"ဒါကရှေ့ငါးနှစ်စာမေးခွန်းဟောင်းတွေ။ ပြီးတော့ ဒီဟာက ၂၀၀၇-၂၀၀၈ တစ်နှစ်စာဘဲ။ဒီထဲမှာက အဖြေရော တွက်ပုံတွက်နည်းတွေရောပါတယ်။"
မင်းဉာဏ် ဝယ်လာတဲ့ မေးခွန်းဟောင်းစာအုပ်တွေကို ဝေက လှမ်းယူလိုက်ပြီး အတွင်းဘက်က စာမျက်နှာတွေကိုပါ လှန်လှောကြည့်ရှုနေလေသည်။ မင်းဉာဏ် တစ်အုပ်ချင်းစီ သေချာရှင်းပြဖို့ လုပ်လိုက်ပေမယ့် ဝေ့မျက်နှာပြေပြေလေးဆီ ဖျတ်ခနဲ အကြည့်ရောက်မိသည်မှ စပြီး မင်းဉာဏ် နောက်ပြန်လှည့်မရတော့။
စာအုပ်ကို ငုံ့ကြည့်နေရင်း မျက်စိထဲဆံပင်မွှေးစူးအံ့ထင်။ နဖူးပေါ်ကျနေတဲ့ ဆံပင်ကို လက်နှင့် ပင့်သပ်ပြီး တင်လိုက်တော့ ခပ်ချောချောမျက်နှာလေးက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာလေသည်။ ခေါင်းကို ငုံ့ထားတာမို့ မျက်တောင်ရှည်ရှည်လေးက အောက်သို့စင်းကျနေတဲ့အပြင် စင်းနေတဲ့နှာတံက ဘေးတစောင်းမို့ ပိုလို့ထင်ထင်ရှားရှားမြင်ရလေသည်။
"ဘာလို့အဲ့လောက်ကြည့်နေရတာလဲ။"
ဖျတ်ခနဲ လှည့်ကြည့်လာတဲ့ ဝေလွှမ်းကြောင့် မင်းဉာဏ် ရှက်ရမ်းရမ်းပြီး ရယ်လိုက်မိတော့သည်။ မျက်ဝန်းမို့မို့လေးတွေက တကယ်လန့်သွားတဲ့ပုံစံပင်။ သူလန့်နေမှ ပိုစချင်လာလေသည်။
"ကိုုယ့်ချစ်သူကို ကိုယ်ကြည့်တာ မကြည့်ရဘူးလား။"
အသံခပ်အုပ်အုပ်နှင့် ပြောလိုက်တော့ သူ့ရယ်သံလွင်လွင်ကထွက်ပေါ်လာလေသည်။ ဘယ်ဘက်ပါးပြင်ပေါ်မယ် ခွက်ခနဲ ပေါ်လာတဲ့ ပါးချိုင့်လေးကို အနမ်းဖွဖွလေး ပေးချင်စိတ်ကို မနည်းချူပ်ထားရသည်။ဝေက သိပ်ရယ်တတ်တဲ့ သူမဟုတ်တာမို့ သူ့ပါးချိုင့်တွေ့ရတာ ဆိုတာမျိုး။ တကယ်ရှာမှရှား။ ဝေက နားရွက်ကို ကုတ်နေရင်းနှင့် ရယ်သံတဝက်နှင့်
"အစ်ကိုကတော့ဗျာ..။"
ဝေရှက်ရင် နားရွက်တွေကိုကုတ်တတ်တာကို မင်းဉာဏ်သတိထားမိတာ စပြီးဝေ့ကို ချစ်ရေးဆိုတဲ့နေ့မှာပင်။ အဲ့နေ့က ဝေရေးတဲ့ အင်္ဂလိပ်စာ ESSAY စာအုပ်မှာ အသည်းပုံ Sticker လေးကပ်ပေးလိုက်တော့ ဝေ သူ့နားရွက်လေးကို ကုတ်နေခဲ့တာ။
"မြန်မာစာကတော့လိုမယ်မထင်လို့ မေးခွန်းဟောင်းစာအုပ် ဝယ်မလာခဲ့ဘူး။ ဘယ်ဟာမှမပယ်ဘဲ အကုန်ကျက်တာဘဲမဟုတ်လား။"
