အပိုင်း(၅၁၃)
ထျန်းအုပ်စု၏နှစ်စဉ်ကျင်းပသော ကုန်ပစ္စည်းပြပွဲ ကျင်းပချိန် နီးကပ်လာသော်လည်း လူထုက ထျန်းနင် တက်ရောက်မည့်သတင်းကို မကြားရသေးပေ။
အထူးဧည့်သည်တော်စာရင်း ပေါက်ကြားသည့် သတင်းကို ဖြေရှင်းပြီးနောက် ထျန်းနင်က လူတိုင်း၏ အမြင်အာရုံမှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။ ထျန်းအုပ်စု၏ စီအီအိုအနေဖြင့် အလုပ်လုပ်ကိုင်နေသော်လည်း သူမကိုယ်တိုင် ရုံးတက်လေ့ မရှိ၍ ထျန်းအုပ်စု၏ ဝန်ထမ်းများ ကိုယ်တိုင်ပင် သူမကို မြင်တွေ့ရန် မလွယ်ကူပေ။
ညနေ ၃နာရီ၊ ထျန်းအုပ်စု၏နှစ်စဉ်ကျင်းပသော ကုန်ပစ္စည်းပြပွဲ ကျင်းပမည့် Crown's Star Hotel၏ နားနေခန်းထဲ ဧည့်သည်တော်များ စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ထျန်းနင်ကို ယခုထိတိုင် မမြင်တွေ့ရသေးပေ။
နားနေခန်း တစ်ခန်းထဲမှာ ထျန်းရွှမ် ထိုင်နေသည်။ သူမ၏ မိတ်ကပ် အပြင်အဆင် နှင့် ဝတ်စုံကို ကိုယ်လုံးပေါ် မှန်ရှေ့ မတ်တတ်ရပ်ကာ ကြည့်နေသည်။ သူမ၏ဘေးနားမှာ လင်းရှောင်ယွမ် နှင့် မိတ်ကပ်ဆရာတို့ မတ်တတ်ရပ်နေသည်။ မိတ်ကပ်ဆရာက သူမကို ခေါင်းအစ ခြေအဆုံး အကဲခတ် ကြည့်ရှုနေသည်။
"လင်းလူကြီးမင်း၊ သူကတော့ အဆင့်သင့် ဖြစ်သွားပြီ"
မိတ်ကပ်ဆရာက သူ့လက်ထဲမှ မိတ်ကပ်ပစ္စည်းများကို အောက်ချထားလိုက်ပြီး လင်းရှောင်ယွမ်၏ နောက်ဘက်သို့ ဆုတ်လိုက်သည်။
လင်းရှောင်ယွမ်က ထျန်းရွှမ်ကို တည်ငြိမ်စွာ ကြည့်သည်။ မှန်ထဲမှ အမျိုးသမီးက အဆိပ်သင့် နှင်းဆီပန်းနှင့် မတူတော့ပေ။
သူမ၏မိတ်ကပ်အပြင်အဆင်က ပေါ့ပေါ့ပါးပါး ပြင်ဆင်မှုမျိုး ဖြစ်၍ နူးညံ့သော သွင်ပြင်ကို ပေါ်လွင်စေသည်။ သူမက တခြားသူ တစ်ယောက် အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။
"ငါ့စကားကို မှတ်ထား၊ များများပြုံး စကားနည်းနည်းပဲပြော"
ထျန်းနင်က ရေမွှေးထုတ်ကုန် အသစ်ကို ဖန်တီးမှု အသစ်ဖြင့် တင်ဆက်ပြသမည်မှန်း လင်းရှောင်ယွမ် သိနေ၍ ပြဿနာရှာရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားထားသည်။
ထျန်းနင်က ပွဲပြီးချိန်မှ လူလုံးထွက်ပြမည်ဖြစ်၍ ယခုအချိန်အထိ မပေါ်လာသေးကြောင်း လင်းရှောင်ယွမ် ယူဆခဲ့သည်။ ထျန်းနင် ကဲ့သို့ မော်ဒယ် တစ်ဦးက ယခုလိုပွဲမျိုးကို လွဲချော်ခွင့် ပြုမည်နည်း။
