အပိုင်း(၄၉၅)
ရှားကျင်းရီကို ပြောခဲ့မိသော စကားကို ပြန်တွေးမိ၍ ထျန်းကျင်းရွှမ် အားတုံ့အားနာ ဖြစ်မိသ်။ ထျန်းနင်က ထျန်းကျင်းရွှမ်၏မျက်နှာ အနီရောင်သန်းသွားခြင်းကို သတိထားမိ၍ သူ့လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကို အောက်ချထားလိုက်ပြီး စုန့်ယန်ရှုကို မေးမြန်းသည်။
"စောနတုန်းကပွဲမှာ လောရှင်းကို သဘောကျတယ်လို့ ပြောခဲ့တာ ဘာသဘောလဲ"
စုန့်ယန်ရှုက ပြန်မဖြေခင် ခဏမျှ နှုတ်ဆိတ်နေခဲ့သည်။
"လောရှင်းကို ကာကွယ်ပေးချင်လို့ ပြောခဲ့ရုံပါ"
"ငါ သိတယ်"
ထျန်းနင်က ထျန်းကျင်းရွှမ်ကို တမင်ရန်စခြင်း ဖြစ်သည်။
ထျန်းကျင်းရွှမ်၏ဘေးနားမှာ အကောင်းဆုံး အမျိုးသမီး ရှိနေခဲ့သော်လည်း မသင့်လျော်သော မိန်းကလေးကို ရွေးချယ်ခဲ့မိကြောင်း သိစေချင်၍ ဖြစ်သည်။
သူလည်း ရှိနေသေး၍ အနေရ မခက်စေရန် လိမ္မာပါးနပ်လွန်းသော သူ့အစ်မကို ချောင်းခြောက်ဟန့်ကာ သတိပေးသည်။
စုန့်ယန်ရှု၏နားရွက်က အနီရောင်သန်းနေသော်လည်း ထျန်းကျင်းရွှမ်ကို နေရာပေးရန် ဘေးတစ်ဖက်မှာ မတ်တတ်ရပ်နေသည်။ မို့ထင်က သူ့အလုပ်စားပွဲမှာ ထိုင်ကာ တစ်ချိန်လုံး အလုပ်လုပ်နေသည်။ သူ နှုတ်ဆိတ်နေသော အပြုအမူက ထျန်းနင်ကို စိတ်ကြိုက် လုပ်ဆောင်ခွင့် ပြုထားခြင်း ဖြစ်သည်။ အကယ်၍ ထျန်းနင် မဖြေရှင်းနိုင်လျှင် သူ ကိုယ်တိုင် ရှေ့ထွက် ဖြေရှင်းပေးမည်။
"အစ်မသုံး"
"ယန်ရှုက မင်းကို သဘောကျတာ တစ်နိုင်ငံလုံး သိနေပြီ။ သူ့အတွက် ချစ်သူကောင်လေး ရှာဖို့ လွယ်ကူပါဦးမလား"
ထျန်းနင်က မယုံသင်္ကာဟန် မျက်ခုံးပင့်သည်။
"သူက မိန်းကလေးပေမဲ့ မင်းကို ကာကွယ်ဖို့ လူရှေ့ထွက်ပြီး သူ့သိက္ခာတောင် မငဲ့ကွက်ဘဲ ရဲရဲဝံ့ဝံ့ ထုတ်ပြောတယ်။ နင် ဘာလုပ်ပေးမလဲ"
"ဒီနေ့ ရခဲ့တဲ့ သင်ခန်းစာကို ဒီတစ်သက် မမေ့ပါဘူး"
ထျန်းကျင်းရွှမ်က သူ့ကိုယ်သူ လှောင်ရယ်သည်။
