အပိုင်း(၄၇၂)
[ အံ့ဩတုန်လှုပ်ဖွယ် သတင်း၊ အမျိုးသမီး နှစ်ဦးက အမျိုးသား တစ်ဦးကြောင့် တိုက်ခိုက်နေသည်။ ပိုင်ချန်သုန်က မိန်းမနှစ်ယောက်ကို ကစားနေသည်။]
[ပိုင်ချန်သုန်၏ တရားဝင်ရည်းစားက မည်သူ ဖြစ်နိုင်သနည်း။]
[ပိုင်ချန်သုန်က အမျိုးသမီး နှစ်ဦးစလုံးနှင့် ချိန်းတွေ့နေသည့်ဟု အတင်းအဖျင်း သတင်းထွက်နေပြီး အမျိုးသမီးနှစ်ယောက်စလုံး အဆင်ပြေနေသည်။]
...
ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ပိုင်ချန်သုန် ရောက်ခဲ့သည့် အပြုအမူလေးက သူတို့သုံးဦးစလုံးကို အရှုပ်အရှင်းထဲ ဆွဲခေါ်ခဲ့သည်။ ဟန်ရှင်းအာက ဟိုက်ဟွေ့ဖျော်ဖြေရေး နှင့် အလုပ်တွဲလုပ်ခဲ့သော်လည်း ပိုင်ချန်သုန်နှင့် စာချုပ် မဖျက်သိမ်းခဲ့ကြောင်း နှင့် ပြဿနာ ရှာရန် ကြံရွယ်နေသည်ဟု သံသယဝင်ကြောင်း ပြောဆိုနေကြသည်။
ရုပ်ရှင်ရိုက်ကွင်း ပြန်ရောက်လာပြီးနောက် ပိုင်ချန်သုန်က ရုပ်ရှင်ရိုက်ကူးရေးကို အာရုံစိုက်ရန် ကြိုးစားသည်။ ဟန်ရှင်းအာ သူ့အနား ရှိနေပေးလျှင် အလုပ်ပင်ပန်းလည်း အကောင်းဆုံး ကြိုးစားမည်ဟုလည်း ဆုံးဖြတ်ထားသည်။
ပိုင်ချန်သုန်အပေါ် ဟန်ရှင်းအာ၏ လွှမ်းမိုးမှုကို မြင်တွေ့ရသော ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများက ဟန်ရှင်းအာကို တိုးတိုးလေး စကားလာပြောကြသည်။
"အစ်မရှင်းအာရယ်။ အစ်ကိုသုန်ကို ထပ်မထားခဲ့ပါနဲ့တော့။ အစ်မ မရှိတဲ့ အချိန်တုန်းက တို့တွေ ဘယ်လိုတွေ ထိတ်ထိတ်လန့်လန့်နေခဲ့ရလဲ သိရဲ့လား"
"အမှန်ပဲ။ အစ်မ မရှိရင် အစ်ကိုသုန်က အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံး တစ်လုံးနဲ့ တူတယ်။ သူ့ရဲ့သေစေလောက်တဲ့ အရှိန်အဝါကြောင့် ဘယ်သူမှ သူ့အနား မကပ်ရဲဘူး။ တတ်နိုင်သလောက် သူနဲ့ ဝေးဝေး နေကြတယ်"
"ပြီးတော့ အစ်ကိုသုန်က အစ်မကို ဂရုစိုက်ဆုံးပဲ။ တခြားသူနဲ့ သတင်းထွက်နေတာကို အစ်မက လျစ်လျူရှု ပေးလိုက်ရင် အကောင်းဆုံးပဲ"
ဟန်ရှင်းအာက ရုပ်ရှင်အဖွဲ့သားလေးကို ကြည့်ကာ ပြုံးသည်။ တကယ်တမ်း သူမလည်း ပိုင်ချန်သုန်နည်းတူ စိတ်အခြေအနေ မကောင်းခဲ့ပေ။
တစ်ညတည်းဖြင့် သူတို့သုံးယောက်စလုံးက ရှာဖွေမှု ထိပ်တန်း အဆင့်ကို ရောက်သွားလိမ့်မည်ဟု သူမကိုယ်တိုင်လည်း မမျှော်လင့်ခဲ့ဖူးပေ။
တစ်ဦးက ပိုင်ချန်သုန်အနား ကပ်ခွင့်ရှိသည့် တစ်ဦးတည်းသော အမျိုးသမီးလေး ဖြစ်သည်။
တခြားတစ်ယောက်က သူနှင့် ပထမဆုံး သတင်းထွက်ဖူးသည့် ကျော်ကြားသော မော်ဒယ် ဖြစ်သည်။
