အပိုင်း (၃၀၁)
နောက်ရက်အနည်းငယ်အတွင်း မို့ထင်က ကြယ်ဘုရင်ဖျော်ဖြေရေးကို စီမံ့ခန့်ခွဲရန် အလုပ်ရှုပ်နေလိမ့်မည်။
ထျန်းနင်က မို့ထင်ကို အရမ်းမပင်ပန်းစေချင်၍ သူမ၏အလုပ်တချို့ကို ရပ်ဆိုင်းထားရန် လုံကျဲကို စေခိုင်းထားသည်။
ထိုစဉ် ပြင်သစ်နိုင်ငံမှ ဒီဇိုင်းနာ Fearlesက သူမကို အီမေးလ် ပို့လာသည်။ 'Stupid'ရုပ်ရှင်ဇာတ်ကားမှ အမျိုးသမီးဇာတ်ကောင် ဝတ်ဆင်မည့် သူတို့ဖန်တီးထားသော ဝတ်စုံကို သူမကို ပထမဆုံး ပြချင်သည်။ ဝတ်စုံဒီဇိုင်းကို ထျန်းနင် မြင်မြင်ချင်း အမျိုးသမီးဇာတ်ဆောင်၏ ကိုယ်ရည်ကိုယ်သွေးကို ခန့်မှန်းကြည့်နိုင်သည်။
အမျိုးသမီးဇာတ်ဆောင်က ပညာမတတ်ပါ။ စားသောက်ဆိုင်မှာ ပန်းကန်ဆေး အလုပ်ဝင်လုပ်စဉ် အနုပညာရှင် တစ်ဦးက သူမကို သတိထားမိသွားသည်။ အနုပညာလောကထဲ ဝင်ရောက်ပြီးနောက်ပိုင်း သူမ၏ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့၍ ကုမ္ပဏီအများစု၏ ပိတ်ပင်ခြင်းကို ခံရသည်။
သို့သော်လည်း ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်၏ အကူအညီဖြင့် ဖျော်ဖြေရေးလောကထဲ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။ ငွေကြေးအင်အား အထောက်အပံ့ကြောင့် ထိပ်တန်း သရုပ်ဆောင် နေရာကို နှစ်၃၀တိုင်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
အမျိုးသားဇာတ်ကောင်နှင့် သူမတို့ မည်သို့မည်ပုံ ပတ်သက်ခဲ့သနည်း။ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်က သူမကို ထောက်ပံ့ပေးနေစဉ် အမျိုးသမီးဇာတ်ကောင်က သူမ၏အပျိုစင်ဘဝကို သူဌေးကြီးအား မပေးအပ်ချင်ခဲ့ပေ။ ထို့ကြောင့်လည်း အဓိကဇာတ်ဆောင် မင်းသား၏ဖခင် ထူးချွန်သော အားကစားသမားနှင့် တွေ့ဆုံကာ တစ်ညတာ ပျော်ပါးခဲ့သည်။
ဤဇာတ်ကောင်က သူ့တစ်ဘဝလုံး ကလေးဆန်သော အပြုအမူများ လုပ်ဆောင်ကာ အချိန်ကုန်ဆုံးခဲ့သည်။ သို့သော်လည်း လက်တွေ့ဘဝမှာ သူမက အခက်ခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရ၍ စိတ်ကမောက်ကမာ ဖြစ်ခဲ့ခြင်းသာ ဖြစ်၏။
Fearles၏ဝတ်စုံဒီဇိုင်းကို ကြည့်ရှုပြီးမှသာ အမျိုးသမီးဇာတ်ဆောင်၏ စရိုက် ရုပ်လုံးကြွလာသည်ဟု ခံစားမိသည်။
အမျိုးသမီးဇာတ်ဆောင်က ဇာတ်ဝင်ခန်း များများစားစား မပါဝင်ပေ။ ထို့ကြောင့်လည်း အလုပ်နားထားသော ထျန်းနင်က ဇာတ်ညွှန်းလေးကို ဖတ်ရှုပြီး မှန်ရှေ့ရပ်ကာ သရုပ်ဆောင်နေသည်။
