အပိုင်း(၄၅၅)
"အခုကစပြီးတော့ ချစ်လေးက ဖုန်းကို ဘေးချထားပြီး ကိုယ့်စကားကို နာခံရမယ်။ ကိုယ် ချစ်လေးကို အရေးတကြီး ပြောစရာ ကိစ္စ ရှိတယ်"
လူတိုင်းက သူတို့၏ စိုးရိမ်မှုကို ထျန်းနင် သိအောင် ပြသပြီးနောက် မို့ထင်က ထျန်းနင်၏ ကုတင်အစွန်းနား ထိုင်ကာ သူမကို လေးနက်သော လေသံဖြင့် မေးမြန်းသည်။
"မနေ့တုန်းက လုံကျဲနဲ့အတူတူ ပေကျင်းဆေးရုံသွားပြီး hCGသွေးစစ်ခဲ့သေးလား"
ထျန်းနင်က မို့ထင် မည်သည့်အတွက်ကြောင့် မေးမြန်းလဲ သေချာ မသိသော်လည်း ခေါင်းညိတ်သည်။
"ဒီမနက်ပဲ ပေကျင်းဆေးရုံက ချစ်လေးကို ဖုန်းဆက်လာတယ်။ ကိုယ်က ချစ်လေး ကိုယ်စား ဖုန်းကိုင်လိုက်တယ်။ ချစ်လေး ကိုယ်ဝန် ရှိနေတယ်လို့ ဆရာဝန်က ကောက်ချက်ချတယ်"
ထျန်းနင် ကြောင်အမ်းအမ်း ဖြစ်နေသည်။ ခဏကြာပြီးနောက် မနက်ခင်းတုန်းက မို့ထင်၏မျက်နှာပေါ်မှ အပြုံးလေးကို သူမ အမှတ်ရသွားသည်။
"ဒါပေမဲ့ တခြားဆေးရုံက ပြောတာတော့..."
"ချစ်လေး အိပ်ပျော်နေတုန်း ကိုယ်က ပေကျင်းဆေးရုံ ရောက်သွားတယ်။ ချစ်လေးရဲ့ ဆေးစစ်မှု ရလဒ်ကို ဆရာဝန်နဲ့ ကိုယ်တိုင် ဆွေးနွေးပြီးပြီ။ ဆရာဝန်ကတော့ ချစ်လေး ကိုယ်ဝန် ရှိနေပြီလို့ အခိုင်အမာ ပြောတယ်"
မို့ထင်က ချိုသာစွာ ဆက်မပြောခင် သူ့စိတ် တည်ငြိမ်အောင် အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်။
"အဲဒီတခြားဆေးရုံကနေ ချစ်လေးရဲ့ ဆေးစစ်မှတ်တမ်းက ပေါက်ကြားသွားတယ်။ အရမ်းကို မြန်ဆန်လွန်းလို့ တစ်ယောက်ယောက် ကြံစည်ထားတယ်လို့ သံသယ ဝင်မိတယ်"
"ဒါကြောင့် အခုအချိန်မှာ ကိုယ်တို့အတွက် အရေးကြီးဆုံး ကိစ္စက နောက်ထပ် စစ်ဆေးမှုလုပ်ဆောင်ဖို့ပဲ"
ထျန်းနင်၏နဂိုက သုန်မှုန်နေသော အကြည့်က ချက်ချင်း မျှော်လင့်ရောင်ခြည် လင်းလက်သွားသည်။
"ယောက်ျား အမှန်ပြောနေတာလား"
"ဒါပေါ့"
"ဒါဆိုရင် ဘာတွေ စောင့်ဆိုင်း နေဦးမလဲ။ အခုပဲ သွားကြတာပေါ့"
ထျန်းနင်က သူမ၏ ခြုံစောင်ကို ချက်ချင်း ဖယ်ရှားလိုက်သော်လည်း မို့ထင်က သူမကို ဟန့်တားသည်။
"ဒီအတိုင်းပဲထားလိုက်။ ကိုယ် သိမ်းလိုက်မယ်"
သူမ၏နီရဲဖောင်းကားနေသော မျက်ဝန်းတစ်စုံကြောင့် မို့ထင်၏ နှလုံးသား နာကျင်ရသည်။ ထို့နောက် အဝတ်ဗီဒိုထဲမှ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးကို ယူပေးသည်။ ထို့နောက် သူမ စီးရမည့် ဖိနပ်ကိုလည်း သူကိုယ်တိုင် ဝတ်ဆင်ပေးသည်။
ထျန်းနင်က မို့ထင်ကို ငေးကြည့်ပြီး ရင်ထဲ ခံစားလာရသည်။
