"မင်းတို့ ဒါတွေအကုန်လုံး ကူးပြီးပြီမဟုတ်လား။ကူးပြီးရင် ငါဖျတ်လိုက်တော့မယ်။"
စိုင်းဝေယံက White Board ကို ဘောဖျတ်နှင့်မဖျတ်ခင်မှာ အဆောင်က လူတွေကို အရင်လှမ်းမေးလေသည်။
"အေး။ပြီးပြီ။ဖျတ်လိုက်တော့။"
အားလုံးဆီမှ တညီတညွတ်တည်း ပြောလာမှ စိုင်းဝေယံက White Board ပေါ်က Physics ဖော်မြူလာတွေအကုန်လုံးကို ဖျတ်ချလိုက်သည်။ တဆောင်လုံးမှာ အရပ်အမြင့်ဆုံးလူသားမို့ စိုင်းဝေယံက စာသင်ချိန် တစ်ချိန်နှင့်တစ်ချိန်ကြား White Board ဖျတ်ရတဲ့တာဝန်ကို ပင်တိုင်ယူရသည်။ စိုင်းဝေယံ White Board ဖျတ်နေချိန်မှာ ထက်မာန်ဦးက ခုံမှာ အခန့်သားပင်။ ဒါပေမယ့် ထက်မာန်ဦး က ငြိမ်ငြိမ်မနေနိုင်။
"ငစိုင်း။ ငါ့ထိုင်ခုံက နည်းနည်းနဲ့ချင်နေသလိုဘဲ။"
"မင်းက ဖင် မငြိမ်ဘဲ လူပ်နေမှတော့ ခုံကနဲ့မှာပေါ့။"
"မဟုတ်ဘူး။ ခုံက ခြေထောက်မညီဖြစ်နေတာ။"
ထိုင်ခုံပေါ် ထိုင်နေရင်း ရှေ့တိုးနောက်ဆုတ် ဟိုလူပ်ဒီလူပ် လုပ်နေပြီး တစ်ခုပြီးတစ်ခု စောဒက တက်နေတဲ့ ထက်မာန်ဦးကို စိုင်းဝေယံက နောက်ပြန်လှည့်ကြည့်သည်။ သို့သော် အဖတ်မလုပ်ဘဲ လျစ်လျှူရှုလိုက်လေသည်။ ထက်မာန်ဦး လူပ်နေတဲ့အရှိန်ကြောင့် ခုံက တကျွိကျွိအသံ ပင် မြည်နေပြီဖြစ်သည်။
"နားညည်းတယ်။ ဟေ့ကောင်။ လဲချင် နောက်မှာခုံတွေ ရှိတယ်။ လဲလိုက်။"
မိုးဝေရဲ့ အသံက နောက်ထံပါးကနေ ထွက်ပေါ်လာလေသည်။ ထက်မာန်ဦး မကျေမနပ်နှင့် နောက်ပြန်လှည့်ကြည့်မိသည်။
သူ့အာပြဲသံနဲ့ တတန်းလုံး ကြားအောင် အော်ကျယ်အော်ကျယ် ပြောတာကြ ကောင်းတယ်။ မိုးဝေကလည်း ထက်မာန်ဦးကို လှည့်ပြီးတောင် မကြည့်ပါ။ ဘေးက ပြည့်စုံတို့အဖွဲ့နဲ့ ပြန်ပြီး လေပစ်နေပြန်သည်။ ထက်မာန်ဦး ပြန်စွာမနေတော့ဘဲ ဖင်ထိုင်ခုံကို လူပ်နေရာမှ ရပ်လိုက်သည်။ ပြီးတော့ White Board ဖျတ်နေတဲ့ စိုင်းဝေယံကို မော့ကြည့်သည်။
"ငစိုင်း။ နောက်မှာခုံသွားသယ်ရအောင်။"
ခပ်ချွဲချွဲအသံလေးမပါ့တပါနှင့် ထက်မာန်ဦး ပြောလိုက်မိသည်။ သို့သော် ထက်မာန်ဦးပြန်ရလိုက်သည်က
"ငါဒီမှာ White Board ဖျတ်နေတယ်လေ။ မအားဘူး။"
ထက်မာန်ဦးကို နောက်လှည့်ကျောခိုင်းထားတာမို့ ထိုသကောင့်သားသည် ထက်မာန်ဦး ပါးစပ်ကနေ ခပ်တိုးတိုးဆဲရေးလိုက်တာကို မြင်မယ်မထင်။ ဒီတစ်ခါတော့ စိုင်းဝေယံသည် သောက်ပျင်းတစ်တာမဟုတ်ဘဲ တမင်ဂျစ်တာ ဖြစ်သွားပြီ။
"အဲ့မှာ White Boardကြီး ပွန်းနေတဲ့အထိ ပွတ်နေလိုက်!"