မည်သူက ပိုင်ချန်သုန်၏ တကယ် ချစ်သူ ဖြစ်မည်နည်း။ လူတိုင်းက အဖြေကို သိချင်စိတ် ပြင်းပြနေသည်။
ဟန်ရှင်းအာနှင့် ပိုင်ချန်သုန်တို့ အလုပ်သဘောတူ စာချုပ်ရှိနေသေးလား ဟိုက်ဟွေ့ဖျော်ဖြေရေးကို မေးမြန်းနေစဉ် မီဒီယာများက ဟန်ရှင်းအာကို ဖုန်းဆက်ခြင်းဖြင့် စိတ်အနှောင့်အယှက် ပေးကြသည်။ ထိုစဉ်အခိုက်အတန့် လောရိနောက်ကိုလည်း သတင်းသမားများ နောက်ယောင်ခံ လိုက်နေကြသည်။ တစ်မနက်ခင်းလုံး ပိုင်ချန်သုန်၏ ချစ်သူကောင်မလေးက မည်သူလည်း ဖော်ထုတ်ရန် ကြိုးစားခြင်းဖြင့် အချိန်ကုန်ဆုံး နေကြသည်။
ဟန်ရှင်းအာ နှင့် ပိုင်ချန်သုန်တို့က ရုပ်ရှင်ရိုက်ကူးပြီးနောက် အိမ်ပြန်ရောက်ခါစ အချိန်ဖြစ်သည်။ ဟန်ရှင်းအာက မီးဖိုချောင်ထဲ ညစာ ပြင်ဆင်နေစဉ် ပိုင်ချန်သုန်က ရေချိုးပြီးနောက် ဆိုဖာပေါ်ထိုင်ကာ တီဗီကြည့်နေသည်။ စိတ်ရှုပ်ဖွယ်ကောင်းသော သတင်းကို လက်ရှိအချိန်တွင် ထုတ်လွှင့်နေသည်။
"လာစားတော့"
ဟန်ရှင်းအာက ခပ်တန်းတန်းလေသံဖြင့် ပြောဆိုသည်။ သူမ၏မျက်နှာအမူအရာကို အကဲဖြတ်ရုံဖြင့် ပိုင်ချန်သုန် တစ်ဦးတည်း ပင်ပန်းနေသူ မဟုတ်ကြောင်း သိနိုင်သည်။ သို့သော်လည်း သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းတချို့ ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ချန်သုန်က လောရိနှင့် ဆက်နွှယ်သော ပြဿနာကို သေချာ မဖြေရှင်းသေး၍ သူတို့သုံးဦးစလုံးကို အများပြည်သူက ရှုတ်ချနေသည်။
ပိုင်ချန်သုန်က သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ကိုယ်သုတ်ပဝါ ပတ်ပြီး ထမင်းစားပွဲအနား ချဉ်းကပ်လာခဲ့သည်။ ဟန်ရှင်းအာက သူ့ကိုမြင်မြင်ချင်း မျက်လုံးကို လက်ဖြင့် ကွယ်လိုက်သည်။
"အောက်ခံ ဘောင်းဘီလေး ဘာလေး ဝတ်ထားလို့ မရဘူးလား"
ပိုင်ချန်သုန်က ဟန်ရှင်းအာကို ပြုံးစိစိဖြင့် ကြည့်သည်။
"ဒီလိုပုံစံမျိုးကို မင်း အရင်က မမြင်ဖူးတာလဲ မဟုတ်ဘူးလေ။ ဟန်ကိုယ့် မနေနဲ့တော့"
ဟန်ရှင်းအာက ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို မကြည့်မိအောင် ရှောင်တိမ်းကာ စိတ်မရှည်ဟန် ပြန်ဖြေသည်။
"ရှင် ဖန်တီးထားတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမယ် စဉ်းစားထားလဲ"
"မင်းက ငါ့လက်ထောက်လေ။ ငါ ဖြေရှင်းသင့်တယ်လို့ မင်းက ထင်နေတာလား"
"ကျွန်မက စကားကို လက်လွှတ်စပယ် မပြောချင်တာလေ။ သူတို့မှာ ရှင် နမ်းနေတဲ့ ဓာတ်ပုံရှိတယ်။ မဟုတ်ပါဘူး သွားငြင်းရင်လည်း ကျွန်မပဲ အရှက်ကွဲမှာပေါ့"
"လောရိနဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိတယ်လို့ ဝန်ခံခဲ့တာ ဘယ်သူလဲ မသိဘူးနော် ဟွန့်။ ရှင်က ယောက်ျားပဲ ရှင်ကိုယ်တိုင် ထွက်ရှင်းသင့်တယ်"
"ငါ ပြောချင်တာ ပြောခဲ့လို့ရလား"
ပိုင်ချန်သုန်က စမ်းသပ်သည်။
ဟန်ရှင်းအာက သူ့ဘက်လှည့်လိုက်ပြီး သူ့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။
"အခုတော့ လူတိုင်းက ကျွန်မကို လှည့်ဖျားတတ်တဲ့ မြေးခွေးမလို့ သမုတ်နေကြတယ်။ ကျွန်မက ဟိုက်ဟွေ့ဖျော်ဖြေရေးကိုလည်း လက်မလွတ်နိုင်၊ ရှင့်ကိုလည်း လက်မလွှတ်ချင်လို့ ပြောနေကြတာ။ ရှင်ကိုယ်တိုင်ပဲ သွားပြီး ရှင်းလိုက်တော့"
ပိုင်ချန်သုန်က ဟန်ရှင်းအာကို လေးလေးနက်နက် ကြည့်ပြီး သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်သည်။
"မင်းက ငါ့အတွက် အရေးပါတဲ့သူ ဆိုရင် မင်းကိုယ်စား ပြဿနာတွေ ရှင်းပေးမယ်။ မဟုတ်ရင် ငါ့မှာ မင်းကိစ္စကို ဝင်ပါဖို့ ဘာအခွင့် ရှိလို့လဲ"
"ရှင်က ဘာပြောချင်တာလဲ။ ဒါတွေအားလုံး ရှင် လုပ်ခဲ့တာလေ"
ဟန်ရှင်းအာက မကျေမနပ် ပြောဆိုသည်။
"ငါ ဂရုမစိုက်ဘူး။ မင်းကိုယ်မင်း ဘယ်သူလဲ ဆိုတဲ့ သတ်မှတ်ချက် မပေးရင်တော့ ငါက မသိချင်ယောင်ဆောင် နေမှာပဲ"
"ကျွန်မက ရှင့်လက်ထောက်လေ"
"ဒါဆို မင်းက ငါ့လက်ထောက်ဆိုတာ မင်းသိသေးတယ်ပေါ့ ဟုတ်လား။ မင်းက လက်ထောက် တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်လို့ ငါ့မှာ ဒီလို အတင်းအဖျင်း သတင်းတွေထဲ ဘုမသိ ဘမသိ ရောက်ခဲ့ရတာလေ။ ဒါပေမဲ့ လက်ထောက်ဆိုတဲ့ အနေအထားမျိုးနဲ့တော့ ပြဿနာ ထွက်မရှင်းချင်ဘူး။ ငါက ထိပ်တန်း သရုပ်ဆောင်မင်းသားပဲလေ။ ဒီလောက်လေးနဲ့ လုပ်လို့ ရမလား"
ပိုင်ချန်သုန်က အကြောင်းပြချက် ပေးနေသည်။ တကယ်တမ်း သူက ဟန်ရှင်းအာကို ဖိအားပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
ဟန်ရှင်းအာက တိတ်တဆိတ် ခေါင်းငုံ့နေပြီး အဖြေပြန်ပေးရန် တွန့်ဆုတ်နေသည်။
အချိန်အတော်ကြာပြီးနောက် ပိုင်ချန်သုန် စကားပြောလာခဲ့သည်။
"ထျန်းနင် ပြောတော့ မင်းက အကောင်းမြင်တတ်ပြီး တက်တက်ကြွကြွ နေတတ်တဲ့သူတဲ့။ ကိုယ်က မင်းကို စိုးရိမ်မှုတွေပဲ ပေးမယ်ထင်လို့ မင်းက ကိုယ်ကို အဝေးတွန်းထုတ်နေတာလား။ သရုပ်ဆောင်တာကလွဲရင် ကိုယ်သိတာ ဘာမှ မရှိဘူး။ ဒါမို့ မင်းမှာ ကိုယ်နဲ့ ပတ်သက်ပြီး ပြန်ချစ်ရဲတဲ့ သတ္တိ မရှိရတဲ့ အကြောင်းအရင်းကို ကိုယ်ခုထိ နားမလည်နိုင်ဘူး"
"ကျွန်မ..."