သူမ၏အပြုအမူကို အလုပ်ရှုပ်နေသော လုံကျဲက သတိထားမိသွားသည်။
"ထျန်းနင်၊ နင် ဘာလုပ်နေတာလဲ"
"ဘာမှထွေထွေထူးထူး မလုပ်ပါဘူး"
ထျန်းနင်က ဇာတ်ညွှန်းကို ပိတ်ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
လုံကျဲက ထျန်းနင်ကို မယုံကြည်မိ၍ ထျန်းနင်အနား ချဉ်းကပ်လာသည်။ ထျန်းနင် မှန်ရှေ့မှာ မတ်တတ်ရပ်နေတည်းက ထျန်းနင် လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို လုံကျဲ သတိထားမိသည်။ ထျန်းနင်က အသက်မွေးလမ်းကြောင်း ပြောင်းလဲပစ်ရန် ကြံရွယ်နေသည်လော။
"နင် သရုပ်ဆောင်ချင်လို့လား"
"ငါလား၊ ငါတော့ မင်းသမီး မဖြစ်နိုင်ပါဘူး။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် ငါ့မှာ အခြေခံတောင် မရှိတာ ဘယ်လို သရုပ်ဆောင်မလဲ"
ထျန်းနင် ခေါင်းခါသည်။
ဇာတ်ကောင်စရိုက်ကို စိတ်ဝင်စားသည့် စိတ်အခြေအနေ ပြင်းထန်၍သာ မှန်ရှေ့ရပ်ကာ သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"နင့်ကိုယ်နင် နှိမ့်ချလွန်းနေပါပြီ"
လုံကျဲက ထျန်းနင် ဘေးနား ထိုင်လိုက်သည်။
"ငါ ဒီအိမ်အထိ ရောက်လာရတာ ဒီဖိတ်စာ ကြောင့်ပဲ"
လုံကျဲက ထျန်းနင်ကို ဖိတ်စာလေး ကမ်းပေးသည်။
"နင့်ကို ဖိတ်ထားတဲ့ ပွဲအားလုံးကို ငြင်းပစ်လိုက်တယ်"
"အဆင်ပြေတယ်"
ထျန်းနင် ခေါင်းညိတ်သည်။
"ထျန်းနင်၊ ဒီရက်ပိုင်းအတွင်း နင့်ကို လာကမ်းလှမ်းတာ မှန်သမျှက နာမည်ကြီး တံဆိပ်တွေချည်းပဲ။ နင့်ကြောင့် ငါ ပျော်ရပါတယ်"
လုံကျဲက ထျန်းနင်ကို မှီကာ တအံ့တဩ စကားပြောသည်။
"အထူးသဖြင့် သူဌေးကြီးနဲ့ နင့်ရဲ့ အချစ်ရေးကို ဖွင့်ချလိုက်တည်းက နင်တို့နှစ်ယောက်ကို သူတို့ပွဲတက်စေချင်တဲ့ လုပ်ငန်းရှင်တွေ အများကြီးပဲ"
"နင် ငါ့ကို အမှန်တိုင်း ဖြေနော် လုံကျဲ၊ နင် ဒီရက်ပိုင်း ဝိတ်လျော့နေတာလား"
လုံကျဲ နည်းနည်း ပိန်သွားသည်ဟု ထျန်းနင် ခံစားမိသည်။
"နင့်ကို ဘာမှဖုံးကွယ် ထားလို့ မရဘူးပဲ။ ငါတို့အလုပ်နားထားတဲ့ အချိန် Gymသွားတယ်။ ရလာဒ်က သိပ်မဆိုးရှာပါဘူး"
လုံကျဲက မတ်တတ်ထရပ်ပြီး ခန္ဓာကိုယ်ကို လှည့်ပြသည်။
ထျန်းနင် လည်ချောင်းရှင်းလိုက်သည်။
"ဘယ်လိုဖြစ်လို့ ရုတ်တရက် ဝိတ်လျော့လိုက်တာလဲ။ ဝဝကစ်ကစ်လေးလည်း နင်နဲ့ လိုက်ဖက်ပါတယ်။ ကြည့်ကောင်းအောင် ပိုတောင် စားသင့်သေးတယ်"
"အမြဲတမ်း..."
