အပိုင်း(၄၈၇)
"စောနတုန်းက ဖုန်းထဲမှာ ပြောခဲ့တာ သတင်းကောင်း ပြောဖို့ ရှိတယ်ဆို ဟုတ်လား"
ရှားကျင်းရီက သူမကို အာရုံစိုက်အောင် စကားလမ်းကြောင်းလွှဲသည်။
"ကိုယ့် သီချင်းခွေအသစ် ထွက်မယ့်ကိစ္စလေ"
ထျန်းကျင်းရွှမ်က အပြုံးလေးဖြင့် ပြန်ဖြေသည်။
"ငါတို့လောရှင်းက အခုထက် ပိုပိုပြီး ကျော်ကြားလာမှာကို သိတာပေါ့"
ထျန်းကျင်းရွှမ်က ဟန်မပျက် ပြုံးနေသော်လည်း သူ့ခံစားချက် အစစ်အမှန်ကို ဖုံးကွယ်ရန် ခက်ခဲခဲ့သည်။ သူ့ခံစားချက်ကို ဖွင့်ထုတ် ပြောခါနီး စုန့်ယန်ရှုက သူတို့နောက် ရောက်လာပြီး လုပ်ငန်းကျွမ်းကျင်သော အမူအရာဖြင့် စကားပြောသည်။
"လောရှင်း၊ ဒုဥက္ကဌဖန်က ကျွန်မတို့နှစ်ယောက်ကို သူ့ရုံးခန်း လာတွေ့ခိုင်းလို့ပါ"
ထျန်းကျင်းရွှမ် စိတ်သက်သာရာ ရသွားပြီး ရှားကျင်းရီကို စကားပြောသည်။
"အစည်းအဝေးကို အရင်ဆုံး သွားတော့မယ်။ နောက်မှ မင်းနဲ့ စကားဆက်ပြောတာပေါ့"
"အင်းပါ"
ရှားကျင်းရီက နားလည်ဟန် ခေါင်းညိတ်သည်။
ထို့နောက် ထျန်းကျင်းရွှမ် လှည့်ထွက်သွားခဲ့သည်။
ကြင်နာသနားတတ်သည့် ရှားကျင်းရီတွင်လည်း မကောင်းသော တခြားတစ်ဖက် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ဖူးပေ။
စုန့်ယန်ရှုက ရှားကျင်းရီကို လှစ်ခနဲ လှည့်ကြည့်ပြီးနောက် ထျန်းကျင်းရွှမ်နောက် ပြေးလိုက်သွားခဲ့သည်။ သူတို့နှစ်ဦးသား ဓာတ်လှေကားထဲ ဝင်ရောက်သွားမှ သူမ မေးမြန်းသည်။
"မပျော်ရွှင်ရရင် ဘာလို့ ဖုံးကွယ်ထားသလဲ"
"ငါက ဝန်တိုစိတ်တွေ သံသယတွေနဲ့ မျက်ကန်းတစ္ဆေ မဖြစ်ချင်လို့လေ။ အရင်ဆုံး သက်သေ ရှာရမယ်"
"ဒုဥက္ကဌဖန်က သူ့ကို လာမတွေ့ခိုင်းပါဘူး။ ရှင့်စိတ်ကို မထိန်းချုပ်နိုင်တော့မှန်း သိနေလို့ ခေါ်ထုတ်လာတာပါ။ ဒါက ရှင် နဲ့ ရှင့်အစ်မရဲ့ ကွာခြားချက်ပဲ။ အစ်မထျန်းနင်က သူ့ကို ထိခိုက်စေတဲ့သူကို မသနားတတ်သလို့ ကြောက်လည်း မကြောက်တတ်ဘူး"
စုန့်ယန်ရှုက ထျန်းကျင်းရွှမ်၏နောက်ကျောကို ငေးကြည့်ကာ စကားပြောသည်။
"ထျန်းနင်ရဲ့ လူ့စိတ်ကို ခန့်မှန်းနိုင်တဲ့ အဆင့်ကို ရှင် လက်လှမ်းမမှီလောက်ဘူး။ ရှင်ရဲ့မန်နေဂျာ အနေနဲ့ ဆိုရင် ဒီလိုစကားမျိုးကို မပြောသင့်ပေမဲ့ ပြောထိုက်လို့ ပြောရဦးမယါ။ အဲဒီရှားကျင်းရီက ရှင်နဲ့ တကယ်ကို မသင့်လျော်ဘူး"
