"ကလေးတွေ သေချာဖြေခဲ့ကြနော်။ ဟိုရောက်ရင် ကိုယ်စာမေးပွဲဖြေရမယ့် အတန်းထဲ တန်းတန်းမတ်မတ်သွား။"
ကြီးငယ်က စာမေးပွဲမဖြေခင်မှာဘဲ ထက်မာန်ဦးတို့ တသိုက်လုံးကို တတွတ်တွတ်မှာတန်းခြွေသည်။ ထက်မာန်ဦးတို့အဆောင်က အဆောင်ဆိုတဲ့ပုံစံထက် အပြင်က ဆရာမတွေခေါ်ပြီး ၀ိုင်းပုံစံ သင်တဲ့ဘက်ပိုရောက်တာမို့ ကျောင်းတော့ သတ်မှတ်ထားတဲ့ရက်အတိုင်း တက်ပေးရတဲ့အပြင် လပတ်စာမေးပွဲတွေ နှစ်ဝက်စာမေးပွဲတွေကိုလည်း ကျောင်းမှာ သွားဖြေရသည်။
"ဟုတ်။ကြီးငယ်။တာ့တာ။"
ကျန်တဲ့သူတွေအကုန်လုံးလည်း ကြီးငယ်ကို နူတ်ဆက်ကြသည်။ ထက်မာန်ဦးလည်း Light Truck ကားပေါ်ကို ခုန်တက်လိုက်တော့သည်။ လွှမ်းကတော့ ကားပေါ်ကို ရောက်နှင့်နေပြီ ဖြစ်သည်။ သူ့ရဲ့ထုံးစံအတိုင်း စာနှင့် မျက်နှာမခွာ။ ထက်မာန်ဦး လွှမ်းရဲ့ ဘေးမှာ ကပ်ထို်င်လိုက်သည်။ ထက်မာန်ဦးကို တစ်ချက်မျှ မော့ကြည့်လာပြီး လွှမ်းက ခေါင်းကို ငုံ့ကာ စာပြန်ဖတ်နေလေသည်။
"ဒါကြီးက စာမေးပွဲဖြေပြီးတဲ့ အထိ ခေါင်းမှာထိုးထားရမှာလား။"
မိုးဝေက သူ့နားရွက်ကြား ညှပ်ထားတဲ့ အောင်သပြေညွန့်ကို လက်ညိုးနှင် လက်မ ဆွဲညှပ်ကာ ယူလိုက်ပြီး ကြည့်နေသည်။ ကြီးငယ်က အောင်ပါစေဟု ရည်ရွယ်ပြီး ပေးလိုက်သော အောင်သပြေညွန့်ပင်။ ယတြာလို့ ပြောကြတာဘဲ။ မိုးဝေတစ်ယောက်တည်းသာ မဟုတ်။ ကျန်တဲ့သူခေါင်းမှာလည်း အောင်သပြေညွန့်လေးတွေ ထောင်ထောင်,ထောင်ထောင်နှင့်။
"အေး။ ထိုးထားရမှာ။စာမေးပွဲအတွက် ယတြာလို့ပြောတယ်။ "
ပြည့်စုံပြောလိုက်တော့ မိုးဝေက ရှုံ့မဲ့မဲ့နှင့် အောင်သပြေညွန့်ကို နားရွက်ကြားပြန်ညှပ်ထည့်ထားလေသည်။
"ကလေးတွေက စုံပြီလား။"
"စုံပြီ။ ဦးလေးရေ။"
ကားဒရိုင်ဘာဦးလေးကြီးက လူစုံပြီဆိုတော့ ကားရှေ့ခန်းကို ပြန်သွားလေသည်။ ခဏနေတော့ ကားက ဝူးခနဲမောင်းထွက်သွားလေတော့သည်။ ရပ်ကွက်ထဲက ကျောင်းဘဲမို့ အရမ်းမဝေးတာကြောင့် ကားကိုအကြာကြီး မစီးလိုက်ရ။
"နေ့လည် ဆယ့်နှစ်နာရီပြန်လာကြိုမယ်နော်။ ဒီအုတ်ခုံမှာဘဲစောင့်နေကြ။ကြားလား။"
ဒရိုင်ဘာဦးလေးကြီးပြောတာကို အားလုံးက ခေါင်းညိမ့်ပြလိုက်ပြီးနောက် ကျောင်းထဲကို ဝင်ဖို့ ပြင်လိုက်ကြသည်။ မိုးဝေက ကျောင်းက မိန်းကလေးတချို့ သူ့ကိုကြည့်ပြီး ရယ်နေလို့ ရှက်တယ်ဆိုပြီး နားရွက်ကြား ညှပ်ထားတဲ့ အောင်သပြေညွန့်ကို အိတ်ကပ်ထဲ ထည့်ပစ်လိုက်ပြီဖြစ်သည်။
ကျန်တဲ့သူတွေကတော့ အောင်သပြေညွန့်လေးတွေ ခေါင်းမှာရှိနေတုန်း။ အားလုံးက အပေါ်က လည်ကတုံးလက်ရှည်အဖြူ အောက်က ဘဲခေါင်းစိမ်းရောင် အစိမ်းနှင့် ခေါင်းမှာအောင်သပြေညွန့်လေးရှိနေတာမို့ အဆောင်က လာတဲ့သူတွေမှန်းသိသာလွန်းနေသည်။ တချို့ကျောင်းသားကျောင်းသူတချို့က ထက်မာန်ဦးတို့ အုပ်စုကို သိသိသာသာတမျိုး မသိမသာ တမျိုး လှည့်ကြည့်ကြလေသည်။ သို့သော် တော်တော်များများရဲ့အကြည့်က လွှမ်းဆီမှာသာ။
"ဝေလွှမ်းတို့ကတော့ ကျောင်းမြေနင်းလိုက်တာနဲ့ ပေါ်ပြူလာဖြစ်ပြီ။"