သို့သော်လည်း လင်းရှောင်ယွမ်၏ ယူဆချက် မှားယွင်းသွားခဲ့သည်။ ထျန်းနင်က ပွဲစချိန်တည်းက ပွဲကျင်းပမည့် နေရာသို့ ဝင်ရောက်နေပြီး သူမက ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ကာ ရုပ်ဖျက်ပြီး လူအများကြား ထိုင်နေ၍ သတိမထားမိခြင်း ဖြစ်သည်။
ထျန်းနင် နှင့် မို့ထင်တို့ နှစ်ဦးစလုံးက အနည်းငယ် လူကွယ်သော နေရာတွင် ထိုင်ကာ ဧည့်သည်များကြား ရောနှောနေသည်။ သူတို့ဝတ်ဆင်ထားသော ဝတ်စုံများက ဝန်ထမ်းဟုပင် ထင်ရသည်။
"စင်ပေါ် မတက်ဖို့ တကယ်ဆုံးဖြတ်လိုက်တာလား"
မို့ထင်က ထျန်းနင် အနား တိုးကပ်ကာ မေးမြန်းသည်။ သူက ထျန်းနင်၏ သိုသိုဝှက်ဝှက် နေတတ်သော အမူအကျင့်နှင့် နေသားကျနေသော်လည်း သူ့ဇနီး ကြိုးစား အားထုတ်ထားသော အလုပ်ကို တခြားသူက နာမည်ကောင်း ယူသွားမည်ကို မကြည့်ရက်ပေ။
"ချစ်လေးတို့ ကလေးက ပိုအရေးကြီးပါတယ်"
ထျန်းနင်က သူမ၏ဝမ်းဗိုက်ကို ပွတ်နေသည်။
"ဒီလို မပြောပလောက်တဲ့ တောက်ပမှုမျိုးကို ချစ်လေးက ဂရုစိုက်ဖူးလို့လား"
မို့ထင်က နွေးထွေးစွာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
...
ထျန်းရွှမ်က ထျန်းအကြီးအကဲကို အမွေခွဲပေးရန် တောင်းဆိုခဲ့သည့် ညကတည်းက သူမ ရုတ်တရက် နှုတ်ဆိတ်သွားခဲ့ပြီး ပြဿနာ မရှာခဲ့ပေ။ သူမ၏စိတ်အခြေအနေက ပုံမှန်မဟုတ် တည်ငြိမ်နေသည်။
ထျန်းအကြီးအကဲက သူမ၏စိတ်နေစိတ်ထားကို ခန့်မှန်းရန် ပို၍ပို၍ ခက်ခဲလာသည်။ သူမကို နောက်ကွယ်မှ အကြံဉာဏ်ပေးသူ ရှိနေသည်ဟု သံသယဝင်မိသည်။ ဟိုးယခင်တုန်းက သူမကို အကြံပေးသူက အမေကျုံး ဖြစ်ခဲ့ပြီး ယခုက မည်သူ ဖြစ်နိုင်မည်လော။
ဖိတ်ကြားထားသော ကျော်ကြားသည့် အနုပညာရှင်များက ကုန်ပစ္စည်းပြပွဲသို့ တက်ရောက်ကြသည်။ အနီရောင် လျှောက်လှမ်းကို ဖြတ်ကျော်ပြီးနောက် သူတို့ ထိုင်ရမည့် ထိုင်ခုံသို့ သွားကြသည်။ ဤဧည့်သည်တော်များကြောင့် Crown's Star Hotelက ပရိသတ်မျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။
ပရိသတ်အများစုက ထျန်းနင် နှင့် လောရှင်း၏ ပရိသတ်များ ဖြစ်သည်။
"လောရှင်းက တလက်လက် တောက်ပနေတဲ့ ကြယ်ပွင့်လေးပဲ"