ဖျတ်စရာ စာမကျန်ဘဲ ဟန်ဆောင်ပန်ဆောင် ဖျတ်နေတဲ့ စိုင်းဝေယံကို တမင်ရွဲ့ပြီး ပြောလိုက်ခြင်းဖြစ်သည်။ ထိုသကောင့်သားသည် နောက်လှည့်ပြီး လျှာထုတ်ကာ ပြောင်ပြလိုက်သေးသည်။ သောက်ကျင့်ကို မကောင်းဘူး။ နည်းနည်းလေးတောင် မကူညီချင်ဘူး။
ထက်မာန်ဦး ဆောင့်ဆောင့်အောင့်အောင့်နှင့် ထိုင်ရာမှ ထပြီး အတန်းရဲ့နောက်ဘက် ခုံတွေ စီထားရာကို သွားလိုက်သည်။ စီတန်းထားတဲ့ ခုံအလွတ်တွေထဲက ခုံတချို့တွေထဲက တစ်ခု နှစ်ခုကို ထက်မာန်ဦးထုတ်ကြည့်နေမိသည်။
"ခုံတွေကလည်းစောက်စုတ်တွေချည့်ဘဲ။မေမေကလည်း ခုံလေးဘာလေး အသစ်ဝယ်ဖို့ စိတ်ကူးမရှိဘူးလားမသိဘူး။"
ဘာမဆိုင် ညာမဆိုင် မေမေ့ကိုပင် ထက်မာန်ဦး မကျေမနပ်နှင့် ဆူပူလိုက်မိသေးသည်။ ခုံတစ်ခုံဆိုလျှင် ထက်မာန်ဦးဆွဲထုတ်လိုက်ချိန်မှာ ခြေထောက်တစ်ချောင်းက အရင်းကနေ ထောက်ထားတဲ့ စကူပြုတ်ထွက်ပြီး ပါလာလေသည်။ စိတ်ပျက် လက်ပျက်နဲ့ ပြန်ထားဖို့ ပြင်လိုက်ချိန်မှာဘဲ ထက်မာန်ဦး ဦးနှောက်ထဲ ဉာဏ်အလင်းတန်းတစ်ခုက ဖျတ်ခနဲ လက်လာသည်။ အဲ့စကူကိုမသိမသာလေပြန်တပ်လိုက်မယ်ဆိုလျှင်...ထိုခုံကို မျက်လုံးလေးစွေကြည့်လိုက်ပြီး ထက်မာန်ဦး နူတ်ခမ်းက ခပ်မဲ့မဲ့လေး ကွေးလို့သွားလေသည်။ နောက်အချိန် ဝင်မယ့်ဆရာသည် ကိုမင်းဉာဏ်မဟုတ်ပါလား။
"ကဲ။ စာအုပ်ထုတ်လို့ရပြီ။"
ထက်မာန်ဦး အင်္ဂလိပ်စာ ဖတ်စာအုပ်ကို ထုတ်လိုက်သည်။ ထုတ်ရင်းမှ မသိမသာနှင့် ကိုမင်းဉာဏ်ကို မျက်လုံးလေးထောင့်ကပ်ပြီး ခိုးကြည့်သည်။ မိုးပြာရောင် ရှပ်အကျႌလေးနှင့် ယောပုဆိုးအနက်ရောင်လေး ဝတ်ထားတဲ့ ကိုမင်းဉာဏ်သည် ထုံးစံအတိုင်း သန့်ပြန့်လို့နေသည်။
ကြည့်ကြသေးတာပေါ့။ အခုထုတ်လာတဲ့ ရှိုးစမိုးတွေ ဘယ်အချိန်ထိခံမလဲလို့။ ထက်မာန်ဦး ပြုံးချင်လာတာနှင့်ဘဲ ဖတ်စာအုပ်နှင့်မျက်နှာကို ကွယ်လိုက်ရသည်။
ဒီနေ့ ကိုမင်းဉာဏ်အတွက် လက်ဆောင်လေးတစ်ခု ပြင်ဆင်ထားတာလေ။ ထက်မာန်ဦးကို နှစ်နာရီလောက် မတ်တပ်ရပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို ထက်မာန်ဦး အစာမကြေသေး။