ထျန်းကျင်းရွှမ် သက်ပြင်းချသည်။
"ရှင် အကူအညီ လိုအပ်ရင် ကျွန်မကို အသိပေးပါ။ ရှင့်ကို ကူညီဖို့ နည်းလမ်း စဉ်းစားပေးမယ်"
"ကျေးဇူးတင်ပါတယ်"
ထျန်းကျင်းရွှမ်က ခေါင်းညိတ်လိုက်ပြီး စိတ်ရှုပ်ထွေးလျက် ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ထွက်ခွာလာခဲ့သည်။ အိမ်ပြန်လမ်းတစ်လျှောက် အတွေးလွန်နေ၍ မကြာခဏ ကားမတော်တဆမှု ဖြစ်လုနီးပါး ကြုံခဲ့ရသည်။ ထျန်းနင်လည်း သူနှင့် ထပ်တူညီသော အခြေအနေကို ကြုံဖူးခဲ့လျှင် သူမ ဘယ်လို ရင်ဆိုင်ခဲ့လဲ သိချင်မိသည်။
အဆုံးသတ်မှာ ထျန်းကျင်းရွှမ်က သူ့ကားကို ပြန်လှည့်လိုက်ပြီး Hyatt Regencyသို့ ဦးတည်ထွက်လာခဲ့သည်။
သူ ရောက်ရောက်ချင်း မို့ထင်က သူ့ကို အခန်းတံခါး ဖွင့်ပေးသည်။ ထျန်းကျင်းရွှမ်ကို မြင်တွေ့သွားပြီးနောက် မို့ထင်က မယုံသင်္ကာဟန် မျက်ခုံးပင့်လိုက်သော်လည်း အိမ်ထဲ ဝင်ခွင့်ပြုခဲ့သည်။
ယခုထျန်းနင်၏ဗိုက်က အနည်းငယ်မျှ စူဖြိုးလာသည်။ ထို့ကြောင့် ထျန်းကျင်းရွှမ်က ထျန်းနင်၏ဗိုက်ကို လက်ညိုးထိုးကာ ပင့်သက်ရှိုက်သည်။
"အစ်မ၃..."
"အစ်မ ကိုယ်ဝန်ရှိနေတာလေ"
ထျန်းနင်က ဆိုဖာပေါ်မှ ပြန်ပြောသည်။
"ကျွန်တော့်ကို ဘာလို့ စောစောစီးစီး မပြောတာလဲ"
ထျန်းကျင်းရွှမ်က သူမဘေးနား ထိုင်လိုက်သည်။
"ဘယ်လိုဖြစ်ရတာလဲ"
ထျန်းရွှမ်ပြုလုပ်ခဲ့သည့် မကောင်းမှုများကို ပြန်တွေးမိ၍ ထျန်းနင်၏မျက်နှာထား အေးစက်စက် ဖြစ်သွားသော်လည်း သူမက ဇာတ်လမ်းအပြည့်အစုံကို ထျန်းကျင်းရွှမ် သိအောင် ပြောပြခဲ့သည်။
ထျန်းရွှမ် ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်တွေးတောမိတိုင်း ထျန်းနင်၏မျက်နှာထား အေးစက်စက် ဖြစ်သွားသော်လည်း ထျန်းရွှမ်ကို အကြောင်းစုံ ပြောပြခဲ့သည်။
ဇာတ်လမ်းကို နားထောင်ပြီးနောက် ထျန်းရွှမ်က စားပွဲခုံပေါ်မှ ဖန်ခွက်ကို ဒေါသတကြီး ရိုက်ခွဲပစ်သည်။
