Chapter ● 97 ●
ဖုန်းချလိုက်ပြီးနောက် ချန်ခေါ့သည် အချိန်အတော်ကြာအောင် ငိုင်တွေနေသည်။ ကျန်းယွီသော်က မစ်တီးအေးတစ်ဘူးဖြင့် သူ့မျက်နှာပေါ်လာကပ်လိုက်တော့မှ သူသတိပြန်ဝင်လာသည်။
"မင်းဆိုင်ကဟာလား"
ချန်ခေါ့က မစ်တီးဘူးကိုလှမ်းယူပြီး ကြည့်လိုက်သည်။
"ဘာတွေစဉ်းစားနေတာလဲ။ ကျွန်တော့်ဆိုင်မှာက အခုအချိန်မှာ ဘိလပ်မြေနဲ့ကြွေပြားတွေပဲရှိတယ်"
"ဘေးဆိုင်ကဝယ်လိုက်တာလား"
ချန်ခေါ့က ရယ်လိုက်ရင်းပြောသည်။
"ဘေးဆိုင်က ပို့လာတာ"
ကျန်းယွီသော်က အသံကိုနှိမ့်လိုက်သည်။ အစ်မကြီးတစ်ယောက် ဖွင့်သောဆိုင်ဖြစ်သည်။
"ချန်ချင့်က သူများနဲ့ရင်းနှီးသွားအောင်တောင် သွားရောလိုက်ပြီးပြီ"
"ချန်ချင့်က ဘယ်ဆိုးလို့လဲ"
ချန်ခေါ့က ဘေးနားရှိဆိုင်ထဲကို တစ်ချက်ကြည့်လိုက်သည်။ ချန်ချင့်သည် ဆိုင်၏ကောင်တာရှေ့တွင်ထိုင်ပြီး အစ်မကြီးနှင့်စကားစမြည်ပြောနေသည်။
"သူဒီလောက်ဖော်ရွေမှန်း အရင်တုန်းကမသိခဲ့ဘူးပဲ"
"ချေးကို ဖော်ရွေရမှာလား။ အစ်မကြီးရဲ့သမီးက ဒီနှစ် ပထမနှစ်တက်နေတာ။ အခုကျောင်းပိတ်တော့ ပြန်လာတာ။ တစ်ခါတလေမှာ လာဝိုင်းကူလုပ်ပေးတယ်။ ဒီဟာကြောင့်သာမဟုတ်ရင် သူလား အစ်မကြီးနဲ့ စကားတစ်ခွန်းလောက်အပိုထပ်ပြောနေမှာ"
"မင်းတို့ဆိုင်မှာလည်း ရှိတယ်မလား၊ ကောင်မလေးက။ ကောင်မလေးက ကြည့်မကောင်းလို့လား"
"တော်တော်ကောင်း ... ..."
ကျန်းယွီသော်က စကားကိုတစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ပြီး -
"သခင်လေး ခင်ဗျားကျွန်တော့်ကို စကားလာနှိုက်နေတာလား"
"ငါက အဲဒီလိုသဘောထားသေးသိမ်တဲ့သူမို့လို့လား"
"ကျွန်တော်ဘယ်သိမလဲ။ ခင်ဗျားနဲ့တွဲပြီးနောက်ပိုင်းမှာ ကောင်မလေးတွေနဲ့အဆက်အဆံလုပ်ဖို့ အခွင့်အရေးရတာ ဒါကပထမဆုံးအကြိမ်လေ။ ဒီလိုကိစ္စအတွက် ခင်ဗျားသဘောထားကြီးလားသေးလားဆိုတာ ကျွန်တော်ကဘယ်လိုလုပ်ပြီးသိမလဲ"
"တော်တော်ကြီးပါတယ်။ ဘယ်ပဲဖြစ်ဖြစ်ငါက ရွှီးဆွေ့အများကြီးထပ်ပေါင်းရင် အသက် (၄၀) ပြည့်တော့မယ်သူပဲ"
"ကောင်မလေးက တော်တော်လေးကြည့်ကောင်းတယ်"
"သြော်"
ချန်ခေါ့က ခေါင်းညိတ်လိုက်ပြီးနောက် မစ်တီးတစ်ငုံသောက်လိုက်သည်။
"အဲဒါဆို ချန်ချင့်က ကိုယ့်ဆိုင်ကကောင်မလေးပဲ ဘာလို့မမှန်းတာလဲ။ နေ့တိုင်းတွေ့လို့ရတယ်။ အချိန်ရော နေရာရော အခြေအနေရော အဖက်ဖက်ကသင့်တော်နေတာ"
"ကျွန်တော်မသိဘူး"
ကျန်းယွီသော်က ချန်ခေါ့အားကြည့်နေသည်။
"မင်းကိုပြောပြမယ်၊ ငါသိတယ်"
ချန်ခေါ့က ရယ်ရင်းပြောလိုက်သည်။
ကျန်းယွီသော်က မျက်လုံးကို တစ်ချက်မှေးကျဉ်းလိုက်ပြီး -
"ကျွန်တော်နားမထောင်ချင်ဘူး။ ခင်ဗျားဘယ်လိုစောက်အီးကိုပေါက်ဖို့ အောင့်အည်းထားလဲဆိုတာ ကျွန်တော်သိတယ်"
ချန်ခေါ့က အားရပါးရရယ်လိုက်ပြီး ကျန်းယွီသော်အားလက်ညှိုုးညွှန်ရင်း -
"ယဉ်ကျေးစမ်းပါ၊ သူဌေးကျန်း"
"ခင်ဗျားပြောရဲရင် ကျွန်တော်လည်းခင်ဗျားကိုရိုက်ရဲတယ်။ တစ်နှစ်သုံးလို့မရေဘဲတောင် ရိုက်မှာ"
ချန်ခေါ့ကရယ်နေရင်း နေကာထီးကြီးအောက်တွင် ဝင်ထိုင်လိုက်သည်။ မစ်တီးကို ဖြည်းဖြည်းချင်းသောက်နေပြီး ဆိုင်ထဲမှ ပစ္စည်းပစ္စယများကို ကြည့်နေသည်။
"ခုနက ခင်ဗျားကိုဘယ်သူဖုန်းဆက်လာလို့လဲ။ အကြာကြီးငေးငိုင်နေတာ။ ကျွန်တော်ခေါ်နေတာတောင် ခင်ဗျားမကြားဘူး"
