"ဒါဘယ်ကပြန်လာတာလဲ။သား။"
အိမ်ပေါ်ကိုတက်ဖို့ကြံကာရှိသေးသည်။ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ မေမေ့နှင့် တန်းတိုးလေတော့သည်။ မေမေက အပြာနူရောင် ပိုးသားမြန်မာဝတ်စုံကို အိန္ဒြေရရ ဝတ်ဆင်ထားလေသည်။ ဒီနေ့ မေမေ ရုံးခန်းထဲမှာ အလုပ်ရှုပ်နေမယ်ထင်ပြီး အပြင်ထွက်မိတာသည် ထက်မာန်ဦး အမှားပင်ဖြစ်လေသည်။
"ကိုမင်းဉာဏ်အိမ်ကပါ..။"
မေမေ့ကိုလိမ်လို့မရမှန်းသိတာမို့ ထက်မာန်ဦး အမှန်အတိုင်းပင်ဖြေလိုက်မိသည်။
"ဟုတ်လား။ဘာသွားလုပ်တာလဲ။"
ခပ်စူးစူးကြည့်လာတဲ့ မေမေ့ရဲ့ အကြည့်တွေကို ထက်မာန်ဦး မျက်နှာလွှဲလိုက်မိလေသည်။ ဘောင်းဘီစကို လက်နှင့်ကိုင်ပြီး ဆုပ်နယ်နေမိတော့သည်။
မေမေက သက်ပြင်းတစ်ခုကို ခပ်ဖွဖွချလေသည်။ ထိုသက်ပြင်းချသံသည် ဘာကိုရည်ရွယ်သလဲ မသိပါ။ ထို့နောက် ချိုမြိန်ပျော့ပျောင်းတဲ့ အသံလေးသည် မေ့မေ့နူတ်မှ နူးညံ့စွာထွက်ပေါ်လာလေသည်။
"လာပါဦး။မေမေ့ဆီ..။"
စိတ်ညို့ခံရတဲ့ လူတစ်ယောက်လို ထက်မာန်ဦး မေမေ့ဆီ တရွေ့ရွေ့သွားနေမိသည်။ မြှောက်ထားတဲ့ မေမေ့ရဲ့ လက်နှစ်ဖက်က အနားကိုကပ်လာတဲ့ ထက်မာန်ဦးကို ကမ်းလင့်ပြီး ကြိုဆိုနေသည့်နှယ်။ ချက်ချင်းပင် မေမေ့ရှေ့မှာ ဒူးထောက်လျက်သား ပစ်လဲကျသွားလေသည်။
မေမေ့ပေါင်ပေါ်မှာ မျက်နှာကို အပ်လိုက်မိတော့ ပိုးသားထဘီဟာ နူးညံ့ပျော့ပျောင်းသည်။ မေမေ့ဆီက ကိုယ်ငွေ့က နွေးထွေးသည်။
"အခုတလော သားငယ် ဘာဖြစ်နေတာလဲ..။ မျက်နှာလည်းမကောင်းဘူး။ မေမေ့ကိုပြောပါဦး။"မေမေကစကားလေးနည်းနည်းပြောလိုက်သည်နှင့် မျက်ရည်က မခိုင်ချင်တော့။ မငိုအောင် ထိန်းထားတဲ့ ကြားထဲမှာအပင် ငိုချင်စိတ်က ထိန်းမရနိုင်အောင် ဖြစ်လာလေသည်။
"လွှမ်း..အီး..ဟီး.."