မင်းမင်းကျော်က လွှမ်းကို မကြားတကြားစသည်။ သို့သော် လွှမ်းသည် သူ့ရဲ့စာအပေါ်မှာသာ အာရုံစိုက်ထားလေသည်မို့ မင်းမင်းကျော်စနောက်တာက အထ,မမြောက်လိုက်။ လွှမ်းရဲ့ အဖတ်မလုပ်ခြင်းခံလိုက်ရသော မင်းမင်းကျော်ကို အားလုံးက တခွိခွီနှင့် ရယ်ကြသလို မင်းမင်းကျော်သည် မအီမသာ ဖြစ်သွားလေသည်။
ထက်မာန်ဦးကတော့ မင်းမင်းကျော်စတာလည်း မှန်သလို ၀ိုင်းကြည့်နေကြတဲ့ သူတွေလည်း မလွန်ဟု ထင်သည်။ အဖြူအစိမ်းတွေအားလုံး ဆင်တူဝတ်ထားတာတောင်မှ လွှမ်းက တခြားကျောင်းသားတွေထက် ထင်းလို့နေသည်။ ပုံမှန်ဆိုနဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကို အနောက်ကိုလှန်ပြီး သေသေသပ်သပ်ဖြီးသင်ထားသည်က လွှမ်းရဲ့ကြည့်ကောင်းတဲ့မျက်နှာကို ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်စေသည်။
တံတောင်ဆစ်ထိ အကျႌကိုခေါက်တင်ထားတာမို့ လက်ဖျံတလျှောက်က မွှေးညှင်းနုလေးတွေက နေရောင်ထိုးတော့ ရွှေရောင်ဖျဖျလက်သလိုပင်။ စာအုပ်ကိုခပ်ဆဆကိုင်ထားတဲ့ လက်ချောင်းတွေက ဖြူသွယ်လို့နေသည်။ ပြီးတော့ စာအုပ်ကိုငုံ့ဖတ်နေတဲ့ မျက်တောင်ရှည်တွေဝန်းရံထားတဲ့ လွှမ်းရဲ့မျက်ဝန်းတွေ..။ စင်းနေတဲ့ နှာတံအောက်က ပန်းရောင်သမ်းတဲ့ နူတ်ခမ်းကော့ကော့..
တော်ပြီ။တော်ပြီ။ ငါအခု မြန်မာစာ ဖြေရမှာ မဟုတ်လား။ ထက်မာန်ဦး လွှမ်းဆီကနေ မျက်နှာလွှဲပစ်လိုက်ပြီး ချက်ချင်းဘဲ မြန်မာစာဖတ်စာအုပ်ကို ကောက်လှန်ပစ်လိုက်သည်။
တော်ကြာ စာစီစာကုံးမယ် လွှမ်းရဲ့ ဘုန်းတော်ဘွဲ့တွေ တသီတတန်းကြီး ချရေးနေမိဦးမယ်။
"ယုန်လုံး။"
ထက်မာန်ဦး အုတ်ခုံပေါ် ထိုင်နေရင်းမှ အသံလာရာမော့ကြည့်လိုက်မိတော့ ကိုမင်းဉာဏ်။ ထက်မာန်ဦးကြည့်နေတုန်းမှာဘဲ ကိုမင်းဉာဏ်က ထက်မာန်ဦးဆီ လှမ်းလာလေသည်။
နေ့လည်နေ့ခင်းကြီး ကိုမင်းဉာဏ်က ဒီမှာဘာလို့ရှိနေရတာလဲ။ ဒီကိုဘာလာလုပ်ရတာလဲ။ ထက်မာန်ဦးရဲ့ ခေါင်းထဲမယ် မွေးခွန်းတို့ ပလုံစီသွားလေသည်။ ဒါမှမဟုတ် လွှမ်းကိုလာကြိုတာများလား။ အဲ့တာကို တွေးလိုက်မိတော့ ထက်မာန်ဦး ခေါင်းတောင်ကိုက်သွားလေသည်။
လွှမ်းကို လာကြိုတာ ဆိုရင်တော့ ဒီဘိုးတော်ပေါက်စကို ထက်မာန်ဦး ကျောင်းပေါက်ဝကနေကို ဆောင့်ကန်ပစ်မိတော့မည်။ ဒီလောက်ထိ ကဲသည်းနေစရာမလိုပါဘူး။
"စာမေးပွဲကဖြေပြီးသွားပြီလား။"
ကိုမင်းဉာဏ်က အုတ်ခုံမှာထိုင်နေတဲ့ ထက်မာန်ဦးကိုလှမ်းမေးလေသည်။
"ပြီးပြီ။"
ယုန်လုံးမျက်နှာက နည်းနည်းလေးမှသာယာမနေ။ မင်းဉာဏ် လက်ကောက်ဝတ်က နာရီကိုကောက်ကြည့်လိုက်ပြီး
"ဟမ်။ ဆယ့်နှစ်နာရီထိုးဖို့ နာရီဝက်တောင်လိုနေသေးတယ်။"
"စောထွက်လာတာ။"
မြတ်စွာဘုရား။ အချိန်လောက်သည်ဆိုတာ မရှိဘဲ အသည်းအသန် ဖင်ကုန်းရေးရတဲ့ မြန်မာစာလိုဘာသာရပ်ကိုမှ စောထွက်လာသည်တဲ့။ မင်းဉာဏ်ကိုပြန်ဖြေတဲ့မျက်နှာပေးကလည်း ချေမိုးနေရော။ အုတ်ခုံပေါ်က နည်းနည်းလေးမှကို ဖင်မကြွ။ မင်းဉာဏ်မှာသာ ခါးကြီးကိုင်းပြီး သူ့ကို မေးနေရသည်။
