အပိုင်း(၅၂၁)
"သခင်လေး။ အခု ဘယ်သွားကြမလဲ"
အိမ်တော်ထိန်းက ကားထဲရောက်မှ မေးမြန်းသည်။
"သခင်လေးနောက်ကို နောက်ယောင်ခံ လိုက်နေတဲ့ သတင်းထောက်တွေ အများကြီးပဲ။ ကျွန်တော်တို့တွေ ထျန်းအိမ်တော် ပြန်သင့်လား"
"ကောင်းတာပေါ့"
ထျန်းကျင်းရွှမ်က ခေါင်းညိတ်ပြီး ထိုင်ခုံကို ကျောမှီသည်။
"အခုတော့ ဘာပြဿနာကိုမှ ဖြေရှင်းချင်စိတ် မရှိဘူး ကျွန်တော် အိပ်ချင်တယ်"
"ဘာများ ဖြစ်ခဲ့လို့လဲ""
"ဘာမှမဟုတ်ပါဘူး။ ငါ ခဏတော့ နားနားနေနေ နေချင်တယ် "
ထျန်းကျင်းရွှမ် ပြန်ဖြေသည်။ သို့သော်လည်း သူ့မျက်လုံးများကို ချက်ချင်း ပြန်ပိတ်မည့်အစား ဖန်ယွီကို ဖုန်းဆက်သည်။
"ငါ့မန်နေဂျာနေရာကို တခြားသူ အစားထိုးချင်တယ်။ ယောက်ျားလေး ဖြစ်ရင် အကောင်းဆုံးပဲ"
"မင်း နဲ့ စုန့်ယန်ရှုကြား ဘာတွေများ ဖြစ်ခဲ့လို့လဲ"
ဖန်ယွီက တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ခံစားရသည်။
"ဘာမှ မဖြစ်ပါဘူး။ ငါက သူနဲ့ အလုပ်ဆက်မလုပ်ချင်ရုံပါ"
ထျန်းကျင်းရွှမ်က အခိုင်အမာ ပြောဆိုသည်။
"အစားထိုးဖို့ လူရှာပေးပါ"
"ငါ စီစဉ်ထားလိုက်မယ်"
ဖန်ယွီက သူ့ကို ဖျောင်းဖျရန် မကြိုးစားပေ။ သူ့အသံက ပင်ပန်းနွမ်းနယ်သော ခံစားချက်များကို ဖော်ပြနေသည်။ သူတို့ ဖြစ်ခဲ့သော ကိစ္စကို သေချာမသိသော်လည်း ယခုအချိန်တွင် သူတို့ကို သီးခြားခွဲထားခြင်းက အကောင်းဆုံး ဖြစ်ကြောင်း သူ လက်ခံသည်။
ဖန်ယွီ၏ တုံ့ပြန်မှုကို ရပြီးနောက် ထျန်းကျင်းရွှမ် မျက်လွှာချလိုက်သည်။ သူ နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်စဉ် သူက ထျန်းအိမ်တော် ရောက်နှင့်နေပါပြီ။
...
[အဆိုတော်လောရှင်း ကားတိုက်မှုကြုံခြင်း၊ မတရားခံရသူ မီတာ ၁၀၀ လွှင့်ထွက်သွားသည်]
[အရက်မူးပြီး ကားမောင်း၍ လောရှင်း ရဲစခန်း ရောက်ခြင်း]
[လောရှင်း တရားဥပဒေမဲ့ ကားမောင်းခြင်း၊ ထျန်းအုပ်စု၏ သခင်လေးက အတင်းအဖျင်း သတင်းကို ဖုံးကွယ်ရန် မိသားစု နောက်ခံကို အသုံးချရန် ကြိုးစားခြင်း]
လက်ရှိအချိန်က ဤနှစ်၏အရေးကြီးဆုံး အချိန်ကာလ ဖြစ်သည်။ ဆုအများဆုက အကောင်းတကာ့ အကောင်းဆုံး အဆိုတော်များကို ရွေးချယ်ရန် စီစစ်နေကြသည်။ ယခုလိုအချိန်မျိုးတွင် လောရှင်းက မကောင်းသတင်း ထွက်ခဲ့လျှင် သူ ပိုင်ဆိုင်ရမည့် ဆုတံဆိပ်များက တခြားသူ၏လက်ထဲ ရောက်သွားနိုင်သည်။ ထို့ကြောင့် လောရှင်း၏ ပြိုင်ဘက်များက ယခုလို သတင်းမျိုးကို လျစ်လျူရှုမည်နည်း။
