အပိုင်း(၅၀၄)
"နင့်ဘာသာ သေချင်နေရင် သွားသေလိုက်လေ။ ဘာလို့ ငါ့ကိုပါ နင်နဲ့ ဆွဲချချင်နေတာလဲ"
ထျန်းရွှမ်၏မျက်ဝန်းများ နီရဲလျက် ဖုန်းချလိုက်သည်။
သူ့စိတ်တည်ငြိမ်အောင် ခေါင်းငုံ့ထားလိုက်ပြီး သူမ၏ အရှက်ရဖွယ် အခြေအနေကို သည်းခံလျက် ရုံးခန်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
ထျန်းနင်က စီအီအိုရာထူးကို မရသွားသရွေ့ ထျန်းရွှမ်က သူမကိုယ်သူမ အမှန်တကယ် မရှုံးနိမ့်ဟု ယူဆထားသည်။ သူမအတွက် ကြိုးစားပိုင်ခွင့် ရှိသေးသည်။
သာဓကအနေဖြင့် ပြောရလျှင် ထျန်းအုပ်စု၏ နှစ်စဉ် ကျင်းပသော ကုန်ပစ္စည်းပြပွဲ ကျင်းပခါနီးပြီ။ သူမအတွက် အခွင့်အရေး ရှိလာနိုင်သည်။
သူမက ထျန်းအုပ်စု၏ ခေါင်းဆောင်နေရာကို မယူနိုင်တော့သည့် အမှန်တရားကို သူမ လက်မခံနိုင်ပေ။
...
လွန်ခဲ့သော ရက်ပိုင်းခန့်က ဟိုက်ဟွေ့ဖျော်ဖြေရေးသည် 'WH'ရုပ်ရှင် ကြော်ငြာခြင်းကို အလေးထား လုပ်ဆောင်နေခဲ့သည်။ ဒုတိယမြောက် ၁၀စက္ကန့်စာ အစမ်းပြဇာတ်လမ်းတိုကို တင်ပြီးသော်လည်း ပုံစံကွဲ သုံးမျိုးဖြင့် ၃၀စက္ကန့်စာ အပိုင်းတိုလေးများကို ထပ်တင်ပေးသည်။
ဤဇာတ်လမ်းတိုလေးက ပရိသတ်၏စိတ်ဝင်စားမှုကို တိုးပွားစေသည်။
"ရုပ်ရှင်ကြော်ငြာ ဇာတ်လမ်းတိုလေးကို အကြိမ် ၂၀မက ကြည့်ပြီးပြီ။ တကယ်ရုပ်ရှင် မြန်မြန်ထွက်ဖို့ပဲ မျှော်လင့်တယ်"
"ထျန်းနင်နဲ့ပိုင်ချန်သုန် အတူတူ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ကြည့်ရတာ ငါတော့ နာမည်ကျော် အနောက်တိုင်း ရုပ်ရှင်ကို ကြည့်နေရသလို ခံစားရတယ်။ သူတို့က ငါတို့ကြိုက်တဲ့ အနုပညာရှင် ဖြစ်နေလို့တော့ မဟုတ်ဘူး။ ဘယ်လို ဇာတ်ကောင်ကိုပဲ သရုပ်ဆောင်ဆောင် သူတို့က ဇာတ်ကောင်စရိုက်ကို အကောင်းဆုံး သရုပ်ဖော်သွားနိုင်လို့ပဲ။ အဲဒီရုပ်ရှင် ရုံတင်လို့ကတော့ သေချာပေါက် သုံးခါသွားကြည့်မယ်"
"WHရုပ်ရှင်က တရုတ်ရုပ်ရှင်ဈေးကွက်ထဲ ကပ်ဘေးရုပ်ရှင် ဈေးကွက်အသစ်ကို ဖော်ဆောင်ပေးဖို့ မျှော်လင့်တယ်။ ထျန်းနင်လည်း မြန်မြန် ပြန်ပြီး ရုပ်ရှင်ရိုက်နိုင်ဖို့ မျှော်လင့်တယ်"
ထျန်းနင်၏ အနုပညာလောကမှ ထွက်သွားသော မြင်ကွင်းသည် လူတိုင်း၏မှတ်ဉာဏ်ထဲ စွဲထင် ကျန်ရစ်နေသည်။ ထို့ကြောင့်လည်း WHရုပ်ရှင်က ရုပ်ရှင်ဝါသနာရှင်များ စွဲလမ်းမှုကို ပို၍လောင်မြိုက်စေသည်။
