အပိုင်း(၄၆၄)
ထျန်းရွှမ်က မေ့မေ့ဖျောက်ဖျောက်ဖြင့် ဆရာဝန်လင်းနှင့် ယခင်က ဆုံဖူးသော ကော်ဖီဆိုင်သို့ ရောက်လာခဲ့သည်။ သူမ ထိုင်ခဲ့ဖူးသော ထိုင်ခုံနေရာလေးမှာပင် နေရာယူထားသည်။ ဤနေရာလေးက တိတ်ဆိတ်ပြီး လူကွယ်သည်။
"ခဏနေရင် ခင်ဗျား ဘာပြောရမလဲ မှတ်မိပါသေးတယ်နော်"
လုချယ်က သူ့ကားထဲမှ တဆင့် ကော်ဖီဆိုင်ကို စောင့်ကြည့်ပြီး ဆရာဝန်လင်း၏ စိတ်သဘောထားကို အတည်ပြုသည်။
"ဟုတ်ကဲ့ မှတ်မိပါတယ်"
ဆရာဝန်လင်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။ ကားထဲမှ ထွက်လိုက်စဉ် ပတ်ဝန်းကျင်ကို အကဲခတ်ပြီး
"ရှင် ခိုင်းတဲ့အတိုင်း လုပ်ပေးရင် ကျွန်မကို လွှတ်ပေးမှာ သေချာပါတယ်နော်"
"ငါက စကားတည်ပါတယ်"
လုချယ်က လေးလေးနက်နက် ပြန်ဖြေသည်။
လုချယ်၏တုံ့ပြန်မှုကို ကြားပြီးနောက် ဆရာဝန်လင်းက ကားတံခါးကို တွန်းဖွင့်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလျက် ကော်ဖီဆိုင်ထဲ လမ်းလျှောက်ဝင်သွားသည်။
"နင် ရောက်လာပြီလား"
ထျန်းရွှမ်က ဆရာဝန်၏ ပြောင်းလဲမှုကို သတိမပြုမိပေ။ ဆရာဝန်လင်း ထိုင်ခုံမှာ ထိုင်လိုက်သည်နှင့် သူမက အိတ်လွှဲပေးသည်။
"ဒီထဲမှာ ငွေအပြည့်ပဲ။ ရေတွက်ကြည့်။ မှန်ကန်ရင်တော့ ငါတို့ အပေးအယူ အလုပ်ဖြစ်တယ်လို့ ယူဆလို့ရတယ်။ ငါတို့ ထပ်မဆုံကြတော့ဘူး"
ဆရာဝန်လင်းက အိတ်ကို လက်ခံလိုက်ပြီး အထဲကို ကြည့်သည်။ ငွေအပြည့် မြင်ရသော်လည်း သူ ပိုင်ဆိုင်ခွင့် မရှိပေ။
ထျန်းရွှမ်က အရာအားလုံး ပြီးဆုံးသွားသည်ဟု တွေးမိ၍ ထွက်ခွာသွားရန် မတ်တတ် ရပ်လိုက်သော်လည်း ဆရာဝန်လင်းက သူမကို ရုတ်ခြည်း စကား ပြောလာသည်။
"မိန်းကလေးထျန်းရွှမ်၊ မင်းကို တစ်ခွန်းလောက် မေးလို့ ရမလား"
"ဘာမေးမလို့လဲ"
ထျန်းရွှမ်က မျက်ခုံးပင့်ကာ လှည့်ကြည့်သည်။
"ငွေ မပြည့်လို့လား"
"ထျန်းနင်ရဲ့ သားအိမ်ကို ဖယ်ထုတ်ပစ်ဖို့ ကြံရွယ်ခဲ့တာ နင့် အကြံအစည်ပဲလား။ ထျန်းနင်ကို အဲလောက်အထိ ဆိုးဆိုးရွားရွား နာကျင် ခံစား စေချင်တာလား"
"ဒါက နင်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ"
ထျန်းရွှမ်က မယုံသင်္ကာဟန် မေးမြန်းသည်။
ဆရာဝန်လင်းက နှုတ်ဖွင့်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိခဲ့ပေ။ သို့သော်လည်း ခဏကြာပြီးနောက် ထျန်းရွှမ် ပြုံးနေသည်။ သူမ စိတ်ကြည်လင်နေ၍ ပြန်ဖြေရန် ဆုံးဖြတ်ခဲ့သည်။