"ဒီလောက်ထိ ဆိုးဆိုးရွားရွား ခံစားခဲ့ရမယ်လို့ ထင်ကို မထင်ထားမိဘူး။ အစ်မကြီး မဟုတ်သေးဘူး အဲဒီမိန်းမက ကျွန်တော့် အစ်မ မဖြစ်ထိုက်ဘူး။ အဲဒီမိန်းမက မကောင်းမှုတွေ အများကြီး တိတ်တဆိတ် ကျူးလွန်ထားတာ။ ဘိုးဘိုးနဲ့ အမေက အဲဒီအကြောင်းကို သိရဲ့လား။ မသိသေးလို့ကတော့ ခုချက်ချင်း ကျွန်တော်ကိုယ်တိုင် သွားပြောမယ်"
"မင်းနဲ့ အစ်မချန်းက လွဲရင် မိသားစုတိုင်း ဒီအကြောင်းကို သိကြတယ်"
ထျန်းနင်က ချက်ချင်း သူ့ကို ဟန့်တားခဲ့သည်။
"ပြဿနာတွေ ဖြေရှင်းဖို့ အစ်မကိုယ်တိုင် အိမ်တော် ပြန်လာမယ်။ ဒီနေ့ ပြောခဲ့သမျှ ကိစ္စတိုင်းကို မေ့ထားလိုက်ဦး အိမ်ပြန်ရောက်ရင် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင် နေပေးပါ"
"ဒါပေမဲ့..."
"ငါ့မှာ အစီအစဉ် ရှိပြီသားပါ။ သူ ဘယ်လိုလူစားမျိုးလဲဆိုတာ လူတိုင်း သိပြီသားပဲ။ တခြားသူကို မကောင်းကြံဖို့ အမြဲတမ်း ကြိုးစားနေတဲ့သူလေ"
ထျန်းနင်က အသိဉာဏ်ပညာဖြင့် ပြည့်စုံသော ဟန်ပန်အမူအရာဖြင့် ပြောဆိုသည်။
"ဒါဆိုရင်လည်း ကောင်းပြီလေ"
ထျန်းရွှမ်က စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့အစ်မအိမ်ကို လာလည်ရသည့် တကယ်အကြောင်းအရင်း ရှိသော်လည်း ထျန်းနင်၏လက်ရှိ အခြေအနေကို တွေးမိ၍ စကားအစပျိုးရန် ခက်ခဲနေသည်။
သို့သော်လည်း ထျန်းနင် အရှေ့မှာ သူ့ခံစားချက်ကို ဖုံးကွယ်ရန် ခက်ခဲနေပြန်သည်။
"ဒီကို အကြောင်းကိစ္စ မရှိဘဲတော့ လာမှာ မဟုတ်ဘူး။ ဘာကိစ္စလဲ အစ်မကို ပြောဦး"
ထျန်းကျင်းရွှမ်က ထျန်းနင်၏မျက်လုံးကို တည့်တည့်မကြည့်ခင် ခဏ တွေဝေနေမိသည်။
"အစ်မသုံးက ရှားကျင်းရီကို ဘယ်လိုမြင်လဲ"
"အစ်မက သူ့အကြောင်း အလုံးစုံတော့ ဘယ်သိပါ့မလဲ"
ထျန်းနင်က ပွင့်ပွင့်လင်းလင်း ဖြေသည်။
"ဘာလို့ ရုတ်တရက် မေးရတာလဲ"
"ကျွန်တော်နဲ့သူ ဒိတ်နေတယ်လို့ ပြောရင် အစ်မ ဘာပြောချင်လဲ"
ထိုစကားသံကို ကြားပြီးနောက် ထျန်းနင်၏မျက်နှာထား ပြောင်းလဲသွားခဲ့သည်။
"တစ်ခုခု ပြဿနာ မရှိရင်တော့ မင်းက အစ်မကို လာတွေ့ပါ့မလား"
ထျန်းနင်က ပြဿနာ၏အဓိက အချက်ကို ထောက်ပြသည်။
"မင်းကို ဆေးခြောက်သုံးပါတယ်လို့ စွပ်စွဲခံရတုန်းက အစ်မ မင်းကို ပြောဖူးပါတယ်။ ဒီဖျော်ဖြေရေးလောကကြီးက မင်းထင်သလောက် မရိုးရှင်းဘူး။ တစ်ခုခု မူမမှန်ဘူးလို့ ခံစားရရင် အစ်မရဲ့အမြင်ကို မေးနေဖို့တောင် လိုအပ်လို့လား"