မေမေ့ပေါင်ပေါ်မှာ ပါးအပ်ထားရင်းနဲ့ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်စီးကျလာလေသည်။ ထက်မာန်ဦးမှတ်မိသလောက်ဆို ဒါဟာပထမဆုံးအကြိမ်မဟုတ်တော့။ လွှမ်း ထက်မာန်ဦးအနားက ထွက်သွားတိုင်း မေမေ့ဆီမှာ အော်ငိုရင်း ဝေလွှမ်းကို ပြန်ခေါ်ပေးဖို့တွင်တွင်တောင်းဆိုခဲ့ဖူးသည်။
"သူပြန်မလာတော့ဘူးထင်တယ်။ မေမေ ပြန်ခေါ်ပေးပါဦး။"
မေမေက ထက်မာန်ဦးရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကို သူ့လက်ချောင်းလေးတွေနှင့် တယုတယသုတ်ပေးလေသည်။ ထက်မာန်ဦးငိုလျှင် မေမေအမြဲတမ်း ထိုသို့ပြုမူနေကြပင်။
"အင်း..။သားက လွှမ်းနဲ့ ပတ်သက်လာရင် အခုထိမပြောင်းမလဲပါဘဲလား။"
မေမေ့ကိုမျက်နှာလွှဲလိုက်ရင်း မေမေ့ပေါင်ပေါ် မေးတင်ထားမိသည်။ထက်မာန်ဦး ငိုနေရင်း တစ်ချက်ရှိုက်လိုက်သည်။ သို့သော် မေမေ့ရဲ့စကားတစ်ခွန်းကိုကြားလိုက်မိတဲ့အချိန်မှာတော့
"အဲ့ညကကိစ္စတွေမေမေအကုန်သိပြီသွားပြီ..။"
ထက်မာန်ဦး မေမေ့ကိုဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ မေမေ့မျက်နှာဟာ အရာရာကို သိနှင့်ပြီးသား လူတစ်ယောက်လို သိပ်ကို သေချာပြတ်သားလွန်းနေသည်။ ထက်မာန်ဦး လန့်သွားတယ်ဆိုတာ ဝန်မခံချင်လို့မရတော့။ အဲ့ညက ကိစ္စတွေကိုသာ မေမေသိရိုးမှန်းနေခဲ့လျှင် ကိုမင်းဉာဏ်နှင့် လွှမ်းအကြောင်းကိုလည်းမေမေသိနေလောက်ပြီ။
အဆောင်တစ်ခုရဲ့ ကျောင်းအုပ်တစ်ယောက်ဖြစ်သော မေမေသည် လွှမ်းကို မေမေ့သူငယ်ချင်းရဲ့သားဟူပြီးတော့ လျှော့ပေါ့ပေးမည့်သူ မဟုတ်မှန်း ထက်မာန်ဦး ကျိန်းသေပေါက်သိသည်။ ဒါဆို ခုထိ လွှမ်းခုထိ ပြန်မလာရတဲ့အကြောင်းရင်းက ....
"လွှမ်းကိုမေမေ..!!"
မေမေ့မျက်ဝန်းတွေက သိပ်ကိုအေးဆေးတည်ငြိမ်လွန်းနေသည်။ ထက်မာန်ဦးကို ခပ်အေးအေးပင်ကြည့်နေလေသည်။ မေမေ့ကို ထက်မာန်ဦး အသံကျယ်ကျယ်နှင့်အော်လိုက်မိပေမယ့် မေမေ့ရဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ ထက်မာန်ဦးရဲ့အသံလေးတိုးတိတ်သွားလေသည်။
"မေမေ.."
လွှမ်းကို မခွဲနိုင်ဘူးဆိုတာ မေမေသိလျက်နှင့် ဘယ်လိုများလုပ်ရက်ရတာလဲ..။မျက်ဝန်းထဲမှာ မျက်ရည်တို့က တဖန်စို့တက်လာလေသည်။ မေမေက ထက်မာန်ဦးရဲ့ခေါင်းကို ခပ်ဖွဖွလေးပွတ်သပ်လာသည်။
"လွှမ်းကို သံယောဇဉ်ရှိတယ်ဆိုတာ မေမေသိတယ်..ဒါပေမယ့် အဲ့သံယောဇဉ်ကို သားအမှတ်မှားသွားမှာ မေမေကြောက်တယ်။ပြီးတော့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေထဲမှာ မေမေ့သားကို ဝင်မပါစေချင်တော့ဘူး။"