"ပြီးခဲ့တဲ့ အပတ်က အင်္ဂလိပ်စာဆရာက Dreams Do Come True သင်သွားတာ မဟုတ်လား။"
ကိုမင်းဉာဏ်ကတော့ထုုံးစံအတိုင်း စာသင်ဖို့သာ စိုင်းပြင်းနေပြီ ဖြစ်သည်။ ရောက်တည်းက မတ်တပ်မတ်တပ်နှင့် ဖတ်စာအုပ် တစ်အုပ်ကိုင်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေလေရာမှ ညောင်းလာလို့ ထင်။ ထက်မာန်ဦးထိုင်နေတဲ့ ရှေ့ဆုံးတန်းစားပွဲကို လက်နှင့်ထောက်ပြီး ဖတ်စာအုပ်ကိုင်လျှက်နှင့် မှီလိုက်သေးသည်။ ဝေလွှမ်းကလည်း နေမကောင်းတာမို့ နားနေရတုန်းဆိုတော့ ရှေ့ဆုံးတန်းက စိုင်းဝေယံနှင့် ထက်မာန်ဦး နှစ်ယောက်တည်းသာရှိလေသည်။
ညောင်းလာရင်လည်း ဟိုဘက်က သူ့အတွက် စပယ်ရှယ်ပြင်ပေးထားတဲ့ ခုံမယ် သွားထိုင်စမ်းပါလားဟဲ့။
ထက်မာန်ဦး စိတ်မရှည်တာနဲ့ဘဲ စိတ်ထဲက ကြုံးဝါးမိသည်။ ကိုမင်းဉာဏ်သည် ထိုခုံနှင့် ဖင် ထိဖို့နေနေသာသာ ထိုခုံဘက်ကို ခြေဦးပင်မလှည့်သေး။
ထက်မာန်ဦးမှာ ကိုမင်းဉာဏ် ထိုခုံပေါ် ဖင်ထိုင်ချမယ့်အရေး မျှော်လင့်နေရတာ ဘယ်အချိန် ကိုယ့်ထောင်ချောက်ထဲ သားကောင် တိုးဝင်လာမလဲလို့ မျက်စိရှင်ရှင်စောင့်စားနေတဲ့ မုဆိုးတစ်ယောက်နှယ်။
"ကျွန်တော်ဝင်လာလို့ရမလား။"
တံခါးဝကနေ အသံတစ်ခု ထွက်ပေါ်လာတာမို့ ထက်မာန်ဦး ခေါင်းထောင်သွားလေသည်။ ထက်မာန်ဦး ဖျတ်ခနဲ အခန်းတံခါးဝကို လှမ်းကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေသူက လွှမ်း။ အနွေးထည်အပြာရင်ရောင့်လေးနှင့် လွှမ်းပုံစံက မူန်တေတေလေး။ အခုမှနေကောင်းခါစ ရုပ်လေး။
ဟင်..လွှမ်း..လွှမ်းကဘာလို့။
ထက်မာန်ဦး တအံ့တသြဖြစ်နေတုန်းမှာဘဲ ကိုမင်းဉာဏ်က လှမ်းပြောလေသည်။
"ရတယ်လေ။ ဝင်လာ။"
ကိုမင်းဉာဏ်ဆီမှ ခွင့်ပြုချက်ရတာနဲ့ လွှမ်းက စာသင်ခန်းထဲကို ဝင်လာလေသည်။
"နေမကောင်းဘူးလို့ကြားတယ်။ သက်ရောသက်သာရဲ့လား။"
ထက်မာန်ဦး မေးချင်နေသော မေးခွန်းကို ကိုမင်းဉာဏ်က မေးနှင့်သွားလေသည်။ ဒီနေ့တနေ့လုံး လွှမ်းမသက်သာသေးတာမို့ နားမယ်လို့ ထက်မာန်ဦးက ထင်နေတာ။ ဘာလို့ ခုလို ညဘက်ကြီးမှ လာတက်ရတာလဲ။ ဂိုက်အချိန်လည်း နားလိုက်လို့ရသားနဲ့။
