အပိုင်း(၄၆၃)
ထျန်းနင်၏ဖျောင်းဖျမှုကြောင့် ဝေအန်က အားလုံး အဆင်ပြေသွားအောင် ရုပ်ရှင်ရိုက်ကူးသည့် နှုန်းကို နှေးလိုက်သည်။
Takaက အံ့အားသင့်မိ၍ တရုတ်အသံ မပီမပြင်ဖြင့် ထျန်းနင်ကို စကားလာပြောသည်။
"မင်းကို တကယ် လက်ဖျားခါမိတယ်။ ရုပ်ရှင်အဖွဲ့သားတွေက မင်းစကားကို အမြဲနားထောင်တယ်နော်။ အမေရိကန် ဒါရိုက်တာတွေက ဘယ်လိုမျိုးလဲ ဆိုတာ မင်းသိလား။ မင်း ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် သူတို့က တန်း ကန်ထုတ်ပစ်မယ်သူတွေ ချည်းပဲ"
ထျန်းနင်က ရယ်ချင်စိတ်ကို ထိန်းချုပ် မရခဲ့ပေ။
"ကျွန်မက ဘာမှ ထူးထူးခြားခြား မလုပ်ထားပါဘူး။ သူတို့အရှေ့ ရိုးရိုးသားသား စိတ်ထဲရှိတဲ့အတိုင်း နေခဲ့တာပါ"
Takaက သဘောမကျဟန် အမူအရာဖြင့် စကားပြန်ပြောသည်။
"မင်းတို့အာရှသားတွေက တကယ့်ကို စိတ်အနှောင့်အယှက် ပေးတယ်"
"မင်းတို့က ငါတို့ အနောက်တိုင်းသားတွေနဲ့ မတူဘူး။ ငါတို့က တစ်ခုခုကို ကြိုက်ရင် ကြိုက်တယ်ပဲ။ မကြိုက်ရင်လည်း မကြိုက်ဘူးပဲ။ မင်းတို့လို ကောင်းချင်ယောင် ကြိုက်ချင်ယောင် မဆောင်ဘူး"
ထျန်းနင်က သူ့စကားကို ပြိုင်မငြင်းခဲ့ပေ။
သူမ ခေါင်းမော့လိုက်ပြီး သူမနှင့် မလှမ်းမကမ်းမှာ ဖုန်းပြောနေသော မို့ထင်ကို ပြုံးပြသည်။
ခဏကြာပြီးနောက် မို့ထင်က ထျန်းနင် ဘေးနား ပြန်လာပြီး အပေါ်အင်္ကျီလေး လွှမ်းပေးသည်။
"ဖန်ယွီက အခုရိုက်ကူးနေတဲ့ ရုပ်ရှင်အတွက် ပထမဆုံး ကြော်ငြာ ဆင်းပေးထားတယ်။ စစ်တမ်းအရတော့ 'WH'ရုပ်ရှင်ပြီးရင် ဒီရုပ်ရှင်က ပရိသတ်တွေ မျှော်လင့်နေတဲ့ ဒုတိယမြောက် ရုပ်ရှင်ပဲ။ အမေရိကန် ဒါရိုက်တာကြီးကလည်း မင်းနဲ့ ပိုင်ချန်သုန်ကို စိတ်ဝင်စားလို့ အလုပ်ကမ်းလှမ်းချင်တယ်"
"တကယ်လား"
ထျန်းနင်က သရုပ်ဆောင်မင်းသမီး ဖြစ်ရသည့် ပျော်ရွှင်မှုကို နောက်တစ်ကြိမ် ခံစားရသည်။
"ချစ်လေးက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အနာဂတ် စူပါစတားလို့ ကိုယ် ပြောခဲ့ပါတယ်နော်"
မို့ထင်က ထျန်းနင်ကို ဖက်လိုက်ပြီး လေးလေးနက်နက် ဖြေသည်။