"ထျန်းနင်ကို သိက္ခာချခဲ့တဲ့ အနုပညာရှင်တွေက အခုထိ တောင်းပန်စကား မပြောရသေးဘူးမလား"
"သူတို့ကြောင့်သာ သရုပ်ဆောင် ထူးချွန်တဲ့ မင်းသမီးက အနုပညာလောကထဲက နုတ်ထွက်သွားရတာပဲ။ သူတို့ အရည်အချင်း မရှိတိုင်း တခြားသူကို ဝိုင်းတိုက်ခိုက်ကြတယ်။ ရွံစရာကောင်းတဲ့ဟာတွေပဲ"
"ထျန်းနင်က အနုပညာလောကထဲက ဆုတ်ခွာတော့မယ်လို့ ကြေညာလိုက်တည်းက ထျန်းနင်ကို ဒုက္ခပေးခဲ့တဲ့ အနုပညာရှင်အားလုံးကို မုန်းလွန်းလို့ အားမပေးတော့ဘူး။ အဲဒီလို မသတီစရာကောင်းတဲ့လူတွေရဲ့ ပရိသတ် အဖြစ်မခံနိုင်ပါဘူး"
အဆုံးသတ်မှာ WHရုပ်ရှင်ကို ဒီဇင်ဘာလ ၆ရက်နေ့တွင် ရုံတင်ရန် တရားဝင်ကြေညာခဲ့သည်။ ယခုလိုမျိုး ပရိသတ်၏ စိတ်ဝင်စားမှုကို ခံရသည့် အဖြစ်အပျက်မျိုး မကြားခဲ့ဖူးပေ။WHရုပ်ရှင်က တခြားနာမည်ကျော် အနောက်တိုင်းရုပ်ရှင်များ၏ စန်းကို ယှဉ်နိုင်စွမ်း ရှိသည်။
ယခုလို အနေအထားမျိုးတွင် ရုပ်ရှင် ဖြန့်ဝေခြင်းကို 'Stupid'ရုပ်ရှင်ကဲ့သို့ တွက်ချက်နေရန် မလိုအပ်ချေ။ မည်သို့ပင် ဆိုစေကာမူ ထျန်းနင် မပါဝင်လည်း ပိုင်ချန်သုန် တစ်ဦးတည်းဖြင့် လက်မှတ်ရောင်းအား ကောင်းမွန်နိုင်သည်။
ယခုအခြေအနေက ထျန်းရွှမ်ကို နားလည်မှုလွဲစေခဲ့သည်။ ထျန်းနင်က ဖျော်ဖြေရေးလောကကိုသာ ယခုထိတိုင် အာရုံစိုက်နေပြီး ထျန်းအုပ်စုကို စိတ်မဝင်စားကြောင်း ယူဆလိုက်သည်။
သို့သော်လည်း ထျန်းနင် ကျော်ကြားလာလေလေ ထျန်းရွှမ် ပို၍ မနာလို ဖြစ်လာသည်။
သူတို့နှစ်ဦးစလုံးက ထျန်းမိသားစုမှ ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ထျန်းနင်က ပိုအလေးစားခံ၊ ပိုအချစ်ခံရသနည်း။
ထို့ကြောင့်လည်း ထျန်းရွှမ် ပို၍ သွေးအေးရက်စက်လာသည်။ ထိုစဉ်အခိုက်အတန့် ထျန်းရွှမ်ကို အသက်၃၀ခန့် အရွယ် ရှယ်ရာရှင်က လက်ကမ်းကူညီလာခဲ့သည်။ အစောပိုင်းတွင် သူမကို လှောင်ပြောင်ချင်၍ လက်ကမ်း ကူညီသည်ဟု ယူဆခဲ့သည်။ သူမကို အနိုင်ရချင်လား မေးမြန်းလာခဲ့သည်။ သူမ၏နှလုံးသားကို အနိုင်လိုချင်သည့် အလိုဆန္ဒများက လွှမ်းမိုးနေ၍ သူ့ဖိတ်ကြားမှုကို လက်ခံခဲ့သည်။
...