ထက်မာန်ဦးဘာပြောရမှန်းမသိအောင်ဖြစ်လာတော့သည်။ မေမေဘာကိုဆိုလိုတယ်ဆိုတာကို ထက်မာန်ဦးရဲ့ ဦးနှောက်သေးသေးလေးနှင့် အပြေးအလွှားစဉ်းစားနေမိသည်။ မေမေ့အသံကတော့ စိုးရိမ်တကြီးအသံနှင့်ပင်။ မေမေ့စကားတွေထဲမှာ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားကို ထက်မာန်ဦး အပြည့်အဝ နားလည်ခံစားနေမိသည်။
"လွှမ်းဘာဖြစ်ဖြစ် မေမေ ဂရုမစိုက်ဘူး။ အပြစ်လည်းမမြင်ဘူး။ ဒါပေမယ့် မေမေ့သားကတော့ အဲ့လို ဖြစ်လို့မရဘူး။နားလည်တယ်မဟုတ်လား။"
ထက်မာန်ရဲ့ပါးပြည့်ပြည့်လေးနှစ်ဖက်ကို ပင့်ကိုင်ရင်း မေမေက ပြောလာသည်။ မေ့မေ့လက်ဖဝါးက အနွေးဓာတ်ကြောင့်လား။ ဖြတ်ခနဲ စီးကျလာတဲ့ မျက်ရည်တွေကြောင့်လား မသိ။ ပါးပြင်နှစ်ဖက်ကနွေးလို့လာလေသည်။
မေမေ့ကိုငေးစိုက်ကြည့်မိရင်း ထက်မာန်ဦးခေါင်းကို ညိမ့်ပြလိုက်မိသည်။ မေမေ့ရဲ့ ပန်းနုရောင် နူတ်ခမ်း စိုစိုရဲရဲလေးထက်မှာ ကျေနပ်ပီတဖြစ်တဲ့ အပြုံးတွေက ဖြစ်တည်လာလေသည်။
"ကဲ..။လွှမ်းတောင် ပြန်လာပြီ။"
မေမေ့စကားကြောင့် ထက်မာန်ဦး ခေါင်းလေးထောင်သွားသည်။ မေမေလှမ်းကြည့်ရာသို့ လှမ်းမျှော်ကြည့်လိုက်တော့ ခြံထဲ ဝင်လာတဲ့ ကားအနက်ရောင်လေး။ ဒါ လွှမ်းအိမ်က ကားဘဲ..။
ထက်မာန်ဦး မေမေ့ကိုလှည့်ကြည့်လိုက်တော့ မေမေက နှစ်လိုဖွယ်ပြုံးပြနေလေသည်။ထက်မာန်ဦးရဲ့ ခေါင်းလေးကို မေမေက ခပ်ဖွဖွ လေးပုတ်လိုက်ပြီး..
"သားသူငယ်ချင်းကို သွားကြိုလိုက်ပါဦး..။"
သူငယ်ချင်း..?ထက်မာန်ဦး စိတ်ထဲတဖန်တလဲလဲ ရေရွတ်လိုက်မိသည်။
ဟုတ်တယ်။ မေမေပြောတာ မှန်တယ်။ လွှမ်းက ထက်မာန်ဦးရဲ့ သူငယ်ချင်းဘဲ..။ ထက်မာန်ဦးရဲ့ သူငယ်ချင်း..။
ထက်မာန်ဦးချက်ချင်းဘဲ ကောက်ထပြီး မေမေ့နားကနေ ပြေးထွက်လာမိလေသည်။ အိမ်ရှေ့တံခါးမကြီးဆီရောက်တော့ လွှမ်းက ကားပေါ်ကနေတောင် ဆင်းလာနေပြီ။ အပေါ်က ခပ်မိူင်းမိူင်းရှပ်အကျႌလေးနှင့် အောက်က ခပ်ရှင်းရှင်း ဂျင်းဘောင်းဘီ အနက်ရောင်ကိုသာ ဝတ်ဆင်ထားသည်။ ဆံပင်တွေကို ထပ်ညှပ်လိုက်လေသလားမသိ။ အရင်ကထက် ပိုပြီးတိုသွားလေသည်။ နဖူးပေါ်ကျနေတတ်တဲ့ ဆံပင်တချို့ကို ဝေလွှမ်းက ဆီနှင့် သေသေသပ်သပ် ဖီးတင်ထားသည်။
တစ်ပတ်ဆိုတဲ့အချိန်ကာလလေးအတွင်းမှာ လွှမ်းဘာတွေ များပြောင်းလဲသွားသလဲဟု ထက်မာန်ဦး စေ့စေ့စပ်စပ်ကြည့်နေမိသည်။ လွှမ်းကလည်း ကားပေါ်ကနေ အထုတ်အပိုးတွေ ဆွဲချနေရင်းနဲ့ ထက်မာန်ဦးကို လှည့်ကြည့်လာသည်။ ပြန်တွေ့ဖြစ်ခဲ့လျှင် ပြောမည်ဟု စဉ်းစားထားလေးသမျှ လွှမ်းအကြည့်တွေနှင့် ပက်ပင်းရင်ဆိုင်မိတော့ ဘာပြောရမှန်းမသိတော့။
"အဲ့မှာဘာရပ်ကြည့်နေတာလဲ!ငါ့ကိုနည်းနည်းပါးပါး ကူမသယ်ပေးဘူးလား!"