အကျိုးဆက် အနေဖြင့် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က သတင်းကို ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည့်တိုင် ထျန်းကျင်းရွှမ်၏ မကောင်းသတင်းကို ဖိနှိပ်နိုင်စွမ်း မရှိခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ သူ့မိသားစုနောက်ခံက ရှုပ်ထွေးနေ၍ သာမန်လူကဲ့သို့ အလွယ်တကူ မဖုံးဖိနိုင်ပေ။
ထိုနေ့မှစ၍ ထျန်းကျင်းရွှမ်က သူ့ကိုယ်ပိုင်တိုက်ခန်းသို့ ပြန်မသွားခဲ့ပေ။
ထိုစဉ် စုန့်ယန်ရှုက ဖန်ယွီ၏ဖုန်းကို လက်ခံလိုက်သည်။
"လောရှင်းအတွက် မန်နေဂျာအသစ် ခန့်ပြီးပြီ။ မင်းကတော့ လက်သစ်အနုပညာရှင်လေးကို ကူညီပေးလိုက်ပါ"
စုန့်ယန်ရှုက ယခုလို အခြေအနေမျိုးကို ကြိုတင်မျှော်မှန်း ထားသော်လည်း သူမက မဲ့ပြုံးပြုံးနိုင်စွမ်းပင် မရှိခဲ့ချေ။
"လောရှင်းက ငါ့ကို အဲဒီလောက်တောင် မမြင်ချင်တော့ဘူးလား"
"အခြေအနေတွေကို ဒီအထိ ရောက်နေပြီဆိုတော့ သူ့ကို ရှောင်နေလိုက်တာ အကောင်းဆုံးပဲ။ မင်းတို့နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။ အခု သူနဲ့ ပတ်သက်တဲ့ အတင်းအဖျင်း သတင်းတွေ များနေတာပဲ။ နောက်ထပ် တစ်ခု ထပ်မတိုးဖို့ပဲ လိုအပ်တယ်"
စုန့်ယန်ရှုက ခွန်းတုံ့ မပြန်ခဲ့ပေ။
"ဒီကိစ္စကို ပီအာအဖွဲ့က ဖြေရှင်းလိမ့်မယ်။ မင်း စိုးရိမ်နေဖို့ မလိုအပ်ဘူး။ လောရှင်း ဘာတွေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရပါ သူ့နောက်ကွယ်မှာ ထျန်းနင် ရှိနေပြီသား။ သူ ဘာမှ မဖြစ်နိုင်ပါဘူး။ မင်းက ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ထားပါ"
ဖန်ယွီ ညွှန်ကြားသည်။
"ကျွန်မ နားလည်ပါပြီ"
စုန့်ယန်ရှုက လေးလေးနက်နက် ပြန်ပြောသည်။
သူမက လောရှင်း၏ မန်နေဂျာ မဟုတ်တော့သည့်တိုင် သူ့ကောင်းကျိုးအတွက် တစ်ခု မဟုတ် တစ်ခု လုပ်ပေးချင်သေးသည်။ သူ့မှာ တောက်ပသော အနာဂတ် ရှိနေသေး၍ အလွယ်တကူ ပျက်စီးသွားခွင့် မပြုနိုင်ချေ။
...
ထျန်းနင်က သတင်းကြားကြားချင်း ထျန်းကျင်းရွှမ်ကို ဖုန်းဆက်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ထျန်းကျင်းရွှမ်က စုန့်ယန်ရှုနေရာ အစားထိုးရန် ဆုံးဖြတ်ခဲ့ခြင်းက တကယ်ကို ထူးဆန်းနေသည်။
တကယ်တမ်း စုန့်ယန်ရှုနေရာ အစားထိုးလိုက်ခြင်းက အတင်းအဖျင်း သတင်းထွက်ပေါ်ခြင်းထက် ပို၍ ကြီးမားသော ပြဿနာ ဖြစ်နေနိုင်သည်။
ထို့ကြောင့် သူမကိုယ်တိုင်ပင် ထျန်းကျင်းရွှမ်ကို ဖုန်းဆက်ခဲ့သည်။
