အပိုင်း(၅၂၀)
မိနစ်ပိုင်းခန့် ကြာပြီးနောက် စုန့်ယန်ရှုက ဧည့်ခန်းထဲ လမ်းလျှောက်ဝင်လာသည်။ ထျန်းနင်၏မျက်နှာပေါ်မှ လေးနက်သော အမူအရာကို မြင်ပြီးနောက် သူမ၏စိတ် တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
"ပြောလေ ဘာဖြစ်လဲ။ နင့်ကြိုးစား အားထုတ်မှုကို လျှော့ချချင်ပြန်ပြီလား"
"ယန်ရှု..."
ထျန်းကျင်းရွှမ်က တည့်တည့်မတ်မတ် ထိုင်လိုက်ပြီး စုန့်ယန်ရှုကို လေးနက်စွာ ကြည့်သည်။
"မနေ့ညက ဘာဖြစ်ခဲ့လဲ ငါသိတယ်"
စုန့်ယန်ရှု ကြောင်အမ်းအမ်း ဖြစ်သွားကာ သူမ၏မျက်နှာအမူအရာ ကို့ရို့ကားရား နိုင်သည်။
"မင်းက ဖြစ်ပျက်သမျှကို ဘာလို့ ခေါင်းထဲ ထုတ်ထားလဲ ငါမသိပေမဲ့။ ငါကတော့ ဘာမှ မဖြစ်ခဲ့သလို ဟန်မဆောင်နိုင်ဘူး"
ထျန်းကျင်းရွှမ်က အသက်ခပ်ပြင်းပြင်း ရှုသည်။ သူက စုန့်ယန်ရှုက လန့်ဖျပ်သွားစေမည်ကို စိုးရိမ်မိ၍ သူ့လေသံကို အနည်းငယ် ပျော့လိုက်သည်။
"မင်း ဘာတွေးနေလဲပဲ ငါသိချင်တယ်"
စုန့်ယန်ရှု အနည်းငယ် အံ့ဩသွားပြီး ပြုံးသည်။
"ငါက ဘာများတွေးနိုင်မှာလဲ။ နင်က ငါ့ကို အလေးထားပါစေလို့ တွေးခွင့် ရှိလို့လား။ အနုပညာရှင်တွေက သူတို့မန်နေဂျာနဲ့ ငြိတတ်တာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စပဲမလား။ နင် အရက်မူးနေမှန်း ငါ သိလို့ နင်ကို တာဝန်ယူဖို့ ဖိအား မပေးပါဘူး။ ဘာမှ မဖြစ်သလိုပဲ ဟန်ဆောင်ကြရအောင်"
ထိုစကားသံများကို ကြားပြီးနောက် ထျန်းကျင်းရွှမ်၏နှလုံးသား နာကျင်ရသည်။ သူ နောက်တစ်ခေါက် စကားပြောခါနီး သူ့အသံက အရမ်းတိုးလျသွားသည်။
"တကယ်လား။ ဒါက ပုံမှန်ပေါ့"
"အတွေးမလွန်ပါနဲ့။ ငါတို့က အရွယ်ရောက်ပြီသားပဲ။ ငါတို့မှာ ငါတို့ရဲ့ အလိုဆန္ဒတွေ ရှိတယ်"
" ယဒါဆိုရင် အခုပြောသမျှက နင့်အတွေးပေါ့။ ငါကတော့ ငါ့မန်နေဂျာနဲ့ အိပ်မိတာကို ဘာမှ မဟုတ်သလို သဘောမထားနိုင်ဘူး။ မင်းက ငါ့ရဲ့ပထမဆုံး မိန်းကလေးပဲ"
ထျန်းကျင်းရွှမ်က လေးလေးနက်နက် ပြောသည်။
"ဒီလိုဆိုရင်တော့ ငါ မင်းနဲ့ အလုပ်ဆက်မလုပ်နိုင်တော့ဘူး"
"ဒါက ဘာသဘောလဲ"
စုန့်ယန်ရှု၏အသံက တုန်ရီစပြုလာသည်။
"ငါ ပြောချင်တဲ့ သဘောက မင်းက ငါ့မိန်းကလေးဖြစ်ဖို့ ကြိုးစားကြည့်မလား ငါတို့ရဲ့ ချည်နှောင်မှု အားလုံးကို ဖြတ်တောက်ပစ်မလား။ အလုပ်နဲ့ လူမှုရေး ရောထွေးတာ ငါ သဘောမကျဘူး။ တာဝန်ယူဖို့ ကိစ္စတစ်ခုပဲ ငါ ပြောနေတာ မဟုတ်ဘူး။ မင်းလည်း ငါ့ကို ကြိုက်တယ်လို့ ငါ ခံစားမိလို့ အခုလို စကားမျိုး ပြောနေရတာပဲ"
