အပိုင်း(၅၀၃)
ဘိုးဘိုးက သူမကို ယခုလိုမျိုး ဆက်ဆံရသည့် အကြောင်းအရင်းကို ထျန်းရွှမ် အမှန်တကယ် သိချင်မိသည်။ ထို့ကြောင့် သူမက ဖုန်းကို ချက်ချင်း ထုတ်လိုက်ပြီး ထျန်းအကြီးအကဲကို ဖုန်းဆက်ကြည့်သည်။ သို့သော်လည်း ဖုန်းစက်ပိတ်ထားသည်။
"သူ ဆွစ်ဇာလန် သွားတာလား"
ထျန်းရွှမ် တွေးတောမိသည်။
"ရှားယွီလင်းကို ရှာတွေ့နိုင်မယ်လို့ တွေးနေတုန်းလား"
...
ထျန်းအကြီးအကဲက သူတို့ဇာတ်လမ်းကို ပီပြင်အောင် ပါဝင်သရုပ်ဆောင်နိုင်ရန် ထျန်းနင်တို့ နေထိုင်သော အိမ်သို့ လာနေသည်။ သူက ထျန်းနင်နှင့် မို့ထင်တို့၏အိမ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အိမ်တစ်အိမ်လုံးကို လှည့်ပတ်ကြည့်ရှုသည်။ စံအိမ်က လူနှစ်ဦးတည်း နေထိုင်သော်လည်း အချစ်၊ နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။
"ချောင်းအတွင်းရေးမှူးက စောနလေးတင် ဖုန်းဆက်တယ်။ အားလုံး အဆင်ပြေတယ်တဲ့"
ထျန်းနင်က သူ့လက်ထဲမှ ဖုန်းကို အောက်ချလိုက်ပြီး ထျန်းအကြီးအကဲ နှင့် ရှားယွီလင်းကို စကားပြောသည်။
"ရှောင်နင် ၊ ဖုန်းသုံးတာကို လျော့သင့်တယ်။ အဲဒီက ထွက်လာတဲ့ ရေဒီယိုလှိုင်းတွေက ကလေးအတွက် မကောင်းဘူး"
ရှားယွီလင်း၏နှလုံးသား နာကျင်လာ၍ ထျန်းနင်လက်ထဲမှ ဖုန်းကို ယူလိုက်သည်။
"ဟွန့် အဲဒီမိန်းမက ဒီနေ့ မအောင်မြင်ရင်တောင် သူ့လက်ထဲမှာ နောက်ထပ် တခြားအစီအစဉ် ရှိနိုင်သေးတယ်။ သူက အလွယ်တကူ စွန့်လွှတ်တတ်တဲ့သူ မဟုတ်ဘူး"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို စိတ်ပျက်မိ၍ မြေးမလေးဟု မခေါ်ဘဲ သူစိမ်းဆန်စွာ ခေါ်ဆိုခြင်း ဖြစ်သည်။
"သူ ဘာပဲစီစဉ်ထား စီစဉ်ထားပါ၊ ရှောင်နင်လက်က လွတ်မယ်များ ထင်နေလား"
ရှားယွီလင်း ခနဲ့သည်။
"သူက သူစိမ်းဆိုရင် ငါတို့ ရင်ဆိုင်ပြီတာ ကြာပေါ့။ ခက်တာက အဲဒီမိန်းမက အဖေနဲ့ သွေးသား တော်စပ်နေတယ်"
"ဒီနေ့ အရှက်ကွဲတာ အခုမှ အစပဲ ရှိသေးတယ်"
ထျန်းနင်က ခပ်တန်းတန်း ခေါင်းငုံ့ထားလိုက်ပြီး သူ့လက်ထဲမှ စာရွက်စာတမ်းများကို ဖတ်ရှုကာ အတွေးထဲ နစ်မြောနေသည်။
ထျန်းရွှမ်က သူ့ကလေးကို ဆုံးရှုံးအောင် ကြံရွယ်ထား၍ ထျန်းရွှမ်၏တစ်ဘဝလုံးကို သူမက ပြန်လည် နှောင့်ယှက်ရမည်။
"ဒီရက်ပိုင်း ဘိုးဘိုးရော အမေရော ပျော်ပျော်နေသင့်တယ်။ ထျန်းရွှမ်ကို သမီး ရင်ဆိုင်ထားမယ်"
"မဆင်မခြင် မလုပ်နဲ့ဦး။ သမီးကြောင့် မို့ထင် ထိခိုက်နေဦးမယ်"