ညနေ ၃နာရီ
မို့ထင်က အလုပ်တချို့ လုပ်နေစဉ် လုချယ်က သူ့အနောက်မှာ မတ်တတ်ရပ်လျက် ကျုံးမိသားစုအကြောင်း အစီရင်ခံသည်။
"ကျုံးမိသားစု စစ်ဆေးခံရတဲ့ သတင်း လွှင့်ပြီးပါပြီ။ ဒီလကုန်လောက်အထိတောင် သူတို့ မတောင့်ခံနိုင်ပါဘူး"
"သူတို့ မွဲပြာကျသွားတာ မြင်ချင်တယ်"
မို့ထင် ခနဲ့သည်။
"စိတ်မပူပါနဲ့ သူဌေး"
လုချယ်က မို့ထင် စိတ်အေးရအောင် အာမခံသည်။
"ကျုံးမိသားစု ချွတ်ခြုံကျသွားရင် ထျန်းမိသားစုကို ငြိလာနိုင်တယ်"
"ငါ့မိန်းမကို အလွယ်တကူ အနိုင်ယူလို့ရမယ် ထင်နေလား"
လုချယ်က မို့ထင်၏မျက်ဝန်းကို ကြည့်ကာ ရယ်မောသည်။ သူ မှန်သည်။ ထျန်းနင် ရှိနေလျှင် မဖြေရှင်းနိုင်သည့် ပြဿနာ ရှိနိုင်မည်နည်း။ မို့သူဌေးက နောက်ကွယ်မှ မပံ့ပိုးသည့်တိုင် ထျန်းနင်က ကိုယ့်ဘာသာ ရပ်တည်နိုင်သော အမျိုးသမီး ဖြစ်သည်။
သူတို့ဇနီးမောင်နှံက သူတို့ကို မည်သူမှ ရန်မစရဲလောက်သည်အထိ သွေးအေးရက်စက်သည်။
"ဒါနဲ့ သူဌေး။ ဖေးထန်ဆုမှာ မဒမ်ကို 'Stupid'ရုပ်ရှင်ရဲ့ အထူးချွန်ဆုံး ဇာတ်ပို့အနေနဲ့ စာရင်းသွင်း ပေးရမလား။ ဒါမှမဟုတ် 'WH'ရုပ်ရှင်မှာ အကောင်းဆုံး သရုပ်ဆောင်အသစ် အနေနဲ့ စာရင်းပေးရမလား"
"ဒါက မေးနေဖို့ လိုအပ်သေးလို့လား"
မို့ထင်က ခေါင်းမော့ကာ မေးမြန်းသည်။
"နားလည်ပါပြီ"
မို့ထင်က ထျန်းနင်ကို ဦးစားပေး၍ အကောင်းဆုံး ဆုလာဘ်ကိုသာ ပိုင်ဆိုင်စေချင်သည်။
ညအချိန်
ရာသီဥတု အရမ်းအေးစက်ကာ ခိုက်ခိုက်တုန်နေစေသည့် လေအေးများ တိုက်ခတ်နေသည်။ မို့ထင် အိမ်ပြန်ရောက်စဉ် ထျန်းနင်က သူ့စာကြည့်ခန်းထဲ မေးထောက်ကာ ထိုင်လျက် အတွေးထဲနစ်မြောနေသည်။
မို့ထင်ကို မြင်မြင်ချင်း သူမ အံ့အားသင့်သွားသည်။ သူမ၏အကြည့်လေးကြောင့် မို့ထင် စိတ်ရွှင်လန်းသည်။
"အိမ်ပြန်လာပြီပဲ"
"ဘာတွေ အခက်တွေ့နေလို့လဲ ချစ်လေး"
မို့ထင်က သူမအနား ချက်ချင်း လမ်းလျှောက်သွားပြီး သူမကို ထွေးဖက်လိုက်သည်။
"လာမယ့်ကုန်ပစ္စည်းပြပွဲအတွက် အထူးဧည့်သည်တော်တွေ ရွေးချယ် ဖိတ်ကြားရမယ်။ ဒါပေမဲ့ ထျန်းအုပ်စုက ရပ်တည်လာတာ ကြာတော့ အထူးဧည့်သည် အရမ်းများနေတော့ ဘယ်လို ရွေးချယ်ရမလဲတောင် မသိတော့ဘူး"
"တခြားသူတွေကို ရန်စမိသလို ဖြစ်မှာလည်း စိုးရိမ်နေတာလား"
မို့ထင်က ပြုံးလျက် နာမည်စာရင်းကို တစ်ချက်ကြည့်သည်။