ကျန်းယွီသော်လည်းလိုက်လာပြီး ဘေးနားတွင်ဝင်ထိုင်လိုက်သည်။
"ဟွေ့ဟွေ့ဆက်လာတာ"
ချန်ခေါ့က မျက်မှောင်ကြုတ်လိုက်ပြီး -
"ခုနတုန်းက ရွှီတင်းက ... ... ငါ့အဖေကို ဆိုင်ထဲခေါ်သွားတယ်နဲ့တူတယ်"
"ခင်ဗျားအဖေ ဟုတ်လား"
ကျန်းယွီသော်က ထိတ်ခနဲဖြစ်သွားသည်။
"ရွှီတင်းက ခင်ဗျားအဖေနဲ့အရမ်းရင်းနှီးလား"
"အရင်က မရင်းနှီးဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ရင်းနှီးလားမရင်းနှီးလားကိုတော့ ငါမသိတော့ဘူး"
"ဒါက ဘာလုပ်ချင်နေတာလဲ။ ရွှီတင်းက ရန်သူအားပေးလုပ်တာလား"
"မဖြစ်နိုင်ဘူး။ ရွှီတင်းက အဲဒီလိုလူမဟုတ်ဘူး"
ချန်ခေါ့က စီးကရက်တစ်လိပ်ကိုမီးညှိပြီး ပါးစပ်တွင်ခဲလိုက်ကာ -
"အရင်တုန်းက ငါတို့ဆိုင်ဆီကို အဆင့်မြင့်အိမ်တွင်းအလှဆင်အပင်ပို့လာပေးတဲ့ ငွေကြေးထောက်ပံ့သူတစ်ယောက်ရှိတယ်လို့ ငါပြောဖူးတယ်မလား။ ဒီငွေကြေးထောက်ပံ့သူက ဘယ်သူလဲဆိုတာ ရွှီတင်းကလည်း ငါ့ကိုမပြောပြထားဘူး"
"ဒါဆို ခင်ဗျားအဖေက ရန်သူအားပေးလုပ်တာပေါ့"
ပြောပြီးနောက် ကျန်းယွီသော်က ခေါင်းလှည့်လာပြီး -
"လခွမ်း၊ ဒါဆို သူဒီလိုလုပ်လိုက်တာနဲ့ ချန်ယိက ခင်ဗျားကိုဒီအတိုင်းထားပါ့မလား။ ခက်ခက်ခဲခဲနဲ့ ငြိမ်သွားခဲ့တာကို"
"နောက်ပိုင်းမှာ ဆက်ဆံရေးကို ငါ့အဖေဘယ်လိုဖြေရှင်းလိုက်လဲဆိုတာ ငါလည်းမသိဘူး။ ငါလည်း အိမ်နဲ့အဆက်အသွယ်ထပ်မလုပ်ဖြစ်ခဲ့ဘူးဆိုတော့"
"ခင်ဗျားသူ့ကိုအသံဖိုင်ပေးလိုက်သေးလား"
"မပေးလိုက်ဘူး။ တကယ်တော့ သူလည်းမသိတာမဟုတ်ပါဘူး။ နားထောင်ထောင်မထောင်ထောင် ချန်ယိရဲ့အတွေးတွေကို ခန့်မှန်းမိနေမှာပဲ။ သူက ... ... ဒီလိုမျိုးရလဒ်မျိုးကို ရချင်လို့နဲ့တူပါတယ်။ အပြိုင်အဆိုင်ဖြစ်တာမျိုးလေ"
"ရွှီတင်းကို ခင်ဗျားမေးကြည့်ကြည့်ပေါ့"
ကျန်းယွီသော်က သက်ပြင်းတစ်ချက်မှုတ်ထုတ်ပြီးဆက်ပြောသည်။
"ခင်ဗျားအဖေက ဘာလုပ်ချင်နေတာလဲ။ တကယ်ပြောတာ၊ ချန်ယိကသာ ခင်ဗျားကိုနောက်ထပ်ပြဿနာလာရှာရင် ကျွန်တော်သူ့ကို တကယ်အသေဖြုတ်ပြီပဲ"
"ထောင်လွှားလှချည်လား စန်းကော"
ချန်ခေါ့က ရယ်လိုက်သည်။
"တော်ပါ။ ခင်ဗျားနဲ့တွေ့ပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ရပ်ကွက်ရဲ့ထူးချွန်နေထိုင်သူအဖြစ် ကျွန်တော်အရွေးချယ်ခံရတော့မလိုဖြစ်နေပြီ"
ကျန်းယွီသော်က မျက်မှောင်ကြုတ်လျက်သားဖြင့် မစ်တီးကို အားရပါးရစုပ်သောက်လိုက်သည်။
"ကျွန်တော်အခွင့်အရေးရှာရအောင် မလုပ်နဲ့"
ချန်ခေါ့ကရယ်ရင်း ကျန်းယွီသော်၏ဆံပင်ကို ထိုးဖွလိုက်သည်။
ငွေကြေးထောက်ပံ့သူနှင့်ပတ်သက်ပြီး ရွှီတင်းက ချန်ခေါ့အား တစ်ခါမှမပြောခဲ့ဖူးပေ။ ချန်ခေါ့ကလည်း မမေးပေ။ လစဉ် (၁) ရက်နေ့တွင်လုပ်သော theme restaurant ၏ ပုံမှန်အစည်းအဝေးကို ရွှီတင်းက အမြဲတမ်းလာနားထောင်လေ့ရှိသည်။ လူချင်းအမြဲတမ်းတွေ့ဖြစ်နေသည်။
ချန်ခေါ့သည် (၁) ရက်နေ့ရောက်သည်အထိစောင့်ပြီး၊ ဒုတိယထပ်၏ဝရံတာငယ်တွင် အစည်းအဝေးပြီးသွား၍ လူများအားလုံးထွက်သွားပြီးနောက် သူနှင့်ရွှီတင်းတို့က မလှုပ်မယှက်အတူတူထိုင်နေကြသည်။
"ဒီလောက်တောင်စိတ်ထိန်းထားနိုင်တာပဲ"
ရွှီတင်းက လက်ဖက်ရည်ကြမ်းတစ်ငုံသောက်လိုက်ပြီး ရယ်ရင်းပြောလိုက်သည်။
"ငါ့အဖေက ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲလို့ ငါစဉ်းစားနေလို့"
