အပိုင်း(၅၃၁)
တကယ်တမ်း ဖေးထန်ကို ပိုင်ဆိုင်ခွင့်ရရန် မလွယ်ကူပေ။
သရုပ်ဆောင်တိုင်း ဖေးထန်ဆုကို မျှော်မှန်းကြသည်။ ယှဉ်ပြိုင်သူများက အရည်အချင်း ရှိကြသည့် အပြင် နောက်ခံကောင်းကြသည်။ ဆုပေးပွဲ ရလဒ်ကိုလာဘ်ထိုး၍ မရနိုင်သော်လည်း ဤဆုတံဆိပ်ကို ပိုင်ဆိုင်ခွင့်ရရန် လူအများစုက ကြိုးစား အားထုတ်ကြသည်။
သို့တိုင် ဤဆုကို သူ့ဇနီးလေး ပိုင်ဆိုင်ရမည်ဟု မို့ထင်က ယုံကြည်ထားသည်။
ဤအတွေးကြောင့် မို့ထင်၏ အကြည့်တွင် လေးနက်သော ခံစားချက်များ ဖြစ်ပေါ်လာသည်
...
ဖေးထန်ဆု၏ မဲခွဲရွေးချယ်ခြင်း အပိုင်း သုံးပိုင်းခွဲထားသည်။ ။ ၂၀ ရာခိုင်နှုန်းက ပရိသတ်များ၏ အမှတ်ပေးခြင်း၊ ၅၀ ရာခိုင်နှုန်းက အကဲဖြတ်ဒိုင်လူကြီးများ၏ အမှတ်ပေးခြင်း နှင့် တိုးတက်မှု စာရင်းဇယား အချက်အလက်က ၃၀ ရာခိုင်နှုန်း ဖြစ်သည်။ ပရိသတ်ပေးမှတ်မှ လွဲ၍ ကျန်ရှိသော အမှတ်ပေးခြင်းများက လွှမ်းမိုးချုပ်ကိုင်၍ မရပေ။ ထို့ကြောင့်လည်း ဖေးထန်ဆုက တရားမျှတမှု ရှိသောဆုပေးပွဲ အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပရိသတ်၏ ၂၀ ရာခိုင်နှုန်း မဲပေးခြင်းက သရုပ်ဆောင်၏ ကျော်ကြားမှုကို ကိုယ်စားပြုနိုင်သော်လည်း နောက်ဆုံး ရလဒ်ကို လွှမ်းမိုးနိုင်စွမ်း မရှိပေ။
"တက်သစ်စ အနုပညာရှင်ဆုကို ဘယ်သူက စိတ်ဝင်စားနေလို့လဲ။ နင်က အကောင်းဆုံးသရုပ်ဆောင်ဆုပဲ ရသင့်ရထိုက်တယ်"
ဧည့်ခန်းလေးအတွင်းမှာ ထျန်းနင်က လုံကျဲ၏ အပြုအမူကြောင့် ရယ်မောနေရသည်။ လုံကျဲက လျာထားသော သရုပ်ဆောင် စာရင်းကို ကြည့်ပြီး သူ့အမြင်ကို ထုတ်ပြောနေခြင်း ဖြစ်သည်။
"ရောမမြို့ကို တစ်နေ့တည်းနဲ့ တည်ထောင်ခဲ့တာမှ မဟုတ်တာ။ ဖေးထန်ဆုပေးပွဲရဲ့ အကဲဖြတ်ဒိုင်တွေကလည်း အရည်အချင်း ရှိကြတယ်။ ဘယ်သူကို ဆုပေးရမလဲ နှစ်တိုင်း ငြင်းခုန်နေရလို့ ဖေးထန်ဆုကို လက်ခံရတဲ့ သရုပ်ဆောင်က ဂုဏ်သတင်းကြီးမား တာပေါ့"
ထို့ကြောင့်လည်း ထျန်းနင် စိတ်လှုပ်ရှား ရင်ခုန်နေခြင်း ဖြစ်သည်။
"နင့်ကိုယ်နင် လပေါင်းများစွာ အိမ်ထဲ ပိတ်လှောင် ထားတာတောင် နင်ရဲ့လက်ရှိ ကျော်ကြားမှု နဲ့ လူအများရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းတွေကြောင့် ပရိသတ်ပေးတဲ့ အမှတ် မရမှာ စိုးရိမ်စရာ လုံးဝ မလိုအပ်ဘူး"
