အပိုင်း(၅၃၄)
"ထျန်းမိန်းကလေး မင်းသေချာ စဉ်းစားပါဦး၊ နင် ငါ့ကို ပါးရိုက်လိုက်ရင် ထျန်းအုပ်စုက နောက်နှစ်ရောက်ရင် သူ့ရဲ့အရေးပါဆုံး စီးပွားရေး ပါတနာကို ဆုံးရှုံးသွားမယ်"
၎င်းအမျိုးသမီးက ထျန်းရွှမ်ကို တည့်တည့်ကြည့်ရှုလာသည်။
လူတိုင်း၏မျက်စိရှေ့မှာ ထျန်းရွှမ် ခြိမ်းခြောက်ခံရသည်။
သူမ ပါးရိုက်လိုက်လျှင် သူမ၏ လှုပ်ရှားမှုကို ထျန်းအကြီးအကဲ အပါအဝင် ပွဲတက်ရောက်သူ အားလုံး မျက်မြင်တွေ့သွားလိမ့်မည်။
အကယ်၍ သူမ နောက်ဆုတ်လိုက်လျှင် သူမ သိက္ခာကျလိမ့်မည်။
ထျန်းရွှမ်က ဆက်ဆံသူမိန်းကလေးကို ပါးမရိုက်ရဲလောက်ဟု တွေးနေစဉ် ဖြန်းခနဲ မြည်သော ရိုက်ချက်က ပဲ့တင်ထပ်လာသည်။ ထျန်းရွှမ်က လူအများရှေ့မှာ အမှန်တကယ် ပြဿနာ ရှာခဲ့သည်။
ဧည့်သည်တော် အားလုံးထံမှ ချီးမွမ်းစကားများကို ထျန်းနင် ရရှိခဲ့ပြီး သူမကို လျစ်လျူရှုထားသည့် အဖြစ်အပျက်ကို သူမ ရုတ်တရက် အမှတ်ရသွားသည်။ ထျန်းနင်က အရမ်းကို အရည်အချင်း ရှိနေလျှင် သူမ ဒုက္ခပေးထားသော ပြဿနာကို မည်သို့ ဖြေရှင်းမလဲ သိချင်မိသည်။
ထျန်းရွှမ်က သူ့ရန်သူကို ဖျက်ဆီးရန် သူမကိုယ်သူမ စတေးသော နည်းလမ်းကို မည်သို့ အသုံးပြုသင့်လဲသာ သိသည်။ သူမက အကျိုးဆက်ကို စဉ်းစားတွေးခေါ်ခြင်း မရှိပေ။
"ထျန်းရွှမ်သခင်မလေးက ရူးနေတာလား။ ရှအုပ်စုရဲ့ ဆက်ဆံသူကို တကယ်ပါးရိုက်လိုက်ရလား"
"ဦးနှောက်ပျက်နေတာလား"
"ဝန်ထမ်းတွေက ကုမ္ပဏီအတွက် ခက်ခက်ခဲခဲ အလုပ်ကြိုးစားထားတဲ့ ကြိုးပမ်းမှု အားလုံးကို ဖျက်စီးပစ်လိုက်တာပဲ"
ထျန်းအုပ်စု၏ဝန်ထမ်းများက သူတို့မကျေနပ်သော ခံစားချက်ကို နှုတ်အားဖြင့် ဖွင့်ဟကြသည်။ အထူးသဖြင့် ထျန်းရွှမ်က အရေးကြီးသော ပွဲအခမ်းအနားမျိုးတွင် ရူးမိုက်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့၍ သူတို့ မကျေနပ်ကြပေ။ ထျန်းအုပ်စုတွင် ထျန်းနင်၏ဂုဏ်သတင်းက တစ်နေ့ထက် တစ်နေ့ တိုးတက်လာခြင်းက အံ့ဩစရာ မရှိချေ။ တစ်စုံတစ်ယောက်က ပြဿနာများကို ဖြေရှင်းနေစဉ် တခြားတစ်ယောက်က ပြဿနာ ရှာကြံနေသည်။
ပါးရိုက်ခံရသော ရှသခင်မလေးက သူမကို ထျန်းရွှမ် ရိုက်ရဲလိမ့်မည်ဟု မမျှော်လင့်ခဲ့၍ နာကျင်နေသော ပါးတစ်ဖက်ကို လက်ဖြင့်ကွယ်ပြီး ထျန်းရွှမ်ကို ဒေါသတကြီး ကြည့်ရှုနေသည်။
ထျန်းရွှမ် ရုတ်တရက် ကြောက်စိတ်ဝင်လာသော်လည်း လေသံခပ်မာမာဖြင့် သူမ၏ခံစားချက်ကို ဖုံးကွယ်ထားသည်။
"နင်ပဲ ရိုက်ဖို့ တောင်းဆိုခဲ့တာလေ။ ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။ ဘာပဲဖြစ်ဖြစ် ဒါက ထျန်းအုပ်စုရဲ့ နှစ်ပတ်လည် ဂုဏ်ပြုပွဲပဲ"
"ထျန်းအုပ်စုက ရှအုပ်စုနဲ့ အလုပ်တွဲ မလုပ်ချင်တော့ဘူး ထင်တယ်"