စုန့်ယန်ရှူက စကားတစ်ခွန်းမျှ မပြောဘဲ ကြောင်အမ်းအမ်း ဖြစ်နေသည်။
ထျန်းကျင်းရွှမ်က ထွက်သွားရန် မတ်တတ် မရပ်ခင် တစ်စုံတစ်ရာကို နားလည် သဘောပေါက်သွား သကဲ့သို့ ပြုံးလိုက်သည်။ သို့သော်လည်း သူ ခပ်လှမ်းလှမ်းကို လမ်းလျှောက်မသွားခင် စကားတချို့ ချန်ရစ်ခဲ့သည်။
"မင်း သေချာစဉ်းစားပြီးရင် ငါ့ကို လာတွေ့နိုင်တယ်"
"ရှင် ဘယ်သွားမလို့လဲ"
"ငါ အရမ်းပင်ပန်းနေတယ်။ အနားယူဖို့ လိုအပ်တယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ်က သူ့တိုက်ခန်းမှ ထွက်ခွာသွားသည်။
သို့သော်လည်း သူ ဘယ်သွားနေလဲ သူ ကိုယ်တိုင်ပင် မသိခဲ့ပေ။ သူ့စိတ် ရှုပ်ထွေးနေသော်လည်း အကြောင်းအရင်းကို စဉ်းစား မရပေ။ စုန့်ယန်ရှု၏ သဘောထားကြောင့် ဖြစ်နိုင် သကဲ့သို့ စိတ်လိုက်မာန်ပါ ပြုမူတတ်သော သူကိုယ်သူကြောင့်လည်း ဖြစ်နိုင်သည်။ ထိုစဉ် အခိုက်အတန့် သူ့အရှေ့မှာ ရှိနေသော ကားက လမ်းကြောင်းလွှဲ မောင်းလိုက်ခြင်းကို သတိမပြုမိခဲ့ပေ။
...
ထျန်းကျင်းရွှမ်က ခဏအပြင်ထွက်သွားသော်လည်း စုန့်ယန်ရှုက ဤနေရာမှာပင် အတွေးထဲ နစ်မြောကာ ရှိနေခဲ့သည်။ လက်ရှိအချိန်က ထျန်းကျင်းရွှမ်အတွက် အရေးကြီးဆုံးသော ကာလဖြစ်၍ တစ်နှစ်တာ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များကို ခံစားရမည့် ကာလ ဖြစ်နေသည်။ ထို့ကြောင့် သူ့ကြိုးစားအားထုတ်မှုကို လျှော့မည့် အပြုအမူများကို ရှောင်တိမ်းရမည်။
စုန့်ယန်ရှု အလောတကြီး မတ်တတ်ရပ်လိုက်သော်လည်း ရဲစခန်းက ရုတ်တရက် ဖုန်းဆက်လာသည်။
"ဟယ်လို၊ မင်းက ထျန်းကျင်းရွှမ်နဲ့ ရင်းနှီးလား"
"လောရှင်း ဘာဖြစ်လို့လဲ"
"ရဲစခန်းကို လာခဲ့ပါ။ သူက တခြားသူကို ကားနဲ့တိုက်မိလို့ပါ"
ကြားသိလိုက်ရသော သတင်းဆိုးကြောင့် စုန့်ယန်ရှု တုန်လှုပ်သွားသည်။ သို့သော်လည်း မိနစ်ပိုင်းမျှ ကြာပြီးနောက် သူမက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖန်ယွီကို ဖုန်းခေါ်သည်။ ယခုလို အခြေအနေမျိုးတွင် သူ့ကို အတင်းအဖျင်း သတင်းမျိုး မထွက်စေချင်ပေ။
"ဒုသူဌေးဖန်။ လက်ရှိအချိန်က လောရှင်းအတွက် အရေးကြီးတဲ့ ကာလပဲ။ တစ်ခုခု အမှားအယွင်း ဖြစ်လို့ မရဘူး"
"စုန့်ယန်ရှု၊ စိတ်ကို လျော့ထား"
ဖန်ယွီ၏တုံ့ပြန်မှုကို ကြားပြီးနောက် စုန့်ယန်ရှုက သူ့စိတ်ကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားသည်။
"အားနာမိပါတယ်။ ဒုသူဌေးဖန်"
"သတင်းမပြန့်အောင် ရဲစခန်း မြန်မြန်သွားပြီး ပြဿနာကို ဖြေရှင်းလိုက်ပါ"