"ချစ်လေးနဲ့ ထိုက်တန်တယ်လေ"
"ဒီလိုဆိုရင် ချစ်လေးက ဒါရိုက်တာနဲ့ သွားတွေ့သင့်လား"
"အားနာမိပါတယ် မဒမ်မို့။ နိုင်ငံတကာရုပ်ရှင် အဆင့် တက်လှမ်းရမယ့် အခွင့်အရေးကို ဆုံးရှုံးအောင် ကိုယ် လုပ်ခဲ့မိပြန်ပြီ။ ကိုယ့်ကြောင့်နဲ့ ချစ်လေးက Victoria secret runwayကို စွန့်လွှတ်ခဲ့ရတာ ကိုယ် မှတ်မိနေပါသေးတယ်"
ထျန်းနင်က မို့ထင်ကို မော့ကြည့် လိုက်ပြီး သူ့မျက်နှာကို လက်လေးဖြင့် ဖွဖွလေး ပွတ်သပ်သည်။
"ဒါကို စွန့်လွှတ်တယ်လို့ မခေါ်ဘူး။ လင်မယား နှစ်ယောက် အလုပ်တွဲလုပ်တယ်လို့ ပြောလို့ရတယ်။ ချစ်လေးကို ဂရုစိုက်ဖို့ ယောက်ျားက ဟိုက်ဟွေ့ဖျော်ဖြေရေးကို စွန့်လွှတ်ခဲ့ရတာ ချစ်လေး မမြင်ဘူး ထင်နေတာလား။ တစ်ယောက် ကောင်းကျိုး အတွက် တစ်ယောက်က ဖေးမတာလေ ဒါကို စွန့်လွှတ်တယ်လို့ မခံယူပါဘူး။ ဒီထက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ချစ်လေးတို့ ပိုင်ဆိုင်နိုင် ပါသေးတယ်"
"ချစ်လေး ဆုံးဖြတ်ချက်အတွက် ချစ်လေး ဘယ်တော့မှ နောင်တ မရဘူး။ ဘဝရည်မှန်းချက် တစ်ခုအတွက် ခေါင်းမာနေမယ်သူလည်း မဟုတ်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာကို ချစ်လေး ကောင်းကောင်း သိပါတယ်။ အခု မြင်နေရတဲ့ အောင်မြင်ထက် ပိုသာလွန်တဲ့ အောင်မြင်မှုတွေ ဖြစ်နိုင်ချေတွေ အများကြီး ရှိလာနိုင်တယ်ဆိုတာ ယောက်ျားက ချစ်လေးကို သင်ပေးခဲ့ပါတယ်"
"ကလေးမွေးတာက ချစ်လေးရဲ့ သရုပ်ဆောင်လမ်းကြောင်းကို အဆုံးသတ်စေတဲ့ သဘော မဟုတ်ပါဘူး။ သရုပ်ဆောင်တာကို သူတို့ရဲ့ သရုပ်ဆောင် အရည်အချင်းကပဲ ဆုံးဖြတ်ပေးတာ။ သူတို့အသက်အရွယ်က ဆုံးဖြတ်ပေးတာ မဟုတ်ဘူး"
မို့ထင်က ထျန်းနင်ကို ငေးစိုက်ကြည့်ပြီး သူမ၏ ယုံကြည်မှုကို အထင်ကြီးလေးစားမိသည်။ သူ့နှုတ်ခမ်းက အပေါ်သို့ တဖြည်းဖြည်းချင်း ကော့တက်သွားသည်။
ထျန်းနင်ကဲ့သို့ လူတန်းစားမျိုးက ရှားပါးကြောင်း မို့ထင် သိနေခဲ့သည်။ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သူက လောကကြီးထဲ အများကြီး မရှိနေပေ။
...