"သူငါ့ကိုလာမရှာခင်"
ရွှီတင်းက အသံတိုးတိုးဖြင့် -
"ဒီကိုသုံးလေးခေါက်လောက်လာဖူးပြီးပြီ။ မင်းကမသိတာ"
"... ... သူဘယ်တုန်းက လာခဲ့တာလဲ"
ချန်ခေါ့က ကြောင်သွားသည်။ သူသည် နေ့တိုင်းလိုလို ဆိုင်ကိုလာဖြစ်သည်။ သို့သော် သူ့အဖေလာခဲ့သည်ကို လုံးဝသတိမထားမိခဲ့ပေ။
"အရင့်အရင်တုန်းကတော့ မသေချာဘူး။ အနီးဆုံးတစ်ခေါက်ကတော့ ပြီးခဲ့တဲ့လကလာတာ။ အဲဒီတုန်းက စီးပွါးရေးက တော်တော်လေးကောင်းနေတာမလား။ အဲဒါနဲ့ သူငါ့ကိုထပ်ရှာတယ်"
"ပိုက်ဆံယူလိုက်လား"
"ငွေခင်ကောင်"
ရွှီတင်းကရယ်လိုက်ပြီး ဆက်ပြောသည်။
"ဒီဆိုင်က ဘယ်လိုစတိုင်ဘက်ကိုသွားနေလဲဆိုပြီး ငါ့ကိုသူမေးဖူးတယ်။ ရှောင်ခေါ့ရဲ့သဘောထားကတော့ အစွန်အဖျားမဟုတ်တဲ့ဟာလို့တော့ ငါပြောလိုက်တယ်။ အရည်အသွေးရှိတယ် ဒါပေမဲ့သာမန်ဖြတ်သွားဖြတ်လာတွေနဲ့လည်းနီးစပ်တယ်"
ချန်ခေါ့က ခေါင်းညိတ်လိုက်ပြီး -
"အင်း။ အဲဒီသဘောပဲ။ အရမ်းအစွန်းရောက်နေရင် တကယ်နားလည်တဲ့သူတွေက အထင်မကြီးကြဘူး။ နားလည်ချင်ယောင်ဆောင်နေသူတွေဆို မဝင်ရဲဘူး"
"ဥက္ကဌချန်ကတော့ ဒီတွေးခေါ်ပုံလမ်းကြောင်းက မှန်တယ်တဲ့။ အခုတလော မင်းဆိုင်ချဲ့ချင်နေတဲ့အကြာင်းကိုလည်း ငါပြောလိုက်သေးတယ်။ တခြားသင့်တော်တဲ့တစ်နေရာရှာပြီး ထပ်ဖွင့်ဖို့ကိုလေ။ သူက မင်းကိုဒီမှာသွားကြည့်ကြည့်လိုက်တဲ့"
ရွှီတင်းက လိပ်စာကတ်တစ်ကတ်ကို သူ့ရှေ့တွင်ချလာပေးသည်။
ချန်ခေါ့တစ်ချက်ကြည့်လိုက်သော် လိပ်စာကတ်ပေါ်မှနာမည်ကိုတော့ သူမသိပေ။ သို့သော် အပေါ်မှာပါသောလိပ်စာကိုတော့ သူသိနေသည်။ ဤသည်မှာ မနှစ်က သူ့အဖေက အသစ်ချဲ့ထွင်ဆောက်လုပ်သော ကုန်သွယ်စီးပွားပလာဇာတစ်ခုဖြစ်သည်။ တိတိကျကျပြောရလျှင် ချန်ယိ၏ ဉာဏ်ဆင်မှုကြောင့်အိမ်မှနှင်ချခံလိုက်ရသော ထိုပရောဂျက်ဖြစ်သည်။
"ငှားရမ်းခမတတ်နိုင်ဘူး"
ချန်ခေါ့က ဆိုသည်။
ရွှီတင်းက ရယ်သာရယ်နေပြီး စကားမဆိုပေ။
ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်ကာ -
"ဒါက သူချန်ယိကိုဆွချင်တာလား ဒါမှဟုတ် ငါ့ကိုဆွချင်တာလား"
"တစ်ခုမှမဟုတ်လောက်ပါဘူး။ အဲဒီဧရိယာက ဒီမြို့မှာအကောင်းဆုံးနေရာပဲ။ ငါကတော့ ပြန်ပြေလည်ဖို့လို့ထင်တယ်။ မင်းအိမ်ကနေထွက်လာတာတောင် အရမ်းကြာနေပြီလေ။ မင်းလည်း သူ့ကိုခေါင်းငုံ့ဖို့ရည်ရွယ်ချက်မရှိတာကိုကြည့်ပြီးတော့ လုပ်တာလို့ငါထင်တယ်"
"ငါ့မှာငုံ့ဖို့ဘာခေါင်းရှိသေးလို့လဲ"
ချန်ခေါ့က ရွှီတင်းအားကြည့်လိုက်ပြီး -
"မင်းကိုသူ တခြားဘာထပ်ပြောသေးလဲ"
"သူက ငါနဲ့ဘာပြောစရာတွေများရှိနိုင်မှာမို့လို့လဲ။ တစ်ရာရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံသူသဘောထားနဲ့ပဲ ဆက်ဆံတာ။ အပိုတစ်ခွန်းမှတောင်မပါဘူး ... ... သြော် ရှိတော့ရှိတယ်။ ဒီကိစ္စအကြောင်း မင်းကိုမပြောပြခိုင်းဘူး"
"ဒါဆို ငါက ငပေါလို ဆက်ဟန်ဆောင်ရမှာလား။ မသိချင်ယောင်ဆောင်ပြီးတော့လေ"
"ဟန်ဆောင်လိုက်"
ရွှီတင်းက ခေါင်းညိတ်ရင်းဆိုသည်။
ချန်ခေါ့က လိပ်စာကတ်ကို ယူကိုင်ကာ လှုပ်ယမ်းပြလိုက်ပြီး -
"ဒါကိုတောင် ငါ့ကိုပေးလိုက်ပြီလေ။ ဘယ်လိုဆက်ဟန်ဆောင်ရမလဲ"
ရွှီတင်းကရယ်ရင်း မတ်တပ်ရပ်လိုက်ပြီး -
"မင်းအခြေအနေကြည့်ပြီးလုပ်လိုက်ပေါ့။ ငါကတော့ တောင်းဆိုမှုတစ်ခုပဲရှိတယ်၊ ပိုက်ဆံပိုရှာ"
.