"ချစ်လေးကို အဲဒီလောက်အထိ အလိုမလိုက်ပါနဲ့"
မို့ထင်က ချက်ချင်း ခေါင်းမော့လိုက်ပြီး သူမကို အကြင်နာမျက်ဝန်းဖြင့် ငေးစိုက်ကြည့်သည်။
"ကိုယ် တတ်နိုင်သလောက် ချစ်လေးရဲ့ လိုအင်တွေကို ဖြည့်ဆည်းပေးချင်တယ်"
ထျန်းနင်က သူ့ခါးလေးကို မဖက်ခင် သူ့ကို ဆွဲထူလိုက်သည်။ ထို့နောက် သူတို့ဇနီးမောင်နှံက သူတို့နေထိုင်သော စံအိမ်မှ ထွက်ခွာလာပြီး စုန့်ယန်ရှု စီစဉ်ပေးထားသော ကားပေါ် တက်သည်။
ဤတစ်ကြိမ်တွင် ထျန်းနင်ကို မို့ထင်က ပေကျင်းဆေးရုံတွင် ဆေးစစ်ဆေးရန် စီစဉ်ပေးထားသည်။ မည်သူမှ သတိမထားမိအောင် သူတို့က သာမန်ကားလေးကို စီးနင်းကာ ဆေးရုံရောက်လာခဲ့သည်။
ထျန်းနင်က သူမနှင့် ပတ်သက်သော သတင်းများကို သေချာသိသွားသည်။ အကျင့်ပျက် မီဒီယာများကြောင့် သူမ၏ဆေးစစ်မှတ်တမ်းက လူသိထင်ရှား ဖြစ်သွားခဲ့သည်။
သို့သော်လည်း ပရိသတ်များ၏တုံ့ပြန်မှုက သူမကို ပျော်ရွှင်စေသည်။
"ချစ်လေးရဲ့ နာကျင်မှုတွေက ကောင်းမွန်တဲ့ အခြေအနေတွေ ဖြစ်လာအောင် ဖန်တီးပေးပါတယ်။ ဒါက သက်သေပဲလေ။ ဖျော်ဖြေရေးလောကမှာ ချစ်လေးရဲ့ အဆင့်အတန်းက အလွယ်တကူ ကိုင်လှုပ်လို့ ရတဲ့ အနေအထား မဟုတ်တော့ဘူးလေ"
ထျန်းနင် ခေါင်းညိတ်သည်။ ထိုစဉ်အခိုက်အတန့် သူမ ခံစားရသည့် ခံစားချက်က ကျေးဇူးတင်သည့် ခံစားချက် ဖြစ်သည်။
"ဒီပရိသတ်တွေက ကျွန်မအတွက်တော့ မိသားစုဝင်လိုပါပဲ။ သူတို့တွေ အရင်က တစ်ခါမှ မတွေ့ဖူးတာတောင် သူတို့ပျော်ရွှင်အောင် ချစ်လေး ဖန်တီးပေးချင်တယ်"
"ထင်... အခုကစပြီးတော့ ချစ်လေးရဲ့ ပရိသတ်တွေကို ပိုပြီးတော့ ဂရုစိုက်ပေးပါ"
"အေဂျင်စီက စီစဉ်ပေးလိမ့်မယ် ချစ်လေး"
မို့ထင်က သူမ၏လက်လေးကို ဆုပ်ကိုင်ကာ ပြုံးပြသည်။
ထို့နောက် ထျန်းနင်က တခြားစကားတစ်ခွန်းမျှ ထပ်မပြောခဲ့ပေ။
"မစိုးရိမ်နဲ့နော်။ ကိုယ်တို့တွေ အဆိုးဆုံး ရလဒ်ကို ရင်ဆိုင်ခဲ့ပြီးပြီလေ။ ကျန်တာက အဲလောက်အထိ မဆိုးရွားနိုင်ဘူး"
ထျန်းနင်က မို့ထင်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး သူမ ပို၍ ယုံကြည်မှု ရှိလာသကဲ့သို့ ခံစားရသည်။
သူမက ကလေးမမွေးနိုင်သည့် အမြုံမဟု ပြန့်နေသော ကောလဟာလ သတင်းထက် မည်သည့် သတင်းက ပို၍ ဆိုးရွားနိုင်မည်နည်း။
နာရီဝက်ကြာပြီးနောက် ဆေးရုံက သူတို့ဇနီးမောင်နှံကို အက်ထရာဆောင်း ရိုက်ကူးသော အခန်းထဲ အတူတူ ဝင်ရောက်နိုင်အောင် စီစဉ်ပေးသည်။ ထျန်းနင်၏ ဆေးစစ်ချက် အဖြေကို ကြည့်ဖူးသော ဆရာဝန်က ထျန်းနင် အက်ထရာဆောင်း ရိုက်ကူးပေးပြီး မို့ထင်ကိုလည်း အခန်းထဲ ဝင်ခွင့် ပြုခဲ့သည်။