ထျန်းနင်က လူအများရှေ့တွင် သိပ်ပေါ်လေ့ မရှိသော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက ထျန်းနင် အနာဂတ်အတွက် စိုးရိမ်မှု မရှိပေ။ ထျန်းနင်၏ ရုပ်ရှင်သုံးကား စလုံးက အကျော်ကြားဆုံး စာရင်းဝင်နေသည်။
'Stupid'ရုပ်ရှင်ကို ပြသခြင်း ရပ်တန့်လိုက်သော်လည်း ဖျော်ဖြေရေးလောကထဲ ယခုထိတိုင် ကျော်ကြားနေသေးသည်။
ထျန်းနင်က ဇာတ်ပို့အနေဖြင့် သရုပ်ဆောင်ခဲ့သော်လည်း ပရိသတ်များက သူမကို ဇာတ်ဆောင်မင်းသား တန်းတူ အမှတ်ရနေသည်။
ထျန်းနင်နှင့် ပတ်သက်သော သတင်းက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိပေ။
မို့ထင်က ထျန်းရွှမ် အကြောင်း မထုတ်ဖော်ခင် ထျန်းမိသားစုကို အရင်ဆုံး သိအောင် အသိပေးမည်ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် ထျန်းနင် အနားယူနေစဉ် မို့ထင်က ရှားယွီလင်းကို ဖုန်းဆက်သည်။
"အမေရဲ့အကူအညီကို လိုအပ်တယ်"
"ပြောလေ။ ယဉ်ကျေးနေဖို့ မလိုအပ်ဘူး"
မို့ထင်က ထျန်းနင်ကို အကြွင်းမဲ့ ချစ်မြတ်နိုးမှန်း ရှားယွီလင်း သိနေ၍ မို့ထင်ကို သူ့သားအရင်း ကဲ့သို့ သဘောထားသည်။
"မနက်ဖြန် ဘိုးဘိုးကို ချောင်ကန်ဆေးရုံ ခေါ်လာပေးလို့ ရမလား။ ဒါပေမဲ့ ထျန်းရွှမ် သိလို့တော့ မရဘူးနော်"
ရှားယွီလင်းက မို့ထင်၏သဘောထားကို အကြမ်းဖျင်း ခန့်မှန်းမိ၍ ချက်ချင်း သဘောတူလိုက်သည်။
"အမေ နည်းလမ်း စဉ်းစားလိုက်ဦးမယ်"
"ဒါဆိုရင် ကျွန်တော် စိတ်ချထား လိုက်တော့မယ်"
" ရှောင်နင် နဲ့ အမေ့မြေးလေး ကျန်းမာရဲ့လား။ ရှောင်နင်က ကိုယ်ဝန်ကြီးနဲ့ ရုပ်ရှင် ဆက်ရိုက်နေတုန်းပဲ"
"စိတ်မပူပါနဲ့။ အားလုံး အဆင်ပြေတယ်။ ကျွန်တော်ကိုယ်တိုင် ထျန်းနင်တို့ သားအမိကို စောင့်ရှောက် ပေးနေတယ်"
ထိုစကားသံကို ကြားပြီးနောက် ရှားယွီလင်း သက်ပြင်းချသည်။
"ထျန်းနင်ကိုပဲ အာရုံစိုက်နေတော့ ကိုယ့်ဘာသာကိုယ် စောင့်ရှောက်ဖို့လည်း မမေ့နဲ့ဦး။ ဟိုက်ဟွေ့ဖျော်ဖြေရေးကို အုပ်ချုပ်ရတာတောင် မင်း တော်တော်လေး ပင်ပန်းနေပြီ။ အခု ထျန်းနင်ရဲ့ ခေါင်းမာတဲ့ စိတ်လေးကြောင့် ပင်ပန်းရပြန်တယ်"
မို့ထင်က သဘောကျ နှစ်ခြိုက်စွာ ရယ်မောပြီး ရှားယွီလင်း နှင့် မိနစ် ၂၀၊ ၃၀ ကြာအောင် ဖုန်းပြောခဲ့သည်။
...