လွှမ်းအသံကြားတော့မှ ထက်မာန်ဦး သတိဝင်လာမိတော့သည်။ မျက်နှာက စူပုပ်သွားမိပေမယ့် လွှမ်းလက်ထဲက ကမ်းပေးတဲ့ အထုတ်တစ်ထုတ်ကို လှမ်းယူလိုက်မိတော့သည်။
သယ်ပေးချင်လွန်းလို့တော့ မဟုတ်ပေမယ့် လွှမ်းကြည့်ရတာ မနိုင်မနင်းဖြစ်နေလေသည်။ သူ့အိမ်ကာ ကားဒရိုင်ဘာရော အတူလိုက်လာတဲ့ အဒေါ်ကြီးတစ်ယောက်ကရော ပစ္စည်းတွေကို ကူသယ်ပေးနေပေမယ့်လို့။
"ဟာ။ ဝေလွှမ်း။ မင်းဟာက အိမ်ပြောင်းလာတာလား။"
အပေါ်ထပ်ဆင်းက စိုင်းဝေယံနှင့်တွေ့တော့ လွှမ်း ရွဲ့ပြောခံရလေသည်။ စိုင်းဝေယံ ပြောလည်း ပြောချင်စရာပေ။ လွှမ်းအထုတ်တွေက အများကြီး။
"မင်းအပိုတွေပြောမနေနဲ့။ စေတနာရှိရင် ဝင်သယ်ပေးလို့ရတယ်။"
လွှမ်းစကားကြောင့် စိုင်းဝေယံမျက်နှာရှုံ့မဲ့သွားလေသည်။သို့သော် သူ့ခမျာ ဝင်ကူသယ်ရှာပေးပါသည်။ အိမ်ထဲကို ဝင်သွားပြီး လှေကားရင်းလောက်ရောက်တော့ လွှမ်းက
"ငစိုင်းနဲ့မာန်က ဒါတွေကို အပေါ်ကိုသယ်သွားပေးလို့ရလား။ငါ တီချယ်ခင်ဝေကို ဝင်ကန်တော့ဦးမလို့။ ဒေါ်မိုးလည်း သူတို့နောက်ကို လိုက်သွားလိုက်"
"အထုပ်ဘဲငါတို့လက်ထဲ ရောက်နေပြီ။ ရလား လာလုပ်နေတယ်။ သယ်သွားပေးမယ်။"
စိုင်းဝေယံက မကျေမနပ်နှင့် ပြောလည်းပြော ရှေ့ကနေလည်း တက်သွားလေသည်။ ထက်မာန်ဦးကိုပင်မစောင့်။ ဝေလွှမ်းနှင့်အတူ ပါလာတဲ့ အဒေါ်ကြီးကလည်း စိုင်းဝေယံနောက်လိုက်သွားလေသည်။
"ဒါနဲ့။မာန် မင်းအမေဘယ်မှာရှိလဲ။"
"ဧည့်ခန်းထဲမှာ။"
"အေး။ ငါသွားတွေ့လိုက်မယ်။ အပေါ်တက်နှင့်လိုက်။ ငါနောက်ကနေ လိုက်လာခဲ့မယ်။"
လွှမ်းက ဧည့်ခန်းထဲ သုတ်သုတ် သုတ်သုတ်နှင့် ဝင်သွားလေသည်။ လွှမ်းလက်ထဲပါသွားတဲ့ အထုပ်အပိုးတွေနှင့် မုန့်ထုတ်တွေဟာ မေမေ့အတွက်ဆိုတာ လွှမ်းမပြောလည်း တပ်အပ်သေချာပေါက်သိလေသည်။ မေမေ့နားမှာ ဝင်ထိုင်လိုက်တဲ့ လွှမ်းကိုထက်မာန်ဦးကို ကြည့်နေမိသည်။ လွှမ်းကို လက်ခံစကားပြောနေတဲ့ မေမေ့ပုံစံက မွန်မွန်ရည်ရည်နှင့်ဆိုတော့ ထက်မာန်ဦး အနည်းငယ် စိတ်အေးသွားရသည်။