"ဘာလို့ထွက်လာတာလဲ။"
"ရေးရင်း ရေးရင်း ရေးရမှာပျင်းလာတာနဲ့ ထွက်လာလိုက်တာ။"
မင်းဉာဏ်မှာပါးစပ်အဟောင်းသားနှင့် ဘာမှတောင် ပြန်မပြောနိုင်တော့။ ဝေ့ကိစ္စနှင့်ပတ်သက်ပြီး ဒီကောင်လေးကို ကပ်ထားရမှာမို့သာ။ အရင်လိုစိတ်နဲ့သာဆို အားရပါးရကို ဆူပစ်လိုက်ပြီးပြီ။
"မပူပါနဲ့။ အောင်,အောင်တော့ ဖြေလာခဲ့တယ်။ လေးဆယ်လောက်ကတော့ ဘယ်နားကနေ ဆွဲထုတ် ဆွဲထုတ် ထွက်တယ်။"
ယုန်လုံးက စပ်ဖြဲဖြဲမျက်နှာနှင့် လက်လေး လေးချောင်းထောင်ပြီး ပြောလာသည်။ မင်းဉာဏ်ခုနောက်ပိုင်း သူ့အပေါ် အရေးပေးလာတယ်ဆိုတာ သိလို့လားမသိ။ ထိုယုန်လုံးကလည်း ပိုလို့တောင် ရဲတင်းလာလေသည်။ မင်းဉာဏ်ကိုတောင်အဲ့လိုတွေ ပြောရဲဆိုရဲ ဖြစ်နေပြီ။
"အခုကရော အိမ်ကလာကြိုမယ့်ကားကိုစောင့်နေတာလား။"
"အင်း။ ဆယ့်နှစ်နာရီလာခေါ်မယ်လို့ ပြောထားတယ်။"
ထက်မာန်ဦးပြောလိုက်ရင်း ထိုင်ရတာ ညောင်းလာပြီမို့ ခါးကို ကော့လိုက်ပြီး အညောင်းဆန့်လိုက်မိသည်။ ဒီလိုမှန်းသိ စာသင်ခန်းထဲမှာဘဲ မှောက်အိပ်နေလိုက်ပါတယ်။ အပြင်ထွက်မလာပါဘူး။ ခုကျအုတ်ခုံပေါ်မယ်လည်း လှဲအိပ်လို့မရ။
"ဒါဆိုကိုယ်နဲ့ ဒီနားကမုန့်ဆိုင်မှာ မုန့်သွားစားမလား။"
ထက်မာန်ဦး ကိုမင်းဉာဏ်ကို မျက်လုံး ဝင့်ကြည့်လိုက်မိသည်။ ထက်မာန်ဦးကို မုန့်လိုက်စားဖို့ ခေါ်နေတာဆိုတော့ လွှမ်းကို လာကြိုတာမဟုတ်ဘူးလား။
"မစားတော့ဘူး။ အိမ်ပြန်ရောက်မှဘဲ စားတော့မယ်။"
ယုန်လုံးက ခပ်ပြတ်ပြတ်ဖြေပြီးကျောင်းဘက်ကို မျက်နှာလွှဲသွားလေသည်။ ဒီယုန်လုံးဟာ လွယ်မယောင်နှင့် ခက်လွန်းသည်။
"ဒါဆိုလည်း ကိုယ်ဒီမှာတူတူစောင့်ပေးဖို့လိုသေးလား။"
"မလိုဘူး။"
မင်းဉာဏ် သက်ပြင်းတစ်ခုသာ ရှိုက်ချလိုက်မိတော့သည်။ ထက်မာန်ဦးအနားမှာ ရပ်နေတဲ့ မင်းဉာဏ်ကို မသိမသာလေးခိုးကြည့်လိုက်သည်။ ကိုမင်းဉာဏ်ဘာလုပ်ဖို့ကြံနေတာလဲ ထက်မာန်ဦး ခန့်မှန်းလို့မရ။ လွှမ်းကိုလာကြိုတာဆိုလျှင်လည်း ဘာလို့ ထက်မာန်ဦး မုန့်လိုက်စားဖို့ ခေါ်နေသေးတာလဲ။ ဘာလို့ ခုတလော ထက်မာန်ဦးအပေါ် အရမ်းကိုကောင်းနေရတာလဲ။
"ဒါနဲ့ ကိုမင်းဉာဏ်ကဒီကိုဘာလာလုပ်တာလဲ။"
ထက်မာန်ဦး ဦးနှောက်တွေးရုံနှင့် အဖြေထွက်မလာတာမို့ သည်းမခံနိုင်စွာနှင့် ကိုမင်းဉာဏ်ကို ဖွင့်ဟပြီးမေးလိုက်တော့သည်။
"ကိုယ့်ကျူရှင်က ဒီနားမှာလေ။"
"သြော်။"
ထက်မာန်ဦး ကိုမင်းဉာဏ်ကို ပေါက်ကရတွေးမိတဲ့အပေါ် အားတောင်နာမိသွားသည်။ ကိုမင်းဉာဏ်ကတော့ ထက်မာန်ဦးကို သွားပြီဆိုပြီး နူတ်ဆက်ကာ ထွက်သွားလေသည်။ တကယ်တော့ ဘာမှမဟုတ်ဘဲ သူ့ဟာသူကျူရှင်လာတက်တာကိုး။
"မနတ်ဖြန်တစ်ဘာသာပြီးရင်စာမေးပွဲပြီးပြီ။"
မိုးဝေအသံက အားလုံးကို ပိုပြီး စိတ်အားတက်ကြွအောင်အားပေးလိုက်သလိုနှယ်။ ကျောင်းသားတွေသည် တစ်ဘာသာတည်းကျန်သော ဘိုင်အိုကို အားသွန်ခွန်စိုက်ကြိုးစားကျက်နေကြလေသည်။