ထျန်းကျင်းရွှမ် နှုတ်ဆိတ်သွားသည်။
ထျန်းကျင်းရွှမ်က ငယ်ရွယ်လွန်း၍ သူနှင့်အတူတူ အချိန်အကြာရှိ ရှိနေပေးသည့် မိန်းကလေးအပေါ် ခံစားချက် ရှိလာခြင်းကို ထျန်းနင် နားလည်ပေးနိုင်သည်။
သူတို့နှစ်ဦးစလုံး၏ ခံစားချက် ရိုးသားလျှင် သူတို့အတွက် သူမ ပျော်ရွှင်ပေးနိုင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်က ထျန်းကျင်းကို အသုံးချရုံသက်သက် ပတ်သက်လာခဲ့လျှင် သူတို့ကို နာကျင်စေလောက်သည့် သင်ခန်းစာ ကောင်းကောင်းပေးရန် လိုအပ်သည်။
"အစ်မ၊ ကျွန်တော်က တခြားသူကို ခံစားချက် ဖြစ်ဖို့ဆိုတာ ရှားရှားပါးပါး ဖြစ်ရပ်ပဲ"
"မင်း ထင်သလို မှန်ကန်နေရင်တော့ မင်း လူပြွန်းနဲ့ ဆုံခဲ့ပါတယ်ဆိုတဲ့ အမှန်တရားကို ပြောင်းလဲလို့ မရဘူး။ မောင်လေး မင်းက ထျန်းမိသားစုဝင် ဆိုတာ မမေ့သင့်ဘူး"
ထျန်းနင်က ပွင့်ပွင့်လင်းလင်း ပြောသည်။
"ထျန်းမိသားစုဝင်တွေက ပျော့ညံ့တဲ့သူ မဟုတ်ဘူး။ မင်းက ထျန်းမိသားစုဝင် ဆိုတာ သက်သေပြလိုက်စမ်း။ နားလည်မှုလွဲတာ ဖြစ်ဖြစ် အမှန်တရားဖြစ်ဖြစ် ပထမဆုံး ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တယ်"
ထျန်းကျင်းရွှမ် ခေါင်းညိတ်သည်။ သူက ထျန်းနင်နှင့် စကားဆက်ပြောချင်သော်လည်း မို့ထင်က သူ့ကို မောင်းထုတ်နေသည်။
"မင်းအစ်မ အနားယူဖို့ လိုအပ်နေပြီ"
ထျန်းနင် ကိုယ်ဝန်ဆောင်ထားရသည့်ကို အမှတ်ရသွား၍ ထျန်းကျင်းရွှမ်က ချက်ချင်း ခေါင်းညိတ်ပြီး ခွန်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။
"ဟုတ်ကဲ့ပါ။ ဒါဆိုရင် ကျွန်တော် ပြန်တော့မယ်"
ထျန်းနင် ရယ်ချင်သော်လည်း စိတ်မကောင်း ဖြစ်မိသည်။ ထို့ကြောင့် ထျန်းကျင်းရွှမ် ထွက်သွားပြီးနောက် သူမ စကားပြောသည်။
"သူ့အပေါ် နည်းနည်းလောက် ကြင်ကြင်နာနာ ဆက်ဆံလို့ မရဘူးလား"
"သူက ကိုယ့်မိန်းမရဲ့အချိန်တွေကို ခိုးနေတာလေ။ သူ့ကို ကြင်နာပေးလို့ ရပါ့မလား"
မို့ထင် ပြန်ပြောသည်။
ထျန်းနင်က ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်၍ ရယ်မောသည်။
"ရှင့်ကို ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး"
...