"သူတို့ဘက်က လေးလေးနက်နက် အမှတ်ပေးရင်တော့ ဒီလိုပဲ ဖြစ်လာမှာပါ"
ထျန်းနင်က အပြုံးလေးဖြင့် ပြန်ဖြေသည်။ မည်သို့ပင် ဆိုစေကာမူ သူမက အကဲဖြတ်ဒိုင်လူကြီးများ၏ ထင်မြင်ယူဆချက်ကို ပို၍ တန်ဖိုးထားသည်။
လုံကျဲ၏အကြည့်က ထျန်းနင်၏ဝမ်းဗိုက်ပေါ် ကျရောက်သွားသော အခိုက်အတန့် သူမ နှုတ်ဆိတ်သွားခဲ့သည်။
"သူဌေးက နင် ကိုယ်ဆောင်ထားရတဲ့ သတင်းကို ဘယ်အချိန် ကြေညာဖို့ စီစဉ်ထားလဲ"
"အလျင်မလိုပါဘူး"
ထျန်းနင်က သူ့ဗိုက်လေးကို ပွတ်သပ်ကာ ပြန်ဖြေသည်။
"အချိန်တန်ရင် ငါတို့ကြေညာမှာပါ"
ထိုစကားသံကို ကြားပြီးနောက် လုံကျဲ တခြားပြောစရာ စကားမရှိတော့ပေ။ ယခုလို လူအများစိတ်ဝင်စားနိုင်သော သတင်းကို ထျန်းနင် သေချာပြင်ဆင်ထားမည်မှန်း သိနေသည်။သူမမှာ တခြားဦးစားပေး လုပ်ဆောင်ရမည့် ကိစ္စ ရှိနေ၍ ကြန့်ကြာနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော်လည်း ထိုစဉ်အခိုက်အတန့် ထျန်းနင်၏မျက်ဝန်းထဲ အေးစက်စက် အလင်းတန်း ဖြစ်ပေါ်လာသည်။ သူမကို ကိုယ်ဝန်မဆောင်နိုင်သော အမြုံမဟု သမုတ်ခဲ့သူများ နှင့် သူမကို မကောင်းကြံခဲ့သော ထျန်းရွှမ်ကို နာကျင်အောင်တိုက်ခိုက်ရန် အသင့်ဖြစ်နေပါပြီ။
"ဟေ့ စုန့်ယန်ရှူမလား။ ဘာလို့များ လှေကားအောက်ထစ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာလဲ"
စုန့်ယန်ရှုက အပြင်ဘက်မှာ မတ်တတ်ရပ်နေသော မြင်ကွင်းကို ဖန်သားပြတင်းပေါက်မှ တဆင့် မြင်တွေ့ရသည်။
"ငါနဲ့ လာစကားပြောရမလား မပြောရဘူးလား တွေဝေနေပုံပဲ"
ထျန်းနင်က တည်ငြိမ်စွာ ပြန်ပြောသည်။
"ဘယ်လိုဖြစ်တာလဲ"
လုံကျဲက ထျန်းနင်ကို နားမလည်နိုင်စွာ ငေးကြည့်သည်။ သူမက ထျန်းကျင်းရွှမ် နှင့် စုန့်ယန်ရှုတို့၏ ရှုပ်ထွေးသော ဆက်ဆံရေးကို လုံးဝ မသိပေ။
ထျန်းနင်က ခပ်တိုးတိုး ရယ်မောပြီး လေသာဆောင်ဘက် လျှောက်သွားသည်။ ထို့နောက် သူမက အောက်ထပ် ငုံ့ကြည့်ပြီး လှမ်းအော်သည်။
"တက်လာခဲ့လေ"
စုန့်ယန်ရှုက အားတုံ့အားနာ မော့ကြည့်သည်။ သူမကို လှမ်းမြင်သွားမည်ဟု မထင်ခဲ့ပေ။ သူမ အရဲကိုးပြီး စပိန်နန်းတော် ဒီဇိုင်း နန်းတော်ထဲ ဝင်ရောက်လိုက်ပြီး ထျန်းနင် အရှေ့နား တရှပ်ရှပ် လမ်းလျှောက်သွားသည်။