"စိတ်မပူပါနဲ့။ ကျွန်တော့်နှလုံးသား ရင့်ကျက်လာပါပြီ။ အရင်လို မတုံးအတော့ဘူး။ ကျွန်တော့် ရည်မှန်းချက်ကို အာရုံစိုက်ပြီး ဂီတလောကမှာ ကောင်းမွန်တဲ့ လက်ရာမွန်တွေ ချန်ရစ်နိုင်အောင် ကြိုးစားပါ့မယ်"
"ယန်ရှု သူ့ကို အိမ်ပြန်ပို့ပေးလိုက်"
ယနေ့အဖြစ်အပျက်က ထျန်းကျင်းရွှမ်ကို ထိချက်ပြင်းစေမှန်း သိနေ၍ သူ့ကို နှစ်သိမ့်ပေးရန် စုန့်ယန်ရှုကို အခွင့်အရေးပေးခြင်း ဖြစ်သည်။
"ကောင်းပါပြီ"
ထျန်းကျင်းရွှမ်က မို့ထင်၏ရုံးခန်းမှ လှည့်ထွက်လာစဉ် စုန့်ယန်ရှုက သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။
"ယန်ရှု၊ မင်းကို အားနာမိသလို ကျေးဇူးလည်း တင်ပါတယ်"
စုန့်ယန်ရှုက စိတ်ထဲမထားဟန် ခေါင်းခါသည်။
"ရှင်ကို ကာကွယ်ပေးခဲ့တဲ့သူက အစ်မထျန်းနင်ပါ။ ကျွန်မက ဘာမှ သိပ်မလုပ်ပေး ရပါဘူး"
"မဟုတ်ဘူး။ မင်းရဲ့ သတ္တိတွေက ငါ့ကို အထောက်အပံ့ ဖြစ်စေခဲ့တယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ်က စုန့်ယန်ရှုနှင့် အတူတူ ဓာတ်လှေကားထဲ ဝင်လိုက်သည်။
အိမ်ပြန်ရောက်ပြီးနောက် ထျန်းအကြီးအကဲက ထျန်းကျင်းရွှမ်ကို ဧည့်ခန်းထဲမှ ဆိုဖာပေါ် ထိုင်ကာ စောင့်နေသည်။ သူ့ကို မြင်မြင်ချင်း ထျန်းအကြီးအကဲ စကားပြောသည်။
"တချို့က မှန်ကန်ဖြောင့်မတ်ပြီး လူတချို့က လုံးဝ ကျေးဇူး မသိတတ်ဘူး။ ငါ့မြေးလေးက လူကောင်းလူဆိုး မခွဲခြားတတ်ဘူးလား"
ထျန်းကျင်းရွှမ်၏နှုတ်ခမ်းက အပေါ်သို့ ကော့ညွှတ်သွားသော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။
"မိန်းကလေးက အများကြီး စတေးပေးခဲ့တာပဲ။ မိန်းကလေးကို ကျေးဇူးတင်ချင်လို့ ငါ့ကိုယ်စား လက်ဆောင် ယူသွားပေးပါ"
"ဟုတ်ကဲ့ နားလည်ပါပြီ ဘိုးဘိုး"
ထျန်းကျင်းရွှမ် ပင်ပန်းနေ၍ သူ့အိပ်ခန်းထဲ တန်းပြန်ခဲ့သော်လည်း ထျန်းအကြီးအကဲ ပြောခဲ့သော စကားများကို မေ့ဖျောက်မရပေ။
သူ့က အိပ်ရာပေါ်မှာ လှဲနေစဉ် သူ့စားပွဲခုံပေါ်မှ ဖန်တူရိယာများကို ငေးကြည့်လျက် အတွေးပေါ်လာသည်။ စုန့်ယန်ရှုအတွက် ဘာလုပ်ပေးနိုင်လဲ သူ သိလာသည်။
....