နောက်ဆုံးတော့ ထျန်းနင်က ခေါင်းမော့လာပြီး ခေါင်းညိတ်ပြသည်။
"သမီး ဘာလုပ်သင့်လဲ သိပါတယ်"
"ထျန်းကျင်းရွှမ်ရဲ့ ပရိသတ် အထူးဖျော်ဖြေပွဲ ကျင်းပဖို့ ရှိတယ်မလား။ ငါတို့တွေ သွားကြမလား"
ထျန်းအကြီးအကဲက ယခုလို အားလပ်ရက်မျိုး ပိုင်ဆိုင်ရန် မလွယ်ကူ၍ လူငယ်များနှင့် အပြိုင် ပျော်ရွှင်ရန် ကြံရွယ်ထားသည်။
ဖျော်ဖြေရေးလောကကြီးက အရှက်ရဖွယ်ကောင်းသော လူ့ပတ်ဝန်းကျင် ဟု သူတွေးခဲ့ဖူးသော်လည်း သူ့မြေးလေးများက လူချစ်လူခင်များ၍ သူ ဂုဏ်ယူမိသည်။
"အမေလည်း သွားချင်တယ်"
"အင်း"
ထျန်းနင်က ထျန်းကျင်းရွှမ်ကို ဖုန်းမဆက်ခင် ခေါင်းညိတ်သည်။
"အမေနဲ့ အဘိုးက မင်းရဲ့ပရိသတ်ဖျော်ဖြေပွဲကို တက်မလို့တဲ့။ မင်းပဲ ကြည့်စီစဉ်လိုက်တော့နော်"
"ဒါဆိုရင် သူတို့အတွက် အထူးလက်မှတ်ကို ယန်ရှုကိုပဲ စီစဉ်ခိုင်ထားလိုက်မယ်။ ဒါနဲ့ ဘိုးဘိုးရဲ့နှလုံးက ဆူညံသံတွေကို ခံနိုင်ရည် ရှိပါ့မလား"
"ဘိုးဘိုးကို အထင်မသေးပါနဲ့"
ထျန်းနင် ပြုံးနေမိသည်။
"အစ်မရဲ့'WH'ရုပ်ရှင် ရုံတင်တော့မယ်လို့ တရားဝင် ကြေညာထားတယ်။ ကြော်ငြာကြည့်ပြီးပြီ။ တကယ်မိမိုက်နေရောပဲ။ ရုပ်ရှင်လောကထဲ အစ်မ ပြန်လာနိုင်ဖို့ပဲ ကျွန်တော် မျှော်လင့််တယ်"
ဤတစ်ကြိမ်တွင် ထျန်းနင် ပြန်မတုံ့ပြန်ခဲ့ပေ။ သူမက ရိုးရှင်းစွာ ဖုန်းချလိုက်သည်။
"အစ်မထျန်းနင်က ဘာလုပ်သင့်လဲ သိပါတယ်။ အရမ်းကြီး မစိုးရိမ်နဲ့"
စုန့်ယန်ရှုက ထျန်းကျင်းရွှမ်၏နောက်မှာ မတ်တတ်ရပ်နေသည်။
"အခုအချိန်မှာ ရှင့်တာဝန်က ဖျော်ဖြေပွဲအတွက် အကောင်းဆုံး ပြင်ဆင်ဖို့ပဲ"
"ဒါနဲ့ ရှားကျင်းရီကို တရားရုံးက ကြားနာ စစ်ဆေးမယ် ကြားတယ်"
"ဒါဆိုရင် သူ့အတွက် ဂုဏ်ပြုပေးရမှာပေါ့"
ထိုစကားကို ပြောပြီးနောက် သူ့နောက်ဘက်မှ တုံ့ပြန်သံ မကြားရ၍ စုန့်ယန်ရှုကို လှည့်ကြည့်လိုက်သည်။ သူမက နံရံကို မှီကာ နာကျင်နေသော ဦးခေါင်းကို ဆုပ်ကိုင်ထားသည်။
"ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"
"ခုရက်ပိုင်း တအားပင်ပန်းနေလို့ပါ"
စုန့်ယန်ရှု ပြန်ဖြေသည်။
"အိမ်ပြန်ပြီး အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ"
"မင်းကိုယ်မင်း စက်ရုပ်လို့ ထင်နေလား။ ငါ့အစ်မလို ဖြစ်ချင်နေတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ့အစ်မက အလုပ်ကြောင့် သူ့ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်ဘူး။ သူက သူ့ကိုယ်သူ ပိုချစ်တယ်။ မင်းက ငါ့အစ်မလို ဖြစ်ချင်ရင် မင်းကိုယ်မင်း ပိုဂရုစိုက်သင့်တယ်"
