အပိုင်း(၄၆၁)
"ပြောစမ်းပါ။ ဘာဖြစ်လို့လဲ"
လုချယ်က စကားတစ်ခွန်းမျှ မပြောသေးသော်လည်း မို့ထင်က ဆိုလိုရင်းကို ခံစားမိသည်။
လုချယ် အနည်းငယ် အံ့အားသင့်မိသော်လည်း သူက မို့ထင်အနား တလေးတစား ချဉ်းကပ်လာပြီး ရှင်းပြသည်။
"ကျွန်တော် အမှန်တရားကို ဖော်ထုတ်ပြီးပါပြီ"
"ဘာများလဲ"
အချိန်ခဏကြာပြီးနောက် လုချယ်က သူ သိခဲ့သမျှ ဇာတ်လမ်းတစ်ပုဒ်လုံးကို မို့ထင် သိအောင် ပြောပြသည်။ အထူးသဖြင့် သူ့ထင်မြင်ချက်များကို ဖြည့်စွက် ရှင်းပြသည်။
"ထပ်ပြီး စုံစမ်းကြည့် ရသလောက်တော့ ထျန်းရွှမ်နဲ့ မဒမ်က ဆေးရုံတစ်ရုံတည်းမှာ ဆေးစစ်ခဲ့တာပဲ။ သူက ကျွန်တော်ကို ဆေးရုံမှာ အမှတ်တမဲ့ လှမ်းမြင်လိုက်ပြီး အခြေအနေကို စုံစမ်းရင်းကနေ ဒီပြဿနာကို ဖန်တီးခဲ့ပုံပဲ။ သူက ဆရာဝန်ကို လာဘ်ထိုးပြီး မဒမ်ရဲ့ ဆေးစစ် မှတ်တမ်းကို ပြောင်းလဲပြီး အကောက်ကြံခဲ့တယ်"
"သူရဲ့အဓိက ရည်ရွယ်ချက်က မဒမ်ကို သိက္ခာချချင်ရုံ သက်သက်နဲ့ ဆေးမှတ်တမ်းအတုကို ဖြန့်ခဲ့တာ မဟုတ်ဘူး။ မဒမ် လုံးဝ ကိုယ်ဝန်မဆောင်နိုင်အောင် သားအိမ်ကို ဖယ်ထုတ်ပစ်ချင်တဲ့ အတွေးနဲ့ ကြံစည်ခဲ့တာပဲ"
မို့ထင်က လုချယ် စုံစမ်းထားသော ရလဒ်ကို တိတ်တဆိတ် နားစွင့်နေပြီး သတိပေးလိုက်သည်။
"ထျန်းရွှမ်က ထျန်းအိမ်တော် ပြန်ရောက်နေပြီ"
"အဲဒါကြောင့်လည်း ထျန်းရွှမ်က မဒမ်ကို မကောင်းကြံစည်ဖို့ အများကြီး ကြိုးစား အားထုတ်ခဲ့တာပဲ"
လုချယ်က သူ ရှာဖွေထားသော အချက်အလက်များကို စုစည်းပြီး ကောက်ချက်ချသည်။ ထျန်းနင်လည်း သူမ နည်းတူ ကိုယ်ဝန်ဆောင်ခဲ့လျှင် ထျန်းအိမ်တော် ပြန်မည့် သူမ၏အစီအစဉ်ကို နှောင့်နှေးမည်ကို စိုးထိတ်မိ၍ ယခုလို ကြံရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
"ဒါဆိုရင် ငါတို့ နောက်ထပ်လှမ်းမယ့် ခြေလှမ်းက ဘာလဲ"
"ထျန်းရွှမ် ယုံကြည်အောင် မဒမ်က ခွဲစိတ်ခန်းထဲ ဝင်ပြီး သားအိမ် ဖယ်ထုတ်ခံရယောင် ဆောင်မယ်"
"ပြီးရင်တော့ ဆေးရုံကို သွားဖို့ စီစဉ်ပေးထားလိုက်။ ရန်ကြွေးဟောင်းကို ငါကိုယ်တိုင် ဖြေရှင်းချင်တယ်"
"ထျန်းရွှမ်ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတော့ ထျန်းရွှမ်ရဲ့ စရိုက်အမှန်ကို ထျန်းမိသားစု တစ်ခုလုံး သိသွားအောင် အားလုံးကို ဆေးရုံလာပေးဖို့ ဖိတ်ခေါ်ရမယ်။ ထျန်းရွှမ်ကိုတော့ အသိမပေးနဲ့"
လုချယ်က မို့ထင် ညွှန်ကြားသည့် အတိုင်း လုပ်ဆောင်ကာ မဲ့ပြုံးပြုံးသည်။ သူက မို့ထင်၏ အပြစ်ပေးသော နည်းလမ်းကို အမြဲတမ်း အထင်ကြီး လေးစားမိသည်။
ဤတစ်ကြိမ်တွင် သူက ဆေးရုံမှ လူအားလုံးကို တစ်ပြိုင်တည်း ဖြေရှင်းမည့် အပြင် ထျန်းမိသားစုများကိုလည်း ဂရုစိုက်ရန် သတိပေးမည်။ ဤသည်ကား အကောင်းဆုံး ရလဒ် ဖြစ်လိမ့်မည်။