"လောရှင်း၊ ရှင်က အရမ်းချောတယ်။ တို့တွေ အားလုံးက ရှင်နဲ့ ရှင့်တို့ မိသားစု ထုတ်တဲ့ ရေမွှေးတွေကို အမြဲအားပေးနေမယ်"
"ထျန်းမိသားစုက တခြားသူတွေရော ပွဲတက်မလား။ ငါတို့ ထျန်းနင်ရော ဘယ်မှာလဲ။ ဒီလို အရေးကြီးတဲ့ ပွဲမျိုးကို ထျန်းနင် မတက်လို့ ဖြစ်မလား"
ဟိုတယ်အပြင်ဘက်မှာ ပရိသတ်များ၏ အားကြိုးမာန်တက် ဆွေးနွေးသံများ အုတ်အုတ်ညံနေသည်။ ထျန်းနင်၏ ညွှန်ကြားမှုကြောင့် ဟိုတယ်၏ တာဝန်ရှိသူများက ပရိသတ်များအတွက် အအေးဒဏ်ကာရံပေးသော အကာအရံများ တပ်ဆင်ထားသည်။
ထျန်းမိသားစုဝင် ဖြစ်သောကြောင့် ထျန်းကျင်းရွှမ် သာမက ထျန်းရီချန်းကိုယ်တိုင်ပင် အလုပ်များကို ခေါက်ထားပြီး ပွဲတက်ကြရသည်။
ထို့ကြောင့် ထျန်းမိသားစု၏ ရုပ်ရည်ချောမော ကြည့်ကောင်းသော အမျိုးသား နှင့် အမျိုးသမီးများက ဧည့်သည်တော်များနှင့် တစ်တန်းတည်း ထိုင်ကြသည်။ သို့သော်လည်း ထျန်းနင်ကို မမြင်တွေ့ရသေးပေ။ ဧည့်သည်တော်များ အတော်ကလေး အံ့အားသင့်နေသည်။
ခဏကြာပြီးနောက် အခမ်းနားမှူးက စင်မြင့်ပေါ် တက်ပြီး ဧည့်သည်တော် အားလုံးကို မိတ်ဆက်စကား စတင်ပြောကြားသည်။ လူစည်ကားလွန်းသော အခမ်းအနားအတွင်း ဘက်ပေါင်းစုံမှ ဧည့်သည်တော် အားလုံးက ထျန်းအုပ်စု၏ ကုန်ပစ္စည်းအသစ်ကို သိလိုစိတ် ပြင်းပြနေသည်။
"ဒီနေရာကို ရှောင်နင် လာပါဦးမလား"
ထျန်းရီချန်းက အစီအစဉ်မှူး စကားပြောနေစဉ် ထျန်းကျင်းရွှမ်ကို စကားလှည့်ပြောသည်။
"ဒီလို အရေးကြီးတဲ့ပွဲကို သူ မတက်ဘူးလား"
"ကျွန်တော်လည်း သေချာ မသိပါဘူး"
ထျန်းကျင်းရွှမ် ခေါင်းခါသည်။ သူက ထျန်းနင်၏အတွေးကို တစ်ခါလေးမျှ မခန့်မှန်းနိုင်ခဲ့ပေ။ ထို့အပြင် ထျန်းရွှမ်က သူ့ဘေးနား ထိုင်နေ၍ သူမကို စက်ဆုပ်သော အကြည့်ဖြင့် ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။
ထျန်းကျင်းရွှမ် စိတ်အနှောင့်အယှက် ဖြစ်နေသော အကြောင်းအရင်းကို ထျန်းရီချန်း သိနေ၍ သူ့ကို တံတောင်ဖြင့် တို့သည်။
"ဘိုးဘိုး မျက်နှာကို ထောက်ထားပြီး ဒီနေရာမှာ ပြဿနာ မရှာနဲ့ဦး"
ထျန်းကျင်းရွှမ်က စကားတစ်ခွန်းမျှ မပြော၍ ထျန်းရီချန်း စိတ်အေးရသည်။ ထိုစဉ် သူတို့ဘေးနား ထိုင်နေသော ထျန်းရွှမ်က ကြော့ရှင်းသော ဟန်ပန်အမူအရာဖြင့် စင်ပေါ် စိုက်ကြည့်နေသည်။