ရှသခင်မလေးက လှည့်မထွက်သွားခင် ထျန်းရွှမ်ကို အေးစက်စက် ပြောသည်။
"ခဏစောင့်ပါဦး"
လူတိုင်းက အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်ပြီး သူမအတွက် လမ်းဖယ်ပေးကြသည်။
အမည်းရောင် ပွယောင်းယောင်း ဝတ်စုံကို ဝတ်ဆင်ထားသော စွဲမက်ဖွယ်မိန်းကလေးက တခြားသူ မဟုတ် ထျန်းနင် ဖြစ်နေသည်။ သူမ၏လက်ကောက်ဝတ် နှင့် နားရွက်တွင် ဝတ်ဆင်ထားသော စိန်ကြောင့် ကြယ်များလင်းလက် တောက်ပနေသော ကောင်းကင်နှင့် အသွင်တူသည်။
သူမ၏ကြော့ရှင်းလှပသော ဖြစ်တည်မှုကြောင့် လူတိုင်း အသက်ရှုရန်ပင် မေ့လျော့နေသည်။
အထူးသဖြင့် သူမ၏ညာဘက်တွင် မတ်တတ်ရပ်နေသော မို့ထင်က ဧကရာဇ် အရှိန်အဝါ ရှိသည်။
မည်သူက သူတို့ဇနီးမောင်နှံက အရှိန်အဝါကို ယှဉ်နိုင်စွမ်း ရှိမည်နည်း။
"ထျန်းနင် ရောက်လာတာပဲ"
"ပြန်လည် အရေးသာဖို့ အခွင့်အရေး ရှိပြီ"
"အချိန်မှီရောက်လာတာပဲ။ တတိယသခင်မလေးက ထျန်းအုပ်စုရဲ့ သိက္ခာ ပြန်ဆယ်ပေးမာပဲ။ တခြားသူကြောင့်နဲ့တော့ အပျက်စီးခံမယ် မထင်ဘူး"
လူတိုင်းက သူတို့၏စိတ်လှုပ်ရှားသော ခံစားချက်ကို ဖော်ပြကြသည်။
"ခဏနေပါဦး"
ထျန်းနင် ထပ်ပြောသည်။
ရှသခင်မလေး အနည်းငယ် အံ့အားသင့်သွားပြီး သူမအနား လမ်းလျှောက်လာသော ထျန်းနင် နှင့် မို့ထင်ကို အကဲခတ်သည်။
ထျန်းနင်က ပြဿနာ ဖြေရှင်းခြင်းတွင် ထူးချွန်သည်ဟု ကြားဖူးသော်လည်း မျက်မြင် မတွေ့ဖူးပေ။ ယနေ့ ခက်ခဲသော အခြေအနေက ထျန်းနင်၏အရည်အချင်းကို စမ်းသပ်နိုင်သော အကောင်းအဆုံး အခွင့်အရေးဖြစ်သည်။
"မိန်းကလေးထျန်းနင်"
ရှသခင်မလေးက လှောင်ရယ်သည်။
"ဘာလဲ။ နင့်အစ်မက ငါ့ကို ပါးရိုက်တာ မလုံလောက်သေးလို့။ နင်ပါ ပူးပေါင်းချင်တာလား"
"ရှမိန်းကလေးက ကျွန်မကို အချိန် တစ်မိနစ်လောက် ပေးပါလား"
ထျန်းနင်က လေးလေးနက်နက် စကားပြောသည်။
သူမ ငြင်းဆန်ချင်ခဲ့သော်လည်း ထျန်းနင်၏ လေးနက်သော အကြည့်ကြောင့် မငြင်းဆန်ခဲ့ပေ။
"ရတယ်လေ"
ရှမိန်းကလေးက ထျန်းနင်က သံသယမျက်ဝန်းဖြင့် စပ်စပ်စုစု ကြည့်လိုက်ပြီး စကားပြောခွင့် ပေးခဲ့သည်။
"ထျန်းနင်၊ နင့်အစ်မကြီးက အနိုင်ကျင့်ခံနေရတာနော်။ အခုလို အချိန်မျိုးမှာ နင်က အပြင်လူဘက်က ရပ်တည်မလို့လား"
ထျန်းရွှမ်က ပြဿနာကို ပို၍ ဆိုးရွားအောင် ဖန်တီးနေသည်။
ထိုစကားသံကို ကြားပြီးနောက် ထျန်းနင်က ထျန်းရွှမ်ဘက် အေးစက်စက် လှည့်ကြည့်လိုက်ပြီး စကားပြောသည်။
"ထျန်းအုပ်စုနဲ့ ပတ်သက်ရင်တော့ မိန်းကလေးထျန်းရွှမ်က လုံးဝ အပြင်လူပဲ"
"နင်... "
"နင့်လို အပြင်လူတစ်ယောက်က ထျန်းအုပ်စုရဲ့ ပိုင်နက်ထဲမှာ ထျန်းအုပ်စုရဲ့ အထူးဧည့်သည်တော်ကို အနိုင်ကျင့်ခဲ့တာလေ။ နင့်ကိုယ်နင် ဘယ်လို ဖြေရှင်းချက် ပေးချင်လဲ"