ခဏကြာပြီးနောက် ထျန်းနင်၏ ရုပ်ရှင် ရိုက်ကူးရေး ပြီးစီးသွားပြီး မို့ထင် ဘေးနား မတ်တတ်ရပ်နေသော လုချယ်ကို သတိထားမိသည်။ သူမက စုံစမ်းထားသော ရလဒ်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့သည်။
"နောက်ကွယ်က ကြိုးကိုင်သူကို စုံစမ်းမိပြီလား"
လုချယ်က မို့ထင်ကို ဖျတ်ခနဲ ကြည့်သည်။ မို့ထင်က သူ့ကို ဟန့်တားသော အမူအရာ မပြသ၍ လုချယ် ခေါင်းညိတ်သည်။
"ဟုတ်ကဲ့ သိသွားပါပြီ"
"ဘယ်သူလဲ"
"ထျန်းရွှမ်ပါ"
"သူ ဘာတွေ ကြံစည်ထားသေးလဲ"
ထျန်းနင်က ဆက်လက် မေးမြန်းသည်။
"သူက မဒမ်ရဲ့သားအိမ်ကို ထုတ်ပစ်ချင်တယ်
လုချယ်က ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။ မို့ထင်က ထျန်းနင်ကို အမှန်တရား ဖုံးကွယ်ထားချင်သည့် ဆန္ဒ မရှိမှန်း သူလည်း နားလည်နေ၍ ပွင့်ပွင့်လင်းလင်း ပြောမိခြင်း ဖြစ်သည်။
"ဪ အဲလိုလား"
ထျန်းနင်က ရိုးရှင်းစွာ တုံ့ပြန်သည်။ အဖြေက သူမ မျှော်မှန်းထားသော ရလဒ် ဖြစ်နေ၍ အံ့ဩသည့်ပုံ မရှိပေ။
"ယောက်ျား ဘယ်လို လုပ်ချင်လဲ"
လုချယ်က မို့ထင်၏အစီအစဉ်ကို ထျန်းနင် သိအောင် ထုတ်ပြောပေးသည်။ အစီအစဉ်ကို ကြားသိပြီးနောက် ထျန်းနင်၏မျက်နှာထား အေးစက်စက် ဖြစ်သွားသည်။
"အဲဒီမိန်းမကို မသနားမိဖို့ အရင်တည်းက ဆုံးဖြတ် ထားပြီသားပါ"
"ပြီးတော့ ချစ်လေးက ကိုယ့်ကို အရင် မတိုက်ခိုက်ရင် ဘယ်သူ့ကိုမှ ရန်မရှာတတ်ဘူး။ ရှင် နားလည်မယ်လို့ မျှော်လင့်တယ် လုချယ်"
"ကျွန်တော် နားလည်ပါတယ်"
"သူက ငါ့ကို ထိခိုက်အောင် လုပ်တော့ ငါ့ဘက်က အရမ်းကြီး မတုံ့ပြန်ပါဘူး။ သူ ပြုတဲ့ ကံအတိုင်း သူ ပြန်ခံစားရအောင်ပဲ လုပ်မှာပါ"
သူမက နာကျင်မှုကို သည်းခံနိုင်ပါသည်။ သို့သော်လည်း ထျန်းရွှမ်က သူမ နှင့် မို့ထင်၏ကလေးကို ထိခိုက်အောင် ကြံရွယ်ခဲ့လျှင် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် အတူတူပင် ဖြစ်သည်။
"ကျုံးမိသားစုကိုရော ဘယ်လို လုပ်မလဲ"
ထျန်းနင်က တည်ငြိမ်စွာ မေးမြန်းသည်။ မို့ထင်က ခေါင်းငုံ့လိုက်ပြီး သူမ၏ဆံပင်ကို ညင်သာစွာ သပ်ပေးသည်။
"ဘယ်သူမှ ချစ်လေးကို လာအနိုင် မကျင့်စေရဘူး။ သူတို့ လုပ်ရဲရင်တော့ အကျိုးဆက်ကို ခံယူရဲ ရမှာပေါ့။ သူတို့လုပ်ခဲ့တာရဲ့ ၁၀ဆ ပြန် ခံစားစေရမယ်"
"အစ်မထျန်းနင်၊ နောက်ထပ် ဇာတ်ဝင်ခန်း စတော့မယ်။ အဆင်သင့် ပြင်ပေးထားပါ"
ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ဝင်တစ်ဦးက သူတို့အနား ချဉ်းကပ်လာပြီး သတိပေးသည်။
ထျန်းနင် ခေါင်းညိတ်သည်။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သူမ အသင့်ပြင်ဆင် ခဲ့သည်။
...