လုံကျဲ မျက်နှာက နီမြန်းသွားပြီး ထျန်းနင်ဘေးနား ပြန်ထိုင်သည်။
"လုချယ် အိမ်ကိုသွားလည်တိုင်း သူနဲ့ငါ မက်မက်မောမော နမ်းရှိုက်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ခါနီးဆို သူ့ပုံစံကြည့်ရတာ နာကျင်နေသလိုပဲ၊ အမြဲတမ်း ဆိုဖာပေါ်မှာပဲ အိပ်တယ်၊ ငါက ပုံဆိုးပန်းဆိုး ဖြစ်နေလို့များလား တွေးတွေးမိတယ်..."
"သူ ဘာကြောင့် နာကျင်နေရလဲ နင် တကယ် မသိတာလား"
ထျန်းနင် မေးမြန်းသည်။
"ကိုယ်အလေးချိန် လျှော့ချင်သေးတယ်။ မိန်းမတွေက သူတို့ချစ်တဲ့ သူရှေ့မှာ ပြီးပြည့်စုံတဲ့သူပဲ ဖြစ်ချင်တာ မဟုတ်ဘူးလား"
"လုချယ်က ပိန်ပိန်ဝဝ စိတ်ထဲ မထားလောက်ပါဘူး၊ နင် ဘယ်လိုလူစားမျိုးလဲ ဆိုတာ သူ သိပြီသားလေ လုံကျဲရဲ့။ ပြီးတော့ နင်တို့ ဆက်ဆံရေးက တည်မြဲနေပါပြီ၊ ဘယ်အချိန် လက်ထပ်မယ် စိတ်ကူးထားလဲ"
"မမြန်လွန်းဘူးလား"
လုံကျဲ ပြန်ဖြေသည်။
"ငါပြောချင်တာက ငါက လွတ်လွတ်လပ်လပ် နေချင်သေးလို့ပါ"
"ငါ ဒီနေ့ နင့်စီ လာလည်တာ ဖိတ်စာပေးဖို့ပဲ၊ ဒီပွဲကတော့ အရေးကြီးလို့ လက်ခံလိုက်တယ်။ အ ည၇နာရီ ရွှေရောင်လွှမ်းဟိုတယ်မှာ ပွဲကျင်းပမယ်"
ထိုစကားကိုပြောပြီးနောက် လုံကျဲ မတ်တတ်ထရပ်ပြီး ထျန်းနင်ကို စကားပြောသည်။
"မြို့အနောက်ဖက်စွန်းမှာ ဖွင့်ထားတဲ့ ကိတ်မုန့်လေး စားချင်လို့ ငါ အခုပဲ သွားဝယ်တော့မယ်"
"သွားတော့လေ၊ ကားကို ဂရုစိုက်မောင်းပါ လုံကျဲ"
ထျန်းနင်က ဝေးကွာသွားသော လုံကျဲကို ကြည့်ကာ ခေါင်းခါသည်။