"ဟုတ်ကဲ့။သက်သာပါတယ်။"
လွှမ်းက ဖြေလိုက်ရင်းသူ့နေရာမှာ ဝင်ထိုင်လေသည်။ ထက်မာန်ဦး ဆတ်ခနဲ တုန်ယင်သွားမိသည်။ လွှမ်းနေရာကခုံက ကိုမင်းဉာဏ်မလာခင်က ထက်မာန်ဦး ထိုင်နေတဲ့ ခုံ။ ကိုမင်းဉာဏ်ကတော့ စာဆက်ရှင်းဖို့ပြင်နေလေသည်။ ထိုင်ထို်င်ချင်းမှာဘဲ လွှမ်းလည်း ထက်မာန်ဦးလိုပင် ထိုင်ရတာ အဆင်ပြေတဲ့ပုံမပေါ်။
"ခုံကဘာဖြစ်နေလို့လဲ။"
ကိုမင်းဉာဏ်ကလည်း သတိထားမိပုံရလေသည်။ ထက်မာန်ဦးကတော့ ထိုင်ရမလို ထရမလိုနှင့် ဖင်တကြွကြွဖြစ်နေပြီဖြစ်သည်။ လွှမ်းသည် လူပ်နေတဲ့ထိုင်ခုံကို ထိုင်လိုက် ထလိုက်လုပ်နေရင်းမှ
"အင်း။ ခုံကနည်းနည်းလူပ်နေတာ။"
"သြော်။ ဒါဆိုလည်း ခဏလေး။ ခုံလဲပေးမယ်။"
ထက်မာန်ဦး ခေါင်းကို မိုးကြိုးဆယ့်ရှစ်ချက်လောက် တပြိုင်တည်း ပစ်ချလိုက်သလိုပင်။ မ..မဖြစ်ဘူးလေ။ လဲပေးလိုက်လို့ မဖြစ်ဘူး။ ထက်မာန်ဦး စိတ်ထဲကနေအသံတိတ်ပြောနေမိချိန် ဖျတ်လတ်လွန်းတဲ့ ကိုမင်းဉာဏ်ကလည်း သူ့နေရာကခုံကို ယူပြီး ချက်ချင်းဘဲ ဝေလွှမ်းရဲ့ထိုင်ခုံနှင့်လဲပေးလိုက်တဲ့ အချိန်မှာပင် ထက်မာန်ဦးက ထရပ်ပြီးအော်ပစ်လိုက်လေသည်။
"လွှမ်း...မထိုင်..။"
"ဘုန်း!!!!"
ကျယ်လောင်လှတဲ့ ဟိန်းထွက်လာသော အသံကြီးသည် ထက်မာန်ဦးရဲ့ အသံကို ဖုံးလွှမ်းသွားလေသည်။ သောက်ကျိုးတော့နည်းပြီ။ ထက်မာန်ဦးမျက်နှာ မဲ့လို့သွားသည်။ ဝေလွှမ်းသည် ကြမ်းပြင်မှာပုံလျှက်သားလေး။ ထက်မာန်ဦးဘေးက စိုင်းဝေယံလည်း ဝုန်းခနဲ ထလိုက်သလို တတန်းလုံးလည်း အုတ်အုတ်ကြတ်ကြတ်ဖြစ်သွားလေသည်။ ကိုမင်းဉာဏ်ဆိုလျှင် စာအုပ်ကိုပင် ပစ်ချပြီး ဝေလွှမ်းကို ပြေးထူသည်။
"ခုံကျိုးသွားတာလား။"
"ဘယ်လိုဖြစ်တာလဲ။အဲ့ခုံက ညနေက Physics တီချယ်ထိုင်နေတာလေ။ အကောင်းကြီးမဟုတ်လား။"တစ်ယောက်တပေါက် ဆူညံလျှက်ရှိရာမှ နေရာမှာတောင့်တင်းလျှက်ရှိတဲ့ထက်မာန်ဦးကို အားလုံးက ၀ိုင်းကြည့်လာကြလေသည်။ သေပြီ။ ထက်မာန်ဦး ဘာပြောလို့ပြောရမှန်း မသိအောင် ကြောင်အနေမိပြီ။