အိပ်ရာပေါ်မှာ လဲလျောင်းနေသော ထျန်းနင်မှာ ရင်တထိတ်ထိတ် ဖြစ်နေမိသည်။ ရေခဲတမျှ အေးစက်သော စက်ကိရိယာလေးက သူမ၏ ဝမ်းဗိုက်ပေါ်မှာ စတင် ရွေ့လျားနေသည်။ သူမ မူးလဲတော့မတတ် ခံစားရသည်။
"ရှင်တို့ မြင်လား။ အလယ်မှာ ရှိတဲ့ အစက်လေးက ရှင်တို့ကလေးပဲ။ အခုမှ သန္ဓေသားအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျန်းမာတယ်။ ထျန်းမိန်းကလေးရဲ့ သားအိမ်က ထူလို့ ကလေးက ပြဿနာ မရှိဘူး။ အလုံးအကျိတ်တွေလည်း လုံးဝ မရှိဘူး"
"သူ့သားအိမ်က ကောင်းတဲ့ပုံပဲ။ ရှင်တို့နှစ်ယောက်က ကျန်းမာတဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်ပုံပဲ။ဒါပေမဲ့ မိခင်က နည်းနည်း ပိန်နေတာက လွဲရင် ကျန်တာ စိုးရိမ်စရာ မရှိပါဘူး။ ဘာရောဂါ ဘာပြဿနာမှလည်း မရှိပါဘူး"
ဆရာဝန်က ဖန်သားပြင်ပေါ်မှ အမည်းရောင် အစက်လေးကို ထောက်ပြကာ ရှင်းပြသည်။
"သံသယဝင်စရာတောင် မလိုအပ်ဘူး။ ထျန်းမိန်းကလေးက သေချာပေါက် ကိုယ်ဝန် ရှိနေပြီ။ အကြမ်းဖျင်း တွက်ချက်ရရင် ကလေးက ၄၅ရက်သား ဖြစ်နေပြီ"
ဤအဖြေရလဒ်ကို ကြားပြီးနောက် ထျန်းနင် ရယ်ရခက် ငိုရခက် ဖြစ်နေမိသည်။
သူမ၏ ဗိုက်ထဲ ကလေးလေး တကယ် ရှိနေသည်။
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ ထျန်းနင်ကို ရိုးရှင်းစွာ ဖက်ထားသည်။ သူမလည်း ဆွံ့အနေမိသည်။ လုံကျဲနှင့် အတူတူ သွေးစစ်ခဲ့မိခြင်းက သူမကို ကံကောင်းစေခဲ့သည်။ သို့တည်းမဟုတ်လျှင် သူမကို ကံဆိုးခြင်းက စောင့်ကြိုနေသည်။
"အခုတော့ အေးဆေး အနားယူလိုက်ပါဦး"
ဆရာဝန်က သူတို့ဇနီးမောင်နှံကို ကြည့်ပြီး ကြည်နူးနေမိသည်။
"ယနေ့ခေတ် လူငယ်တွေက မိဘဖြစ်တော့မယ် သိရင် ဒီလို တုံ့ပြန်တတ်ပါတယ်။ ဒါမို့ ရှင်တို့ ဘယ်လို ခံစားနေရလဲ နားလည်မိတယ်"
မို့ထင်က သူ့ရင်ခွင်ထဲမှ ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး သူမ၏အဝတ်အစားများကို သေသေသပ်သပ် ဖြစ်အောင် ကူညီပေးသည်။ ဆရာဝန်က သူမ၏ စမ်းသပ်ကိရိယာများကို ဖယ်ရှားပေးလိုက်ပြီး သူတို့စုံတွဲကို သူမ၏ရုံးခန်းထဲ ခေါ်ဆောင်သွားကာ အခန်းတံခါးကို ပိတ်လိုက်သည်။
"ပုံမှန်အခြေအနေမှာဆိုရင် အက်ထရာဆောင်းအဖြေကို ချက်ချင်း ယူလို့ရတယ်။ အဲဒီ မှတ်တမ်းမှာ လူနာရဲ့ နာမည်နဲ့ လူနာ အမှတ်စဉ် ပါပြီသားပါ။ နာမည်တူမှသာ အမှားမှား အယွင်းယွင်း ဖြစ်နိုင်တာပါ။ ဒါကြောင့် အခုပြန့်နေတဲ့ ဆေးစစ်ချက် အဖြေက ထျန်းမိန်းကလေးရဲ့ ဆေးစစ်ချက် မှတ်တမ်း မဖြစ်နိုင်လောက်ဘူး"
