အပိုင်း(၅၀၈)
ထျန်းနင်က စီးပွားရေးလုပ်ငန်းရှင်ဆန်သော ဝတ်စုံကို ပထမဆုံး အကြိမ် ဝတ်ဆင်ခြင်း ဖြစ်သည်။
"ကိုယ် အဖော်လိုက်ဖို့ မလိုတာ သေချာရဲ့လား"
မို့ထင်က ထျန်းနင်၏ကား မထွက်သွားအောင် ဟန့်တားလျက် စိုးရိမ်တကြီး ပြောဆိုသည်။
"သေချာပါတယ်"
ထျန်းနင် ခေါင်းညိတ်ပြသည်။
"စိတ်မပူပါနဲ့ ချစ်လေးမှာ ချောင်းအတွင်းရေးမှူး ရှိပါတယ်"
"ဒါဆိုရင် ချစ်လေးရဲ့ တိုးတက်မှု အခြေအနေကို ကိုယ် စောင့်မျှော်နေမယ်နော်"
မို့ထင်က သူမ၏အနား တိုးကပ်ကာ တိုးတိုးလေး မပြောခင် သူမ၏ပါးမို့မို့လေးကို ထိတွေ့သည်။
"ချစ်လေးက ဩဇာညောင်းတဲ့ စီအီအို ဖြစ်လာရင်တောင် ချစ်ဖို့ကောင်းတဲ့ ဟန်ပန် ရှိနေဦးမှာပါလို့ ကိုယ် ပြောခဲ့ဖူးတယ်မလား"
"အခု ပြောလည်း နောက်မကျပါဘူး"
ထျန်းနင်က မို့ထင်၏ပါးကို လှစ်ခနဲ မနမ်းခင် ပြန်ဖြေသည်။
"သွားတော့ ပျော်စရာတွေ ဖန်တီးခဲ့"
ထျန်းနင်က ထျန်းရွှမ်ကို သိက္ခာချရန် သက်သက်ဖြင့် ကုမ္ပဏီကို သွားမှန်း မို့ထင် သိနေ၍ ကုမ္ပဏီကို လည်ပတ်သည်ဟု ပြောမည့်အစား ပျော်စရာ ဖန်တီးခဲ့ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ထျန်းရွှမ်က အထူးဧည့်သည်စာရင်းကို ဖော်ထုတ်ခဲ့လည်း သူမက ဂရုစိုက်နေမည့် မဟုတ်ပေ။ ဤမျှလောက်ဖြင့် သူမကို ခြိမ်းခြောက်နိုင်မည်နည်း။ တုံးအလွန်းသည်။
ထျန်းရွှမ်၏ တုန်လှုပ်နေသာ မျက်နှာအမူအရာကို မျက်မြင်တွေ့ရမည့် အချိန်အခါ ဖြစ်သည်။
...
ထျန်းအုပ်စု၏အစည်းအဝေး ကျင်းပသော ခန်းမဆောင်အတွင်း လူတိုင်းက စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့က ထိုင်ခုံမှာ ထိုင်နေကြသော်လည်း လူတိုင်း၏မျက်နှာက ခံစားချက်မျိုးစုံကို ပြသနေသည်။ တကယ်တမ်း သူတို့အားလုံးက စက္ကန့်တိုင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေရသည်။
ရှယ်ရှာရှင် တစ်ဦးက သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး သူ့နာရီကို ပြန်ကြည့်သည်။
"ငါတို့တွေ ဘယ်လောက်ကြာကြာ ထပ်စောင့်ရဦးမလဲ။ တစ်နာရီကြာနေပြီနော်"
"သူ လာပါဦးမလား"
"ခဏလောက်တော့ ထပ်စောင့်ကြည့်ပါဦး"
ယခုလို အချိန်အခါမျိုးတွင် လင်းရှောင်ယွမ်က တခြားသူထက် ပို၍ စိတ်ရှည်နေပြီး တခြားသူများကို နှစ်သိမ့်နေသည်။