"ရတယ်။ ဘာမှမဖြစ်ဘူး။ အရှိန်နဲ့ ထိုင်ချလိုက်မိလို့ ခုံကျိုးသွားတာနေမှာ။အား..ကျွတ်..။"
လွှမ်းသည် တညည်းညည်း တညူညူနှင့် ကြမ်းပြင်ပေါ်ကနေ ကုန်းရုန်းထလာသည်။ လွှမ်းအသံကြောင့် အားလုံးက လွှမ်းကို ပြန်ငုံ့ကြည့်လေသည်။ ခုံက အစကတည်းက ကျိုးနေတာသာ မဟုတ်လျှင် ထိုင်ချရုံနဲ့ ကျိုးရအောင် လွှမ်းသည် စိုင်းဝေယံလို လူကောင်ကြီးကြီးလည်း မဟုတ်။ သို့သော် အားလုံးရဲ့ အာရုံက လွှမ်းဆီသာရောက်သွားသည်။
"ထ။ထ။ဘယ်နားထိသွားသေးလဲ။ စာဆက်သင်ဖို့ အဆင်ပြေသေးရဲ့လား။ အဆောင်ကိုပြန်မလား။"
ကိုမင်းဉာဏ်ကတော့ လွှမ်းကို ဖေးဖေးမမနှင့် ဆွဲထူပြီး တယုတယ မေးနေလေသည်။ ထက်မာန်ဦး မျက်မှောင်ကိုကုတ်ပြီး မျက်နှာလွှဲလိုက်မိသည်။ အစုတ်ပလုတ်ဘိုးတော်ပေါက်စ။ တကယ်တမ်း ဒင်းထိရမှာ။ ဟွန်း။ လွှမ်းက ကြားထဲကနေ သူ့အစား ဝင်ခံလိုက်ရတယ်။
"ရတယ်။ ကျွန်တော်ဘာမှ မဖြစ်ဘူး။"
လွှမ်းခုံကို တခြားတစ်ခုံနှင့် စိုင်းဝေယံက လဲပေးပြီးသည့်နောက် လွှမ်းက ဘာမှ မဖြစ်သလိုဘဲ ဝင်ထိုင်သည်။
"အင်း။ နာတယ်ဆိုရင် ပြော။ ပြန်ပို့ပေးမယ်။ ပြန်ရင် ဆေးလေး ဘာလေး လိမ်းနော်။"
ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲဆိုသလိုဘဲ လွှမ်းက ဘာမှမဖြစ်ပါဘူးလို့ ပြောနေတာတောင် ကိုမင်းဉာဏ်က အရိပ်တကြည့်ကြည့်နှင့် စာသင်တဲ့ တောက်လျှောက် ကဲသဲနေသည်မှာ မပြီးနိုင်တော့။ တော်တော်ကို မြင်ပြင်းကပ်လာပြီ။
ထက်မာန်ဦးလည်း ကိုယ်လုပ်တဲ့လက်စ ကိုယ်သိပါတယ်။ ထိုင်ခုံပေါ်က ပြုတ်ကျတာ အလွန်ဆုံး မြီးညှောင့်ရိုးအောင့်ရုံလောက်ဘဲပေါ့။ သေတော့ မသေပါဘူး။
ထက်မာန်ဦး နူတ်ခမ်းကို စူထော်ပြီး မျက်နှာကို စူပုပ်ထားလိုက်မိသည်။ လွှမ်းသည် ကိုမင်းဉာဏ်ပေးထားသော အက်ဆေးခေါင်းစဉ်ကိုရေးနေရင်း ထက်မာန်ဦးကို ဖျတ်ခနဲ လှည့်ကြည့်လာတာကိုတော့ ရိပ်မိလိုက်သည်။ ထက်မာန်ဦးလည်း လွှမ်းလှည့်ကြည့်တာကို မသိချင်ယောင်သာဆောင်ထားလိုက်မိသည်။
"မာန်။ မင်းဘာဖြစ်နေတာလဲ။"
"ဘာဖြစ်နေလို့လဲ။"