လုံကျဲပြောသည့် အချိုပွဲဆိုင်က တစ်နေ့ ပွဲ၁၀၀သာ ရောင်းချပေးလေ့ ရှိသည်။ ယခုချိန်မှ သွားရောက်ဝယ်ယူလျှင် လုံကျဲအတွက် ပွဲတစ်ပွဲတလေပင် မကျန်နိုင်ပါ။ လုချယ်က အချိုပွဲဆိုင် ကောင်းကြောင်း ကြွားဝါခဲ့သော အဖြစ်အပျက်ကို တွေးတောနေစဉ် လုံကျဲ ကားကို အရှိန်မြှင့်လိုက်သည်။ သို့သော်လည်း ခွေးနှင့်လမ်းလျှောက် ထွက်လာသော အဘွားအိုက ကားလမ်းကို ရုတ်တရက် ဖြတ်ကူးသည်။ လုံကျဲက ကြောက်လန့်တကြား ကွေ့လိုက်၍ လမ်းအကာအရံကို ဝင်တိုက်မိသည်။
ဖရိုဖရဲဖြစ်နေသော အခြေအနေမှာ လုံကျဲက ကွဲကြေသွားသော ပြတင်းပေါက်မှန်ကို ခေါင်းဖြင့် ဝင်တိုက်မိသည်။ မူးဝေသော ခံစားချက်ကို ခဏတာ ခံစားပြီးနောက် မူးလဲသွားသည်။
သူမ သတိပြန်ရလာချိန်မှာ ဆေးရုံပေါ် ရောက်နေပါပြီ။
လုချယ်က သူမ၏ဆေးရုံကုတင်ဘေးမှာ မတ်တတ်ရပ်နေပြီး အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးနေသည်။
ခဏကြာပြီးနောက် ဆရာဝန် ထွက်ခွာသွားပြီး လုချယ်က သူမအနား လာထိုင်သည်။
"သတိရလာပြီလား၊ ဘယ်နေရာ အဆင်မပြေသလို ခံစားရလဲ"
လုံကျဲ ခေါင်းခါပြသည်။
"ဒီရက်ပိုင်းအတွင်း ကိုယ်ဘယ်လောက်အထိ အလုပ်ရှုပ်ခဲ့ရလဲ သိရဲ့လား"
"ရှင့်အချိန်ကို ဖြုန်းမိသလို ဖြစ်သွားလား"
"အလုပ်ရှုပ်သွားလဲ ကိစ္စမရှိပါဘူး၊ အခုဟာက သေမတတ် လန့်ဖျပ်သွားရတာလေ"
လုချယ် သက်ပြင်းချသည်။
"မင်းက စည်းမဲ့ကမ်းမဲ့ ကားမောင်းတတ်တဲ့သူ မဟုတ်ပါဘူး"
"ကျဲအာက ရှင့်အတွက် အချိုပွဲလေး သွားဝယ်ပေးချင်တာ၊ အချိန်မီ မရောက်ရင် ဆိုင်ပိတ်သွားမှာ ကြောက်တယ်၊ ရှင့်မှာ ကြယ်ဘုရင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ အလုပ်ရှုပ်နေလို့ အားလပ်ချိန်တောင် မရတော့ ရှင့်ကို ဂုဏ်ပြုပေးချင်တာပါ"
"နောက်ပြီးရှင်က အဲဒီအချိုပွဲ ကောင်းကြောင်း ခဏခဏ ပြောဖူးတယ်လေ"
လုံကျဲ ရှင်းပြသည်။
"ကိုယ် ခဏခဏ ပြောနေရတာက ကျဲအာ ဝိတ်လျှော့တာကို စွန့်လွှတ်စေချင်လို့ပါ။ ကိုယ် တကယ် မစားချင်ပါဘူးကွာ"
လုံကျဲ
"..."