ကိုမင်းဉာဏ်ကလည်း အမှတ်အများဆုံးရတဲ့အခန်း ၅နဲ့ အခန်း ၇ ကို တစ်ယောက်ချင်းစီ လာဆိုရမည်ဟု ပြောထားလေသည်။ ထက်မာန်ဦးအတွက်ကတော့ ကံဆိုးမိုးမှောင်ကျခြင်းပင်။ ဖိနပ်မှောက်လည်း မထူးတဲ့အကြောင်းကိုလည်း ပြီးခဲ့တဲ့ တစ်ခါတည်းက သိသွားပြီဖြစ်လေသည်။
"ငစိုင်း။ စာမေးပွဲ ပြီးရင် မင်းအိမ်ပြန်မှာလား။"
"မပြန်ဘူး။"
"ဘာလို့လဲ။တခြားသူတွေလည်း ပြန်ကြမှာ။ မင်းမိဘတွေသတိရနေမှာပေါ့။"
ပြည့်စုံနှင့် ငစိုင်းတို့ အပြန်အလှန်စကားပြောနေတဲ့ အသံက ထက်မာန်ဦး နားထဲ တချက်တချက် ဝင်လာလေသည်။စာကမရတဲ့အထဲ အာရုံကနောက်လိုက်တာ။
"အိမ်မယ် အဘွားနဲ့ ညီမဘဲရှိတာ။ ငါပြန်ရင် အဘွားက ငါ့ကိုမျက်စိနောက်နေဦးမယ်။ ဒီမှာဘဲ နေတော့မယ်။ ငထက် မင်း ငါ့ကိုတော့ နှင်မထုတ်ဘူးမဟုတ်လား။"
"လောလောဆယ် မင်းပါးစပ်လေးနည်းနည်းပိတ်ထားလို့ရမလား။"
ထက်မာန်ဦး စိတ်ပေါက်ပေါက်နှင့် စိုင်းဝေယံကို အော်ထုတ်ပစ်လိုက်တော့သည်။ ထက်မာန်ဦးအသံက နည်းနည်းကျယ်သွားတော့ ကိုမင်းဉာဏ်က လှမ်းကြည့်သည်။ ထက်မာန်ဦး ဘိုင်အိုစာအုပ်နှင့် မျက်နှာကိုသာ ကွယ်ထားလိုက်မိသည်။
"ငထက် ဘိုင်အို တစ်ယောက်ချင်းစီဆိုရမယ်ဆိုလို့ စိတ်တွေတိုပြီး သူများကိုပတ်ရမ်းနေတာ။"
မိုးဝေ ပြောတာကိုတော့ ထက်မာန်ဦး ဘာမှ ပြန်ပြောမနေတော့။ ဘိုင်အိုစာအုပ်ထဲသာ မျက်နှာအပ်ထားမိသည်။ ဘိုင်အိုမဖြေနိုင်မှာကြောက်တာထက်ကို စာမရမချင်း ကိုမင်းဉာဏ်က ထက်မာန်ဦးကို အနားခေါ်ထားပြီး စာထိုင်ကျက်ခိုင်းမှာ ပိုလန့်တာမို့ ကုန်းရုန်းကျက်နေရသည်။
စာမေးပွဲကျမှာကို ကာယကံရှင်ထက် ပိုဂရုစိုက်နေတဲ့ သူတွေနား နေရတဲ့ ဘဝက ဆိုးရွားလိုက်လေခြင်း။ လောလောဆယ်တော့ ရဲရင့်တို့ အုပ်စု ကိုမင်းဉာဏ်ဆီမှာ စာဆိုနေကြသည်။
"ထက်မာန်ဦးက ခုထိတပုဒ်တောင် လာမဆိုနိုင်သေးဘူးလား။"
ကိုမင်းဉာဏ်က လှမ်းမေးတော့ အားလုံးက ထက်မာန်ဦးဆီ အကြည့်ရောက်လာကြသည်။ အချိန်က ရှစ်နာရီခွဲနေပြီ။ တော်တော်များများ အခန်း ၅ အပြင် အခန်း ရပါပြီးနေပြီ။ နည်းနည်းလေးတောင်မစရသေးတာ ထက်မာန်ဦးဘဲရှိတော့သည်။
ကိုမင်းဉာဏ်ဆီက ဟင်းခနဲ သက်ပြင်းချသံ ကြီး ကြားလိုက်ရသည်။ စာနှင့်ပတ်သက်လာလျှင်တော့ ထိုဘိုးတော်ပေါက်စလည်း ထက်မာန်ဦးအပေါ်တွင် မျက်နှာသာ မပေးနိုင်တော့ဘူးထင်သည်။
"မပြီးရင်ဒီညပြန်ရမယ်မထင်နဲ့နော်။ မရမချင်းထိုင်ကျက်ခိုင်းထားမှာ။"
ထက်မာန်ဦး ဘယ်ဘက်မျက်ခမ်းစပ်တွေပါ လူပ်လာသည်။ ကြည့်ရတာ တညလုံး စာကျက်ရမှာမို့ အော်ငိုရတော့မယ်ထင်ပါရဲ့။
"လာ။လာ။ ထက်မာန်ဦး။ ရသလောက်လာဆို။ ထောက်ပေးမယ်။"
ထက်မာန်ဦး ဖတ်စာအုပ်ကိုင်ပြီး လူပ်စိလူပ်စိနှင့် ကိုမင်းဉာဏ်ဆီရောက်သွားလေသည်။ စာသင်ချိန်ဆိုလျှင် ကိုမင်းဉာဏ်မျက်နှာက ပုံမှန်ထက်ကို နှစ်ဆလောက်တည်သည်။ သူ့မျက်နှာကြီး မြင်တာနဲ့ဘဲ မရသေးတဲ့စာတွေက မေ့ကုန်တော့သည်။
"မန်မယ်စ်အာ( Mammals are).အယ်..အယ်..."