အစကတော့ ထက်မာန်ဦး စောင့်ဦးမလို့ ဆိုပေမယ့် ကြည့်ရသလောက်ကတော့ လွှမ်းမေမေမှာလိုက်တဲ့ အမှာစကားတွေ၊ လွှမ်းရဲ့မိဘတွေရဲ့ သာရေးနာရေး ကိစ္စတွေ မေမေက မေးနေတာနှင့် ကြာဦးမယ့်ပူံပေါ်တာမို့ ထက်မာန်ဦး လှေကားမှာ ရပ်စောင့်မနေတော့ဘဲ အပေါ်ထပ်ကိုသာတက်လာခဲ့တော့သည်။
"၀ါး..မိုက်တယ်။"
"ဒီအသားလေးက ပိုတောင်ကောင်းသေး။အဆင်လေးကလည်းလှ။"
ထက်မာန်ဦးအပေါ်ရောက်တော့ ယောကျင်္ားလေးတသိုက်ရဲ့ ကျွတ်ကျွတ်စီအောင် တွတ်ထိုးသံတွေကို ကြားလိုက်ရသည်။ ကြမ်းပြင်ပေါ်မှာကတော့ အခုနက လှလှပပ ပါကင်ပိတ်ထားတဲ့ အထုပ်တွေသည် ပွစာကြဲနေတော့သည်။ တစ်ချက်ဝေ့ကြည့်လိုက်တော့ စိုင်းဝေယံကပင် ဦးဆောင်သည် ထင်ရသည်။ မဖွင့်ရသေးတဲ့ အထုပ်တွေကို သူကပင် ဦးစီးဦးဆောင် လုပ်ပြီး ဆွဲဖြဲပြီး ဖောက်ကြည့်နေတော့သည်။
"မင်းတို့ကောင်တွေကလည်း လွှမ်းတောင် တက်မလာသေးဘူး။ သူ့အထုပ်တွေက ပွစာကြဲနေပြီ။"
"ဟာ။ မင်းအဲ့လို မပြောနဲ့။ ငါတိူ့က မမေးဘဲ ဖွင့်ဖောက်မလား!"
စိုင်းဝေယံစကားကြောင့် ထက်မာန်ဦး ကြည့်လိုက်မိသည်က အနားမှာရပ်နေသည့်ဒေါ်မိုး။ ဒေါ်မိုးကပင် ရန်ဖြစ်မလိုဖြစ်နေတဲ့ စိုင်းဝေယံနှင့် ထက်မာန်ဦးတို့ကြားဝင်ပြီး ဖြန်ဖြေပေးလေသည်။
"ဟုတ်ပါတယ်။ ကိုလေးက ဒီကလေးတွေအတွက်ဘဲ ဝယ်လာတာပါ။"
"နာတယ်နော်။ သူ့မိန်းမပိုင်ပစ္စည်းတွေဆိုတော့။"
စိုင်းဝေယံရဲ့မကြားတကြား ခနဲ့သံကို ကြားလိုက်ရသည်။ စိုင်းဝေယံရဲ့မျက်နှာကိုဒူးနှင့်တိုက်မယ့်ဟန်ပြင်လိုက်တော့ မျက်နှာကိုလက်နှင့်ကာပြီး အထာအတော်နပ်နေပြီဖြစ်တဲ့ သကောင့်သားက ရှောင်လိုက်လေသည်။
ထက်မာန်ဦးလည်း စိုင်းဝေယံ နားဖင်ထိုင်ချလိုက်ပြီး ထိုဆူညံနေတဲ့ ၀ိုင်းထဲ ဝင်ပြီး ပူးပေါင်းလိုက်သည်။တခြားသူတွေလည်း အကုန်ဖွင့်ဖောက်ပြီး ကြည့်နေတဲ့အတူတူ ထက်မာန်ဦးလည်း ရှေ့မှာ တွေ့နေရတဲ့ အကျႌတွေ ပုဆိုးတွေကို ဆွဲယူပြီးကိုင်လိုက်သည်။
လက်ထဲနူးညံ့ပြီးပါလာတဲ့ ချည်မျှင်သားတို့ရဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ ပုဆိုးတွေဟာ ရက္ကန်းထည်တွေလားမသိ။ သေချာတာကတော့ ယုဇနပလာဇာမယ် ခပ်လွယ်လွယ် ခပ်ပေါပေါ ကောက်ဝယ်လိုက်လို့ရတဲ့ စျေးချုပ်အထည်တွေမဟုတ်တာတော့ သေချာသည်။