မို့ထင်၏တောင်းဆိုမှုကို လက်ခံပြီးနောက် ရှားယွီလင်း အကြံထုတ်သည်။
ထျန်းရွှမ်က သူ့ယောက္ခမအိမ်တွင် တွေ့ကြုံခဲ့ရသော အကျပ်အတည်းများကို ထျန်းအကြီးအကဲ ရင်နာမဆုံး ဖြစ်နေ၍ သူတို့မြေးအဘိုးက တစ်စက္ကန့်လေးမျှ ခွဲခွာခြင်း မရှိခဲ့ပေ။
လောကထဲ ရောက်လာတော့မည့် ကလေးကြောင့်သာ အဘိုးအိုက မျက်နှာသာပေးနေကြောင်းလည်း ရှားယွီလင်း သိနေခဲ့သည်။ သို့သော်လည်း ထျန်းရွှမ်က ကောင်းမွန်သော စိတ်သဘောထားဖြင့် အိမ်ပြန်ရောက်လာခြင်း မဟုတ်ပေ။
သူမ သေသေချာချာ တွေးတောပြီးနောက် သူမက ရှယ်ရာရှင် တစ်ဦးကို အကူအညီတောင်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ထျန်းရွမ်က ထျန်းဘိုးဘိုးအနား တစ်ချိန်လုံး ရှိနေစဉ် ဖုန်းဝင်လာသည်။ သူ့ဘိုးဘိုး ဖုန်းချလိုက်ပြီးနောက် သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့် အကျိုးအကြောင်း မေးမြန်းသည်။
"ဘိုးဘိုး ဘယ်သူဆက်တာလဲ။ အစည်းအဝေး ရှိတယ်လို့ ကြားမိတယ်။ ဘယ်လို အစည်းအဝေး မျိုးလဲ။ မြေးရော လိုက်ခဲ့လို့ရလား"
"မြေးလေး လိုက်ခဲ့လို့ရပါတယ်။ ဒါပေမဲ့ ငြီးငွေ့ဖို့တော့ ကောင်းလိမ့်မယ်"
ထျန်းအကြီးအကဲက အားကြိုးမာန်တက် ပြောသည်။
"မြင်းပြိုင်ပွဲကွင်းမှာ တွေ့ကြမှာလေ"
ထျန်းရွှမ်က အကျိုးအကြောင်းကို စက္ကန့်ပိုင်းမျှ စဉ်းစားပြီးနောက် သူမ မသွားသင့်ကြောင်း လက်ခံလိုက်သည်။ ထျန်းအကြီးအကဲ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရုံဖြင့် အစည်းအဝေးက အရေးမပါကြောင်း သူမ သဘောပေါက်သည်။ လူအိုကြီးများ အပျင်းပြေတွေ့ဆုံသည့် သဘောမျိုးသာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူမ၏ ကိုယ်ဝန်ကို ထိခိုက်စေမည့် အခြေအနေမျိုးကို ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။
"ဘိုးဘိုး။ မြေး မသွားရင် အကောင်းဆုံး ဖြစ်မယ် ထင်မိတယ်"
သူမက ဆရာဝန်လင်းကို ပိုက်ဆံသွားပေးရမည်ဖြစ်၍ အကြောင်းပြချက် ရှာကြံကာ ခိုးထွက်ရန် မလိုအပ်တော့ပေ။
"ဟုတ်ပါတယ်လေ။ ဘိုးဘိုးလည်း သဘောတူတယ်။ မြင်းပြိုင်ကွင်းက အရမ်း အန္တရာယ် များတယ်။ ဘိုးဘိုးရဲ့မြစ်လေး ထိတ်လန့်သွားပါ ဦးမယ်။ အိမ်မှာပဲ နေနော်"
ထျန်းရွှမ်က ရှားယွီလင်း နှင့် ရှယ်ရာရှင်တို့၏ အကြံအစည်မှန်း မသိခဲ့၍ ကြိုတင်ပြင်ဆင်ချိန် မရခဲ့ပေ။
ရှားယွီလင်းက ဤမျှလောက် အစီအစဉ်ကို မဖန်တီးနိုင်လျှင် ထျန်းအုပ်စု၏ စီအီအို နေရာကို ရယူရန် မထိုက်တန်ပေ။
သူမ၏အကြံအစည်က အားနည်းချက် မရှိမှန်း သေချာမှ ရှာယွီလင်းက သူမ အောင်မြင်ကြောင်း မို့ထင်ကို စာပို့သည်။ ထိုစဉ် မို့ထင်က ထျန်းနင်ကို နေ့လည်ခင်း ခဏ အားလပ်ချိန် ပေးရန် ဝေအန်ကို အသိပေးခဲ့သည်။ ယနေ့ နေ့လည်ခင်း ရိုက်ကူးရေး မနှောင့်နှေးစေရကြောင်းလည်း ကတိပေးခဲ့သည်။
အပိုင်း(၄၆၃)
ပြီး၏။