ထိုစဉ်အခိုက်အတန့် အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဧည့််ခန်းထဲ ရောက်နေသော ထျန်းရွှမ်က ထျန်းအကြီးအကဲ၏ မျက်နှာချင်းဆိုင်မှာ မတ်တ်ရပ်လျက် ထျန်းအကြီးအကဲကို မထီမဲ့မြင် ပြုမူနေသည်။
"ဘိုးဘိုး၊ အန်တီက မနက်ဖြန် ဆွစ်ဇာလန် သွားမှာလား"
သူက ရိုးရှင်းစွာ ခေါင်းညိတ်သည်။
"အွန်း အွန်း နောက်ကျနေပေမဲ့ သွားဦးမှာပါ"
ထျန်းရွှမ်က ခပ်ယဲ့ယဲ့လေး ပြုံးပြီး ချက်ချင်း စကားလမ်းကြောင်းလွှဲသည်။
"ကျင်းရွှမ် အဆင်ပြေရဲ့လား"
"ထျန်းနင် ရှိနေတော့ ဘာမှ မဖြစ်လောက်ပါဘူး"
ထျန်းနင် နာမည် ထည့်ပြောရ၍ ထျန်းအကြီးအကဲ ဂုဏ်ယူမိသည်။ ထျန်းကျင်းရွှမ် ဒုက္ခရောက်နေစဉ် အစ်မ တာဝန် မကျေပွန်ခဲ့သော ထျန်းရွှမ်ကို ထျန်းအကြီးအကဲ၏ အပြုအမူက အရှက်ရစေသည်။ ပြဿနာအားလုံး ဖြေရှင်းပြီးသွားမှသာ စိုးရိမ်ဟန်ဆောင်သည်။
"သတင်းကောင်း ကြားရတာ ဝမ်းသာပါတယ်"
ဘိုးဘိုးက ထျန်းနင်ကိုသာ အလေးထားနေသည်။ ဘိုးဘိုး၏စိတ်ထဲ သူမ ရှိမနေရသည့် အကြောင်းအရင်းကို သူမ သိချင်မိသည်။
သူမ၏ဗိုက်ထဲ ထျန်းမိသားစု၏မျိုးဆက် ရျှိန၍ သူမက ဦးစားပေး ဖြစ်သင့်သည်။
သို့သော်လည်း ထျန်းစီးပွားရေးအုပ်စုက သူမ၏လက်ထဲ ရောက်တော့မည်ဖြစ်၍ ထျန်းနင်တို့သားအမိကို မောက်မာခွင့် မပြုနိုင်တော့ပေ။
"ကျုံးမိသားစု အခက်ခဲကြုံနေတယ် ကြားမိတယ်။ တားမြစ်ပစ္စည်းတွေကို သူတို့သင်္ဘောပေါ်မှာ တွေ့တယ် ကြားမိတယ်။ အကူအညီလိုအပ်ရင် ဘိုးဘိုးကို အသိပေးနော်"
ကျုံးမိသားစုက သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းနေကြောင်း ထျန်းအကြီးအကဲက သတိပေးသည်။ တကယ်တမ်း သူတို့လိုအပ်နေသော ငွေကြေးကို ထျန်းအုပ်စုထံမှ ခိုးယူနိုင်ချေ မြင့်မားသည်။
သို့တိုင် ထျန်းရွှမ်က အပြုံးမပျက် စကားဆက်ပြောသည်။
"အဆင်ပြေပါတယ်။ သိပ်မကြာခင် ပြဿနာတွေ ရှင်းသွားမှာပါ"
သူမက သေချာပေါက် ယုံကြည်မှု ရှိသည်။
နောက်ကွယ်တွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်မှန်း သိနေ၍ ထျန်းအကြီးအကဲက စိတ်ထဲ လှောင်ရယ်သည်။
ထျန်းရွှမ်ကို ခဏတာ လွတ်မြောက်ခွင့် ပေးထားသော်လည်း ထျန်းနင်ကို လုပ်ကြံထားသော ကျုံးမိသားစုကို မို့ထင်က အလွတ်မပေးချေ။
သိပ်မကြာခင် ပြဿနာအားလုံး ဖြေရှင်းနိုင်လိမ့်မည်။
"အဆင်ပြေရင် ပြီရောပါ။ မင်းရဲ့ယောက္ခမတွေက မင်းကို ကောင်းကောင်း မဆက်ဆံပေမဲ့ အခုလို အချိန်မျိုးမှာ သူတို့ကို စိုးရိမ်တာ မြင်အောင် ပြပေးသင့်တယ်"
"ဟုတ်ကဲ့ မြေးနားလည်ပါပြီ ဘိုးဘိုး"
ထျန်းအကြီးအကဲက သူ့အိပ်ခန်းထဲ ပြန်သွားရန် မတ်တတ်ရပ်လျက် ခေါင်းညိတ်ပြသည်။ ထျန်းရွှမ်က ခပ်လှမ်းလှမ်း လမ်းလျှောက်သွားသော ထျန်းအကြီးအကဲကို ငေးကြည့်လျက် သူမ၏အကြံအစည်ကို အကောင်အထည် ဖော်ရန် တွေးတောနေသည်။ သူမက ရှားယွီလင်းကို လုပ်ကြံရန် အစီအစဉ်ဆွဲနေခြင်း ဖြစ်သည်။
...