မြောင်၏ပြင်ဆင်မှုသည် အလွန်မြန်ဆန်သည်။ ဆိုင်မျက်နှာစာနှင့်အကျယ်အဝန်းက ကျဉ်းမြောင်းသေးငယ်၍ထင့် တစ်လတောင်မပြည့်သေးမီတွင် ပြုပြင်တပ်ဆင်ပြီးစီးသွားသည်။ ချန်ခေါ့က ဒုတိယအကြိမ်ရောက်သွားချိန်တွင် လာဘ်ခေါ်ကြောင်မမကိုတောင် နေရာချလိုက်ပြီဖြစ်သည်။ ထောင့်ချိုးနားတွင် ကြောင်ဆော့စင်တစ်ခုလည်း ရှိသေးသည်။
"ဒါက မြောင်အတွက်ပြင်ထားပေးတာလား။ ဘယ်တုန်းကဝယ်လိုက်တာလဲ။ ငါသိတောင်မသိလိုက်ဘူး"
"ဒါက ... ..."
ကျန်းယွီသော်က ခေတ္တတုံ့ဆိုင်းသွားကာ ဆိုင်ပေါက်ဝတွင် ချန်ချင့်နှင့်အတူ လေကာထီးကို ကိုင်ထားသော ကလေးမလေးတစ်ယောက်ကိုညွှန်ပြလိုက်ပြီး -
"အဲဒီတစ်ယောက်၊ သူဝယ်တာ"
"ယို့ ..."
ချန်ခေါ့က ကလေးမလေးကို တစ်ချက်ကြည့်လိုက်သည်။
ရုပ်ရည်က တကယ်ကိုပင်ကြည်လင်သန့်ရှင်းပြီး သိမ်မွေ့သည်။ အလုပ်လုပ်ပုံကလည်း ချန်ချင့်ထက်ကို အများကြီးပို၍သွက်လက်ကျွမ်းကျင်သည်။
"ချန်ချင့်က ... ..."
ချန်ခေါ့က တစ်အောင့်ခန့်စိုက်ကြည့်နေလိုက်သည်။ ချန်ချင့်၏အကြည့်သည် သူများမျက်နှာပေါ်ကိုကပ်လိုက်နေသကဲ့သို့ တောက်လျှောက်ကြည့်နေခဲ့ပြီး အကြည့်လွှဲလိုက်ခြင်းတောင်မရှိပေ။
"ခင်ဗျားသိသွားပြီလား"
ကျန်းယွီသော်က ချက်ချင်းတိုးကပ်လာပြီး -
"သူကအခုဆို မစ်တီးသောက်ဖို့ အစ်မကြီးရဲ့ဆိုင်ကိုတောင်မသွားတော့ဘူး"
ချန်ခေါ့ကရယ်လိုက်ကာ -
"ဇာတ်လမ်းရှိလာမယ်လို့ မင်းထင်လား"
"မရှိဘူး"
ကျန်းယွီသော်က စဉ်းတောင်မစဉ်းစားဘဲ ခေါင်းခါလိုက်သည်။
"ငါကြည့်တာလည်း အဲဒီလိုထင်တယ်။ ဘာပဲဖြစ်ဖြစ် ကလေးမလေးက သူဌေးကိုဦးတည်ပြီးလာတာကိုး"
ကျန်းယွီသော်က စုတ်သပ်လိုက်ပြီး ကြမ်းတိုက်တစ်ခုယူကာ စားပွဲသုတ်နေသည်။
ကလေးမလေးက ဆိုင်ထဲဝင်လာချိန်တွင် ဘားကောင်တာရှေ့ထိုင်နေသောချန်ခေါ့ကိုမြင်သောအခါ တန့်သွားပြီး -
"ဆိုင်ကမဖွင့်သေးဘူးရှင့်"
"သူ့ပုံက မစ်တီးလာသောက်တဲ့သူနဲ့တူနေလို့လား"
ကျန်းယွီသော်က ပြောလိုက်သည်။
"သြော်"
ကလေးမလေးက အနည်းငယ်အားနာစွာ ပြုံးလိုက်သည်။
"ဒါက စွင်းချင်ချင်။ ကျွန်တော်တို့ဆိုင်က တစ်ယောက်တည်းသော နည်းပညာအထောက်အပံ့ပေးသူ"
ကျန်းယွီသော်က ချန်ခေါ့အားမိတ်ဆက်ပေးလိုက်သည်။
စွင်းချင်ချင်က အလျင်အမြန်လက်ခါပြလိုက်ရင်း -
"မဟုတ်ပါဘူး မဟုတ်ပါဘူး"
"ဒါကတော့ ငါ့ ... ..."