ထျန်းနင်က တစ်ခွန်းချင်း ပြန်လည် ချေပလာသည်။ မို့ထင်က သူ့ဇနီးဘေးနား မတ်တတ်ရပ်နေပြီး ဇနီးသည်ကို တစ်ချိန်လုံး ကာကွယ်စောင့်ရှောက်နေသည်။
ထျန်းရွှမ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်ပေ။ ထျန်းနင်က သူမကို ဆက်လက် ဖိအားမပေးဘဲ ရှမိန်းကလေးဘက်လှည့်ကာ စကားပြောသည်။
"ရှမိန်းကလေး၊ အလုပ်ကိစ္စကို လူကြီးတွေပဲ ကိုင်တွယ်ပါစေ။ သူတို့ကို အခက်တွေ့အောင် မလုပ်ရင် အကောင်းဆုံးပဲ။ မင်းလည်း မနစ်နာရအောင် ငါ ကြိုးစားပေးပါမယ်။ မင်း ကျေနပ်နိုင်မလား"
ထိုစကားသံကို ကြားပြီးနောက် ရှမိန်းကလေး၏ မျက်နှာပေါ်တွင် အပြုံးလေး ပေါ်လွင်လာသည်။
ဤညီအစ်မ နှစ်ယောက်က မိုးနှင့် မြေကဲ့သို့ ခြားနားသည်။
ပါးတစ်ချက် ရိုက်လိုက်ရုံဖြင့် ထျန်းအုပ်စု နှင့် ရှအုပ်စု၏ ပူးပေါင်းမှုကို ဖျက်သိမ်းစရာ အကြောင်းမရှိပေ။ ဒေါ်လာသန်းချီ ရင်းနှီးထားရသော စီးပွားရေး ဖြစ်နေ၍ စီးပွားရေး လုပ်ငန်းတစ်ခုလုံးကို ထိခိုက်သွားနိုင်သည်။ သူမက ခြိမ်းခြောက်ရုံ သက်သက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရှမိန်းကလေးကို ပျော်ရွှင်စေသည့် အချက်က ထျန်းနင်သည် သူ့အစ်မဘက်က ရပ်တည်ကာကွယ်ခြင်း မရှိ၍ ဖြစ်သည်။ ထျန်းရွှမ်အပေါ် ထားရှိသော စက်ဆုပ်သော ခံစားချက်များကို မြင်တွေ့ရ၍ ထျန်းနင်က သူမနှင့် ခံစားချက် တူနေသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် မိန်းကလေးထျန်းနင်က ဒီပြဿနာကို ဘယ်လိုဖြေရှင်းမယ် စီစဉ်ထားလဲ"
၎င်းအမျိုးသမီး၏ တုံ့ပြန်မှုကို ကြားပြီးနောက် ထျန်းနင်က သူမ၏ အမြင်ကို သဘောပေါက်သွားသည်။ မို့ထင်၏ဘေးနားမှ ထွက်လာပြီး ထျန်းရွှမ်အနား လမ်းလျှောက်သွားကာ တောင်းဆိုသည်။
"'ရှမိန်းကလေးကို သုံးကြိမ် ဦးညွှတ်ပြီး တောင်းပန်စကား သုံးခါ ပြောလို့ရမလား"
ထို့နောက် သူမက ရှမိန်းကလေးဘက် လှည့်ကာ စကားပြောသည်။
"ရှမိန်းကလေးရော လက်ခံလား"
ရှမိန်းကလေးက စက္ကန့်ပိုင်းမျှ နှုတ်ဆိတ်နေပြီးမှ ခေါင်းညိတ်သည်။ ထျန်းရွှမ် ဆန္ဒရှိလျှင် သူ ကျေကျေနပ်နပ် လက်ခံမည်။
"အိပ်မက်ပဲ ဆက်မက်နေလိုက်တော့"
ထျန်းရွှမ်က ထျန်းနင်ကို အော်ပြောသည်။
"နင်က ဒုတိယနည်းလမ်းကို ပိုသဘောကျမယ် ထင်တယ်"
ထျန်းနင်က လူတိုင်းကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ စကားပြောသည်။
"ငါက လက်တုံ့ပြန်တတ်တဲ့ အကျင့်စရိုက် ရှိတာ လူတိုင်းလည်း သိမှာပါ။ ထျန်းရွှမ်က တောင်းပန်ဖို့ ငြင်းဆန်ရင်တော့ ဦးညွှတ်တောင်းပန်ဖို့ ဖိအား မပေးတော့ဘူး။ အဲဒီအစား ရှမိန်းကလေးကိုယ်တိုင် ပါးပြန်ရိုက်ခွင့် ပေးလိုက်ရမလား"
"ဒါမှပဲ တရားမျှတမယ်မလား"
အပိုင်း(၅၃၄)
ပြီး၏။