"မောင်လေး မင်း အိမ်မှာလား"
"တခြားဘယ်နေရာကို မောင်လေးက သွားနိုင်ဦးမလဲ"
"ဘာလို့ မန်နေဂျာ ပြောင်းလိုက်တာလဲ"
ထျန်းနင်က အဓိကအချက်ကို တည့်တိုး ပြောလိုက်သည်။
"မင်း သူ့ကို အနိုင်ကျင့်တာလား"
"အစ်မ၊ နာကျင်ခံစားရတဲ့သူက ကျွန်တော်ပါ"
ထျန်းကျင်းရွှမ်က လှဲနေရာမှ အိပ်ရာပေါ် ချက်ချင်း ထလိုက်ပြီး ဖြစ်ကြောင်းကုန်စဉ် ရှင်းပြသည်။
"ဒီလိုဆိုရင် အစ်မ သိပြီမလား။ ကျွန်တော့်ရဲ့ ပထမဆုံး လူပျိုဘဝလေးကို ဆုံးရှုံးခံရပြီးမှ စွန့်ပစ်ခံတာလေ"
ထျန်းကျင်းရွှမ်၏စကားသံများကို နားထောင်ပြီးနောက် ထျန်းနင် ရယ်ချင်စိတ် ထိန်းမရပေ။
"မောင်လေး ငယ်ငယ်တုန်းက အဖြစ်ကို အမှတ်တရနေသေးတယ်။ ကံကြမ္မာဟောစတမ်း ထုတ်တဲ့သူက မောင်လေးကို အရွယ်ရောက်လာရင် အချစ်ရေးရော အောင်မြင်မှုမှာပါ အခက်အခဲတွေ ကြုံမယ် ဟောဖူးတယ်"
"အဲဒီတုန်းက မောင်လေး တအား ဒေါသထွက်ပြီး အဲဒီလူကြီးကို ခဲနဲ့ပေါက်ပြီး ငါက မိန်းမ နှစ်ယောက် ယူမှာလို့ ကြွေးကြော်လိုက်သေးတယ်"
"အဲဒီလို ရှက်စရာကောင်းတဲ့ အဖြစ်အပျက်ကိုလည်း မှတ်မိသေးတာလား "
ထျန်းကျင်းရွှမ် ရယ်မောသည်။
"အခုလို ကိစ္စမျိုးက အစ်မ ဝင်ပါလို့လည်း မကောင်းတော့ မင်းဘာသာ မင်းပဲ ဆုံးဖြတ်ပါ။ ရှေ့ဆက်လျှောက်ပေါ့။ စုန့်ယန်ရှုမှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ"
စုန့်ယန်ရှုက တခြားသူ၏ခံစားချက်ကို လှည့်စားတတ်သူ ဖြစ်လိမ့်မည်ဟု ထျန်းနင် တစ်ခါလေးမျှ မတွေးခဲ့ဖူးပေ။
"ကျွန်တော် နားလည်ပါပြီ အစ်မ။ အခုတော် စကားပြောတာ ရပ်လိုက်တော့မယ် မနက်ဖြန် အစည်းအဝေး တက်စရာ ရှိသေးတယ်"
ထျန်းကျင်းရွှမ်က နားပူနားဆာ လုပ်ခြင်းကို မကြိုက်နှစ်သက်မှန်း ထျန်းနင် သိနေ၍ ဤအကြောင်းအရာကိုသာ ဝေ့လည်ကြောင်ပတ် ပြောဆိုခြင်း မလုပ်ခဲ့ပေ။ ထို့ကြောင့် သူ့ကို အနားယူရန် အချိန်ပေးခဲ့သည်။
သို့သော်လည်း သူမ ဖုန်းချလိုက်ပြီးနောက် ဖြစ်ပျက်သမျှ ကိစ္စတိုင်းက ထူးဆန်းနေသည်ဟု ခံစားမိသည်။ သာမန် ဖြစ်ရိုးဖြစ်စဉ်အရ စုန့်ယန်ရှုကလည်း ထျန်းကျင်းရွှမ်ကို သဘောကျ၍ လှပသော အချစ်ဇာတ်လမ်းလေး ဖြစ်သွားနိုင်သည်။ သူတို့ချင်း ခန္ဓာကိုယ်ချင်း ရင်းနှီးပြီးမှ အဘယ်ကြောင့် ယခုလို တွေ့ကြုံနေရသနည်း။
မနက်ဖြန်တွင် ထျန်းကျင်းရွှမ်က စုန့်ယန်ရှုနှင့် နောက်တစ်ကြိမ် တွေ့ဆုံရမည်။
ဤအတွေးကြောင့် ထျန်းကျင်းရွှမ် မျက်လွှာချလိုက်ပြီး အိပ်မောကျသွားသည်။
...