ကျန်းယွီသော်က ချန်ခေါ့အား ညွှန်ပြလိုက်သည်။
သူ့မျက်နှာအမူအရာကိုကြည့်လိုက်သည်နှင့် ဘာပြောတော့မလဲဆိုသည်ကို ချန်ခေါ့သိလိုက်သည်။
သို့သော် စိတ်တွင်းပြင်ဆင်မှုရှိထားတာတောင် ကျန်းယွီသော်ပြောထုတ်လာချိန်တွင် ချန်ခေါ့သည် အနည်းငယ်မူးဝေသွားသေးသည်။ အနည်းငယ်လည်း စိတ်လှုပ်ရှားပြီး၊ နည်းနည်းလေးလည်း စိတ်ကျေနပ်သည်။ ထို့ပြင် ... ... ပြောမထွက်နိုင်သော ... ... သူအံ့သြစွာသိရှိလိုက်သည်မှာ သည်လိုကိစ္စအပေါ် သူအားနာတတ်သည်ဆိုသည့်အကြောင်းပင်။
"ငါ့ရည်းစား။ ချန်ခေါ့"
ကျန်းယွီသော်က ဆိုသည်။
"သြော်။ ခေါ့ကော မဟုတ်လား။ ချန်ချင့်က အစ်ကို့အကြောင်းပြောတာ ခဏခဏကြားဖူးတယ်"
စွင်းချင်ချင်က အထူးတလည်အံ့အားမသင့်သကဲ့သို့ပင်။
"အင်း"
ချန်ခေါ့က ရယ်လိုက်သည်။
ကျန်းယွီသော်သည်လည်း စွင်းချင်ချင်၏အေးဆေးတည်ငြိမ်မှုကို အံ့သြသွားသည်။ စွင်းချင်ချင်ကို သူတစ်ချက်လှည့်ကြည့်လိုက်သည်။
"ညီမအရင်တုန်းကအလုပ်လုပ်တဲ့ကြက်ကြော်ဆိုင်က"
စွင်းချင်ချင်က ကောင်တာနောက်သို့သွားပြီး ဖန်ခွက်များကိုပြင်ဆင်နေရာချရင်း ပြုံးရွှင်ရွှင်နှင့် ဆက်ပြောသည်။
"ဆိုင်ရှင်ကလည်း ယောက်ျားလေးပဲ။ ကောင်လေးရှိတယ်။ တွဲနေကြတာ နှစ်တော်တော်ကြာနေပြီ။ နေ့တိုင်းစကားများတယ်။ ဘယ်တော့မှလည်း လမ်းမခွဲဘူး"
"အာ ..."
ကျန်းယွီသော်က တုံ့ပြန်လိုက်သည်။
"မြောင်လိုဂိုမပါတဲ့ ဒီပုံးထဲကဘူးတွေအတွက် စတစ်ကာနည်းနည်းလုပ်ပြီး ဘူးပေါ်ကပ်ထည့်လိုက်ရအောင်။ ဒီအတိုင်းကြီးမသုံးဘဲ ထားထားလိုက်တာက အလဟဿဖြစ်သွားမှာ။ ဘာပဲဖြစ်ဖြစ် စတစ်ကာလုပ်ဖို့လည်း စီစဉ်ထားကြတာပဲမလား"
"ရတယ်"
ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။
စွင်းချင်ချင်နှင့် စကားနည်းနည်းပါးပါးပြောပြီးသွားပြီးနောက် ကျန်းယွီသော်နှင့်ချန်ခေါ့တို့က ဆိုင်ပေါက်ဝဆီသို့ သွားလိုက်သည်။ သူတို့နှစ်ယောက်ထွက်လာသည်ကိုမြင်သည်နှင့် ချန်ချင့်သည် ဆိုင်ထဲသို့ ချက်ချင်းဝင်သွားသည်။
"ညနေကျရင် ဒီမှာဘာမှလုပ်စရာမရှိတော့ဘူး။ ကျွန်တော်တို့နှစ်ယောက် ရှော့ပင်းမောသွားပတ်ရအောင်။ ကျွန်တော်အင်္ကျီဝယ်ချင်လို့"
"မင်းက လက်ကားဈေးမှာပဲ အင်္ကျီဝယ်တာမဟုတ်ဘူးလား"
ချန်ခေါ့က မေးသည်။
"ကျွန်တော်တို့ ဒီရှော့ပင်းမောကို ပြောတာမဟုတ်ဘူး"
ကျန်းယွီသော်က လမ်းမဘက်ဆီသို့ ညွှန်ပြလိုက်ပြီး -
"အဲဒီဘက်ကို တည့်တည့်လျှောက်သွားရင် အဝတ်အစားလက်ကားဈေးရှိတယ်။ ချန်ချင့်တွေ့ထားတာ။ ပြောတာကတော့ ပစ္စည်းတွေဈေးသက်သာလွန်းလို့ အလကားပေးနေတဲ့အတိုင်းပဲတဲ့"
ချန်ခေါ့က သက်ပြင်းချလိုက်ကာ -
"မသွားဘူး။ ရှော့ပင်းမောမှာပဲဝယ်မယ်"
"ဆိုင်တစ်ဆိုင်ဖွင့်လိုက်တာနဲ့ ကျွန်တော့်မှာပိုက်ဆံရှိပြီလို့ ခင်ဗျားထင်နေတာမလား။ သခင်လေး၊ ဆိုင်က လည်တောင်မလည်ပတ်ရသေးဘူး။ အပြင်ဘက်ကိုပဲ ပိုက်ဆံရေပေးနေရတာ။ ပိုက်ဆံတစ်ပြားတောင်မှ ဝင်မလာဖူးသေးဘူး"
ချန်ခေါ့ကစကားမဆိုပေ။ ပိုက်ဆံအိတ်ကိုယူထုတ်ပြီး အတော်ကြာအောင်မွှေနေသည်။ ပိုက်ဆံအိတ်ထဲတွင် လပေါင်းအတော်ကြာအောင်ထည့်ထားခဲ့သော်လည်း မသုံးဖြစ်သော တစ်ပြားတန် အကြွေဒင်္ဂါးတစ်စေ့ကို ချောင်ထဲမှ ရှာထုတ်လာသည်။
ကျန်းယွီသော်၏လက်ကို ဆွဲယူလိုက်ပြီး ဒင်္ဂါးစေ့ကို လက်ဖဝါးထဲတွင်ထည့်ပေးလိုက်ပြီး -
"ပိုက်ဆံတစ်ပြား။ ဝင်လာပြီ"
"လခွမ်း"
ကျန်းယွီသော်က အတော်ကြာအောင်ရယ်လိုက်ပြီး -
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ။ ရှော့ပင်းမောသွားပါမယ်။ ဒီရှော့ပင်းမောကိုပဲသွားပါမယ်"
ရှော့ပင်းမောထဲ နာရီဝက်ခန့်ပတ်လိုက်ပြီး ကျန်းယွီသော်အတွက် တီရှပ်နှစ်ထည်ကို ရွေးပေးပြီးခါစတွင် ချန်ခေါ့၏ဖုန်းလာသံမြည်လာသည်။
သူဖုန်းကိုထုတ်ကြည့်လိုက်ပြီး -
"စားသောက်ဆိုင်က ဆက်လာတာ။ ဘာကိစ္စလဲမသိဘူး"