"နှစ်စဉ်ကျင်းပတဲ့ ထျန်းအုပ်စုရဲ့ ကုန်ပစ္စည်းပြပွဲ နောက်တစ်ကြိမ် ထပ်ရောက်လာပြီဆိုတော့ အသစ်ထုတ်မယ့် ရေမွှေးအသစ် အကြောင်း မိတ်ဆက်ပေးဖို့ ထျန်းအုပ်စုရဲ့ သူဌေးကြီးကို စင်ပေါ် ဖိတ်ခေါ် လိုက်ရအောင်"
ထျန်းအကြီးအကဲက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါသော အမူအရာကို ပေါ်လွင်စေသည်။ သူက လမ်းလျှောက်တုတ်ကောက်၏ အကူအညီဖြင့် စင်ပေါ် တက်သွားပြီး ဧည့်သည်တော်များကို မျက်နှာချင်း ဆိုင်လိုက်သည်။
"အခုပွဲကို ငါ နောက်ဆုံး တက်ရတာလဲ ဖြစ်သွားနိုင်ပါတယ်။ အခုက လူငယ်တွေရဲ့ခေတ် ရောက်နေပြီလေ"
လူငယ်ဧည့်သည်များက အဘိုးအိုကို အာရုံမရ၍ တီတိုး အတင်းပြောကြသည်ႏ။
"ထျန်းရွှမ်ကိုပဲ မြင်သေးတယ်။ ထျန်းရွှမ်ကြောင့် ထျန်းနင် ပွဲမတက်တာလား"
"အရိုးသားဆုံး ပြောရရင် ငါက အရမ်း ဉာဏ်မကောင်းပေမဲ့ ထျန်းရွှမ်လည်း တကယ် လှပတယ်လို့ ခံစားမိတယ်။ ဒီကို လာတဲ့ ဧည့်သည်အားလုံးက သူ့အလှကို ယှဉ်နိုင်လို့လား။ သူ့ပါးစပ်ပေါက်လေး ပိတ်ထားရင် တကယ်ကို အလှကြွယ်နေမှာပါ"
"သူက ထျန်းနင်ကို သူ့ရဲ့မကောင်းတဲ့ ကံကြမ္မာလို့ သတ်မှတ်ထားတာ မင်း မသိဘူးထင်တယ်။ ထျန်းနင်ရဲ့ ခြေတံသွယ်လေးက ကမ္ဘာအလှဆုံး ခြေတံသွယ် စာရင်းဝင်တယ်။ အခုပွဲကို ထျန်းနင် တက်ရင် သူက နောက်ကောက်ကျန်ခဲ့မှာပဲ"
ထျန်းရွှမ်က သူ့အနောက်မှ ဆွေးနွေးသံများကို ကြားပြီး သူ့ဒေါသကို ထိန်းချုပ်ရန် အံကြိတ်သည်။
"ထျန်းနင်က ဘက်စုံထူးချွန်တဲ့သူနော်။ သူက ဘယ်လောကကို ခြေချ ခြေချ အောင်မြင်တယ်"
"မင်းရဲ့အသံကို နှိမ့်ပြောစမ်းပါ။ ထျန်းနင်က ငါတို့အရှေ့ရောက်နေတဲ့ ထျန်းမိသားစုဝင် အားလုံးထက် ထူးချွန်တာ ငါလည်း သိတယ်။ မင်းပြောတာကို ငါလည်း သဘောတူတယ်"
ရယ်သံနှင့် လှောင်သံများက မရပ်တန့်သွားသော်လည်း ထျန်းရွှမ် တိတ်ဆိတ်နေသည်။
"ငါက ဘာလို့ အသံတိုးတိုး ပြောရမလဲ။ ထျန်းရွှမ် ကြားသွားမှာ ကြောက်နေတာလား။ ငါတို့ပြောသမျှက မမှန်မကန် ဖြစ်နေလို့လား".
"တော်လိုက်တော့"
ထျန်းရွှမ်က သည်းမခံနိုင်သည့် အဆုံး ထအော်ကာ အခမ်းအနား တစ်ခုလုံးကို အနှောင့်အယှက်ပြုသည်။
"အားလုံးပဲ ကျွန်မ ပြောချင်တဲ့ ကိစ္စ ရှိတယ်"
အပိုင်း(၅၁၃)
ပြီး၏။