"ချည်တွေက တကယ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ရက်ထားတာဘဲ။ တွေ့လား။ ချည်သားတွေက ကျဲပြီးဟမနေဘူး။"
မိုးဝေက ဆရာကြီးအထာနှင့် မသိလျှင် ရက္ကန်းရုံပိုင်ရှင်ကြီးလို ပြောသည်။
"ဟုတ်ကဲ့။ ကိုလေးက အမပူရဘက်က ရက္ကန်းစင်တွေကနေသီးသန့်မှာထားတာ့ပါ"
မိုးဝေကမျက်ခုံးပင့်ပြသည်။
"ဝေလွှမ်းက တကယ့်ဘောစိဘဲ။"
"အယ်။ဒါနဲ့ ဆယ့်ခြောက်ထည်ဘဲပါလာတာလား။ တစ်ထည်လိုနေတယ်။"
စိုင်းဝေယံရဲ့ အသံပြဲပြဲက ထွက်ပေါ်လာလေသည်။ သူ့ရဲ့စကားကြောင့် မိုးဝေကလည်း ပြန့်ကြဲနေတဲ့ အထည်တွေကို ကောက်ရေသည်။
"ပုဆိုးကတော့ ဆယ့်ခုနှစ်ထည် အကျႌကတော့ ဆယ့်ခြောက်ထည်ဘဲ။"
ဒီမှာကျောင်းသားစုစုပေါင်းက ဆယ့်ရှစ်ယောက်။ လွှမ်းကိုဖယ်လိုက်လျှင် ဆယ့်ခုနှစ်ယောက်ပေါ့။
"ခွေးကောင်။ ငါတို့ထဲက ဘယ်တစ်ယောက်ကိုမေ့ကျန်ခဲ့လဲမသိဘူး။ ငါဖြစ်နေလို့ကတော့ ထပြီးလည်ပင်းညစ်ပစ်မယ်။"
စိုင်းဝေယံကြိမ်းမောင်းသံကြောင့် အားလုံးက တဟားဟားအော်ရယ်ပြီး ပွဲကျကုန်ကြသည်။ စာကလွဲရင် ကျန်တဲ့နေရာမှာ မေ့တတ်တဲ့ လွှမ်းကြောင့် ဘယ်သူ့ကိုဘဲ မေ့ကျန် မေ့ကျန် အားလုံးက ခွင့်လွှတ်ပေးကြမည်သာ။ သို့သော် အများက ရယ်နေတဲ့ထဲ မရယ်နိုင်သူက ထက်မာန်ဦးသာ ဖြစ်လေသည်။ လွှမ်း ဒီကနေ မပြန်ခင် ပြသနာတက်သွားတာ ထက်မာန်ဦးတစ်ယောက်တည်းနဲ့ ဘဲရှိသည်။
"ဝေလွှမ်း..ဒါတွေက ငါတို့အတွက်မဟုတ်လား။"
ပြည့်စုံရဲ့အသံကြောင့် လွှမ်းအနားကို ရောက်လာပြီဆိုတာ သိလိုက်သည်။ ထက်မာန်ဦး ဒူးနှစ်လုံးထောင်လျက် လက်ပိုက်အနေအထားကနေ တုပ်တုပ်မျှ မလူပ်။
"မင်းတို့ ဖွင့်ဘဲ ကြည့်ပြီးနေပြီ။ ငါ့ကိုလာမေးနေသေးတယ်။"
လည်ဂုတ်နားကနေ အေးခနဲခံစားလိုက်ရတာမို့ လွှမ်း ထက်မာန်ဦးနားမှာဘဲ လာထိုင်တယ်ဆိုတာ သေချာပေါက်သိလိုက်သည်။
"အေး ။ဒါဆို ငါတို့ အကြိုက်ရွေးယူလိုက်တော့မယ်။"
"အေး။ယူလိုက်။ မင်းတို့အကြိုက်တွေမသိတော့ ငါလည်းအဆင်ပြေရာသယ်လာတာဘဲ။"
"ဒါနဲ့ ဝေလွှမ်း။ တစ်ထည်လိုနေတယ်။ ဘယ်လိုလုပ်ရမလဲ။"