မို့ထင် နှင့် ထျန်းနင်တို့က သူမ၏ အကြံအစည်ကို ကြိုတင် သိနေမှန်း ထျန်းရွှမ် မသိခဲ့ပေ။ သူမ၏ အကြံအစည် အောင်မြင်လိမ့်မည်ဟု အိပ်မက် မက်နေတုန်းပင်။
ထိုနေ့ညက ရှားယွီလင်းသည် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာခဲ့သည်။ သူမက သူမ၏ခရီးဆောင် အိတ်ကို ဆွဲကာ ဧည့်ခန်းထဲ ဝင်ရောက်လာစဉ် ထျန်းရွှမ်ကို လှစ်ခနဲ လှမ်းမြင်မိသည်။ သူမ တုန်လှုပ်သွားပြီး အိမ်မှား ဝင်မိသည်ဟုပင် ထင်မိသည်။
သို့သော်လည်း အစေခံမိန်းကလေးက သူမ၏ခရီးဆောင်အိတ်ကို ကူသယ်ပေးပြီး နှုတ်ဆက်သည်။
"မဒမ်။ ပြန်လာလို့ အိမ်တော်က ကြိုဆိုပါတယ်"
"သူက ဒီမှာ ဘာလာလုပ်တာလဲ"
ရှားယွီလင်းက ထျန်းရွှမ်ကို လက်ညိုးထိုးပြီး မေးမြန်းသည်။
"အန်တီ။ အတိတ်က သမီး ကျူးလွန်ခဲ့မိတဲ့ အမှားတွေအတွက် ထျန်းနင်ရော အန်တီကိုရော တောင်းပန်ပါတယ်။ ဒါပေမဲ့ သမီး ပြောင်းလဲသွားပါပြီ။ သမီးကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ်"
ထျန်းရွှမ်က ဧည့်ခန်းအလယ်မှာ မတ်တတ်ရပ်ပြီး ရှားယွီလင်းကို အားတုံ့အားနာစွာ ဂါရဝပြုသည်။
"သမီး မှားခဲ့ပါတယ်။ သမီးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
"နေပါဦး။ နင်က ဒီအိမ်မှာ ဘာလာလုပ်တာလဲပဲ သိချင်တယ်"
ရှားယွီလင်းက အတိတ်က ရှားယွီလင်း နှင့် မတူညီတော့ပေ။ သူမက ယခုအချိန်တွင် မိသားစု၏ အကြီးအကဲ ဖြစ်လာ၍ ကိစ္စတိုင်း သူမ ဖြေရှင်းသင့်သည်။
"သူ့ကို အိမ်ခေါ်လာတာ သူဌေးကြီးပါ"
အစေခံတစ်ဦးက အရှေ့ထွက်လာပြီး အရဲကိုးကာ ရှင်းပြသည်။
"သခင်မလေးက ကိုယ်ဝန်နဲ့မို့ပါ"
ရှားယွီလင်း၏မျက်နှာအသားအရောင် သုန်မှုန်သွားပြီး ထျန်းရွှမ်၏ ဝမ်းဗိုက်ကို စွေခနဲ့ ကြည့်လိုက်သည်။ ခဏကြာ အကဲခတ်ပြီးနောက် သူမက အစေခံဘက် လှည့်ကာ မေးမြန်းသည်။
"စစ်ဆေးကြည့်ပြီးပြီလား။ တကယ် ကိုယ်ဝန် ရှိနေတာလား။ ကိုယ်ဝန်ရှိနေတဲ့ အကြောင်းပြချက်နဲ့ ထျန်းအိမ်တော်ထဲ ပြန်ဝင်ချင်တာလား"
"ဒါကတော့..."
