းတိုင်အောင် လုပ်သွားသေးသည်။ ထက်မာန်ဦး တံခါးဝမှာ ရပ်လျှက်ပင် မေမေ့ကို စိုက်ကြည့်နေမိသည်။ ထက်မာန်ဦးရှိနေတာကို သိနေတာမို့ မေမေက ဘုရားရှိခိုးတာကို ခပ်မြန်မြန်ပင် လတ်စသတ်လိုက်ပုံရသည်။
"သားငယ်။မေမေ ဘုရားရှိခိုးရင် မနှောင့်ယှက်ရဘူးလေ။ ကလေးလည်းမဟုတ်ဘဲ မေမေဆူနေရမှာလား။"
မေမေ့လေသံသည် တင်းမာမနေသလို ပျော့ပျောင်းနေတာ မျိုးလည်းမဟုတ်ပါ။ အပြစ်တင်လိုဟန် နည်းနည်းစွတ်ပေမယ့် မေမေသည် အတတ်နိုင်ဆုံး စိတ်ကိုလျှော့ချထားဟန်ရှိသည်။
"ဟင်း။ မေမေ့ရဲ့မေတ္တာပို့တာကို ရယ်ချင်လို့ပါ။"
မေမေ့မျက်ခုံးလေးတွေ မြင့်တက်သွားပြီးမှ မေမေသည် နားမလည်လေဟန်နှင့် မျက်မှောင်ကိုကုတ်သည်။ မထီတထီလေသံသည် မေမေ့ကို နည်းနည်းလောက်တော့ ကသိကအောင့် ဖြစ်သွားစေတာ သေချာသည်။ မေမေက ဘုရားစင်ရှေ့မှာ ပုဆစ်တိုင်ထိုင်လျှက်အနေအထားလေးနှင့်သာ ထက်မာန်ဦးကို မော့ကြည့်သည်။ ထက်မာန်ဦး ဘုရားခန်းအဝင်ဝ တံခါးပေါက်ကိုမတ်တပ်ရပ်မှီလျှက်။
"မေမေ အဲ့ဘုရားစင်ရှေ့မှာ တနေ့တနေ့ ကျန်းမာပါစေ ချမ်းသာပါစေရွတ်နေတော့ရော ဘာများထူးသွားမှာမို့လို့လဲ။မေမေတို့ လွှမ်းအပေါ် လုပ်ချင်တိုင်းလုပ်ပြီးမှ..။"
"ထက်မာန်ဦး!!!"
မေမေ့မျက်ဝန်းတွေဟာ ချက်ချင်းပင် အရောင်လက်လာသည်။ ထိုအရောင်သည် ဘုရားစင်က မေမေထွန်းထားတဲ့ ဆီမီးတိုင်ကြောင့် မဟုတ်တာကို ထက်မာန်ဦး ကျိန်းသေပေါက်သိသည်။ မေမေသည် တသက်တာတွင် ဒုတိယအကြိမ်မ္မိ ထက်မာန်ဦးရဲ့နာမည်ကို အပြည့်အစုံ ခေါ်ပစ်လိုက်တာ။ ထိုအခြင်းအရာနှင့် ပတ်သက်ပြီး အနည်းငယ်မျှတောင် နာကျင်မနေတဲ့ ကိုယ့်ကိုယ်ကိုလည်း အံ့သြမိသည်။
"မင်းစကားပြောတာ ဆင်ခြင်စမ်း!"