ထက်မာန်ဦး တအယ်အယ်ကနေ ရှေ့ဆက်မတက်တော့။ ကိုမင်းဉာဏ်မျက်နှာကြီးကလည်း သုံးဆလောက်ပိုပြီး တင်းမာလာသလို အနောက်က ကောင်တွေကလည်း ရယ်ကုန်ကြပြီဖြစ်သည်။ ခုနကဘဲ သေချာကျက်ထားတာပါ။ အဲ့တာတွေ ဘယ်ရောက်ကုန်ပါလိမ့်။ ထက်မာန်ဦး ကိုယ့်ခေါင်းကိုယ် နာနာထုမိသည်။
"ရော့။ သွားပြန်ကျက်။ စိုင်းဝေယံ။ ကျန်တဲ့အပုုဒ်တွေရရင် လာဆိုလို့ရပြီ။"
ထက်မာန်ဦးလက်ထဲ ကိုမင်းဉာဏ်က ဖတ်စာအုပ်ကို ပြန်ထိုးထည့်ပေးလိုက်လေသည်။ ထက်မာန်ဦးနေရာမှာ အစားထိုးဝင်လာသူက စိုင်းဝေယံ။ စိုင်းဝေယံကတော့ တစ်နှစ်ကျပြီးသားမို့လားမသိပါ။ သူ့ပုံစံက စာကိုပင်ပင်ပန်းပန်းလုပ်မနေတာတောင် လွှမ်းနီးပါးစာရသည်။
ထက်မာန်ဦးကိုပြောင်သလိုနှင့် စိုင်းဝေယံက လျှာထုတ်ပြောင်ပြတော့ မခံချင်ဖြစ်သွားလေသည်။ မျက်နှာချက်ချင်း လွှဲလိုက်ပြီး ဖတ်စာအုပ်ကို ပြန်ကြည့်နေလိုက်သည်။ ကိုးနာရီခွဲသည့်အခါတွင်တော့
"စာပြီးတဲ့သူတွေပြန်တော့။စာမပြီးသေးတဲ့သူတွေဘဲနေခဲ့။"
တတန်းလုံးထရပ်တဲ့အထဲ ထက်မာန်ဦးတစ်ယောက်သာ ပါမနေ။ အားငယ်သွားသလိုတောင် ခံစားလိုက်ရသည်။ လွှမ်းကတော့ ထက်မာန်ဦးကို လှည့်ကြည့်ရှာပါသည်။ ထက်မာန်ဦးလည်း ကြိုးကြိုးစားစားနှင့် ဆိုထားတာ အခန်း-၇ တစ်ခန်းသာကျန်ပါတော့သည်။
"ရတယ်။လွှမ်း။ ငါ့ကိုမစောင့်နဲ့တော့။ ငါဒီစာတွေကို မြန်မြန်ဆိုပြီးလိုက်လာခဲ့မယ်။"
"ထက်မာန်ဦး စကားမများနဲ့။ကျန်တဲ့အပုဒ်တွေလာဆိုမယ်။"
ဘိုးတော်ပေါက်စအသံက အော်ကျယ်အော်ကျယ်ထွက်လာပြန်သည်။ လွှမ်းက ခေါင်းညိမ့်ပြလိူက်ပြီး တခြားသူတွေနဲ့အတူ ထွက်သွားလေသည်။
"ကဲ။ကျက်ထားစမ်း။ကျက်စမ်း။ ဒီတစ်ပုဒ်ဘဲ ကျန်တော့တယ်။
ထက်မာန်ဦးလည်း ကိုမင်းဉာဏ်ဆီမယ် အမြန်ဆုံးဆိုနိုင်ဖို့ စာကိုပြန်ပြီး အာရုံစူးစိုက်လိုက်မိသည်။
"ငါဘိုင်အိုဖတ်စာအုပ်ကျန်ခဲ့တယ်။"
အဆောင်ရောက်ကာမှ ဝေလွှမ်းက ထပြီး ပြောသည်။ ဝေလွှမ်း စာပြန်နွှေးမလို့ စာအုပ်ရှာကာမှ လွယ်အိတ်ထဲမှာ ဘိုင်အိုစာအုပ်ကပါမလာ။ စားပွဲခုံအောက်ကျကျန်ခဲ့တာများလားမသိ။ ဝေလွှမ်းက စာအုပ်ကျန်နေတာကို သွားပြန်ယူဖို့ ထရပ်လိုက်တော့ စိုင်းဝေယံက လှမ်းတားသည်။
"သွားပြန်ယူဦးမလို့လား။ ငါ့စာအုပ်နဲ့ဘဲ ကျက်လိုက်တော့လေ"
"ငါတခြားသူစာအုပ်နဲ့ မကျက်တတ်ဘူး။"
စာအုပ်ထဲမှာ ဝေလွှမ်းက Note တွေအများကြီးမှတ်ထားတာမို့ ကိုယ့်စာအုပ်နဲ့ ကိုယ်ကျက်မှသာ အားရသည်။
"ငါပါလိုက်လာပေးရမလား။"
"ရတယ်။မာန့်ကို တခါတည်းတူတူစောင့်လိုက်ပြီး မာန်နဲ့ဘဲ တူတူပြန်လာလိုက်တော့မယ်။"