အရှက်ပြေအောင် မင်းဉာဏ်တခြားကို စကားစလိုက်တော့ ဝေ့ရဲ့အာရုံက စာအုပ်တွေထဲကို ချက်ချင်းပြန်ရောက်သွားလေသည်။ ပညာလိုပမာသူတောင်းစားဆိုတာ ဝေ့လို့ ကလေးမျိုးကို ပြောတာပင်ဖြစ်လိမ့်မည်။ အဆောင်ကဆရာမတွေချပေးတဲ့ မေးခွန်းဟောင်းတွေကို လေ့ကျင့်ရတာ အားမရလို့ဆိုပြီး တခြားအပြင်က မေးခွန်းဟောင်းစာအုပ်တွေ ဝယ်ပေးဖို့ မင်းဉာဏ်ကို အပူကပ်ထားတာ။
"GCE O Level မေးခွန်းတွေလည်း ပါမလာဘူး။"
အခုလည်းနူတ်ခမ်းက စူပြီးထွက်လာလေပြီ။
"အဲ့စာအုပ်တွေက မထွက်သေးတာ။ နောက်လလောက်မှ ရောက်မယ်လို့ ပြောတယ်။ ကိုယ်ကြုံရင်လည်း ကြုံသလို ဝင်ကြည့်ပေးပါ့မယ်။ဒါနဲ့ ဝေတို့က တာမွေမှာဖြေရမှာဟုတ်လား။"
"အင်း။ဟုတ်တယ်။"
"တာမွေဆို ဆယ်တန်းပြီးရင် ဆေး-၂ ဘဲ။ ကိုယ်တို့နဲ့ကျောင်းတူမှာ။"
"အမ်။ကျွန်တော်ဆေးကျောင်းမလျှောက်ဖြစ်လောက်ဘူးထင်တယ်။"
"ဟုတ်လား။"
ဝေလွှမ်းက ခေါင်းကိုခပ်လေးလေး ငြိမ့်ပြလေသည်။ ဒီကလေး ဒီလောက်စာကြိုးစားနေတာ ကျိန်းသေပေါက် ဆေးကျောင်းတက်ဖို့အတွက်ဆို မင်းဉာဏ်ထင်ခဲ့တာ။ မင်းဉာဏ်ဘဲအမှတ်မှားနေခဲ့တာပေါ့။
"ကိုယ်ကတော့ကိုယ်နဲ့ကျောင်းတူရင်ကောင်းမှာဘဲလို့တောင်တွေးနေတာ။ရ့ပါတယ်။ဘယ်တက္ကသိုလ်တက်တက် ဝေ့သဘောပါ။ ဒါပေမယ့် မန္တလေးကိုဘဲ ပြန်ပြီးတက်မှာလား။"
"အင်း။ ဘာမှမတွေးရသေးဘူး။"
ဝေ့အဖြေက ဘာမှ ရေရေရာရာမရှိလှ။ ချစ်သူဖြစ်တာကမှ နှစ်လလောက်သာရှိဦးမည်။ မင်းဉာဏ်မှာ တပြည်သားကို ချစ်မိတော့ နောင်ရေးအတွက် ခုကတည်းက ကြိုပြီး စိတ်ပူနေရပြီ။ ဒီကလေး ဆယ်တန်းပြီးလို့ မန္တလေးများပြန်သွားရင်ဘယ်လိုလုပ်ရမလဲလို့ တွေးပြီးရင်မောမိတာ အကြိမ်ကြိမ်ပင်။ မင်းဉာဏ်အနေနဲ့ကလည်း ဝေ့အဖြေအပေါ် အားမလို အားမရဖြစ်မိရုံကလွဲလို့ ဘာမှ မတတ်နိုင်။ ဝေလည်း စိတ်မပူဘူးလားလို့ မေးကြည့်ချင်ပေမယ့် ဒီကလေးခေါင်းထဲ ခုချိန် စာကလွဲလို့ တခြားအပူတွေလည်း မပေးချင်ပါ။
"ဟေ့..။ဝေလွှမ်း။"
ရုတ်တရက် မင်းဉာဏ်တို့နားရောက်လာတဲ့ စိုင်းဝေယံတို့အဖွဲ့ကြောင့် မင်းဉာဏ်ချက်ချင်းဘဲ ဝေလွှမ်းနားမှာ ခွာလိုက်ပြီး အိန္ဒြေဆယ်လိုက်မိသည်။
"မင်းစာအူပ်တွေရပြီလား။ရရင် သိမ်းပြီးလိုက်ခဲ့တော့။ ထမင်းစားဖို့ကိုခေါ်နေပြီ။"