ထိုစကားကိုပြောပြီးနောက် ထျန်းကျင်းရွှမ်က စုန့်ယန်ရှုကို ပွေ့ချီသွားပြီး သူ့အိပ်ရာပေါ် တင်ပေးလိုက်သည်။
"ဒီမှာပဲ အိပ်လိုက်တော့။ တစ်ခုခုဖြစ်ရင် ငါ မင်းကို ဂရုစိုက်ပေးလို့ ရတယ်"
"ဒါပေမဲ့"
"ဘာမှ ဒါပေမဲ့တွေ လုပ်မနေစမ်းနဲ့ ယန်ရှု၊ ငါ အခက်ခဲဆုံး အချိန်တွေမှာ မင်းက ငါ့အနား ရှိနေပေးတယ် ငါ့အတွက် ဘာမဆို စွန့်လွှတ်ရဲတဲ့အထိ ပေးဆပ်ခဲ့တာပဲ။ ဒါမို့ ငါက မင်းကို မစွန့်ပစ်ပါဘူး"
စုန့်ယန်ရှု အနည်းငယ် အံ့အားသင့်မိသည်။ သို့သော်လည်း သူက စကားတစ်ခွန်းမျှ ထပ်မပြောဘဲ မျက်လွှာချထားပြီး တဖြည်းဖြည်းချင်း အိပ်မောကျသွားသည်။
ထျန်းကျင်းရွှမ်က စုန့်ယန်ရှု အိပ်မောကျသွားခြင်းကို စောင့်ကြည့်နေခဲ့သည်။ စုန့်ယန်ရှုကဲ့သို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်သော အမျိုးသမီးလေးက အရှုံးကို အလွယ်တကူ လက်မခံရသည့် အကြောင်းအရင်းကို သူ သိချင်မိသည်။
သူမက ခေါင်းမာလွန်းသည့် အပြင် တခြားသူကို သူမကိုယ်သူမထက် ပို၍ အလေးပေးမိသည်။
သူမ ရူးမိုက်လွန်းသည်။
...
ထိုစဉ် ထျန်းရွှမ်၏အစီအစဉ် ကျရှုံးသွားပြီးနောက် ထျန်းအုပ်စုက သူမကို လူရွှင်တော်ကြီးလို ဆက်ဆံကြသည်။ သူမ ဘယ်သွားသွား လူတိုင်းက သူမကို လက်ညိုးထိုးကာ လှောင်ရယ်ကြသည်။
"ထျန်းအိမ်တော်က တစ်ခါ ကန်ထုတ်ခံရတော့ သူ့အမှားသူ သိပြီး ပြောင်းလဲသွားမယ် ထင်ခဲ့တာ။ အခုအချိန်အထိ အာဏာ နဲ့ လုပ်ပိုင်ခွင့်အတွက် တိုက်ခိုက်ဖို့ သွေးဆာနေမယ်လို့ ဘယ်သူက ထင်မှာလဲ"
"ဆွစ်ဇာလန်ကိစ္စက ငါတို့ကို တစ်နှစ်ပတ်လုံး ရယ်မောနိုင်အောင် စွမ်းဆောင်ပေးနိုင်တယ်"
"ဟား ဟား အရမ်း ရယ်စရာ ကောင်းလွန်းတယ်။ ကိုယ်စားလှယ်တွေက သူတို့ဘာသာ သူတို့ သူ့စီရောက်လာတယ်များ တွေးသေးတယ်။ သခင်မလေးက တစ်နေ့ထက် တစ်နေ့ ပိုပိုရူးလာသလိုပဲ။ သူ့ခေါင်းထဲမှာပဲ ကိုယ်ဝန်ရှိနေတာလား"
သူမအကြောင်း ပြောဆိုနေသည့် ဆွေးနွေးသံများကို ကြားပြီးနောက် ထျန်းရွှမ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူမက ယခုလိုမျိုး တစ်ခါမျှ အရှက်မကွဲဖူးပေ။ ယခုတော့ ထျန်းအုပ်စုမှ လူတိုင်းက သူမကို လှောင်ရယ်နေသည်။
သူမ၏ဘိုးဘိုးက သူမကို လုံးဝ ဂရုမစိုက်သည်လော။
ထျန်းရွှမ်က နောက်တစ်ကြိမ် ဖုန်းကို ကောက်ယူလိုက်ပြီး ထျန်းအကြီးအကဲကို ဖုန်းခေါ်ကြည့်သည်။ဤတစ်ကြိမ်တွင် ဖုန်းဝင်သွားသည်။