"ဒါဆိုရင် ငါက ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်သွားတာပေါ့"
လုံကျဲက မကျေမနပ် ရေရွတ်သည်။
"ကိုယ့်ကို နေ့ဝက်လောက် အလုပ်ရှုပ်သွားစေတယ်လေ"
လုံကျဲက လုချယ်ကို မကျေမနပ် လက်သီးဖြင့် လှမ်းထိုးသော်လည်း လုချယ်က အချိန်မီ ဟန့်တားနိုင်ခဲ့သည်။
"ဝက်ကလေး၊ ကိုယ်နဲ့အတူတူ အိမ်ပြန်မယ်နော်"
"အွန်း"
လုချယ်က လုံကျဲကို ထူမပေးသည်။
ခွေးနှင့်အတူတူ ကားလမ်းဖြတ်ကူးသော အဘွားအိုက လုံကျဲကို တောင်းပန်ရန် အခန်းအရှေ့မှာ စောင့်နေသည်။
"မိန်းကလေးရယ် အဘွားတောင်းပန်ပါတယ်။ အဘွားရဲ့ခွေးကို ထိန်းဖို့ အဘွားက တော်တော် အိုနေပါပြီ"
"အဆင်ပြေပါတယ်၊ သမီး ဘာမှ မဖြစ်ပါဘူး"
လုံကျဲက အလျင်စလို ပြန်ပြောသည်။
"စိတ်ထဲ မထားပါနဲ့နော်"
"ဆေးရုံခန်းခ ရှင်းပြီးပါပြီ၊ အဘွားက အသက်လည်းကြီးနေပါပြီ၊ တုန်ရီနေတဲ့ အဘွားက ခွေးမထိန်းနိုင်လောက်တော့ဘူး"
လုံကျဲက အဘွားအို၏လက်ကို ချည်နှောင်ထားသော ကြိုးကိုကြည့်လိုက်သည်။ ခွေးကြီးကို စောင့်ရှောက်ရန် အဘွားအတော်ကလေး ကြိုးစား အားထုတ်ရမည်။ ထို့ကြောင့် လုံကျဲ ကမ်းလှမ်းလိုက်သည်။
"ဒီခွေး သမီးတို့ကို ပေးလိုက်ပါလား"
အဘွားအိုက သူတို့လက်ထဲ ခွေးအပ်ပေးလိုက်သည်။ လုချယ်က လုံကျဲ၏ထက်သန်သော စိတ်ဓာတ်ကို တားဆီး မရမှန်း သိနေ၍ လက်မြှောက် အရှုံးပေးထားသည်။
နောက်ဆုံးတော့ ခွေးလေးကို ခေါ်ဆောင်ကာ သူတို့စုံတွဲ အိမ်ပြန်လာခဲ့သည်။
သို့သော်လည်း အိမ်ပြန်ရောက်သည်နှင့် လုံကျဲ ပူပန်စပြုလာသည်။
"ငါတို့တွေ ခွေးလှောင်အိမ် ဝယ်ခဲ့သင့်တယ်။ ဒီညတော့ ထားစရာ မရှိတော့ သူ့ကို ဆိုဖာပေါ်သိမ့်လိုက်၊ ရှင်က ဘယ်မှာ အိပ်မလဲ"
လုချယ်က လုံကျဲပခုံးပေါ်လက်တင် လိုက်ပြီး လုံကျဲကို အိပ်ခန်းထဲ ခေါ်သွားသည်။
"ဒီည အိပ်ရာပေါ်မှာ အိပ်မယ်လေ"
လုံကျဲက စိုးရိမ်တကြီး ရင်ဘတ်ကို လက်ဖြင့်ကွယ်လိုက်ပြီး
"လက်မထပ်ခင် အတူနေတာကို ငါ သဘောမကျဘူးနော်"
***
အပိုင်း (၃၀၂)
ရေမိုးချိုးပြီးနောက် လုံကျဲက အိပ်ရာပေါ် လှဲလိုက်ပြီး အိမ်မွေးခွေး ထိန်းကျောင်းနည်းကို အွန်လိုင်းပေါ်မှာ ရှာဖွေနေသည်။ သူမဘေးနားမှာ လဲလျောင်းနေသူက လုချယ် ဖြစ်သည်။ လုချယ် ဆံပင်ရေစိုနေသည့်တိုင် Laptopတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။