ဝေလွှမ်းပြောလိုက်ရင်း စိုင်းဝေယံကိုကျောခိုင်းလိုက်ကာ အိမ်အောက်ထပ်ကို ခပ်သုတ်သုတ်ပြေးဆင်းလာလေသည်။ ခြံထဲရောက်တော့ ခပ်လှမ်းလှမ်းက စာသင်ဆောင်ဆီမှာ မီးအလင်းရောင်သည် ခပ်လတ်လတ်တောက်ပနေဆဲ။ ထိုမီးရောင်လေးက အခုချိန်သည် အစ်ကိုနှင့် မာန်တူတူရှိနေတုန်းဘဲဆိုတာကို ပြနေလေသည်။ မာန်နာရီဝက်တောင် နောက်ကျနေပြီဘဲ။
စာသင်ဆောင်နားကိုနီးလာလေ ဝေလွှမ်းရဲ့ စိတ်တွေက ပိုလို့စိတ်လူပ်ရှားလာရသည်။ သို့သော် ခြေလှမ်းတွေကိုတော့ မရပ်တန့်လိုက်နိုင်။
"မနတ်ဖြန်သေချာဖြေခဲ့နော်။ကြားလား။ပျင်းတယ်ဆိုပြီး စောထွက်မလာနဲ့။"
"ဟုတ်။"
ယုန်လုံးသည် ပျင်းရိပျင်းတွဲနှင့် မင်းဉာဏ်ပြောတာကို မဖြေချင်ဖြေချင်နှင့် ပြန်ဖြေသည်။ မင်းဉာဏ်လည်း စာအုပ်တွေကို သိမ်းလိုက်ပြီး ပြန်ဖို့ပြန်လိုက်လေသည်။
"ဒါလွှမ်းစာအုပ်ထင်တယ်။"
ယုန်လုံးစကားကြောင့် မင်းဉာဏ်လှမ်းကြည့်မိသည်။ ယုန်လုံးကတော့ စားပွဲအောက်ကျနေတဲ့စာအုပ်ကလေးကို ပြန်ပြီးတောင် ကောက်ယူလိုက်ပြီဖြစ်သည်။ ပလတ်စတစ်အဖုံးလေးဖုံးထားပြီး ထောင့်လေးတွေတောင်ကျိုးမနေတဲ့စာအုပ်လေးဟာ ဝေ့စာအုပ်မှန်း မင်းဉာဏ်သိလိုက်သည်။ တချိန်တည်းမှာဘဲ ဝေက ကျိန်းသေပေါက် စာအုပ်ကို ပြန်လာယူမယ်ဆိုတာ သိလိုက်လေသည်။ တဆက်တည်းမှာ အပြင်ကနေ ခပ်သဲ့သဲ့ကြားလိုက်ရတဲ့ ခြေသံတွေ။
"ပြီးပြီဆို ကျွန်တော် မီးမှိတ်ပြီး တံခါးပိတ်လိုက်တော့မယ်နော်။"
"ယုန်လုံး။ ခဏ။"
ထက်မာန်ဦး မီးပိတ်ဖို့ မီးခလုတ်ရှိရာသို့ သွားဖို့ ပြင်လိုက်စဉ်မှာဘဲ ကိုမင်းဉာဏ်က ထက်မာန်ဦးကိုလှမ်းခေါ်လိုက်သည့်အခါတွင်တော့ ထက်မာန်ဦး လှည့်ကြည့်လိုက်မိသည်။ နောက်ကျောမှာ ကိုမင်းဉာဏ် ရှိနေသည်ဆိုတာ သိလိုက်ရသည့်နောက် ပါးပြင်ထက်ပြင်းရှပူနွေးစွာကျရောက်လာသော အထိအတွေ့တစ်ခုမှာ ထက်မာန်ဦး ကြောင်အသွားရလေသည်။
ရုတ်တရက် ကြောင်သွားတာကြောင့် ထက်မာန်ဦး ခေတ္တမျှ ငေးကြည့်မိသွားသည်။ မတော်တဆလား တမင်ရည်ရွယ်တာလား ထက်မာန်ဦး မတွေးနိုင်သေးခင်မှာပင်..
"ကျွီ။"
စေ့ထားတဲ့ တံခါးကို အသာ တွန်းဖွင့်လိုက်သည့်အခါမှာတော့ ဝေလွှမ်းရဲ့မျက်ဝန်းတွေ ထိတ်လန့်မူကြောင့် ပြူးကျယ်ဝိုင်းစက်သွားလေသည်။ ဝေလွှမ်းရဲ့ မလှမ်းမကမ်းအကွာအဝေးမှာပင် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသော အရိပ်နှစ်ခု။
ဝေလွှမ်းတစ်ယောက်တည်းအပိုင်လို့ မှတ်ယူထားခဲ့တဲ့ အစ်ကို့ရဲ့နူတ်ခမ်းပါးတွေဟာ မာန့်ရဲ့ပါးပြင်တွေပေါ်ကိုဖိကပ်ထားလေသည်။ ထိုမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်လိုက်ရချိန်မှာတော့..
"ဒုန်း.."
တံခါးရွက်နှင့် နံရံဆောင့်ပြီး ဟိန်းထွက်လာတဲ့အသံကြောင့် ထက်မာန်ဦး ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ထက်မာန်ဦး ရင်းနှီးနေတဲ့ အရိပ်လေး။
"လွှမ်း!"