လွှမ်းက ထက်မာန်ဦး အိပ်ရာခင်းနေတဲ့အချိန်မှာ ဘေးနားမှာ ကပ်လျှက် လာမေးလေသည်။ ထက်မာန်ဦးကလည်း လွှမ်းရဲ့မေးခွန်းကို အမေးနှင့်ပင် တုံ့ပြန်သည်။
"မင်းကဘဲ လုပ်သေးတယ်။ မင်းကဘဲ ပြန်စိတ်ကောက်နေရသေးတယ်။ မလွန်ဘူးလား။"ငယ်ငယ်ကသူငယ်ချင်းထိုင်မယ့်ခုံတွေမှာ ခုံအကျိုးလဲထည့်ပြီး စနောက်နေကျဆိုတာ ထက်မာန်ဦးနဲ့ ကျောင်းတူတူတက်ခဲ့ဖူးတဲ့ လွှမ်းက ကျိန်းသေပေါက်သိလေသည်။ ဒါကြောင့် လွှမ်းမရှိတဲ့အချိန်ကိုတမင် ရွေးလုပ်တာပါ ဆိုမှဘဲ။ ထက်မာန်ဦးရဲ့ထောင်ချောက်ထဲကို တန်းနေအောင်ဝင်လာတဲ့သူက လွှမ်းဖြစ်လို့နေသည်။ ထက်မာန်ဦးရဲ့ စိတ်အခြေအနေကလည်း ကြည်မနေ။ "မင်းကရော ဘာလို့ ဒီညနေမှ ဂိုက်အချိန်လာတက်တာလဲ။ နားလက်စနဲ့ တခါတည်း နားလိုက်ပါလား။"
"ငါ့ဟာငါ စာလွတ်မှာစိုးလို့ လာတက်တာတောင် မတက်ရဘူးလား။"
ထက်မာန်ဦး ဝေလွှမ်းကိုလှည့်ကြည့်သည်။ အခုထိအနွေးထည်ကို ကိုယ်နှင့်မခွာကပ်ထားရပြီး ပိုးဟပ်ဖြူရုပ်ပေါက်နေတာတောင် ထိုစကားက ပါးစပ်ကထွက်နိုင်သေးသည်။
"အပိုမပြောပါနဲ့။ ကိုမင်းဉာဏ်အချိန်မို့လို့ မဟုတ်လား။"
ထက်မာန်ဦးရဲ့ အသံက အနည်းငယ်ကျယ်သွားတော့ လွှမ်းမျက်လုံးပြူးသွားလေပြီ။ ပြီးတော့ ထက်မာန်ဦး ပါးစပ်ကိုလက်နှင့် လှမ်းအုပ်လေပြီး ဘေးဘီဝဲယာကို လှည့်ကြည့်လေတော့သည်။ ကံကောင်းထောက်မစွာနှင့် ခပ်လှမ်းလှမ်းလောက်က အိပ်နေပြီဖြစ်တဲ့ သုံးယောက်လောက်မှလွဲပြီး ဘယ်သူမှရှိမနေ။
ရည်းစားကျထားပြီး လူမိမှာကျ ကြောက်တယ်။ အိပ်ရာခင်းကို ဖြန့်ခင်းနေရင်းတာမို့ ဝေလွှမ်းရဲ့လက်ကို ဖယ်မချအားဘဲ ထက်မာန်ဦး လွှမ်းကိုမျက်စောင်းခဲပြီးသာ ကြည့်လိုက်လေသည်။
"တိုးတိုးပြောစမ်းပါ။မာန်ရ။"
ထက်မာန်ဦးပါးစပ်ကို အုပ်ထားရာမှ ဖယ်လိုက်ပြီး လွှမ်းက အသံခပ်အုပ်အုပ်နှင့် ပြောသည်။ ပြီးတော့ သူ့ဟာသူ ဘာသဘောကျသည် မသိ။ ဟက်ခနဲရယ်ချလိုက်ပြီး ပြုံးလေသည်။ ထိုအပြုံးသည် ကိုမင်းဉာဏ်အချိန်မို့လို့ မဟုတ်လားဆိုတဲ့ ထက်မာန်ဦးရဲ့ မေးခွန်းကို သွယ်ဝိုက်သော နည်းအားဖြင့် ဖြေပေးလိုက်သလိုပင်။ ထက်မာန်ဦး စိတ်ထဲမှာ အနည်းငယ် ကသိကအောင့်ဖြစ်သွားလေသည်။ သို့သော် လွှမ်း နေမကောင်းဘူးဆိုတဲ့ အတွေးတစ်ခုနှင့်တင် ရန်တွေ့ချင်စိတ်ကို ချုပ်ထိန်းထားလိုက်သည်။