"ကျွန်မ နားလည်ပါပြီ။ အခုပဲ သွားလိုက်ပါမယ်"
အစောပိုင်းက ထျန်းကျင်းရွှမ်၏ ခံစားချက် မတည်မငြိမ် ဖြစ်နေမှန်း စုန့်ယန်ရှု သိနေ၍ ကြောက်စိတ်မွှန်ထူနေခြင်း ဖြစ်သည်။ သူမကြောင့် မတော်တဆ ထိခိုက်မှု ဖြစ်သွားမည်ကို သူမ ကြောက်နေမိသည်။
သူ တစ်ခုခု ဖြစ်သွားလျှင် သူမ ဘာလုပ်သင့်သနည်း။
စုန့်ယန်ရှုက ထွေပြားနေသော ခံစားချက်ဖြင့် ရဲစခန်း ရောက်သွားခဲ့သည်။ ထျန်းကျင်းရွှမ် ဘေးကင်းလုံခြုံသည်ကို မြင်ရမှ သူမ စိတ်အေးရသည်။ သူမ၏ခံစားချက်ကို မထိန်းချုပ်နိုင်၍ သူမ၏ မျက်ဝန်းမှ မျက်ရည်စက်များ ကျဆင်းလာသည်။
ထျန်းကျင်းရွှမ်ကလည်း စုန့်ယန်ရှုကို ကြည့်သည်။ သို့သော်လည်း သူတို့က တစ်ဦးနှင့် တစ်ဦး စကားမပြောခင် ရဲက သူတို့ကြားဝင်လာ၍ အတွေးလွန်နေရာမှ လက်ရှိအခြေအနေသို့ ပြန်ရောက်သွားသည်။
"မင်း အမှားလုပ်တာ သိသာနေတာပဲ"
"ခြေရာခံစက်ကို ပြန်ကြည့်ပေးဖို့ တောင်းဆိုချင်တယ်"
ထျန်းကျင်းရွှမ်က ချက်ချင်း ပြန်ပြောသည်။
"ငါက တစ်ဖက်လူကို တကယ်တိုက်ခဲ့ မိပေမဲ့ ။ ငါက လမ်းမှန်ကို တည့်တည့်မောင်းနေတာလေ။ သူက ရုတ်တရက် ကားကွေ့လာပြီး အချက်ပြမီးလည်း မပြဘူး"
"တစ်ဖက်လူ ပြောတာတော့ မင်းက ကားမောင်းတာကို အာရုံမစိုက်ဘူးတဲ့ မင်း အရက်မူးပြီး ကားမောင်းတယ်လို့ သံသယရှိတယ် ပြောတယ်။ ငါတို့ခြေရာခံစက်ကနေ ကြည့်ရသလောက် သူ လမ်းကြောင်းလွှဲ မောင်းလာတာ မှန်ပေမဲ့ မင်းလည်း ကားကို အရှိန်မလျော့ခဲ့ဘူး"
"မင်းကို ငါ မှတ်မိနေတယ်။ မင်းက အဆိုတော် ဟုတ်တယ်မလား။ ကျော်ကြားတဲ့ အနုပညာရှင်တွေကလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို လိုက်နာရမယ်လေ မဟုတ်ဘူးလား"
ရဲအရာရှိက ထျန်းကျင်းရွှမ်ကို လက်ညိုးထိုးကာ စကားပြောသည်။
"မင်းက အနုပညာရှင် ဖြစ်နေလို့ စံပြပုဂ္ဂိုလ် ဖြစ်ရမှာလေ။ ဒီလိုသာ စည်းကမ်းချိုးဖောက်နေရင် မင်း သီချင်းတွေ ဘယ်လောက်ကောင်းကောင်း မင်း မအောင်မြင်နိုင်ဘူး"
ထျန်းကျင်းရွှမ် အချင်းပွားမည်ကို စိုးရိမ်မိ၍ စုန့်ယန်ရှုက ရှေ့တိုးလိုက်ပြီး သူ့လမ်းမှာ ပိတ်ရပ်သည်။
"တောင်းပန်ပါတယ်။ ကျွန်မတို့တွေ နောက်တစ်ခေါက်ဆို ဂရုစိုက်ပြီး ကားမောင်းပါမယ်"
"ငါ အချိန်မှီ ဘရိတ် မနင်းနိုင်ခဲ့တာ ဝန်ခံတယ်။ ဒါပေမဲ့ သူက လမ်းနှစ်လမ်းလုံးကို တစ်ပြိုင်နက်တည်း ခွမောင်းလာတာ အမှန်တရားလေ၊ အချက်ပြမီးလည်း မပြခဲ့ဘူး။ ခြေရာခံကိရိယာကို ကြည့်ခဲ့တယ်လို့ ခင်ဗျားပြောတယ်နော်။ သူ ဘယ်လမ်းအတိုင်း မောင်းလာလဲ ခင်ဗျား ကျွန်တော့်ကို ပြောစမ်းပါ"