"ဘိုးဘိုး"
"အို့စ် ရှောင်ရွှမ်ပဲ။ ဘာဖြစ်လို့လဲ"
ထျန်းအကြီးအကဲက အဖြစ်အပျက် အလုံးစုံကို သိနေသော်လည်း မသိချင်ယောင် ဟန်ဆောင်ကာ မေးမြန်းသည်။
"ဘာလို့ ထျန်းအုပ်စုကို တခြားသူလက်ထဲ လွှဲပြောင်းတာလဲ။ မြေး အလုပ်ကြိုးစားတာက လုံလောက်မှု မရှိလို့လား"
ထျန်းရွှမ် မေးမြန်းသည်။
"မြေးက ဘိုးဘိုးကို ထိခိုက်အောင် လုပ်ခဲ့ဖူးပေမဲဲ့ အခု မြေးပြောင်းလဲသွားပြီလေ။ ဘာလို့ မြေးကို အခွင့်အရေး မပေးတာလဲ"
ပြောင်းလဲခဲ့သည်။
ပြောင်းလဲခြင်းက ပို၍ဆိုးရွားသွားစေခဲ့သည်။
"ရှောင်ရွှမ်၊ ဘိုးဘိုးက အခု ဆွစ်ဇာလန် ရောက်နေတယ်။ သမီး ပြောတာ သေချာ မကြားရဘူး။ ပြန်လာမှပဲ ပြောကြတာပေါ့"
"ဘိုးဘိုး"
ထျန်းရွှမ်က သူ့ဒေါသကို မည်သူ့အပေါ် ပုံချရမည်မှန်း မသိ၍ ကျုံးအိမ်တော်ကို ဖုန်းဆက်သည်။
"အမေ၊ ဒါရိုက်တာ အစည်းအဝေးပွဲမှာ ဘိုးဘိုးက ကျွန်မကို စီအီအို ရာထူး မပေးခဲ့ဘူး"
"ဘယ်လို ဖြစ်ရတာလဲ"
အမေကျုံးက ဒေါသတကြီး အော်ငေါက်သည်။
"နင့်အတွက် လမ်းကြောင်းဖောက်ပေးဖို့ ငါ အများကြီး ကြိုးစားပေးခဲ့တာပဲ။ ဘာလို့ ကျရှုံးရတာလဲ။ ကျုံးမိသားစုကို ကယ်တင်ဖို့ နင့်ရဲ့ ငွေကြေး အကူအညီကို လိုအပ်နေတာလေ"
"ကျုံးမိသားစုက ဘာဖြစ်လို့လဲ"
"အရင်လိုပဲ ပြဿနာတက်တာလေ။ နင့်ယောက်ျား နဲ့ နင့်ယောက္ခမ အစစ်ဆေး ခံနေရတယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်ပါ့မလား။ သင်္ဘောပေါ်မှာ တားမြစ် ပစ္စည်းတွေ ရုတ်တရက် မတွေ့ခင်အထိ အားလုံး အဆင်ပြေနေသေးတယ်"
မို့ထင်၏ဇနီးကို ဒုက္ခပေးခဲ့သည့် ကျုံးမိသားစုက အခက်အခဲကို အလွယ်တကူ ကျော်လွှားနိုင်မည်လော။
မို့ထင်၏ဇနီး နှင့် ကလေးကို မည်သူက ထိခိုက်အောင် လုပ်ဆောင်ခဲ့သနည်း။
ကိုယ့်ကြမ္မာ ကိုယ်ဖန်ခဲ့၍ အကျိုးဆက်ကို ခံယူရမည်။
"အခု ဘာဆက်လုပ်ရမလဲ"
"ရှောင်ရွှမ်၊ ကျုံးမိသားစုက အခု ကျပ်တည်းနေတယ်။ ထျန်းမိသားစုစီကနေ ငွေယူသုံးလို့ရတဲ့ နည်းလမ်းပဲ စဉ်းစားပါ"
အမေကျုံးက ရုတ်တရက် တောင်းဆိုသည်။
"ဒီပြဿနာ ဖြေရှင်းပြီးရင် နင့်အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကူညီပေးမယ်လို့ ကတိပေးတယ်"
"အမေ၊ ကျွန်မက ငွေကြေးပိုင်း ဝင်စွက်ဖက်လို့ မရဘူး"
ထျန်းရွှမ်က အကျိုးအကြောင်း စဉ်းစားကာ ငြင်းဆန်သည်။
"ဒါဆိုရင်လည်း ငါတို့အတူတူ ဘဝပျက်ကြတာပေါ့"
အမေကျုံးက သွေးအေးရက်စက်သော ဟန်အမူအရာဖြင့် အော်ငေါက်သည်။
အပိုင်း(၅၀၃)
ပြီး၏။