"အစ်မထျန်းနင်နဲ့ စကားပြောချင်လို့ပါ"
"ပြောပါ လုံကျဲက အပြင်လူ မဟုတ်ဘူး"
ထျန်းနင်က သူမ၏မေးဖျားဖြင့် ထိုင်ခုံကို ညွှန်ပြသည်။ သူမက စုန့်ယန်ရှုကို ထိုင်ရန် ဟန်အမူအရာပြသည်။
"ကျင်းရွှမ် သတင်းမေးချင်နေတာ ငါ သိတယ်။ ဒါပေမဲ့ အားနာနာနဲ့ပဲ ငြင်းပါရစေ အခုချိန် သူဘာတွေးနေလဲ ငါ တကယ် မသိဘူး"
"ကျွန်မ တောင်းပန်ချင်ပေမဲ့ သူ့ကို ဆက်သွယ်လို့ မရဘူး"
စုန့်ယန်ရှု အားတင်းပြုံးသည်။
"မင်း တောင်းပန်ဖို့ မလိုအပ်ပါဘူး။ သူက ဒီဖျော်ဖြေရေးလောကကြီးရဲ့ ယုတ်ညံ့မှုတွေကို မကြိုက်လို့ ကျောခိုင်းခဲ့ရုံပဲ"
ထျန်းနင်က နှစ်သိမ့်သည်။ သို့သော်လည်း ဤစကားလုံးများက စုန့်ယန်ရှုအပေါ် သက်ရောက်မှု မရှိခဲ့ပေ။
"အစ်မထျန်းနင်။ သူက ဒီလောကကြီးရဲ့ မကောင်းတဲ့ ယုတ်ညံ့မှုတွေကို ပထမဆုံး ကြုံတွေ့ဖူးတာမှ မဟုတ်တာ။ ဘာလို့ ဒီတစ်ခေါက်မှ..."
"ဒီမေးခွန်းကို မင်းကိုယ်မင်းပဲ ပြန်မေးသင့်တယ်"
ထျန်းနင်က စကားဖြတ်ပြောသည်။
"ထားလိုက်ပါတော့။ မင်းက ဘာလို့များ ကျင်းရွှမ်ကို အရမ်းကျော်ကြားစေချင်တာလဲ။ ကျင်းရွှမ် ကြောင့်ပဲလား တခြားရည်ရွယ်ချက်ကြောင့်လား"
စုန့်ယန်ရှုက ဤမေးခွန်းကို ကြားရသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ရှားကျင်းရီကြောင့် ခံစားခဲ့ရတဲ့ ဝေဒနါတွေကို ကုစားပေးဖို့ မင်းကိုယ်မင်း စတေးပြီး သူ့ကို အန္တရာယ်တွင်းက ဆွဲထုတ်ပေးခဲ့တယ်။ မင်းက သူ့ကို ချစ်တတ်ဖို့ ဒုတိယအခွင့်အရေး ပေးခဲ့တဲ့ မင်းက တခြားသူရဲ့ကောင်းကျိုး အတွက် မင်းလုပ်ခဲ့တဲ့ အပြုအမူက သစ္စာဖောက်တာထက် ပိုဆိုးရွားခဲ့တယ်"
"သူ့ကို တလျှောက်လုံး အသုံးချခဲ့လား ဆိုတဲ့ အတွေးကို သူ မရပ်တံ့နိုင်ခဲ့ဘူး"
စုန့်ယန်ရှု၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"သူက အခုဆို ပတ်ဝန်းကျင် အသစ် ရောက်နေပြီဆိုတော့ သူ့အတွက်လည်း ကောင်းတာပေါ့။ မင်းလည်း မင်းဘဝကို ရှေ့ဆက်လျှောက်ပါ။ သူ့အတွက် စိတ်မကောင်း မဖြစ်နဲ့။ တောင်းပန်စရာလည်း မလိုအပ်ဘူး"
စုန့်ယန်ရှုက စကားတစ်ခွန်းမျှ မပြောဘဲ Hyatt Regencyမှ ထွက်ခွာသွားသည်။.