Hyatt Regencyမှ ထွက်လာပြီးနောက် ထျန်းကျင်းရွှမ်က ရှားကျင်းရီ၏ တိုက်ခန်းသို့ တန်းကားမောင်းထွက်လာခဲ့သည်။
အရှေ့တံခါးမကို ဖြတ်ဖြတ်ချင်း အိပ်ခန်းတံခါး နည်းနည်းဟနေခြင်းကို သတိထားမိပြီး အထဲမှ အော်သံများကို ကြားရသည်။ သူက အခန်းတံခါးကို ချက်ချင်း တွန်းလိုက်ပြီး ရှားကျင်းရီ၏ အတန်းဖော်ဆိုသူက သူမ၏ ပိုက်ဆံအိတ်ကို လုယူရန်ကြိုးစားနေခြင်းကို မြင်တွေ့ရသည်။
"လောရှင်း အချိန်မီ ရောက်လာတာပဲ။ သူ့ကို မြန်မြန် ဖမ်းထားပေးပါ"
ထျန်းကျင်းရွှမ်ကို မြင်သည်နှင့် ၎င်းအမျိုးသားက ပိုက်ဆံအိတ်ကို လွှင့်ပစ်လိုက်ပြီး အဝေးထွက်ပြေးသွားသည်။
ရှားကျင်းရီက ထိတ်လန့်ဖွယ် အခြေအနေကို ရင်ဆိုင်ခဲ့ရ၍ မျက်ရည်ရွဲလျက် ကြမ်းပြင်ပေါ် ပြိုလဲသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ"
"သူက အတန်းဖော်ပါ။ ဒီနေ့ပဲ အေဂျင်စီကို လာလည်တယ်။ ဒါပေမဲ့ ကျွန်မနောက်ကို နောက်ယောင်ခံလိုက်ပြီး ကျွန်မစီက လုယက်ဖို့ ကြိုးစားလာတယ်"
ရှားကျင်းရီ ရှင်းပြသည်။
ထျန်းကျင်းရွှမ်က ရှားကျင်းရီကို ကြမ်းပြင်ပေါ်မှ ဆွဲထူပြီး ဆိုဖာပေါ် ခေါ်သွားသည်။
သို့သော်လည်း သူက သူမကို နှစ်သိမ့်ရန် မကြိုးစားခဲ့ပေ။ သူမ အိပ်မောကျသွားသည်အထိ အဖော်ပြုပေးခဲ့သည်။ ထို့နောက် သူက အဆောက်အဦကို အကဲခတ်ပြီး ပြန်လာခဲ့သည်။
သူမက နောက်ယောင်ခံ လိုက်ခံရသည်ဟု ပြောခဲ့သော်လည်း ကော်ဖီဖျော်ချိန် ရနေသေးသည်။
ထို့အပြင် သူမ အိမ်ပြန်ရောက်နေသည်မှာ တော်တော်ကြာနေပါပြီ။ သူမ ပိုင်ဆိုင်သော ပစ္စည်းများကို လုယူရန် အချိန်အများကြီး ယူရန် လိုအပ်သည်လော။
၎င်းအမျိုးသားက အချိန်စောင့်ဆိုင်းနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်လည်း...
အပိုင်း(၄၈၇)
ပြီး၏။