"ဒါဆို ဒေါက်တာ ပြောချင်တာက အခု ပြန့်နေတဲ့ ဆေးစစ်မှတ်တမ်းက ကျွန်မဟာ မဟုတ်ဘူးပေါ့ အဲလိုလား"
ထျန်းနင်က အဓိက အချက်ကို တည့်တိုး ပြောလိုက်သည်။
"အခု စစ်ဆေးထားတဲ့ အဖြေနဲ့ အရင် အဖြေကို နှိုင်းယှဉ်ကြည့်ပါ။ ဘယ်သူက အစစ်အမှန်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိလာမယ်"
ဆရာဝန်က စိတ်ရှည်ရှည် ရှင်းပြသည်။
"တစ်ယောက်ယောက် ဆရာဝန်ကို လာဘ်ထိုးလိုက်လို့ ဆေးစစ်ချက် အမှားကြီး ဖန်တီးပေးလိုက်တာ ဖြစ်နိုင်တယ်"
"မင်းက လူနာဆိုတော့။ ပုံမှန်ဆိုရင် လူနာက ဆရာဝန် စကားကို နာခံတယ်လေ။ မင်းရဲ့သားအိမ်မှာ အကျိတ် ရှိတာကို မင်း ယုံကြည်လိုက်ရင် မင်း ခွဲစိတ်ခန်းထဲ ဝင်မှာပဲ။ ဒါပေမဲ့ ခွဲစိတ်ခန်းထဲရောက်သွားရင်တော့ မင်းတောင် မသိဘဲ သူတို့က မင်းကို လုပ်ချင်ရာ လုပ်သွားလိမ့်မယ်"
"ဘယ်သူ ကြံစည်တာလဲ ကိုတော့ မင်းကိုယ်တိုင်ပဲ စုံစမ်းကြည့်ပေါ့"
"မင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ အခုစစ်ဆေးထားတဲ့ ထျန်းမိန်းကလေး ကိုယ်ဝန် ရှိနေတဲ့ သတင်း ဘယ်သူ့ကိုမှ မသိစေနဲ့ဦး။ မင်းတို့ ဘာလုပ်သင့်လဲ မဆုံးဖြတ်ခင် အမှန်တရား ပေါ်တဲ့အထိ စောင့်ကြည့်ဦး"
သမားတော်ဂုဏ်နှင့် ပြည့်စုံသော ဆရာဝန်နှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းက ကံကောင်းခြင်းပင်။
"ဒေါက်တာဖူကို ကျေးဇူးတင်ပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ကလေး ဘေးကင်းအောင် အကြံပေးလို့လည်း ကျေးဇူးတင်ပါတယ်"
ထျန်းနင်က ရင်ထဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။
"ကလေးက ကျွန်မတို့လင်မယားအတွက် အရမ်း အရေးပါတယ်"
"ကလေးတိုင်းက ဘုရားသခင် ပေးသနားတဲ့ လက်ဆောင်မွန်ပါ။ အကြင်နာတရား ကင်းမဲ့တဲ့ လုပ်ရပ်မျိုး မလုပ်ပါဘူး"
ဆရာဝန်က ပြုံးသည်။
"လူနာကို ကယ်တင် စောင့်ရှောက်ရမှာ ကျွန်မတို့ တာဝန်ပါ။ ကျွန်မကို ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး"
"မင်းက သူငယ်ချင်းကို နှစ်သိမ့်ဖို့ ဆေးစစ်ပေးခဲ့တဲ့ ကုသိုလ်ကြောင့်ပါ။ ကျေးဇူးတင်ချင်ရင် မင်းကိုယ်မင်းပဲ ကျေးဇူးတင်သင့်တာပါ။ သူတစ်ပါးကို စိတ်ကောင်းစေတနာ ထားခဲ့လို့ ကောင်းတဲ့ အကျိုး ခံစားရတာပါ"
အပိုင်း(၄၅၅)
ပြီး၏။