သိပ်မကြာလိုက် အစည်းအဝေး အခန်းတံခါးကို တံခါးလာခေါက်သော အသံကြားရသည်။ တံခါးကို တွန်းမဖွင့်ခင် လူတိုင်းက ဝင်ပေါက်သို့ လှည့်ကြည့်ကြသည်။
သို့သော်လည်း သူတို့အရှေ့ ရပ်နေသော ထျန်းနင်ကို မြင်ပြီး ဒွိဟဖြစ်နေသည်။
"တတိယသခင်မလေးမလား"
"ဒီကို ဘာလာလုပ်တာလဲ။ ငါတို့တွေက အစည်းအဝေးပွဲ လုပ်နေတာလေ။ ရုပ်ရှင်အတွက် လူရွေးပွဲလုပ်နေတာ မဟုတ်ဘူး။ မင်း ထွက်သွားလိုက်ရင် အကောင်းဆုံးပဲ"
ရှယ်ရာရှင်တစ်ဦးက လှောင်ရယ်သည်။
"ကျွန်မလည်း ရှယ်ရာရှင်ပဲလေ မဟုတ်ဘူးလား"
ထျန်းနင်က ၎င်းအမျိုးသားကို ပြန်မေးခွန်းထုတ်သည်။
"တတိယသခင်မလေး၊ လူတိုင်းက အရေးကြီးတဲ့ ကိစ္စရပ်တွေ ဆွေးနွေးနေကြတာပါ။ မင်း အရင်ဆုံး ထွက်သွားပေးလို့ ရမလား"
"ဒါနဲ့ ကျွန်မက အစည်းအဝေးတက်ဖို့ ရောက်လာတာလေ"
ထျန်းနင်က ပြုံးလျက် အခန်းထဲ ဝင်ကာ သူဌေးထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။ ထျန်းရွှမ်က ချက်ချင်း မတ်တတ်ထရပ်ပြီး သူမ၏ ထင်မြင်ယူဆချက်ကို အော်ပြောသည်။
"ထျန်းနင်၊ လူတိုင်းက စိတ်ဖိစီးတဲ့ အခြေအနေကို ရင်ဆိုင်နေရတာနော်။ နင်နဲ့ စနောက်ကျီစယ် ရလောက်အောင် ဘယ်သူမှ အားလပ်မနေဘူး။ နင်သာ ထျန်းမိသားစုဝင် ဆိုရင် အခြေအနေကို နားလည်ပြီး ထွက်သွားလိုက်စမ်းပါ"
ထျန်းရွှမ်က အစ်မကြီး လေသံဖြင့် အော်ငေါက်သည်။
မည်သူကမှ စကားတစ်ခွန်း မပြောခဲ့၍ သူမ၏အသံက အခန်းတစ်ခန်းလုံး ပဲ့တင်ထပ်သွားသည်။ ထျန်းနင်လည်း နှုတ်ဆိတ်နေသည်။ သူမက ရိုးရှင်းစွာ သူ့ထိုင်ခုံမှ ထလိုက်ပြီး စားပွဲခုံအနား လှည့်ပတ် လမ်းလျှောက်သည်။ ထို့နောက် ထျန်းရွှမ်အနား ရောက်သွားပြီး ထျန်းရွှမ်၏ မျက်နှာကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။
အခန်းထဲ ခပ်ပြတ်ပြတ် ပါးရိုက်သံကိုသာ ကြားရပြီး လူတိုင်း တုန်လှုပ်နေသည်။
ထျန်းရွှမ်က ထျန်းနင်ကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေသော်လည်း ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ သူ့ထိုင်ခုံစီ ပြန်ထိုင်သည်။ နောက်ဆုံးတော့ သူမက လူတိုင်းကို ကြည့်ကာ စကားပြောလာသည်။
"အစည်းအဝေး စကြတာပေါ့"
"ဒါက..."