ထက်မာန်ဦးရဲ့ နူတ်ခမ်းစွန်းတစ်ဖက်က ကော့တက်သွားလေသည်။
"ဆင်ခြင်ရမယ်။ ဟုတ်လား။ ဘာကိုဆင်ခြင်ရမှာလဲ။ မှန်တာကိုပြောလိုက်တော့ အထိနာသွားတာလား။"
"မင်းတော်သင့်နေပြီနော်။"
မေမေ့အသံဒြပ်သားတွေသည် လေထုနှင့် ထိတွေ့လေသမျှ တုန်ခါလို့နေသည်။ ထက်မာန်ဦးရဲ့ ပုန်းလျိုးနေတဲ့ ပုံစံအသစ်ကို ရင်ဆိုင်လိုက်ရသည့်အခါ မေမေသည် တုန်လူပ်သွားပုံရသည်။ ဒီသားကို ထိန်းချုပ်နိုင်မည့်ခွန်အားတွေကို မေမေကအဆုံးထိတိုင် စိုက်ထုတ်သည်။ မျက်ခုံးရိုးတွေ ကျိုးလုနီးပါး မျက်စောင်းတွေက ထက်မာန်ဦးဆီ တည့်တည့်စိုက်ဝင်လာလေသည်။ သို့သော် ထက်မာန်ဦးသည် ထိုမျက်စောင်းတွေလောက်ကို မမူတော့။ ထက်မာန်ဦး ရင်ထဲက သိမ်းဆည်းထားခဲ့သမျှ မြိုသိပ်ထားခဲ့သမျှက ခုချိန်တွင် မီးတောင်တစ်ခု ပေါက်ကွဲသည့်အလား စုပြုံပြီး ကန်ထွက်သည်။
"လွှမ်းကိုငရဲတွင်းထဲကို တွန်းပစ်ချခဲ့ပြီးမှ မေတ္တာထိုင်ပို့နေကြတယ်တဲ့လား။"
မေမေသည် တကိုယ်လုံးတဆတ်ဆတ်တုန်ယင်လို့လာနေသည်။ သို့သော် ဒီအခြေအနေတွင်မှ ရပ်တန့်ပစ်လိုက်ဖို့ စိတ်ကူးက ထက်မာန်ဦးတွင်မရှိတော့။
"တမလွန်က လွှမ်းကများမြင်ရင် မေမေ့လုပ်ရပ်တွေကို ရယ်နေပါ့မယ်။ မေမေရယ်။"
"ခွမ်း..။"
ကြမ်းပြင်နှင့် ဖန်ခွက်ရဲ့ အရှိန်ပြင်းစွာ ထိခတ်သံသည် ထွက်ပေါ်လာလေသည်။ ကြီးငယ်နောက်မှာ ရောက်နေပြီဆိုတာ ထက်မာန်ဦး လှည့်မကြည့်ဘဲ သိလိုက်သည်။ ထက်မာန်ဦးကိုငေးပြီးမော့ ကြည့်နေတဲ့ မေမေ့မျက်ဝန်းအိမ်တွေထဲ မယုံကြည်နိုင်ခြင်းအရိပ်အယောင်တွေ ဖြတ်ပြေးတာကို မြင်လိုက်ရလေသည်။
"ဝေလွှမ်းတိုက်ပွဲမှာကျသွားပြီ။မေမေ။"
ထိုစကားကို မေမေ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီး ထက်မာန်ဦး ပြောလိုက်ခြင်းဖြစ်ပေသည်။ မေမေ့မျက်နှာပေါ်ကတင်းမာ ခက်ထန်မူတွေအစား တုန်လူပ်ခြောက်ခြားတဲ့ အမူအယာတွေက တမဟုတ်ချင်းနေရာယူသွားလေသည်။
"ဘုရား။ဘုရား။"
ရင်ဘတ်ကို လက်နှင့် ဖိရင်း ပုဆစ်တုပ်ထိုင်နေတဲ့ မေမေ့ကိုယ်လေးသည် ဘေးသို့ယိမ်းယိုင်သွားလေသည်။ ကြီးငယ်သည် ထက်မာန်ဦးရဲ့ ပုခုံးစွန်းကိုပြေးဝင်တိုက်ပြီး မေမေ့ကို အပြေးအလွှား ထူသည်။
"ဟက်။ နာတတ်တယ်လား။မေမေ့အလှည့်ကျတော့ နာတတ်တယ်လား။"
ဘယ်ဘက်ရင်အုံကိုသာလက်နှင့် အတင်းဖိထားတဲ့ မေမေသည် ထက်မာန်ဦးရဲ့ စကားလုံးမှန်သမျှကို ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိတော့။ အသက်ကိုသာ ခပ်ပြင်းပြင်း ရှိုက်ရှုလို့နေလေသည်။ မေမေ့ရင်ဘတ်တစ်ခုလုံးကဖားဖိုကြီးတစ်ခုလို မြင့်လိုက်နိမ့်လိုက်နှင့်။
"ဖြေလေ။ နာတတ်လားလို့။ မေမေတို့ ဝေလွှမ်းကို ဘယ်လိုလုပ်ခဲ့လဲလို့။သေနိုင်မယ်မှန်း သိသိရက်နဲ့ မေမေတို့ အဲ့ကိုပို့ခဲ့တာ။"
"သားငယ်။တော်တော့!"