"ယွီလင်း၊ မင်း စကားကို ထိန်းပြောပါ။ တရားလွန် မလာနဲ့"
ထျန်းအကြီးအကဲက အမျိုးသမီးနှစ်ဦး ငြင်းခုန်နေသော အသံကို ကြားမိ၍ သူ့လမ်းလျှောက်တုတ်ကောက်လေး၏ အကူအညီဖြင့် ထော့နင်းထော့နင်း လမ်းလျှောက်လာသည်။
ထျန်းရွှမ်က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူမ၏မျက်ဝန်းများက နီရဲနေပြီး သနားချင့်စဖွယ် ကောင်းနေသည်။ သူမ တကယ်ပြောင်းလဲသွားပုံပင်။
"အဖေက ကျွန်မကို မိသားစု တာဝန်လွှဲပေးလိုက်တည်းက ပြဿနာ ကြီးကြီးမားမား ဖြစ်ဖြစ် သေးသေးမွှားမွှားဖြစ်ဖြစ် ကျွန်မ ဖြေရှင်ပေးသင့်တယ်။ ထျန်းရွှမ်ကို ထျန်းအိမ်တော်က မောင်းထုတ်ပြီးပြီဆိုတော့ ဘာလို့ ပြန်လာခွင့် ပေးနေသေးလဲ။ သူ့ကို စိုးရိမ်တယ် ဆိုရင်လဲ အပြင်မှာ သူ့နေဖို့ အိမ်တစ်အိမ် ရှာပေးလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် သူ့ကို ထျန်းအိမ်တော်ထဲ ခြေတစ်လှမ်းတောင် လှမ်းခွင့် မပေးသင့်ဘူး"
"ဒါကတော့... "
"ဘိုးဘိုး၊ ပြဿနာမရှိပါဘူး။ သမီး ထွက်သွားပေးပါ့မယ်"
ထျန်းရွှမ်က လှည့်ထွက်သွားချင်ယောင် ဆောင်သည်။ သို့သော်လည်း သူမက ခြေတစ်လှမ်း လှမ်းရုံ ရှိသေး မူးလဲသွားသည်။
"ယွီလင်း မင်း ဘာလုပ်လိုက်တာလဲ။ သူက ဒေါသထွက်လို့ မရဘူး"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို သူ့အခန်းထဲ ခေါ်သွားရန် အစေခံများကို ညွှန်ကြားသည်။
ရှားယွီလင်း၏မျက်နှာထားက အေးစက်စက် ဖြစ်သွားသည်။ ထျန်းရွှမ်က သေချာ ပြင်ဆင်ပြီးမှ ပြန်ရောက်လာမှန်း သိနေ၍ သူ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
ခဏကြာပြီးနောက် ထျန်းအကြီးအကဲက မိသားစုဆရာဝန်ကို ဖုန်းခေါ်ခဲ့သည်။ ဆရာဝန်က ဆေးစစ်ဆေးမှု ပြီးဆုံးပြီးနောက် သူမ အိပ်မောကျနေသည်ဟု အတည်ပြုပေးသည်။
"ယွီလင်း ငါ တောင်းပန်ပါတယ်။ ထျန်းရွှမ်ကို ပြန်လာခွင့် ပေးလိုက်ပါ"
"အဖေကိုယ်တိုင် ပြန်လာခွင့် ပေးထားတော့ သမီးက ဘာပြောနေရဦးမလဲ"
ရှားယွီလင်းက သူ့အခန်းထဲ မပြန်ခင် စိတ်ထဲ ရှိသည့်အတိုင်း ပြောလိုက်သည်။
ထို့နောက် သူမက ထျန်းနင်ကို ဖုန်းခေါ်သည်။ ထိုစဉ်အခိုက်အတန့် ထျန်းနင်က အလုပ်ပြီးခါစ ဖြစ်သည်။
"အမေ ပြန်လာပြီလား"
"ထျန်းရွှမ်က ထျန်းအိမ်တော် ပြန်ရောက်နေတာ သမီးသိလား"
ရှားယွီလင်း၏နှလုံးသား ကြေကွဲရသည်။
"သမီး သတင်းကြားထားပါတယ်"
"ထျန်းရွှမ်ရဲ့ အကြံအစည်ကို အမေ မသိဘူးလို့ ထင်မနေနဲ့။ သူက ကိုယ်ဝန်ရှိတာကို အသုံးချပြီး တစ်လောကလုံးကို ဇောက်ထိုး မိုးမျှော် လုပ်ချင်နေတာလေ"
အပိုင်း(၄၆၁)
ပြီး၏။