ဖုန်းကိုင်လိုက်သည်နှင့် ဟွေ့ဟွေ့အသံက ပျံ့လွင့်လာပြီး -
"ချန်ကော၊ လွန်ခဲ့တဲ့နှစ်မိနစ်တုန်းက ဥက္ကဌချန်ရောက်လာတယ်"
"ဘယ်ဥက္ကဌချန်လဲ"
ချန်ခေါ့က ရုတ်တရက်သဘောမပေါက်လိုက်ဘဲ ဖြစ်သွားသည်။
"အစ်ကို့အဖေ"
ဟွေ့ဟွေ့ကပြောလိုက်ပြီး ခဏတန့်သွားပြီးနောက် နောက်တစ်ကြိမ်ထပ်ပြောလာသည်။
"အစ်ကို့ဖခင်"
"သြော်။ သူတစ်ယောက်တည်းလား"
ချန်ခေါ့က အနည်းငယ်ရယ်ချင်စိတ်ဖြစ်သွားသည်။
"တစ်ယောက်တည်းပဲ။ ဒုတိယအထပ်မှာ။ အစ်မဖန်း တက်သွားပြီး အော်ဒါသွားကောက်ပြီ"
"ဒီနေ့ ဒုတိယအထပ်မှာ ဖျော်ဖြေပွဲရှိတယ်မဟုတ်ဘူးလား"
"အင်း။ ဖျော်ဖြေနေပြီ။ အခုတော့ ဖျော်ဖြေပွဲကိုကြည့်နေတယ်ထင်တယ်"
"ဟုတ်ပြီ ကိုယ်သိပြီ"
ချန်ခေါ့က ဖုန်းချလိုက်ပြီး ကျန်းယွီသော်အားတစ်ချက်ကြည့်လိုက်သည်။
"ငါအဲဒီကို သွားမှရမယ်။ ဆိုင်ထဲ ငါ့အဖေရောက်နေတယ်"
"ကျွန်တော်လည်းလိုက်မယ်"
"အင်း"
ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။
သူ့အဖေက ဆိုင်ကို တစ်ယောက်တည်းလာခဲ့သည်။ သူ့ကိုလာရှာချင်၍ဖြစ်လိမ့်မည်။ သို့သော် သူ့ကိုပြောရန်လည်း မာနကိုလွှတ်မချနိုင်ပေ။ မတော်တဆတွေ့ဆုံသလိုလုပ်ရန်သာ တတ်နိုင်သည်။ အကယ်၍ ယခုအချိန်သွားမတွေ့လျှင် သူ့အဖေက ထွက်သွားလိမ့်မည်။ နောက်ထပ်မတော်တဆတွေ့ဆုံမှုရှိနိုင်မရှိနိုင်ကိုတော့ ပြောရခက်သွားမည်။
ဆိုင်ထဲမှလူများက သူ့အားအကြောင်းကြားလိမ့်မည်ကို သူ့အဖေသေချာသိနေသည်။ အကယ်၍သူသွားမတွေ့လျှင် စတင်လူရှာပြီး ဒီဇိုင်းဆွဲနေပြီဖြစ်သော ဟိုဘက်ဆိုင်ကို သူ့အဖေက ဒေါသတကြီးဖြင့် ပြန်သိမ်းလိမ့်မည်ထင်သည်။
"ဟိုကိုရောက်ရင် ကျွန်တော်အပြင်မှာနေနေမယ်။ လိုက်မဝင်တော့ဘူး"
ကျန်းယွီသော်သည် ချန်ချင့်၏ကိုယ်ပိုင်လျှပ်စစ်ကားငယ်လေးကိုမောင်းပြီး ချန်ခေါ့ကိုတင်ကာ ဆိုင်ဆီသို့ သွားနေသည်။
"ကျွန်တော့်ကိုမြင်ရင် ခင်ဗျားအဖေစိတ်မကြည်မှာကြောက်လို့"
"ဘာမကြည်စရာရှိလဲ"
"ကျွန်တော်က ဆေးသောက်နေရတုန်းလေ"
ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်သည်။
"အရင်တုန်းက ဆေးမကုခင်တုန်းကတောင် သူ့ကို မင်းမရှိန်တာ။ အခုကုသမှုခံယူနေပြီကို ဘယ်လိုဖြစ်လို့ ကြောက်ပါကြောက်သွားတာတုန်း"
"သူ့ရဲ့ခင်ဗျားအပေါ်အမြင်ကို မထိခိုက်သွားစေချင်လို့။ အခုမှ အပြောင်းအလဲရှိလာခါစလေးကို"
ချန်ခေါ့က မျက်ခုံးအလယ်ကို ဖိညှစ်နေပြီး -
"ငါနဲ့ငါ့အဖေဆိုတာက မင်းရှိရှိမရှိရှိ၊ ကြိုးစားသည်ဖြစ်စေ မကြိုးစားဘူးဖြစ်စေ၊ ပုံမှန်သားအဖတွေလိုမျိုး မရင်းနှီးနိုင်တော့ဘူး။ ဒီလောက်နှစ်တွေကြာခဲ့တာတောင် တရင်းတနှီးမဖြစ်ခဲ့ဖူးတာ၊ စစ်အေးမရှိတော့သလောက်ဖြစ်သွားရင်ပဲ ဟုတ်နေပြီ။ တချို့အရာတွေက လွဲသွားခဲ့ပြီ၊ တချို့ကျတော့ ဖြစ်ပြီးသွားပြီ။ ပြန်ပြီးဖြည့်စွက်လို့မရတော့ဘူး"
"အင်း"
ကျန်းယွီသော်က ပြန်ဖြေလိုက်သည်။ နားလည်လားမလည်လားသည်ကိုတော့ ချန်ခေါ့မသိပေ။
"မင်းတကယ်လို့ သူနဲ့စကားမပြောချင်ရင် ပထမထပ်မှာ တစ်ခုခုသောက်နေလိုက်ပေါ့"
"အိုကေ။ အဲဒါဆို ကျွန်တော်ပထမထပ်မှာစောင့်နေမယ်"
ကားက ဆိုင်ပေါက်ဝသို့ရောက်လာပြီး သူတို့၏ဝန်ထမ်းသုံးကားပါကင်တွင် ဝင်ရပ်လိုက်သည်။
ဤကားပါကင်နေရာကို ချန်ခေါ့က ပထမဦးဆုံးအသုံးပြုခြင်းဖြစ်သည်။ သူ့တွင်ကားမရှိပေ။ ဆိုင်ထဲမှလူများလည်း တစ်ယောက်မှကားမရှိကြပေ။ ရွှီတင်းလာသည့်အချိန်တွင် ခဏရပ်ဖြစ်သည်။ များသောအားဖြင့် ဧည့်သည်များသာ သုံးဖြစ်သည်။
နှစ်ယောက်သားက ကားပေါ်မှဆင်းလိုက်ပြီး ကျန်းယွီသော်က ဘေးနှစ်ဖက်ကိုကြည့်လိုက်သည်။
"ကျွန်တော်တို့ ကားငှားပြီးလာလိုက်ရင်ကောင်းသား။ ဘာဖြစ်လို့ ချန်ချင့်ကားကို မောင်းလာခဲ့ရတာလဲ"
"... ... မသိဘူး"
ဘေးနားကကားအရွယ်၏ တစ်ဝက်ခန့်သာရှိသော ချန်ချင့်၏ကားလေးကို ချန်ခေါ့ကြည့်နေသည်။
"ငါ ... ..."