"သူက သရုပ်ဆောင်လေ။ ကလေးရှိတာ သူ့အတွက် ဘာအသုံးဝင် မှာလဲ။ သူ့သားအိမ် ဖယ်ထုတ်ပေးတာ ပိုကောင်းတဲ့ ကိစ္စပဲလေ။ ငါက သူကောင်းဖို့အတွက် လုပ်ပေးတာလေ"
သူ့တုံ့ပြန်မှုကို ကြားပြီးနောက် ဆရာဝန်လင်း ကျောထဲအထိ ချမ်းစိမ့်လာသည်။
သူမက ငွေကြောင့် အကျင့်စာရိတ္တ ပျက်ပြားသော လုပ်ရပ်များကို အများကြီး လုပ်ခဲ့ဖူးသော်လည်း ကိုယ့်ညီမအရင်းကို ရက်ရက်စက်စက် လုပ်ကြံရဲသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူမ၏အသက်ကို နုတ်ယူမည့်အစား သူမ၏ သားအိမ်ကို ဖယ်ထုတ်ပစ်ရန် ကြိုးစားခဲ့သည်။
ထျန်းရွှမ်က ဆရာဝန်လင်း၏ အံ့အားသင့်နေသော မျက်နှာအမူအရာကို သဘောကျမိ၍ ကော်ဖီဆိုင် အပြင်ဘက်သို့ မော်မော်ကြွားကြွားဖြင့် လှည့်ထွက်သွားသည်။ သူမ ထွက်သွားပြီးနောက် ဆရာဝန်လင်းက သူ့ရင်ဘတ်မှာ ချိတ်ထားသော ကင်မရာ အသေးစားလေးကို ဖယ်ရှားလိုက်သည်။ ထိုစဉ် လုချယ်က ကော်ဖီဆိုင်ထဲ ဝင်ရောက်လာပြီး သူမ၏ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
"ဒေါ်လာ ငါးသိန်းလောက်က မင်းရဲ့ဝိညာဉ်ကို ဝယ်ဖို့ လုံလောက်တယ်လား။ မင်းက တကယ်ကို ဈေးပေါလွန်းတယ်"
"ငွေတွေက"
"မင်းက ဒီငွေတွေ လက်ခံလို့ ရသေးတယ်လို့ ထင်နေတာလား"
လုချယ်က ပိုက်ဆံအိတ်ကို စားပွဲပေါ် တင်လိုက်ပြီး ဆရာဝန်လင်းလက်ထဲမှ ကင်မရာကို လက်လွှဲယူလိုက်သည်။
"ဒီလို မသန့်စင်တဲ့ ငွေတွေကို လှူးဒါန်းပစ်သင့်တယ်။ ဒါမှ မင်းလည်း အကုသိုလ်တွေ ကင်းပြီး ကုသိုလ် ရမှာလေ"
"ဒီလိုဆိုရင် ငါ ငါသွားလို့ ရပြီလား"
ဆရာဝန်လင်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် တံခါးပေါက်ကို ညွှန်ပြသည်။
"မင်း သဘောတိုင်းပဲ သွားလို့ရပြီ"
လုချယ်က သူ့စကားအတိုင်း သွားခွင့် ပြုလိုက်သည်။ဆရာဝန်လင်းက ကြောက်လန့်လွန်းနေ၍ သူ့ကြုံရမည့် အကျိုးဆက်ကိုပင် မတွေးနိုင်ပေ။
သူမက အလောတကြီး ပြေးထွက်သွားပြီး လုချယ် စိတ်ပြောင်းသွားမည်ကို ကြောက်နေမိသည်။ လုချယ်က သူ့အမြင်အာရုံမှ ဆရာဝန်လင်း ပျောက်ကွယ်သွားသော မြင်ကွင်းကို စောင့်ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။
လူတစ်ယောက်ကို အပြစ်ပေးနိုင်သော နည်းလမ်းများစွာ ရှိနေသေးသည်။
...