ညဉ့်ဦးယံအချိန် Hyatt Regency
နေ့ဘက်ခရီးစဉ်က အန္တရာယ်များလွန်း၍ ရှားယွီလင်းက သူ့သမီး ထျန်းနင် နှင့် အဖိုးတန် မြေးလေးကို တွေ့ဆုံရန် Hyatt Regencyသို့ ညဘက်သွားသည်။
"ကျင်းရွှမ်ကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်တာ ကံကောင်းလို့ပေါ့။ အနုပညာလောက ရှုပ်ထွေးလွန်းတယ်"
ရှားယွီလင်း သက်ပြင်းချသည်။
"အမေ့ကို ပြော ဘယ်နေရာက ရှုပ်ထွေးနေလဲ"
"ထျန်းရွှမ်က ထျန်းအုပ်စုထဲ ပဋိပက္ခ ဖြစ်အောင် ကြံစည်ထားတယ်လို့ သံသယ ဝင်မိတယ်။ အခု ထျန်းကျင်းရွှမ်လည်း သူ့ဘဝ အတွေ့အကြုံကနေ သင်ခန်းစာ ရသင့်သလောက် ရသွားပြီဆိုတော့ အရင်ထက် ပိုရင့်ကျက်လာမှာပါ။ သူ့အတွက် စိုးရိမ်ဖို့ မလိုအပ်တော့ဘူး"
"အမေ သူ့အတွက် မစိုးရိမ်ပါဘူး။ သမီးကို စိုးရိမ်နေတာ"
ရှားယွီလင်းက ထျန်းနင်၏ဝမ်းဗိုက်ကို ငေးစိုက်ကြည့်ကာ စကားပြောသည်။
"သမီးက ကိုယ်ဝန်နဲ့ အခုထိ တခြားသူတွေကို စိုးရိမ်ပြီး ဟိုသွားသည်သွား လုပ်နေသေးတယ်"
"မနက်ဖြန် ဆွစ်ဇာလန်သွားမယ့် ခရီးစဉ်က အန္တရာယ်များလွန်းတယ်။ အမေ လမ်းခရီးမှာ ဂရုစိုက်နော်"
ထျန်းနင်က သူမ၏ဝမ်းဗိုက်လေးကို ပွတ်ကာ သတိပေးသည်။
"သမီး နဲ့ ကလေးအတွက် မစိုးရိမ်နဲ့။ သမီးက အရမ်း နူးနူးညံ့ညံ့ နေတတ်သူ မဟုတ်တော့ စိုးရိမ်နေဖို့ မလိုဘူး"
"ဟုတ်ပါပြီ"
ရှားယွီလင်းက လေးလေးနက်နက် ခေါင်းညိတ်သည်။
"အမေ့မြေးလေးကို မြင်ရဖို့ အမေ ကိုယ့်ဘာသာ သေချာစောင့်ရှောက်ပါ့မယ်"
"မို့ထင်က အမေကို စောင့်ရှောက်ပေးဖို့ လေဆိပ်မှာ လူလွှတ်ပေးထားတယ်။ အမေ ဒုက္ခရောက်ရင် သူတို့တွေ ကူညီပေးလိမ့်မယ်"
"မို့ထင်ရဲ့စီစဉ်ပေးမှုကို ယုံကြည်ပါတယ်"
ရှားယွီလင်း ထွက်သွားပြီးနောက် ထျန်းနင်က အဝေးသို့ ငေးစိုက်ကြည့်ကာ မိန်းမောနေသည်။ မို့ထင်က သူမ၏ စိတ်အခြေအနေ ပြောင်းလဲနေခြင်းကို သတိပြုမိ၍ ချက်ချင်း သူမအနား ချဉ်းကပ်ကာ သူမကို ထွေးပွေ့သည်။
"ချစ်လေး စိုးရိမ်နေတာလား"
ထျန်းနင် ခေါင်းခါသည်။
"ချစ်လေး ယောက်ျားသာ အနားရှိနေရင် ဘာကိုမှ စိုးရိမ်နေဖို့ မလိုအပ်ဘူး"
"ဒါဆိုရင် ဘာဖြစ်လို့လဲ"
"ထျန်းရွှမ်ဗိုက်ထဲက ကလေးအကြောင်း တွေးမိလို့ပါ။ အမေ မရှိဘဲ မွေးလာရင် သနားစရာကောင်းမှာပဲ"
ထျန်းနင် သက်ပြင်းချသည်။
"ဟုတ်လို့လား။ စိတ်ဓာတ်မကောင်းတဲ့ မိခင်ရဲ့ ပျိုးထောင်မှု အောက်မှာ မကြီးပြင်းရတာ ကလေးရဲ့ ကံကောင်းခြင်း ဖြစ်မှာပါ"
အပိုင်း(၄၉၅)
ပြီး၏။