လုံကျဲက သူ့အခြေအနေကို အကဲခတ်ကြည့်မှ ကြယ်ဘုရင်ဖျော်ဖြေရေး၏ စာရွက်စာတမ်းဖောင်များကို ဖြည့်စွက်နေခြင်း ဖြစ်သည်။
လုချယ်က သူမကို လှည့်ကြည့်လာသည်။
"ကျဲအာ နားလည်လို့လား"
လုံကျဲ ခေါင်းခါပြသည်။
"သူဌေးက ကြယ်ဘုရင်ဖျော်ဖြေရေးကို အပိုင်သိမ်းထားပြီဆိုတော့ သူတို့ဖွဲ့စည်းပုံကို ပြောင်းလဲမှာလား"
"ကြယ်ဘုရင်ဖျော်ဖြေရေးကို မို့သူဌေးရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ဝယ်ယူထားလို့ ကြယ်ဘုရင်ဖျော်ဖြေရေးက ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ လက်အောက်ခံ ကုမ္ပဏီ မဖြစ်လာပါဘူး"
"ချွမ်သူဌေး မကွယ်လွန်ခင်အထိ ကြယ်ဘုရင်ဖျော်ဖြေရေးက ကုမ္ပဏီက ဝန်ထမ်းတွေက မို့သူဌေးလက်အောက်မှာ အလုပ်မလုပ်ခဲ့ပေမဲ့ လုပ်ငန်း အတွေ့အကြုံရှိသူ ဖြစ်နေလို့ အများကြီး ပြုပြင်ပြောင်းလဲစရာ မလိုအပ်ပါဘူး"
"ဒါဆိုရင် သူဌေးကြီးက အခုချိန်ကစပြီးတော့ ပင်ပန်းတော့မှာပေါ့"
"အဲလိုတော့ ထင်ရတာပဲ"
လုချယ် ခေါင်းညိတ်သည်။
စကားပြောဆိုပြီးနောက် လုချယ်က သူ့Laptopကိုပိတ်လိုက်ပြီး သူ့ဆံပင်ရေစိုကို သုတ်ပစ်ရန် မျက်နှာသုတ်ပဝါ ယူလိုက်သည်။
လုံကျဲ၏နှလုံးသားလေး ရုတ်တရက် တဒိတ်ဒိတ်ခုန်လာသည်။
လုချယ် အလုပ်ပြီးသွားခဲ့လျှင် သူတို့နှစ်ယောက် ဤညတာကို မည်သို့ ဖြတ်သန်းရမည်နည်း။ ရိုးရှင်းစွာ စကားပြောရင်း ကုန်ဆုံးရမည်လော။
ဤအပြုအမူက ဖြူစင်လွန်းနေသည်။ အခွင့်ရေးကောင်းကို အလဟဿဖြုန်းတီးရာ ရောက်လိမ့်မည်။
သို့သော်လည်း သူမက ယောက်ျားတစ်ယောက်နှင့် သာမန်အိပ်စက်ပြီး အချိန်မဖြုန်းချင်ပြန်။
လုချယ်က သူ့ဆံပင်များကို အခြောက်ခံပြီးနောက် အိပ်ရာထဲ ပြန်လာခဲ့သည်။ လုံကျဲ၏စိုးရိမ်ကြောင့်ကြနေသော မျက်နှာကို မြင်လိုက်ရ၍ အိပ်ရာနံဘေးနားမှ ညမီးအိမ်ကို ပိတ်လိုက်သည်။
လုချယ်က သူမကို မရယ်ခင် လုံကျဲ သက်မချနိုင်သည်။
"မင်းကိုယ့်ကို ခိုးကြွေနေတုန်းက ကိုယ်နဲ့ နီးစပ်ဖို့ပဲ အမြဲတမ်း ကြိုးစားခဲ့တာပါ၊ အခုကျတော့ မင်းက ကိုယ့်အချစ်ကို ဥပေက္ခာပြုချင်တာလား။ အခုတော့ ကိုယ်က မင်းအတွက်ဆို ဆွဲဆောင် မရှိတော့လို့လား"
လုံကျဲက သူမ၏လက်တော့ကို ပိတ်လိုက်ပြီး လုချယ်၏ခန္ဓာကိုယ်ကို ရှိုးတိုးရှန့်တန့် လှမ်းကြည့်ကာ သူ့မျက်လုံးကို လက်ဖြင့်ကွယ်လိုက်သည်။