မင်းဉာဏ်ရောက်လာကတည်းက ဝေလွှမ်းမှာထားတာတဲ့စာအုပ်တွေ ပေးဖို့လို့ ထိုကောင်လေးတွေကို ပြောခဲ့တာမို့ နှစ်ယောက်တည်းထိုင်နေတဲ့ ဝေနှင့် မင်းဉာဏ်ကို ခပ်ရိုးရိုးရှင်းရှင်းသာ တွေးပုံရသည်။ လာရတဲ့အကြောင်းပြချက်သည် စာအုပ်တွေကိုအကြောင်းပြပြီး ဝေ့ကို တွေ့ချင်တာ သပ်သပ်ဖြစ်ကြောင်းသတိထားမိဟန်မတူပါ။
စိုင်းဝေယံကိုကြည့်လိုက်တော့ လက်ထဲမှာက ဘောလုံးတစ်လုံးကိုပိုက်ထားသည်။ ရပ်နေတဲ့ ကလေးအသီးသီးလည်း ချွေးတွေနှင့် ရွဲနစ်နေလေသည်။ ခုနက သူတို့ ဘောလုံးကန်နေကတည်းက ဒီနေ့တော့ တီချယ်ကြီး မရှိလောက်ဟု ခန့်မှန်းမိသား။ အဲ့တာကြောင့် သူတို့ ညနေပိုင်းအချိန် အားလပ်ချိန်ရတုန်းလေး လွတ်လပ်ချင်တိုင်းလွတ်လပ်နေကြတာ။ တီချယ်ကြီး ရဲ့ညီမကတော့ အသံကသာ ကျယ်တာ။ သြဇာကသူတို့အပေါ်သိပ်ပြီး မလွှမ်းနိုင်ရှာ။
"အေး။ ငါလာမယ်။ စာအုပ်တွေစစ်နေလို့။"
ဝေလွှမ်းချက်ချင်းဘဲ ကွပ်ပျစ်ပေါ်က စာအုပ်တွေကိုကောက်လိုက်သည်။ မင်းဉာဏ်လည်း ကူသိမ်းပေးနေတဲ့အချိန်မှာဘဲ အမှတ်မထင်လူတွေကို ကြည့်လိုက်တော့ လူက ဝေလွှမ်းအပါအဝင်မှ ဆယ့်ခုနှစ်ယောက်သာရှိလေသည်။ တစ်ယောက်ပျောက်နေတာဘဲ။ အမြဲမြင်နေကျ တပည့်တွေမျက်နှာမို့ မင်းဉာဏ်မှတ်မိလေသည်။
"ထက်မာန်ဦး.အဲ့ကောင်လေး ဘယ်ရောက်နေတာလဲ။"
အစ်ကို့နူတ်မှထွက်ပေါ်လာသောထိုနာမည်ကြောင့် ဝေလွှမ်း စာအုပ်တွေကို သိမ်းရင်းမှ အစ်ကို့ကိုမော့ကြည့်မိသည်။ ဘာလို့ မာန့်ကို အစ်ကိုက အဲ့လောက် စိတ်ဝင်စားနေရတာလဲ။
"သူလား။မနေ့ကမိုးမိပြီး ဖျားသွားတာလေ။ ဒီည မမရွေရည် ဂိုက်အချိန်တောင်တက်ပါ့မလားဘဲ။"
"သြော်..။"
မင်းဉာဏ်ထိုမျှလောက်သာရေရွတ်လိုက်မိလေသည်။ ပြီးတော့ သိမ်းလက်စ စာအုပ်တွေကို ကောက်ထည့်ပြီး ဝေ့ရဲ့ လက်ထဲကို ပေးလိုက်လေသည်။ ဝေကစာအုပ်တွေကို ပိုက်ပြီး ချာခနဲ လှည့်ထွက်သွားလေသည်။ မင်းဉာဏ်ကိုတောင်နူတ်မဆက်သွား။ ဘာဖြစ်သွားတာပါလိမ့်။
"ကျွန်တော်တို့ သောကြာနေ့မှာတွေ့မယ်နော်။ သွားပြီ။ အစ်ကို။"
စိုင်းဝေယံကတော့ မင်းဉာဏ်ကိုလက်ကိုဝှေ့ရမ်းပြရင်းထွက်ခွာသွားလေသည်။ မင်းဉာဏ်ခေါင်းကိူသာ အသာ ညိမ့်ပြလိုက်မိတော့သည်။ ထို့နောက်မင်းဉာဏ်ရဲ့အကြည့်တွေကတဖြည်းဖြည်း ဝေးလျက်ပျောက်ကွယ်သွားတဲ့ ကျောပြင်အဖြူရောင်ဆီမှာသာ။