"ဒါနဲ့ မြီးညောင့်ရိုးတော်တော်ထိသွားတာလား။ ငါကြီးငယ်ဆီက ဆေးတောင်းပေးမယ်လေ။"
အနာပေးပြီး ဆေးကျွေးတယ်ဘဲ ပြောပြော လွှမ်းအတွက်တော့ ထက်မာန်ဦး စိတ်ပူတတ်သေးသည်။ လွှမ်းက ခေါင်းခါပြသည်။
"ရတယ်။အဲ့လောက် မနာပါဘူး။"
"အင်း။ဒီနေ့ ငါတကယ် မင်းကို မရည်ရွယ်ဘူး။"
ထက်မာန်ဦးအသံက အနည်းငယ် မာဆတ်ဆတ်။ တောင်းလည်းတောင်းပန်ချင်တယ်။ ကိုယ်မှားတာလည်း ဝန်ခံရမှာကို မဝံ့မရဲဖြစ်တယ်ဆိုတဲ့ လူတစ်ယောက်လို။ လွှမ်းကတော့ ထက်မာန်ဦးကို အကဲခတ်သလို လှည့်ကြည့်လာလေသည်။
ကိုမင်းဉာဏ်ကို လုပ်ခဲ့တဲ့အကြောင်းကို ဉာဏ်ကောင်းတဲ့ လွှမ်းက ဆက်စပ်တွေးကြည့်ရုံတင် ကျိန်းသေပေါက်သိမည်ဆိုတာအမှန်ပင်။ ပြီးတော့ ထက်မာန်ဦးသည် စတဲ့နောက်တဲ့သဘောနဲ့တောင် လွှမ်းကိုနည်းနည်းလေးမှ နာကျင်လိုစိတ် မရှိဘူးဆိုတာ လွှမ်းလည်းသိတယ်မဟုတ်ပါလား။
"အင်း။ ငါသိပါတယ်။"
လွှမ်းဆီက ထိုအဖြေကိုရသွားတော့ ထက်မာန်ဦးကျေနပ်မိသွားသည်။ လွှမ်းသိတယ်ဆိုရင် ရပြီ။
"ငါဘုရားရှိခိုးလိုက်ဦးမယ်။ မင်းရော အိပ်တော့မလား။"
လွှမ်းက အိပ်ရာခင်းတာကို လတ်စသတ်လိုက်ပြီး ထက်မာန်ဦးကိုလှမ်းမေးလေသည်။
"ငါတော့အိပ်တော့မယ်။"
ထက်မာန်ဦး ပြောလိုက်ပြီး စောင်ပုံထဲကို ခြေထောက်ထိုးထည့်လိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်သည်။ လွှမ်းရဲ့ဘုရားစာရွတ်သံခပ်တိုးတိုးကိုနားထောင်နေရင်း မျက်လုံးတွေက တဖြည်းဖြည်းမှေးစင်းကျလာလေသည်။
"သာဓု...သာဓု..သာဓု...။"
အမျှဝေ သာဓု ခေါ်ပြီး ဘုရားရှိခိုးခြင်းအမူကို လတ်စသတ်လိုက်ပြီးတဲ့နောက်မှာတော့ ဝေလွှမ်းဘေးမှာ ကုတ်ကုတ်လေး အိပ်နေပြီ ဖြစ်တဲ့ မာန့်ကို လွှမ်းကို တွေ့လိုက်ရလေသည်။ အပြင်မယ်မိုးရွာတော့ ရာသီဥတုက အေးရှာလို့ထင်သည်။ ပုစွန်တုပ်ကွေး,ကွေးပြီး ကုတ်ကုတ်ကလေး အိပ်နေခြင်းဖြစ်သည်။ စောင်က အောက်မှာ ပုံကျနေတာမို့ လွှမ်း စောင်ကိုဆွဲယူပြီး မာန့်ကို ခြုံပေးလိုက်သည်။