ထိုစဉ် လုံကျဲက ထျန်းနင်စကား၏ အဓိပ္ပါယ်ကို နက်နက်နဲနဲ စဉ်းစားနေသည်။
"ယန်ရှုက နင့်စကားရဲ့သဘောကို နားမလည်ပေမဲ့ ငါက နင့်အနား နေတာကြာတော့ နင်ပြောချင်တဲ့ သဘောကို သိတယ်။ နင်က ထျန်းကျင်းရွှမ်ဘက်က ရပ်တည်ပေးတာ ဟုတ်တယ်မလား"
"ငါကလား"
ထျန်းနင်က ခပ်တိုးတိုးရယ်မောသည်။
"ဒါပေါ့။ နင့်ရဲ့လက်စားချေတတ်တဲ့ အကျင့်အရ နင့်ဘေးနားက လူတွေလည်း ခြွင်းချက်အနေနဲ့ မလွတ်မြောက်နိုင်ပါဘူး"
"ငါက အမှန်တရားကို ပြောရုံပဲလေ။ ယန်ရှုက အလုပ်လုပ်တာ ထူးချွန်ပေမဲ့ အချစ်ရေးဘက် ထူးချွန်တဲ့သဘော ဘယ်ရှိပါ့မလဲ"
စုန့်ယန်ရှု ထိခိုက်အောင် လုပ်ဆောင်ခဲ့သူက သူ့မောင်လေး ဖြစ်နေသောအခါ သူ့မောင်လေး အသည်းကွဲရခြင်း နှင့်ထိုက်တန်သော ပြစ်ဒဏ်နည်းနည်း စုန့်ယန်ရှုကို ပေးရမည်။
...
ညဉ့်အချိန် ထျန်းအိမ်တော်
အိမ်တော်တွင် စိတ်အေးလက်အေး အနားယူရ၍ ထျန်းအကြီးအကဲက စိတ်ရော ကိုယ်ရော ကျန်းမာကြံ့ခိုင်လာသည်။ ထျန်းရွှမ် နှင့် ထျန်းနင်တို့ ကလေးမွေးဖွားမည့်ရက်ကို လက်ချိုးရေတွက်နေသည်။
သူ့ပထမဆုံး မြစ်လေးကို သူ့ရှယ်ရာ၂၀ ရာခိုင်နှုန်းကို အမွေပေးရန် ရှေ့နေနှင့် စီစဉ်နေသည်။
ထျန်းအကြီးအကဲက ဤအကြောင်းကို ကျန်ရှိသော တခြားမိသားစုဝင်များကို ထိမ်ချန်ထားခြင်း မရှိခဲ့ပေ။ ထျန်းနင် ကိုယ်ဝန်ဆောင်ထားရသည့် သတင်းကို ထျန်းရွှမ်မှ လွဲ၍ တခြားသောမိသားစုဝင်အားလုံး သိနေသည်။
ထျန်းရွှမ်က ထျန်းနင်ထက် စောလျင်စွာ ကလေးမွေးဖွားခဲ့လည်း ကလေးပိုင်ဆိုင်ရမည့် ကုမ္ပဏီ ရှယ်ရာ ၂၀ ရာခိုင်နှုန်းကို ထျန်းရွှမ်က စိတ်ကူးပင် မယဉ်သင့်ချေ။ သူမက ကလေးမွေးဖွားပြီးသည်နှင့် အိမ်တော်မှ ကန်ထုတ်ခံရမည့်သူ ဖြစ်သည်။
သို့သော်လည်း ထျန်းရွှမ်က ဤအကြောင်းကို မသိထား၍ မျှော်လင့်ချက်ထားနေသည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းနင် ကိုယ်ဝန်ဆောင်ထားရသည့် အကြောင်းကို သူမ မသိခဲ့ပေ။
"ဘိုးဘိုး။ ရှယ်ရာ ၂၀ ရာခိုင်နှုန်းက များမနေဘူးလား"
ထျန်းရွှမ်က သူမ၏ ရွှင်မြူးနေသောစိတ်ကို ထိန်းချုပ်သည်။
"အရမ်းများနေလို့လား။ တကယ်တမ်း မများပါဘူး"
အပိုင်း(၅၃၁)
ပြီး၏။