ထက်မာန်ဦး လှမ်းပြီး အော်ခေါ်လိုက်မိသော်လည်း ထိုအရိပ်ကလေးသည် တစ်ချက်ကလေးတောင် စောင်းငဲ့မကြည့်ဘဲ ဝေးရာသို့ ပြေးထွက်သွားလေသည်။
"လွှမ်း..ဘာဖြစ်သွား.."
ထက်မာန်ဦး လန့်ဖြန့်သွားပြီး ကိုမင်းဉာဏ်ကိုမော့ကြည့်လိုက်မိတော့..အပြုံးတွေ..။ ထက်မာန်ဦးတကိုယ်လုံး အေးစက်တောင့်ခဲလို့သွားလေသည်။ နူတ်ခမ်းစွန်းတစ်ဖက်က ခပ်ကော့ကော့နှင့် ဖြစ်တည်လာတဲ့ မဲ့ပြုံးတွေ။
ဘာလို့အဲ့လိုပြုံးနေရတာလဲ။
ထက်မာန်ဦး ရုတ်ရက် နားမလည်နိုင်။ ဘာလို့လဲ။ ဘာလို့ အဲ့လိုပြုံးနေရတာလဲ။ ကိုမင်းဉာဏ်ရဲ့အနားကနေ ချက်ချင်း ခွာလိုက်မိသည်။ မဲ့နေတဲ့ ထိုအပြုံးတွေထဲမှာ ထက်မာန်ဦးကို လှောင်ရယ်နေတဲ့ သရော်ပြုံးတွေကို မြင်နေရသည်။
ကျောရိုးထဲကနေ စိမ့်တက်လာတဲ့ အကြောက်တရားကိုခံစားလိုက်ရချိန်မှာ တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ ချက်ချင်းသိလိုက်သည်။ ချက်ချင်းဘဲ ထက်မာန်ဦး ထိုနေရာကနေ ပြေးထွက်ခဲ့လေသည်။ ထက်မာန်ဦးရဲ့ ခြေလှမ်းတွေက ရှေ့မလှမ်းမကမ်းက ကျောပြင်လေးဆီ။
"လွှမ်း!နေဦး။"
ရှေ့ကနေပြေးလွှားနေတဲ့ လွှမ်းကို မှီနိုး မှီနိုးနှင့် ထက်မာန်ဦး ရှိသမျှ ခွန်အားတွေကို အကုန်ထုတ်သုံးလိုက်ပြီး အားသွန်ခွန်စိုက်ပြေးသည်။ လွှမ်းသည် အိမ်မကြီးထဲ သို့ မဝင်ဘဲ အိမ်ဘေးဘက်ကနေ အိမ်နောက်ဖေးဘက်ကို ပတ်သွားသည်။ ထက်မာန်ဦးကလည်း လွှမ်းနောက်ကို ထပ်ချပ်မကွာလိုက်သည်။ နောက်ဆုံး ဝေလွှမ်းနှင့် ထက်မာန်ဦးကို ကြားခံနယ်တစ်ခုက ပိတ်ကာချလိုက်လေသည်။
ထက်မာန်ဦး ထိုတံခါးကို ဝုန်းခနဲဆောင့်ပြီး ထုရိုက်ပစ်လိုက်သည်။ လက်ချောင်းတွေဆီမှ နာကျင်မူတို့က ထက်မာန်ဦးကို မတားဆီးနိုင်။
"လွှမ်း!ဖွင့်ပေး..။"
ထက်မာန်ဦး ကုန်းအော်ပစ်လိုက်သည်။ သို့သော် တံခါးရဲ့ပျဉ််ချပ်တို့သည် ထက်မာန်ဦးတို့ရဲ့ လက်သီးဒဏ်တို့ကြောင့် အနည်းငယ်ရမ်းခါသွားရုံှမှအပ ဝေလွှမ်းဆီမှ ဘာတုံ့ပြန်သံမှမရပါ။
"ငါပြောနေတယ်လေ။ ခုချက်ချင်းတံခါးဖွင့်ပေးလို့!!!"
ထက်မာန်ဦး တံခါးတစ်ဖက်ခြမ်းကနေ ဝေလွှမ်းကို အော််ပြောနေမိသည်။ ရင်ဘတ်တစ်ခုလုံး မွန်းကြပ်ပြီး ပူလောင်နေပြီဖြစ်သည်။ မီးသီးအဖြူရောင်လေးတစ်လုံးရဲ့အလင်းရောင်သဲ့သဲ့လေးမှအပ ပိန်းပိတ်အောင် မှောင်နေတဲ့ အိမ်သာဘက်ခြမ်းအဆောင်ထဲ ထက်မာန်ဦးရဲ့တံခါးကို တဝုန်းဝုန်းထရိုက်သံကသာ ကြီးစိုးလျက်ရှိသည်။
"ထွက်လာခဲ့စမ်းပါ။ စောက်ရူးကောင်ရဲ့!ငါပြောတာကို နားထောင်ပေးစမ်းပါ!"