ကြီးငယ်ရဲ့အသံသည် ကျယ်လောင်စူးရှလို့နေသည်။ နာကျင်မခံနိုင်တဲ့ ကလေးတစ်ယောက်လို စိတ်ပျော့တဲ့ ကြီးငယ်သည် မေမေ့ကို ပွေ့ထားရင်းနဲ့ အီခနဲ ငိုရှိုက်ချလိုက်လေသည်။ တော်ပါတော့ဆိုတဲ့ စကားတစ်ခွန်းကို ကြီးငယ်သည် အဖန်တလဲလဲ ရေရွတ်နေလေသည်။
"အဲ့တာမေမေတို့ကြောင့် ဝေလွှမ်းသေရတာ။ မေမေတို့ကြောင့်။မေမေတို့လူကြီးတွေ စောက်သုံးမကျလို့။"
"တော်ပါတော့။"
"ဟမ်။အခုရောကျေနပ်ကြပြီလား။ကျေနပ်ကြရဲ့လား။"
"တော်ပါတော့။သားငယ်ရယ်။ ငါတောင်းပန်ပါတယ်။ ငါထိုင်ရှိခိုးရမှာလား။သားငယ်ရဲ့။"
ကြီးငယ် ဟီးခနဲ ငိုချလိုက်တော့မှ ထက်မာန်ဦး ပါးစပ်က စကားလုံးတွေက ရပ်တန့်သွားလေတော့သည်။ ကြီးငယ်ကတော့ မေမေ့ကိုဖက်လျှက် မေမေ့ပါးစပ်ထဲကို ဆေးလုံးတချို့ကို အသည်းအသန် ထည့်နေလေသည်။
ဆေးသောက်ပြီး အတန်ငယ် ငြိမ်သက်သွားတဲ့ မေမေကတော့ နေရာမှာတင် မလူပ်မယှက်ပင်။ မေမေ့မျက်ဝန်းတွေသည် ပါကေးခင်းထားတဲ့ အညိုရောင် ကြမ်းပြင်တနေရာကို ငေးစိုက်ကြည့်နေလေသည်။ သို့သော် မေမေ့စိတ်သည် တခြားတနေရာကို လွင့်ရင်လည်း လွင့်နေနိုင်သည်။ ဘယ်ဆီကိုလဲ ထက်မာန်ဦး တပ်အပ်မသိနိုင်။ ဖယောင်းတိုင်လေးမှိန်ပျပျလင်းနေတဲ့ အမှောင်ခန်းတစ်ခုထဲက အတိတ်ကာလရဲ့ဖုန်းခေါ်သံ တစ်ခုဆီလည်း ဖြစ်နေနိုင်သည်။
"အန်တီချောတို့လည်း ခုချိန်လောက်ဆို သိပြီးကြလောက်ရောပေါ့..။"
ထက်မာန်ဦး ပြောလိုက်ရင်း ခြေလှမ်းတွေကို ဘုရားခန်းကနေ ဆုတ်ခွာလိုက်သည်။
"ဟင်း..ကျွန်တော်ကတော့မြင်ချင်သေးတယ်။ သားတစ်ယောက်ကို ကောင်းဖို့အတွက်ပါလို့ ပြောခဲ့တဲ့ အမေတစ်ယောက်ဟာ ဘယ်လိုဖြစ်ပျက်နေမလဲဆိုတာကိုပေါ့..။"
"သားငယ်ရယ်။"
ကြီးငယ်သည်လည်း လေသံက ခပ်လျော့လျော့ပင်ရှိတော့သည်။ ကြီးငယ်သည် မေမေ့ကို ဖက်တွယ်ထားလျှက်ပင် ကျန်ရစ်ခဲ့လေသည်။ ထက်မာန်ဦး ကြီးငယ်ကိုရော မေမေ့ကိုရော ကျောခိုင်းပစ်လိုက်သည်။ ထက်မာန်ဦးအတွက်ကတော့ လွှမ်းသည် အရာအားလုံးထက်ပို အရေးကြီးတာမို့ ကမ္ဘာမြေရဲ့ တထောင့်တနေရာဆီကနေဘဲ ဖြစ်ဖြစ် လွှမ်းရဲ့ အသက်ရှုသံလေးကို နားဆင်ပိုင်ခွင့်လေးပင်ဖြစ်သည်။
အခုတော့ဘယ်လိုအရာမျိုးနှင့်မှ လက်လှမ်းလို့ မမှီနိုင်တဲ့ တနေရာဆီကို ထွက်ခွာသွားရပြီ။ ဒီဘဝတွင် လွှမ်းမှာ အမှားဆိုတာများရှိခဲ့လျှင် ထိုအမှားသည် သူ့ရဲ့ရှင်သန်မူထက် သူရဲ့ဖြစ်တည်မူကို ပိုတန်ဖိုးထားသော အသိုင်းအဝိုင်းတွင် လွှမ်း မွေးဖွားခဲ့ရခြင်းသာပင်ဖြစ်ပေလိမ့်မည်။
.................................................................................................................