"ငါ ခိုးကြွေးခဲ့တုန်းက အနေအထားနဲ့ အခုအခြေအနေက တူမှမတူတော့တာလေ"
"ဒါကြောင့်လည်း ကိုယ်က မင်းကို နမ်းဖို့ ဖက်ထားဖို့ အခွင့်အရေးလိုချင်တာပေါ့"
လုချယ်က သူတို့နှစ်ယောက်ကို ခြားနားထားသော ဖက်လုံးကို လွှင့်ပစ်လိုက်ပြီး လုံကျဲက သူ့ကို ခိုးချောင်းကြည့်နေမှန်း သတိထားမိသွားသည်။
"ကိုယ့်အချစ်လေး ကြည့်ချင်ရင် ကြည့်လေ၊ ကြယ်ဘုရင်ဖျော်ဖြေရေးကို တရားဝင် သိမ်းပိုက်ပြီးရင်တော့ ကိုယ် ရုံးခန်းမှာ အိပ်ဖို့ လိုအပ်တယ်။ အဲဒီအချိန်ကျမှ ကိုယ့်ကို ကြည့်ချင်တောင် ကြည့်ခွင့် မရှိတော့ဘူးနော်"
ထိုစကားသံကို ကြားပြီးနောက် လုံကျဲက လုချယ်၏ခန္ဓာကိုယ်ပေါ် ရုတ်တရက် ပြေးတက်သည်။
"ဒါဆိုရင်တော့ ရှင့်ကို ကြာကြာဖက်ခွင့်ရအောင် အခွင့်အရေးကို အမိအရ အသုံးချရတော့မယ်"
"ကိုယ့်ကို တင်းတင်းကျပ်ကျပ် မဖက်နဲ့လေ၊ ကိုယ့်စိတ်တွေ မထိန်းချုပ်နိုင် ဖြစ်သွားမယ်"
လုချယ်က ဩရှရှ လေသံဖြင့် ပြန်ပြောသည်။
"ကျဲအာလို ရုပ်ဆိုးဆိုး ဝတုတ်တုတ် ကောင်မလေးကိုတော့ လျစ်လျူရှုနိုင်မှာပါ"
လုံကျဲ၏ခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်ဖြင့် မအုပ်မိုးခင် လုချယ်၏မျက်ဝန်းတွင် လိုအင်ဆန္ဒများ ဖြတ်ပြေးနေသည်။
"ဟေ့ ငါတို့ သဘောတူထားတယ်လေ"
"ဒါပေမဲ့ ကိုယ် တကယ် မထိန်းချုပ်နိုင်တော့ဘူး"
ထိုစကားကို ပြောပြီးနောက် လုချယ်၏နှုတ်ခမ်းပါးလေးက လုံကျဲ၏နှုတ်ခမ်းပေါ် ကျဆင်းလာသည်။ အနမ်းမိုးများ ရွာသွန်းနေစဉ် လုချယ် စကားပြောလာသည်။
"ကျဲအာ အသက်၃၀ပြည့်ပြီးပြီနော်။ အသက် ၃၁နှစ်ရောက်မှ ပထမဆုံးအကြိမ် အတူနေဖူးချင်တာလား"
"မဟုတ်ဘူး။ အဲလိုလည်း မဟုတ်ဘူး"
လုံကျဲ ခေါင်းခါသည်။ လုချယ်၏အနမ်းကြောင့် သူမ၏အတွေးကမ္ဘာကြီး ကသောင်းကနင်း ဖြစ်နေရသည်။ သူမ မူးဝေလာ၍ သူမ နာမည်ကိုပင် သူမ မေ့လျော့သွားခဲ့သည်။
"ဒီကနေ့ည ကိုယ်က ကျဲအာကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကျဲအာ ကိုယ့်ဆန္ဒကို လိုက်လျောမလား ငြင်းဆန်မလား"
လုံကျဲ၏မျက်ဝန်းများက အံ့ဩတုန်လှုပ်စိတ်ကြောင့် ပြူးကျယ်သွားသည်။ အချစ်ရေးမှာ မူကြိုအရွယ်သာ ရှိနေသော လုချယ်က နှစ်ရက်အတွင်း ဘွဲ့ရကျောင်းသား တစ်ယောက် ဖြစ်သွား၍ တုန်လှုပ်မိသည်။
"ကျဲအာ..."