"ကိုယ့်မိန်းကလေးအတွက်ပဲ ကိုယ်က ပြဿနာတွေကို ရှင်းပေးချင်တယ်။ မင်းက ကိုယ့်မိန်းကလေးလား"
ပိုင်ချန်သုန်က ဟန်ရှင်းအာကို ပိုင်စိုးပိုင်နင်း မေးမြန်းသည်။
ဤမေးခွန်းကို ကြားပြီးနောက် ဟန်ရှင်းအာ၏အကြည့်က နောက်ဆုံးတော့ ပိုင်ချန်သုန်ထံ ကျရောက်လာခဲ့သည်။
သူမ အတင်းအကျပ် ဖိအားပေးခံရ၍ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေမိသည်။
"ငါဆိုတဲ့ ဟန်ရှင်းအာက အဆုံးသတ်မှု မရှိတဲ့ ဆက်ဆံရေးကိုပဲ တည်ဆောက်တတ်တယ်။ ငါ့ကို အရုပ်လို ဆော့ကစားချင်ရင်တော့ ခပ်ဝေးဝေးမှာ နေလိုက်ရင် အကောင်းဆုံးပဲ။ ငါက အလေးအနက် ထားတတ်တဲ့သူမို့ အပျော်သက်သက်တွေ မလိုချင်ဘူး။ ငါက တစ်ဘဝလုံး ရည်ရွယ်ပြီးပဲ လက်တွဲချင်ခဲ့တာ"
"ငါနဲ့ အစ်မထျန်းနင်က စရိုက်အတူတူပဲ။ ငါတို့က အရှက်မဲ့စွာ ရှင်သန်ရမယ့်အစား ဂုဏ်သိက္ခာရှိရှိပဲ အသက်ကိုစတေးလိုက်မယ်။ နင် ငါနဲ့ တကယ် အတူတူ ရှိချင်ရင် သစ္စာဖောက်ဖို့ ငါ့ကို ထားခဲ့ဖို့ မစဉ်းစားနဲ့ အဲလို လုပ်လာရင် အတူတူ သေပစ်လိုက်မယ်"
ပိုင်ချန်သုန်က ယင်းစကားလုံးများကြောင့် အံ့အားသင့်နေသည်။
ဟန်ရှင်းအာက ရာနှုန်းပြည့် အချစ်ခံချင်သူ ဖြစ်နေသည်။
သူမက အရာရာတိုင်း ပိုင်ဆိုင်ခွင့် မရလျှင် သူမက စွန့်လွှတ်မည့်သူ ဖြစ်သည်။
ခဏကြာပြီးနောက် ပိုင်ချန်သုန်က ဟန်ရှင်းအာကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
"ကိုယ့်မိန်းကလေး ဖြစ်ပေးပါနော်။ နောင်တ မရစေရဘူးလို့ ကိုယ် ကတိပေးတယ်"
ဟန်ရှင်းအာ၏မျက်ဝန်းများ နီရဲနေသည်။ ထိုစဉ်အခိုက်အတန့် သူမက ပိုင်ချန်သုန်ကို ဆက်လက် မငြင်းဆန်နိုင်တော့ကြောင်း နားလည်လိုက်သည်။ သို့တည်းမဟုတ်လျှင် သူမက သူ့ကို ထာဝရ ဆုံးရှုံးသွားလိမ့်မည်။
"အတင်းအဖျင်း သတင်းတွေကို ရှင်းလင်းဖို့ နည်းလမ်း စဉ်းစားပါဦး။ လောရိဖြစ်ဖြစ် လောအာဖြစ်ဖြစ် ရှင် မွှေထားတဲ့ ပြဿနာကို ရှင်ပဲ ရှင်းရမယ်"
ဟန်ရှင်းအာက ခံစားချက်အပြည့်ဖြင့် ပြောသည်။ သူလည်း သူ့ပွေ့ဖက်မှုကို ပိုင်ဆိုင်ချင်ခဲ့သည်မှာ ကြာပါပြီ။
ပိုင်ချန်သုန်၏ခန္ဓာကိုယ် အောက်ပိုင်းကို ဖုံးလွှမ်းပေးထားသော ကိုယ်သုတ်ပဝါ ကျွတ်သွား၍ သူ့ခန္ဓာကိုယ် ကိုယ်လုံးတီး ဖြစ်နေသည်ကို ဟန်ရှင်းအာ ခံစားမိ၍ မျက်နှာနီရဲနေသည်။
"အရင်ဆုံး အဝတ်သွားဝတ်ဦး"
"ကိုယ့်နေထိုင်မှုပုံစံနဲ့ မင်းက နေသားကျနေပြီသားလေ"
ပိုင်ချန်သုန်က နည်းနည်းလေးမျှပင် မရှက်မိ၍ မျက်ခုံးပင်ကာ ပြုံးလိုက်သည်။
"ကိုယ့်အောင်မြင်မှုအတွက် ခြေတစ်လှမ်း လှမ်းပြီးသွားပြီ။ ကိုယ်တို့တွေ ဂုဏ်ပြုပွဲ လုပ်ကြမလား။ ကိုယ်နဲ့အတူတူ ပျော်ချင်လား"
ဟန်ရှင်းအာက သူ့ကို တွန်းထုတ်လိုက်ပြီး သူ့ကို ချိုချိုသာသာ ဆူပူ
သည်။
"အရူးကြီး။ ရှင့်အတွက် အဝတ်အစား သွားယူပေးမယ်"
အပိုင်း(၄၇၂)
ပြီး၏။