"ခင်ဗျားအဖေထွက်လာပြီ"
ကျန်းယွီသော်က အသံကိုရုတ်တရက်နှိမ့်ချပြီး အလွန်လျင်မြန်စွာပြောလိုက်သည်။
ချန်ခေါ့သည် တဒင်္ဂခန့်ကြောင်သွားပြီး ဆိုင်တံခါးဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။
ဆိုင်ပေါက်ဝတွင်ရပ်နေသော သူ့အဖေကို တကယ်လှမ်းမြင်လိုက်ရသည်။ ဘာခံစားချက်မှန်း သေချာမပြောတတ်သည့်မျက်နှာဖြင့် သူတို့နှစ်ယောက်နှင့် ကားကိုကြည့်နေသည်။
"အဖေ၊ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
ချန်ခေါ့က ရှေ့သို့ခြေနှစ်လှမ်းလှမ်းလိုက်ပြီး သူ့အဖေအားနှုတ်ဆက်လိုက်သည်။
"သိသိကြီးနဲ့တမင်မေးနေတယ်"
သူ့အဖေက လျှောက်လာပြီး မျက်မှောင်ကြုတ်လျက်ဖြင့် ကျန်းယွီသော်အားတစ်ချက်ကြည့်လိုက်သည်။
"ဦးလေး မင်္ဂလာနေ့လယ်ခင်းပါ"
ကျန်းယွီသော်က ဆိုသည်။
ဤအကျွမ်းတဝင်ရှိနေသောနှုတ်ဆက်စကားကြောင့် သူ့အဖေမှတ်ဉာဏ်ထဲမှ ဘယ်နှယ့်မှကောင်းမွန်မနေသောအဖြစ်အပျက်ကို ပြန်လည်အမှတ်ရမိစေပြီထင်သည်။ ကြုတ်ထားသောမျက်မှောင်က ပိုမိုတင်းကျပ်သွားသည်ကို ချန်ခေါ့မြင်လိုက်မိသည်။
"ကျွန်တော်အရင်ဝင်ပြီ"
ကျန်းယွီသော်က ပြောပြီးသည်နှင့် ခြေလှမ်းခပ်သွက်သွက်ဖြင့် ဆိုင်ထဲဝင်သွားသည်။
"စကားနည်းနည်းပြောရအောင်"
သူ့အဖေသည် ကျန်းယွီသော်၏နောက်ကျောကို တောက်လျှောက်စိုက်ကြည့်နေခဲ့ပြီး သူဆိုင်ထဲဝင်သွားတော့မှ လှည့်လာပြီး ချန်ခေါ့အား စကားပြောလာခြင်းဖြစ်သည်။
"အင်း"
ချန်ခေါ့က တစ်အောင့်ခန့်တွန့်ဆုတ်သွားပြီး ကားတံခါးဆွဲဖွင့်လိုက်ကာ
"ကားပေါ်မှာထိုင်ပြောရအောင်"
"ကားပေါ် ... ..."
သူ့အဖေက သိသာစွာပင် အံ့သြထိတ်လန့်သွားသည်။
ချန်ခေါ့လည်း သူ့အဖေကိုမကြည့်ဘဲ ကားထဲဝင်ထိုင်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာတော့မှ သူ့အဖေသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ကားထဲဝင်ထိုင်လိုက်သည်။ ပထမဆုံးစကားတစ်ခွန်းကို မအောင့်ထားနိုင်တော့၍ထင့် -
"ဒါက မင်းကားလား"
"မဟုတ်ဘူး"
ချန်ခေါ့က ကားမှန်ချလိုက်ပြီး ပြတင်းအပြင်ဘက်သို့ မျက်နှာလှည့်လိုက်ကာ -
"ကျန်းယွီသော်သူငယ်ချင်းရဲ့ကား"
"ပြီးခဲ့တစ်ခေါက်ကားလမ်းတားတုန်းက ဦးဆောင်တဲ့ ငပိန်လေးလား"
ချန်ခေါ့က ခေါင်းညိတ်လိုက်ပြီး -
"အင်း။ ဒီကားတော်တော်ကောင်းတယ်။ စွမ်းအင်သစ်နဲ့။ အပိုဆောင်းလည်းပါသေးတယ်"
သူ့အဖေက သူ့ကိုကြည့်နေပြီး အတော်ကြာတော့မှပြောလာသည်။
"မင်းက ငါ့ကိုဒေါသလာဆွနေတာလား"
"မဟုတ်ပါဘူး။ ဝယ်ဖို့လည်း ကျွန်တော်မစဉ်းစားထားဘူး"
ချန်ခေါ့က ခေါင်းပြန်လှည့်လာသည်။
အဖေက တစ်အောင့်ခန့်တိတ်ဆိတ်သွားပြီးနောက် လည်ချောင်းရှင်းလိုက်ကာ -
"ဟိုဘက်က ဆိုင်ခွဲလား အသစ်ထပ်ခွဲဖွင့်တာလား။ စလုပ်နေပြီလား"
"ဒီဇိုင်းဆွဲနေပြီ။ ဟိုဘက်က နေရာကျယ်တော့ တချို့နေရာတွေအတွက် ဒီဇိုင်နာနဲ့ဆွေးနွေးနေတုန်းပဲ"
သူ့အဖေက ခေါင်းညိတ်လိုက်ပြီး -
"အင်း။ မင်း ... ... ငါ့မှာ ဘာလျှို့ဝှက်အကြံအစည်တွေရှိတယ်ဆိုပြီး မထင်နဲ့"
"ဘယ်တုန်းကမှ မထင်ဖူးပါဘူး"
ချန်ခေါ့က ရယ်လိုက်သည်။
"ရွှီတင်းမှာ မင်းကို ဖုံးကွယ်ထားတဲ့တစ်ခုခုရှိနေတယ်လို့လည်း မထင်နဲ့။ ဒီနှစ်လထဲမှာပါပဲ။ အရင်တုန်းက သူနဲ့ငါမသိဘူး။ ဒီလိုလူတစ်ယောက်ရှိတယ်ဆိုတာပဲ သိထားတာ။ စပ်တူလုပ်ဖို့ဆိုတာကလည်း ယုံကြည်မှုလိုအပ်သေးတယ်လေ"
"ကျွန်တော်သိပါတယ်"
ချန်ခေါ့က သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။ ဤစကားများကို ပြောထုတ်လာရန်မှာ သူ့အဖေအတွက်ပြောရလျှင် အလွန့်အလွန်ရှားပါးသည်။ သည်အသက်အရွယ်ရောက်သည်အထိ သူ့အဖေက သူ့ကိုတစ်ခုခုရှင်းပြသည်ကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
"မင်းရဲ့ဟိုရည်းစားက ... ..."