နေ့လည် ၂နာရီ မြင်းပြိုင်ကွင်းတွင် ထျန်းအကြီးအကဲတို့ သူငယ်ချင်းအဖွဲ့ တွေ့ဆုံပြီးနောက် ထျန်းအကြီးအကဲက သူ့သူငယ်ချင်းနှင့် အတူတူ ချောင်ကန်ဆေးရုံ အဖော်လိုက်သွားခဲ့သည်။ သူ ဆေးရုံ ရောက်ရောက်ချင်း ရှားယွီလင်း နှင့် ထိပ်တိုက်ဆုံသည်။
"ဒါ ဘယ်လို ဖြစ်ရတာလဲ"
လူအိုကြီးက နားလည်ရခက်စွာ စိတ်ရှုပ်ထွေးနေသည်။
"အဖေ မြင်ဖို့ လိုအပ်တဲ့ ကိစ္စတချို့ ရှိတယ်"
ရှားယွီလင်းက ထျန်းအကြီးအကဲကို တွဲလျှောက်ရန် သူ့အနား ချဉ်းကပ်သွားပြီး ရှယ်ရာရှင်ကို ကျေးဇူးတင် စကား ပြောသည်။
"ကျေးဇူးတင်ပါတယ် အန်ကယ်ယွီ"
"ပြဿနာ မရှိပါဘူး။ မင်းတို့တွေ အေးဆေး စကားဆက်ပြောပါ။ ကျုပ် အရင်သွားနှင့်တော့မယ်"
ရှားယွီလင်း ခေါင်းညိတ်လိုက်ပြီး အဘိုးအို ထွက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေမိသည်။ ထို့နောက် ထျန်းအကြီးအကဲက သူမ၏လက်ကို ဖမ်းဆုပ်ကာ မေးမြန်းသည်။
"ဘာမြင်စေချင်လို့လဲ"
"အဖေ မကြာခင် သိရမှာပါ"
ထိုစကားကို ပြောပြီးနောက် ရှားယွီလင်းက ထျန်းအကြီးအကဲကို ခန်းမဆောင်ထဲ ခေါ်ဆောင်သွားသည်။
ထျန်းအကြီးအကဲ နည်းတူ ရှားယွီလင်းလည်း မို့ထင်လက်ထဲမှ ဝှက်ဖဲကို သိချင်မိသည်။
မို့ထင်က ကြိုတင်ပြင်ဆင်ထားမှန်း သိနေ၍ သူမက သူ့စီစဉ်မှုနောက်ကို ယုံယုံကြည်ကြည် လိုက်ခဲ့ခြင်း ဖြစ်သည်။ ခန်းမဆောင်အတွင်းမှာ အနားယူသော အခန်းငယ်လေး ရှိသည်။ ရှားယွီလင်း နှင့် ထျန်းအကြီးအကဲတို့က အခန်းထဲဝင်ကာ စိတ်ရှည်ရှည်စောင့်နေသည်။
ခဏကြာပြီးနောက် ခန်းမဆောင်ထဲမှ အသံတချို့ ပဲ့တင်ထပ်လာခဲ့သည်။
"ဟိုက်ဟွေ့ဖျော်ဖြေရေးက မို့သူဌေးက ငါ့ကို ဘာလို့ ရုတ်တရက် တွေ့ချင်တာလဲ"
ဆေးရုံအကြီးအကဲ၏ လက်ထောက်က တစ်ဖက်မှာ မတ်တတ်ရပ်နေပြီး ရိုသေလေစားဟန် လေသံဖြင့် ပြောသည်။
"မဒမ်မို့က ဒီဆေးရုံမှာ ခွဲစိတ်ခန်းဝင်ထားတာ မကြာသေးဘူးလေ။ ခွဲစိတ်မှု အောင်မြင်လို့ မို့သူဌေးက ကျွန်တော်တို့ဆေးရုံကို ကျေးဇူးတင်စကား ပြောချင်လို့လား မသိဘူး"
အသက်၄၀အရွယ် ဆေးရုံအကြီးအကဲက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်သည်။
"ဒါဆို ကောင်းတာပေါ့။ ဘယ်သူမှ အမှားမလုပ်တာ ကံကောင်းတာပေါ့။ ဘယ်အချိန် သူရောက်မှာလဲ"
"လာနေပါပြီ။ လမ်းမှာပါ။ ရောက်ခါနီးပါပြီ"
ခန်းမဆောင်ထဲမှ စကားသံများကို နားစွင့်ပြီးနောက် မို့ထင်က သူတို့ကို ထျန်းနင်နှင့် ပတ်သက်သော အကြောင်းတစ်စုံတရာ ပြောချင်နေမှန်း ထျန်းအကြီးအကဲ သဘောပေါက်လိုက်သည်။
"ဒါက ရှောင်နင်နဲ့ ပတ်သက်တဲ့ ကိစ္စဆိုတော့ ငါတို့ အပြင်မှာ ထိုင်စောင့်ပြီး နားထောင်လို့ မရဘူးလား"
"အဖေက မို့ထင်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်ပါ။ သူ ဒီလိုလုပ်ရတာ အကြောင်းအရင်း ရှိမှာပါ"