"ကျွန်မက ရှင်တို့အားလုံး အရမ်းမြင်တွေ့ချင်နေတဲ့ စီအီအို ထျန်းနင်ပဲ"
ထျန်းနင်က သွေးအေးစွာ ကြေညာသည်။
ထျန်းနင်
တကယ် ထျန်းနင် ဖြစ်နေသည်။
ထျန်းနင်က သူမကိုယ်သူမ မိတ်ဆက်ပေးပြီးနောက် လူတိုင်း၏မျက်နှာအမူအရာက စိတ်ရှုပ်ထွေးသော ခံစားချက်ကို ဖော်ပြနေသည်။ တချို့က ပျော်ရွှင်နေပြီး တချို့က ဝမ်းနည်းနေကြသည်။ သို့သော်လည်း ထျန်းနင်က သူတို့အားလုံး၏အတွေးကို သိနေပြီသား ဖြစ်သည်။
"သူဌေးကြီးက ငါတို့ကို ဟာသလုပ်နေတာလား။ အနုပညာလောကထဲက ဖျော်ဖြေရေးသမားက ငါတို့ကုမ္ပဏီကို ထိန်းချုပ်မှာလား။ ငါတို့ကုမ္ပဏီကို အရှက်ရစေချင်တာလား"
စီနီယာ ရှယ်ရာရှင်များက သူမကို ဆန့်ကျင်ရန် ကြိုးစားလာ၍ ထျန်းနင်က ရိုးရှင်းစွာ ရယ်မောလျက် မေးမြန်းသည်။
"ကျွန်မက ရှင်တို့ကို အရှက်ရစေမယ်လို့ ခံစားနေရလို့လား။ ကျွန်မက ဖျော်ဖြေရေးလောကထဲမှာ အောင်မြင်မှု အများကြီး ရခဲ့တာပဲ။ ဒါတောင် ကျွန်မက ရှင်တို့ကို အရှက်ရစေတယ်လား။ ဒါရိုက်တာယောင်က ခေတ်ဟောင်း အတွေးအခေါ်တွေနဲ့ စီးပွားရေး လုပ်ချင်တာလား။ ကျွန်မ ကြားရသလောက်တော့ ရှင့်ရဲ့ လျှပ်စစ်ကုမ္ပဏီက စတော့ဈေးကွက်ကနေ ဖယ်ရှားခံရတာ မကြာသေးဘူးဆို ဟုတ်လား"
လူတိိုင်းက အဘိုးအို၏မျက်နှာ အနီရောင် ပြောင်းလဲသွားခြင်းကို စောင့်ကြည့်ပြီး တုန်လှုပ်နေသည်။
သူတို့အားလုံးကို အံ့ဩစေသည့် ကိစ္စရပ်ကား အမြဲတမ်း သိုသိုဝှက်ဝှက် နေတတ်သည့် ထျန်းနင်က တည်ငြိမ် သွေးအေးသော ပုံစံအသစ်ဖြင့် သူတို့ အရှေ့ရောက်လာသည်။
တကယ်တမ်း သူမက မို့ထင်ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။
"ရှင်တို့အားလုံးက ကျွန်မကို စိန်ခေါ်ချင်နေတာ သိပါတယ်။ ဒါပေမဲ့ အလောမကြီးပါနဲ့။ အရင်ဆုံး အစည်းအဝေး လုပ်ကြတာပေါ့။ ရှင်တို့က ဘာကိစ္စကြောင့် ကျွန်မကို တွေ့ချင်ရတာလဲ"
"ဘာကြောင့်လဲ ဟုတ်လား။ မင်း စီစဉ်ထားတဲ့ အထူးဧည့်သည်တော် စာရင်းက ပေါက်ကြားသွားတယ်လေ။ ဒီသတင်းကို မင်း မကြားဘူးလား"
"ဘာအထူးဧည့်သည်တော် စာရင်းလဲ"
ထျန်းနင်က မသိချင်ယောင် ဆောင်နေသည်။
"နာမည်စာရင်း တစ်ခု ပေါက်ကြားသွားတာတော့ သိတယ်။ ဒါပေမဲ့ အဲဒီစာရင်းက ဘယ်ကနေ ထွက်လာတာလဲ။ ကျွန်မနဲ့ သက်ဆိုင်နေလို့လား"
လူတိုင်းက ထျန်းနင်၏တုံ့ပြန်မှုကြောင့် တုန်လှုပ်နေသည်။
"ဘာသဘောလဲ"
"နှစ်စဉ်ကျင်းပတဲ့ ကုန်ပစ္စည်းပြပွဲက ထျန်းအုပ်စုရဲ့ အရေးကြီးဆုံးပွဲနေ့ပဲလေ။ ဖိတ်ကြားတဲ့ ဧည့်သည်တွေကို အလေးအနက်ထားတယ်။ တစ်ခုတော့ မေးပါရစေ အရင်တုန်းက အဲဒီနာမည်စာရင်းကို ရှင်တို့ မမြင်တွေ့ခဲ့ရဘူးလား။ ဘယ်လိုဖြစ်ပြီး လူသိထင်ရှား ပေါက်ကြားသွားတာလဲ။ အဲဒီနာမည်စာရင်းကို ဒါရိုက်တာအဖွဲ့ကတောင် အတည်မပြုရသေးဘူးမလား"