စိုင်းဝေယံနဲ့မိုးဝေကတော့ မျက်နှာသစ်ရာမှ ပြန်ရောက်လာလေသည်။ ကြမ်းတလျှောက် ဒုံးခနဲ ဒုံးခနဲ တုန်ခါသွားစေတဲ့ ခြေလှမ်းတွေကြောင့် ထိုနှစ်ကောင် ပြန်လာပြီဆိုတာကို ဝေလွှမ်း တထစ်ချသိလိုက်သည်။ ခြေလှမ်းကြမ်းကြမ်းတွေအပြင် အော်ကြီးဟစ်ကျယ်အသံပါလာလေသည်။
"မင်းတို့နှစ်ယောက်က အိပ်တောင်အိပ်တော့မှာလား..။"
"ရှုး...။"
ဝေလွှမ်းက နူတ်ခမ်းပေါ် ကန့်လန့်ဖြတ်လက်ညိုးယှက်တင်လာတော့ စိုင်းဝေယံက ငြိမ်ကျသွားလေသည်။ မိုးဝေကတော့ မကျေမနပ်သံဖြင့် မကြားတကြားရေရွတ်သည်။
"ငထက်ကဖြင့် ဆင်အော်တောင်နိုးမနေတဲ့ဟာကို။ အပိုတွေသိပ်လုပ်။"
မိုးဝေအသံ ကြားလိုက်ရပေမယ့် ဝေလွှမ်း မသိချင်ယောင်သာဆောင်လိုက်သည်။ စိုင်းဝေယံက ခပ်ကုတ်ကုတ်နှင့် အိပ်ရာတွေကို ခွကျော်ရင်း သူ့အိပ်ရာထဲ ဝင်သည်။
"မင်းတင်ပါးနာနေသေးလား။"
စိုင်းဝေယံ မေးမှဘဲ မြီးညောင့်ရိုးက ဆစ်ခနဲထအောင့်သလို ဝေလွှမ်း ခံစားလိုက်ရလေသည်။ လုံးဝကို သတိလက်လွတ်နဲ့မို့ အရှိန်ပြင်းပြင်း ပြုတ်ကျလို့လားမသိ။ ထိချက်က ပြင်းလှသည်။ တစ်ချက်တည်းနဲ့ ကျိုးမသွားတာ တော်တော်ကံကောင်း။ ခုနက မာန့်ရှေ့မှာမို့ မာန်စိတ်မကောင်းဖြစ်မှာစိုးလို့ ကြိတ်မှိတ်သည်းခံထားရတာ။
"ရတယ်။ ရတယ်။ မနတ်မှဘဲ ဆေးလိမ်းလိုက်မယ်။"
"အင်း။ အင်း။ အဲ့တာဆိုလည်း ပြီးရော။"
စိုင်းဝေယံက ပြောရင်း တစ်ဖက်ကို လှည့်အိပ်သွားလေတော့သည်။ မာန့်ကိုကြည့်မိတော့ အပြင်မယ်မိုးရွာလို့ ရာသီဥတုက အေးရှာလို့ထင်သည်။ ပုစွန်တုပ်ကွေး,ကွေးပြီး ကုတ်ကုတ်ကလေး။ စောင်က အောက်မှာ ပုံကျနေတာမို့ လွှမ်း စောင်ကိုဆွဲယူပြီး မာန့်ကို ခြုံပေးလိုက်သည်။ ပြီးတော့ မျက်နှာပြေပြေလေးကို အကြောင်းမဲ့ငေးကြည့်နေမိသည်။
ငါက မရည်ရွယ်ပါဘူးတဲ့လား..။
ဝေလွှမ်းရှေ့ကထိုလူသားကလေးသည် ဝေလွှမ်းကို မနာကျင်စေချင်ဘူးဆို ယုံကြည်နေမိသည်။ နောက်ထပ်လည်းယုံကြည်ချင်ပါသေးသည်။