နောက်တစ်နေ့ ထျန်းကျင်းရွှမ်၏ အတင်းအဖျင်းသတင်းက ကျော်ကြားမှု မလျော့ကျသွားပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှ အနုပညာရှင်များက သူ့အတင်း မပြောခြင်း မရှိသော်လည်း ခပ်တန်းတန်း နေကြသည်။
ထျန်းကျင်းရွှမ်က နောက်ဆုံးတော့ ဖန်ယွီ၏ရုံးခန်း တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲ ဝင်လာသည်။ ထိုစဉ် စုန့်ယန်ရှုက လူသစ်နှင့်အတူတူ ဖန်ယွီ၏စားပွဲခုံဘေးနား မတ်တတ်ရပ်နေသည်။ သူတို့ပြောဆိုနေသည့် အကြောင်းအရာကား လောရှင်းကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်ခန့်အပ်ထားသော ကုမ္ပဏီက အနုပညာရှင် အစားထိုးပေးရန် တောင်းဆိုခြင်း ဖြစ်သည်။
"ငါ ထွက်သွားသင့်တယ် ထင်ပါရဲ့"
ထျန်းကျင်းရွှမ်က အထင်မကြီးဟန် ကျောခိုင်းလိုက်သည်။ သို့သော်လည်း ဖန်ယွီက သူ့ကို ဟန့်တားသည်။
"ခဏနေပါဦး လောရှင်း၊ မင်းကို ဖုံးကွယ်ထားရမယ့် ကိစ္စမှ မဟုတ်တာလေ။ အေဂျင်စီ ကောင်းကျိုးအတွက် မင်းရဲ့အလုပ်ကို တခြားသူလက်ထဲ အရင်လွှဲပေးရမယ်။ အခွင့်အရေးဆိုတာ နောက်တစ်ခေါက် ရနိုင်ချေနည်းလို့ ဒီအတိုင်း လက်ပိုက်ကြည့် မနေသင့်ဘူး"
"ကျွန်တော် နားလည်လို့ပဲ အပြင်ထွက်ပေးတာလေ"
ထျန်းကျင်းရွှမ်က နားလည်မှုရှိစွာ ခေါင်းညိတ်သည်။
"မင်းရဲ့ အဆိုတော် တက်လမ်း ပိတ်ပင် ခံရတာကို စိတ်ထဲ အလေးမထား သလိုပဲ။ လောရှင်း မင်း အခုတလော ဘာတွေ အတွေးများနေလဲ"
ဖန်ယွီ၏ အမြင်က စူးရှ၍ ထျန်းကျင်းရွှမ် နှင့် စုန့်ယန်ရှုတို့က တစ်ဦးကိုယ် တစ်ဦး ရှောင်တိမ်းရန် ကြိုးစားနေခြင်းကို ရိပ်မိနေသည်။
ထျန်းကျင်းရွှမ်က ခေါင်းခါလျက် ပြန်ဖြေသည်။
"ခဏ အနားယူချင်ရုံပါ။ ကျန်တာတွေ ပီအာအဖွဲ့က ဖြေရှင်းပေးလိမ့်မယ်"
"ယန်ရှု၊ မင်းရဲ့အနုပညာရှင်နဲ့ အပြင်မှာ ခဏစောင့်နေပေးလို့ ရမလား။ လောရှင်းနဲ့ နှစ်ကိုယ်တည်း ဆွေးနွေးချင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ ရှိတယ်"
စုန့်ယန်ရှုက ခေါင်းညိတ်ပြီး ဖန်ယွီ၏ရုံးခန်းမှ ထွက်သွားသည်။ ဤသည်ကား အလုပ်ကိစ္စ ဖြစ်သော်လည်း ထျန်းကျင်းရွှမ်၏ မန်နေဂျာ ဖြစ်သော သူမက တခြားအနုပညာရှင်အတွက် ထျန်းကျင်းရွှမ်၏အလုပ်ကို လုယူမိခဲ့လျှင် ထျန်းကျင်းရွှမ်ကို နာကျင်စေလိမ့်မည်။
"မင်းရဲ့နှလုံးသား နာကျင်နေတာ မလား"
ဖန်ယွီက ထျန်းကျင်းရွှမ်၏ မျက်နှာအမူအရာကို ကြည့်၍ ခန့်မှန်းနိုင်သည်။
"သူ့နေရာကို အစားထိုးပေးဖို့ ပြောတာ မင်းကိုယ်တိုင်ပဲလေ။ အခုမှ ဘယ်လိုဖြစ်ရတာလဲ"
"အထွန့်တက်စရာလည်း မရှိပါဘူး"
ထျန်းကျင်းရွှမ် သရော်သည်။
"ငါ့ဆုံးဖြတ်ချက်ကြောင့် ငါ နောင်တ မရဘူး"
"ဒါဆိုရင် စောစောတုန်းက စုန့်ယန်ရှု ငါ့ကို ဘာပြောခဲ့လဲ မင်း သိလား"
ဖန်ယွီက ထျန်းကျင်းရွှမ်ကို အကဲခတ်ဟန် ငေးစိုက်ကြည့်နေသည်။
အပိုင်း(၅၂၁)
ပြီး၏။