ထျန်းနင် ရှင်းပြသည်။
လူတိုင်းက တုံ့ပြန်မှု မရှိ၍ ထျန်းနင်က အသံခပ်စူးစူးဖြင့် ပြောဆိုသည်။
"လူတိုင်း ရှိနေတုန်း မေးချင်တာ မေးထားပါရစေ။ ဘယ်လောက်ထိ ပြဿနာ အရှုပ်အရှင်းတွေ လုပ်ရမှ ရပ်တန့်မှာလဲ"
"မင်းက ယောက်ျားတကာနဲ့ အိပ်ပြီး သူတို့ကို ဖျော်ဖြေနေရတဲ့သူလေ။ မင်းမှာ ငါတို့ဦးဆောင်နိုင်တဲ့ ဘာအခွင့်အာဏာ ရှိလို့လဲ၊ ဒါကိုပဲ ငါ သိချင်တယ်"
"ကျွန်မလည်း သိချင်တာရှိတယ်။ ကျွန်မအမေ မရှိတော့ ရှင်တို့ရော ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"မင်း အရမ်းကို တော်နေရင်လည်း ထျန်းအုပ်စုရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ပေးလေ။ မင်းသာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ရင် ငါတို့က မင်းရဲ့အရည်အချင်းကို ယုံကြည်ပေးမယ်"
"အမှန်ပဲ။ အထူးဧည့်သည်တော် စာရင်း ပေါက်ကြားသွားတဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းရမယ်"
ထျန်းရွှမ်က ထျန်းနင်ကို ကြည့်သည်။
သူမ ပါးရိုက်ခံရသော်လည်း ခွန်းတုံ့ပြန်နိုင်သည့် နည်းလမ်း ကြံဆ မရပေ။
ထျန်းအကြီးအကဲက ထျန်းနင်ကို အမှန်တကယ် လက်လွှဲပေးလိုက်သည်လော။
"အားလုံးက ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့။ ဒီကနေ့ညပဲ အားလုံး လိုချင်နေတဲ့ အဖြေကို ပေးပါမယ်။ ထျန်းရွှမ် နဲ့ ကျွန်မရဲ့ ခြားနားချက်ကို လူတိုင်းသိအောင် ပြပေးမယ်"
"ကောင်းပြီလေ၊ မင်း မအောင်မြင်ရင်တော့ ငါတို့အရှေ့ ထပ်မရောက်လာနဲ့"
စီနီယာ ရှယ်ရာရှင်က ယင်းစကားကို ပြောပြီးနောက် အခန်းထဲမှ ဒေါသတကြီး ထွက်သွားပြီး သူ့နောက်ကို တခြားသူများလည်း လိုက်ပါသွားသည်။
တကယ်တမ်း ဒါရိုက်တာအစည်းအဝေးက မပျော်ရွှင်ဖွယ် အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။ ထို့နောက် အခန်းကျယ်ကြီးထဲ ထျန်းနင် နှင့် ထျန်းရွှမ်တို့သာ ကျန်ခဲ့သည်။
"ဘာလဲ၊ ငါ့ကို မြင်လိုက်ရလို့ အံ့ဩသွားတာလား"
ထျန်းရွှမ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ထျန်းနင်ကို ဒေါသတကြီး ကြည့်နေသည်။
"ဖျော်ဖြေရေးလောကထဲကနေ စွန့်ခွာခဲ့တော့ အချိန်တွေ အရမ်းအားလပ်နေတယ်လေ။ ဒါမို့လည်း ထျန်းအုပ်စုကို ခဏ ကြီးကြပ်ကြည့်မယ် တွေးခဲ့တာပေါ့။ ဒါက ထျန်းသခင်မလေး မြင်ချင်တဲ့ အခြေအနေ ဟုတ်တယ်မလား"
အပိုင်း(၅၀၈)
ပြီး၏။