ထျန်းကျင်းရွှမ် ငြင်းခုံနေသည်။
"ငါက ကျော်ကြားတဲ့ အနုပညာရှင် ဖြစ်ရုံနဲ့ အမှန်တရားကို ရှာဖွေတာ တခြားသူကို အနိုင်ကျင့်တယ် ဖြစ်သွားရောလား"
"ပြီးတော့ မင်း၊ မင်းက ဘာကိစ္စ တောင်းပန်ရတာလဲ"
ထျန်းကျင်းရွှမ်က စုန့်ယန်ရှုကို လှည့်ကြည့်သည်။
"ငါ့ပြဿနာကို ငါကိုယ်တိုင် ဖြေရှင်းနိုင်တယ်။ မင်း စိုးရိမ်ဖို့ မလိုအပ်ဘူး"
"အဲလို သဘောမျိုးလည်း မဟုတ်ပါဘူး"
"စုန့်ယန်ရှု၊ ငါက ရှင်းရှင်းလင်းလင်း ပြောထားပြီသားနော်။ အခုကစပြီးတော့ ငါ့အလုပ်ကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူး"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ်က ထျန်းအိမ်တော်ထိန်းကို တန်းဖုန်းခေါ်လိုက်သည်။
စုန့်ယန်ရှုက စိတ်မကောင်းဖြစ်စွာ ခြေနှစ်လှမ်း နောက်ဆုတ်သည်။ ထျန်းကျင်းရွှမ်က ယခုလို စကားမျိုး ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ရှင့်အလုပ်က လက်ရှိအချိန်မှာ တိုးတက်မယ် အလာအလားရှိတယ်။ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဘာလို့များ ငါ့ကြိုးစား အားထုတ်မှုကို အသိအမှတ် မပြုနိုင်ရတာလဲ"
"ဒါက ငါ့ဘဝပဲ။ ငါ့ဘာသာ ဆုံးဖြတ်မယ်"
ထျန်းကျင်းရွှမ်က တံခါးပေါက်ကို လက်ညိုးထိုးပြသည်။
"ဒီနေရာကို သတင်းထောက်တွေ ဝိုင်းမလာခင် မင်း ထွက်သွားသင့်တယ်"
စုန့်ယန်ရှု၏နှလုံးသား နာကျင်သော်လည်း ထျန်းကျင်းရွှမ်ကို ဖျောင်းဖျရန် မည်သို့သော ပတ်သက်မှုမျိုးကို အသုံးပြုသင့်လဲ သူမ မသိခဲ့ပေ။
ထို့ကြောင့် သူမ ရွေးချယ်စရာ မရှိသည့် အဆုံး လှည့်ထွက်လာခဲ့သည်။
"ကောင်မလေးက မင်းကို ကူညီဖို့ ရောက်လာတာလေ။ မင်းရဲ့စကားလုံးတိုင်းက ကြမ်းတမ်းနေတယ် မင်းမထင်ဘူးလား"
"ခင်ဗျားက ဘာသိချင်တာလဲ"
ထျန်းကျင်းရွှမ်က ရဲအရာရှိကို မျက်မှောင်ကုတ်ကာ ကြည့်သည်။
သူမက သူ့ကို ခံစားချက် မရှိ၍ စည်းခြားထားသင့်သည်။ ဤသည်ကား သူတို့နှစ်ဦးစလုံးအတွက် အကောင်းဆုံး ဖြစ်မည်။
သိပ်မကြာလိုက် ထျန်းအိမ်တော်ထိန်းက ရဲစခန်းသို့ အလောတကြီး ရောက်လာခဲ့သည်။ နာရီဝက်ကြာပြီးနောက် ထျန်းကျင်းရွှမ်က ရဲစခန်းမှ ထွက်ခွာခွင့် ရခဲ့သည်။ ထိုစဉ် သိပ်မဝေးကွာသော ခပ်လှမ်းလှမ်း တစ်နေရာတွင် စုန့်ယန်ရှုက အခြေအနေကို စောင့်ကြည့်နေသည်။ ထျန်းကျင်းရွှမ်ကို သတင်းထောက်များ ဝန်းရံထားပြီး သူမ လုပ်ပေးနိုင်သည့် ကာကွယ်မှုမျိုး မရှိနိုင်ပေ။
အပိုင်း(၅၂၀)
ပြီး၏။