"မိန်းမ၊ ဘာမှ မကြောက်နဲ့။ ဒီနှစ် သူတို့ ဝယ်ခဲ့တဲ့ စာရင်းကို ကြီးစဉ်ငယ်လိုက်စဉ်ပြီး ထိပ်တန်း အယောက်၂၀ကို ဖိတ်ကြားမယ်။ သူတို့က ကုန်ပစ္စည်းပွဲကို တက်ရောက်ခွင့် ရသလို ရေမွှေးအသစ်ကို ပထမဆုံး စမ်းရတဲ့သူတွေ ဖြစ်မယ်"
"ဒါမှ နံပါတ်စဉ်နိမ့်နေတဲ့ VIPsတွေက နောက်နှစ်မှာ ငွေများများ သုံးလာမယ်"
ထျန်းနင် ပြုံးသည်။
"အဲလို မတွေးခဲ့မိဘူး"
"စီးပွားရေးလုပ်ငန်း လည်ပတ်အောင် လုပ်ရတာ လွယ်ကူတာ မဟုတ်ဘူး။ မိန်းမက အရမ်းအရည်ချင်း ရှိပေမဲ့ ဈေးကွက်ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံ မရှိသေးဘူး။ ဒါမို့လည်း ကိစ္စတော်တော်များများကို အပေါ်ယံပဲ ကြည့်တတ်တာလေ"
မို့ထင် နှစ်သိမ့်သည်။
"မကြောက်ပါနဲ့။ ကိုယ် ရှိနေတာပဲဟာ။ ဒီအလုပ်တွေ ဘေးချထားလိုက်ဦး အနားယူကြမယ် ဟုတ်ပြီလား"
ထျန်းနင်က မို့ထင်၏လည်တိုင်ကို ဖက်လျက် ခေါင်းညိတ်သည်။
"ယောက်ျားစကားကိုပဲ မိန်းမ နားထောင်မယ်"
မို့ထင်က နွေးထွေးစွာ ပြုံးလိုက်ပြီး ထျန်းနင်ကို အိပ်ခန်းထဲ ပွေ့ချီသွားသည်။ ထို့နောက် သူ ထပ်မံ့အတည်ပြုသည်။
"ကုန်ပစ္စည်းပြပွဲမှာ ချစ်လေး ဘယ်သူလဲ ထုတ်ပြောဖို့ အသင့်ပဲလား"
"အလောမကြီးပါဘူး။ အချိန်မတန်သေးဘူး။ သူ့အစီအစဉ် အောင်မြင်တယ်လို့ ထျန်းရွှမ် တွေးပြီး ပျော်နေပါစေဦး။ သူနဲ့ ကစားရတာ မဝသေးဘူး"
...
ညဉ့်ဦးယံအချိန်
ထျန်းရွှမ်က ဟိုတယ်တစ်ခု၏ လူသွားစင်္ကြ့ရောက်နေသည်။ သူမကိုယ်သူမ တခြားသူ မမှတ်မိအောင် ရုပ်ဖျက်ပြီး အခန်းနံပါတ် ၃၄၃၆သို့ ခိုးကြောင်ခိုးဝှက် ဝင်သွားသည်။
"မင်း ရောက်လာပြီလား"
အနီရောင်ဝိုင်ခွက်ကို ကိုင်ဆောင်ထားသော အမျိုးသားက သူမကို ငေးစိုက်ကြည့်သည်။
"မင်း ရောက်လာမှာ ကြိုသိနေတယ်"
"ရှင်က ကျွန်မကို တကယ် ကူညီပေးနိုင်တာလား"
ထျန်းရွှမ်က သတိကြီးစွာ တံခါးပေါက်နား မတ်တတ်ရပ်နေသည်။
"မခက်ခဲပါဘူး"
အမျိုးသားက သူ့လက်ထဲမှ ဝိုင်ခွက် အောက်မချခင် ရယ်မောပြီး ထျန်းရွှမ်အနား လမ်းလျှောက်သွားကာ ထျန်းရွှမ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းသည်။
"ကျုံးမိသားစု အတော်လေး ဇာတ်လမ်းရှုပ်နေတယ်။ သူတို့နဲ့ အဆက်အသွယ် လုံးဝ ဖြတ်တောက်ပစ်စမ်း။ မင်းအတွက်လည်း အန္တရာယ်များတယ်"
အပိုင်း(၅၀၄)
ပြီး၏။