ရှားယွီလင်း ဖျောင်းဖျသည်။
ခဏတာ တိတ်ဆိတ်ပြီးနောက် ခန်းမဆောင်ထဲမှ ခြေသံများကို ကြားရပြန်သည်။ ထို့နောက် မို့ထင်၏အသံကို ကြားရသည်။
"ဆေးရုံအကြီးအကဲချောင်။ နေကောင်းတယ်နော်"
"ကြိုဆိုပါတယ် မို့သူဌေး။ ကျွန်တော်တို့ က ခင်ဗျားရောက်လာတာကို သေချာ ကြိုတင် မပြင်ဆင်ထားမိလို့ အားနာပါတယ်"
မို့ထင်၏နှုတ်ခမ်းက အပေါ် ကော့ညွှတ်သွားပြီး လုချယ်၊ သူ့သက်တော်စောင့် နှစ်ဦးနှင့် အတူတူအထဲသို့ လမ်းလျှောက်လာခဲ့သည်။ ထို့နောက် သူက ဆေးရုံအကြီးအကဲ၏ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
"ကျွန်တော့်မိန်းမ ကိစ္စကြောင့် ဒီကို ရောက်လာတာပါ။ ဆေးရုံအကြီးအကဲစီက အတည်ပြုစရာလေးတွေ ရှိလို့ လာခဲ့တာပါ"
"ခင်ဗျားရဲ့မိန်းမ ခွဲစိတ်ခန်းဝင်တယ် ကြားမိတယ်။ ခွဲစိတ်မှု အောင်မြင်ပုံပဲ"
ဤစကားသံကို ကြားပြီးနောက် မို့ထင် ရယ်မောသည်။ သူ့ရယ်သံက ဆေးရုံအကြီးအကဲကို အံ့ဩ ထိတ်လန့်စေသည်။
သူ ရုတ်ခြည်း သဘောပေါက်သွားသည်။ မို့ထင်၏မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူတို့ကို ကျေးဇူးတင်စကား ပြောချင်၍ ရောက်လာခြင်း မဟုတ်နိုင်ပေ။
"အခုတော့ အဲဒီကိစ္စ မပြောသေးဘူး"
ထိုစကားကို ပြောပြီးနောက် အရေးကြီးသော သက်သေ မှတ်တမ်း နှစ်ခု ယူလာရန် လုချယ်ကို လက်ဟန်အမူအရာ ပြသည်။
ထျန်းနင်၏ ဆေးစစ်မှတ်တမ်း နှစ်ခုကို ဆေးရုံအကြီးအကဲ လက်ထဲ ထည့်ပေးသည်။
"ကျွန်တော့်ကိုယ်စား ဆေးရုံအကြီးအကဲကို အရင်ဆုံး အကဲဖြတ်ခိုင်းတာပါ။ လူတစ်ယောက်တည်းကို စစ်ဆေးတာ မတူညီတဲ့ အဖြေနှစ်မျိုး ထွက်နေတယ်။ ဒါက ဖြစ်သင့်ရဲ့လား"
ဆေးရုံအကြီးအကဲ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မှတ်တမ်းစာရွက် နှစ်ရွက်ကို ပြူးတူးကြောင်တောင် ကြည့်သည်။ စာရွက် နှစ်ရွက်စလုံးတွင် ထျန်းနင်၏ အမည်ပါနေပြီး တစ်ရွက်က ချောင်ကန် ဆေးရုံမှ ဖြစ်ကာ ကျန်တစ်ရွက်က ပေကျင်းဆေးရုံမှ ဖြစ်နေသည်။ သို့သော်လည်း ရလဒ်က လုံးဝ ခြားနားနေခဲ့သည်။
ဆေးစစ်ချက် တစ်ခုက ကျန်းမာသော ကိုယ်ဝန်ဆောင်သားအိမ်ကို ပြသနေပြီး ကျန်တစ်ခုက အလွန်အမင်း ကျန်းမာရေးချို့ယွင်းနေသော သားအိမ်ကို ပြသနေသည်။
"မို့သူဌေး၊ ခင်ဗျား ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ"
"ကျွန်တော်အရင်တည်းက ရှင်းရှင်းလင်းလင်း ပြောပြီသားပါ ချောင်ဆေးရုံအကြီးအကဲ၊ ကျွန်တော့်မိန်းမက ကိုယ်ဝန်ရှိနေတာ သိသားပေမဲ့ ခင်ဗျားတို့ ဆေးရုံက ကျွန်တော့်မိန်းမကို နေထိုင်မကောင်းဘူးလို့ အဖြေထွက် ပေးထားတယ်"
မို့ထင်၏အသံက အရမ်းမကျယ်သော်လည်း မာန်ပါပါဖြင့် ပြောဆိုနေသည်။
အပိုင်း(၄၆၄)
ပြီး၏။