ဝေလွှမ်းထံမှ ပထမဆုံးအကြိမ် လျစ်လျှုရူတာ ခံရခြင်းသည် ခံပြင်းစရာကောင်းလှသည်။ အောက်နူတ်ခမ်းကို ဖိကိုက်ထားသည့်ကြားမှ ပါးပြင်နှစ်ဖက်လုံးဆီမှ ပူနွေးစိုစွတ်ခြင်းတို့ကို ခံစားလိုက်ရလေသည့်နောက် မတ်မတ်ရပ်ထားတဲ့ ခြေထောက်တို့သည် တဖြည်းဖြည်းနှင့် ယိုင်နဲ့လဲကျလာလေသည်။ တံခါးကို ခေါင်းနှင့် ဦးတည်တိုက်ထားရင်း နောက်ဆုံးမှာတော့ သံမံတလင်းပေါ်ထိုင်ချလိုက်မိလေတော့သည်။
"ငါ..ငါ..မိန်းကလေးတွေဘဲ ကြိုက်တာပါ။ ငါယောကျင်္ားတွေကို မကြိုက်ပါဘူး။"
တံခါးကိုခေါင်းနဲ့တိုက်ထားရင်း ထက်မာန်ဦး တတွတ်တွတ်ပြောနေမိသည်။ ဒီစကားတွေ ဝေလွှမ်း ကြားကိုကြားမှဖြစ်သည်။ ဒီစကားလုံးတိုင်းသည်း ဝေလွှမ်းနှင့် ထက်မာန်ဦးတို့ကြား ရှိလေသမျ ကြားခံနယ်တို့ကြားဖြတ်သန်းသွားဖို့ လိုအပ်သည်။
"ငါ့ကိုအထင်မလွဲပါနဲ့။ ငါနဲ့ ကိုမင်းဉာဏ်နဲ့က ဘာမှမဟုတ်ပါဘူး။ ငါတောင်းပန်ပါတယ်..။ အီး..ဟီး..။"
ထွက်အံကျလာတဲ့ စကားလုံးတိုင်းဟာ ရှိုက်သံတွေနှင့် ရောနှောလျက်ရှိသည်။ ပြောရင်း ပြောရင်းနဲ့ လူလည်းမောလာလေပြီ။ အောင့်တက်လာတဲ့ ရင်ဘတ်ကို ခပ်တင်းတင်း ဖိထားရသည်။
"မင်းထွက်မလာရင် ကြီးငယ်တို့ သိသွားလိမ့်မယ်။သိလား။ဝေလွှမ်း။ပြီးတော့ မင်းမနတ်ဖြန် စာမေးပွဲဖြေရဦးမယ်။ လိမ္မာတယ်။ထွက်လာခဲ့လေနော်.."
ချော့တစ်ခါ ခြောက်တလှည့်နှင့် ထက်မာန်ဦးခမျာ ဝေလွှမ်းကို ပြောနေရသည်။ သို့သော် ဝေလွှမ်းက တုပ်တုပ်မျှမလူပ်ပါ။
တဖြည်းဖြည်းနှင့် ငိုရတာလည်း ထက်မာန်ဦးမောလှလေပြီ။ အသံဆက်မထွက်နိုင်တော့တာကြောင့် ထက်မာန်ဦး ခေါင်းငိုက်စိုက်ချလိုက်တဲ့အချိန်မှာပင်
"..."တံခါးချပ်တို့ပွင့်သွားတဲ့အသံကြောင့် ထက်မာန်ဦး မော့ကြည့်လိုက်မိလေသည်။ ထက်မာန်ဦးကို မတ်တပ်ရပ်လျက် ငုံ့ကြည့်နေတဲ့ လွှမ်းကိုမြင်လိုက်ရလေသည်။ ပါးပြင်နှစ်ဖက်က မျက်ရည်တွေကို ချက်ချင်း လက်နှင့် ပွတ်ပစ်လိုက်ပြီး မတ်တပ်ထရပ်လိုက်မိသည်။
"လွှမ်း.."
လွှမ်းရဲ့နီရဲနေတဲ့ မျက်ဝန်းတွေဟာ ထက်မာန်ဦးကို စေ့စေ့စိုက်ကြည့်လျှက်ရှိသည်။ နီရဲနေတဲ့ မျက်ခမ်းစပ်တွေဟာ ဝေလွှမ်းလည်း ငိုခဲ့ကြောင်းကို သက်သေထူလျက်ရှိသည်။
ထွက်လာခဲ့ပါ ထွက်လာခဲ့ပါလို့ တကြော်ကြော်ဟစ်ကျွေးခဲ့ပေမယ့် တကယ်တမ်း လွှမ်းကို မျက်နှာချင်းဆိုင်မြင်လိုက်ရတဲ့အခါမှာ ထက်မာန်ဦး ပြောစရာစကားလုံးတွေ ပျောက်ရှသွားလေသည်။
"ငါ..."
ထက်မာန်ဦးတစ်စုံတရာကို စကားစဖို့ ပြင်လိုက်ပေမယ့်
"ငါအခုထွက်လာတာ တီချယ်နှင်းဝေတို့သိသွားမှာစိုးလို့ထွက်လာတာ။ မင်းနဲ့ ငါ စကားပြောချင်စိတ်မရှိသေးဘူး။"
ထို့နောက် ထက်မာန်ဦးရဲ့ ပုခုံးတစ်ဖက်စွန်းက တွန်းတိုက်သွားခြင်းကို ခံလိုက်ရသေးသည်။ မဖြစ်စလောက်နာကျင်မူလေးဆိုပေမယ့် ကျောခိုင်းခံလိုက်ရတယ်ဆိုအသိက ရင်နာစရာကောင်းလွန်းသည်။
မဝေးသွားရလေအောင် အားသွန်ခွန်စိုက် ပြေးလိုက်ခဲ့လေသမျှဟာ အဝေးဆုံးကို ထွက်သွားဖို့ ရည်ရွယ်ခဲ့တာမဟုတ်မှန်း ထက်မာန်ဦးသာ သိလေသည်။ကြားဖူးနေကျဖြစ်တဲ့ ကြမ်းပြင်ပေါ်လျှပ်တိုက်သွားရာမှ ထွက်ပေါ်လာသော ခြေသံတွေသည် ဒီညမှာ ခြောက်ခြားစရာကောင်းလွန်းနေသည်။ ပါးပြင်ပေါ်ကို နောက်ထပ် မျက်ရည်မိုးတွေက ရွာသွန်းလာတော့သည်။