ပြည့်စုံက အကျႌတစ်ထည် ကို ကောက်ယူထားရင်း မျက်နှာငယ်လေးနှင့် ပြောနေလေသည်။ ကျန်တဲ့သူတွေကတော့ အရမ်းဂရုစိုက်ပုံမရပေမယ့် ပြည့်စုံကတော့ လွှမ်းရဲ့ အကျႌတွေကို အရမ်းသဘောကျနေပုံရသည်။
"ဟုတ်လား။ မိုးဝေနဲ့ မင်း တစ်ထည်ကို နှစ်ယောက်မျှဝတ်လိုက်လေ။"
"မင်းမေလင်။"
မိုးဝေကထဆဲလေတော့သည်။ မိုးဝေနဲ့ ပြည့်စုံက လူကောင်ပိန်ပိန်သေးသေးလေးတွေမို့ တစ်ထည်တည်းမှာပင် နှစ်ယောက်ဆံ့နိုင်သလို လွှမ်းက ပြောလိုက်တော့ အားလုံးက တသောသောရယ်ကုန်တော့သည်။ မိုးဝေနဲ့ ပြည့်စုံကသာ မျက်နှှာကြီးကိုရဲနေတော့တာ။
"ငါသွားတော့မယ်။"
ဒီစနောက်နေတာတွေကို မခံစားနိုင်တော့တဲ့ အဆုံးထက်မာန်ဦး နေရာကနေ ထထွက်လာတော့သည်။ အားလုံးလူပြန်စုံတုန်း စကားပြောနေကြတာကို စကားဝိုင်းကနေ ဖောက်ထွက်တဲ့ ထက်မာန်ဦးကို အားလုံးက အံ့သြတဲ့ အကြည့်တွေနဲ့ ကြည့်ကြလေသည်။ လွှမ်းကသာ ခပ်အေးအေးပုံစံနှင့်ကြည့်နေခြင်းဖြစ်လေသည်။
"မင်းတို့ယူလိုက်ကြတော့နော်။ ငါခရီးပန်းလာတာ နားတော့မယ်။ "
"ဒါနဲ့ ဆယ့်ခြောက်ထည်ကိစ္စက။"
ပြည့်စုံခမျာလည်းအဲ့ဆယ့်ခြောက်ထည်ကိစ္စကိုပင် အသည်းအသန်မေးနေတော့သည်.။ မိုးဝေက ပြည့်စုံကို မျက်စောင်းခဲပြီးလှည့်ကြည့်သည်။
"ဒီမှာဆယ့်ခြောက်ယောက်ရှိတယ်မဟုတ်လား။ကွက်တိဘဲလေ။"
ပြောရင်းနဲ့ ဝေလွှမ်းက အခန်းထဲ ဝင်သွားလေသည်။ ကျန်တဲ့သူတွေကသာ အံ့သြမှင်သက်ပြီးကျန်ရစ်ခဲ့လေသည်။
"ဝေလွှမ်းနဲ့ ငထက်က ဘာဖြစ်နေတာလဲ။ ပြီးတော့ ဝေလွှမ်းက ငထက်အတွက် လက်ဆောင်ပါမလာတာလား။"
"ဝေလွှမ်းက ငထက်အတွက်မပါလာဘဲ နေမလား။ ခုနက တီချယ်ကြီးနဲ့စကားပြောနေတယ်မဟုတ်လား။ သူ့အမေကို ပေးပြီးသား ဖြစ်မှာပေါ့။"
"အဲ့တာကို ငထက်က ဘာဖြစ်ရတာလဲ။အောက်တောင်ဆင်းပြေးရတယ်လို့"
"မင်းသိသားနဲ့။အဲ့ကောင် ဝေလွှမ်းနဲ့ပတ်သက်ရင် ဘာမဆိုသွေးဆူလွယ်တာ။"
ဘေးနားက စကားသံတို့သည် အတိုင်းသား နားထဲ ဝင်ရောက်လျက်ရှိသည်။ သို့သော် ဘာမှ ပြန်မတုံ့ပြန်မိသည်က သူကိုယ်တိုင်မဟုတ်သလိုပင်။ အသီးသီး ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်တဲ့ ကောင်လေးနှစ်ယောက်ကိုအကဲခတ်လေဟန် မမှိတ်မသုန် စူးစိုက်ကြည့်နေမိသည့် မျက်ဝန်းနက်နက်တစ်စုံရှိလေသည်။