သူ့အဖေက ဆိုင်တံခါးဘက်သို့ကြည့်လိုက်ပြီး အံ့အားသင့်သွားကာ -
"သူက ဘာဖြစ်လို့ပြေးထွက်လာပြန်တာလဲ"
"ဟင်"
ချန်ခေါ့လည်း ကြောင်သွားကာ ဟိုဘက်သို့ အမြန်ကြည့်လိုက်သည်။
ကျန်းယွီသော်က မတ်ခွက်နှစ်ခွက်ကိုကိုင်ပြီး ကားတံခါးနားအထိ လျှောက်လာသည်။ ခွက်များကို ကားခေါင်မိုးပေါ်တင်လိုက်ပြီး သူ့အဖေဘက်မှကားတံခါးကို တစ်ခါတည်းတန်းပြီး ဆွဲဖွင့်လိုက်သည်။
"တစ်ခုခုသောက်မလား"
ကျန်းယွီသော်က မေးလိုက်သည်။
အဖေက ကျန်းယွီသော်အားစိုက်ကြည့်နေပြီး စကားမဆိုပေ။
"ဦးလေး မင်္ဂလာနေ့ခင်းပါ"
သူ့အဖေရူးသွားတော့မည်ဟု ချန်ခေါ့ခံစားလိုက်ရသည်။
အခြားလူနှင့်ဆိုလျှင် ကျန်းယွီသော်က သည်လိုမဖြစ်တတ်ပေ။ သူ့အဖေနှင့်မျက်နှာချင်းဆိုင်သည့်အချိန်တွင်သာ ဖြစ်တတ်သည်။ တခြားလူများမသိနိုင်လောက်သော်လည်း ချန်ခေါ့က ခံစားမိသည်။ ကျန်းယွီသော်က အလွန်စိတ်လှုပ်ရှားနေပြီး အပြုံးတစ်ခုတောင် ပြုံးမထွက်နိုင်ပေ။
ကြည့်လိုက်လျှင် အကျပ်ကိုင်ပြီးဝယ်ရောင်းသော 'မဝယ်ရင် မင်းကိုအခုချက်ချင်းဒီလမ်းထဲကနေအလျားလိုက်ထွက်ခိုင်းမယ်' ဟုပြောတတ်သော တရားမဝင်မှောင်ခိုဆိုင်ပိုင်ရှင်နှင့်တူနေသည်။
"သောက်မယ်။ မင်းယူလာတဲ့ဒီနှစ်ခွက်က ဘာတွေလဲ"
ချန်ခေါ့က အလျင်အမြန်ပြန်ဖြေလိုက်သည်။
"ဖရဲသီးဖျော်ရည်"
ကျန်းယွီသော်က ကားခေါင်မိုးပေါ်မှမတ်ခွက်ကိုယူပြီး ကမ်းလာပေးသည်။
ချန်ခေါ့က နှစ်ခွက်စလုံးကို လှမ်းယူလိုက်ပြီးနောက် သူ့အဖေကို တစ်ခွက်ကမ်းပေးကာ -
"အဖေ၊ ဖရဲသီးဖျော်ရည်လေး သောက်လိုက်ပါဦး"
"အင်း"
အဖေက ခွက်ကိုလှမ်းယူလိုက်ပြီး တစ်ငုံ ငုံ့သောက်လိုက်သည်။
ကျန်းယွီသော်က ကားတံခါးကို ခွမ်းခနဲပိတ်လိုက်ပြီး လှည့်ထွက်သွားသည်။
လုံးဝမလျော့ပါးသော အသံကျယ်ကြီးကြောင့် သူ့အဖေသည် လန့်သွားကာ မတ်တတ်ထရပ်မိမလိုဖြစ်သွားသည်။ ထို့နောက် အတော်ကြာအောင် ချောင်းဆိုးသွားခဲ့သည်။
"ဟို သူက ... ..."
ချန်ခေါ့လည်း လန့်သွားခဲ့သည်။ သူ့အဖေလက်ထဲမှ ခွက်ကိုယူလိုက်ကာ -
"နည်းနည်းစိတ်လှုပ်ရှားသွားတာ"
"သိသာပါတယ်"
သူ့အဖေက မျက်မှောင်ကြုတ်ထားပြီး -
"ဘာအလားအလာကြီးကြီးကျယ်ကျယ်မှ မရှိဘူးပဲ"
ချန်ခေါ့က စကားမဆိုပေ။
***
(ဆက်ရန်)