"စိတ်မလှုပ်ရှားနဲ့နော်။ ကျဲအာသာ ဆန္ဒရှိရင် မနက်ဖြန် တရားရုံးမှာ လက်ထပ်ကြမယ်လေ"
"နောင်တရမှာ မကြောက်ဘူးလား"
လုံကျဲ ရုတ်တရက် စကားပြန်ပြောလာသည်။
"ငါတို့တွေ အတူတူရှိတာ မကြာသေးဘူးလေ၊ တစ်ယောက်အကြောင်း တစ်ယောက် သေချာ မသိကြသေးဘူးလေ။ တစ်နေ့နေ့ ငါ့ထက်သာတဲ့ တစ်စုံတစ်ယောက်ကို တွေ့ခွင့်ရရင် နင် ဘာလို ဆုံးဖြတ်မလဲ"
"ကျဲအာက ကိုယ့်အတွက် အကောင်းဆုံးပဲလေ"
"ဒါပေမဲ့ နင့်မိဘတွေက ငါ့ကို သဘောမကျရင်ရော နင် ဘယ်လိုဆုံးဖြတ်မလဲ"
ဤအချက်က လုံကျဲ အစိုးရိမ်ဆုံး ပြဿနာ ဖြစ်နေသည်။
လုချယ်က သူမ၏စိုးရိမ်စိတ်ကို နားမလည်နိုင်ပါ။
"ကိုယ်က မင်းနဲ့ တစ်ဘဝလုံး အတူတူနေမယ်သူလေ။ ကိုယ့်မိဘတွေက မင်းနဲ့ တစ်သက်လုံး အတူတူနေမှာ မဟုတ်တာ"
ထိုစကားသံကို လုံကျဲ ကြားကြားချင်း သူမ၏မျက်နှာက နီမြန်းသွားသည်။
"ဒါဆိုရင်လည်း ညင်သာပေးပါနော်"
"ကိုယ်လည်း အခုမှ အတွေ့အကြုံယူမယ် အသစ်ပဲလေ"
လုချယ် ရယ်မောသည်။
"ဒါဆိုရင် ငါတို့ ဘာဆက်လုပ်သင့်လဲ"
လုချယ်က လုံကျဲ၏အဝတ်အစားကို ညင်ညင်သာသာ ချွတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောဆိုသည်။
"မနက်ဖြန် လက်ထပ်မှတ်ပုံတင်ကြမယ်။ ကိုယ် ထပ်မစောင့်နိုင်တော့ဘူးနော်။ ကိုယ် မင်းနဲ့ တရားဝင် ပတ်သက်ချင်နေပြီ။ ကိုယ်မင်းကို ပိုင်ဆိုင်ချင်တယ်"
သူတို့နှစ်ယောက်စလုံးက အများစောင့်ကြည့်ခြင်းကို ခံရသည့် အနုပညာရှင် မဟုတ်၍ ကံကောင်းသွားသည်။ သူတို့ လက်ထပ်မည်ဆိုလည်း သတင်းထောက် နှင့် သတင်းဌာနများကို ဂရုစိုက်နေစရာ မလိုအပ်ချေ။
လုချယ်က လုံကျဲ၏နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း နမ်းရှိုက်လာ၍ အသက်ရှုကြပ်လာသည်။ သူတို့နှစ်ယောက်က တစ်ယောက်ဆန္ဒကို တစ်ယောက်မြင်သာအောင် ပွင့်ပွင့်လင်းလင်း ဖွင့်ပြခဲ့သော်လည်း နောက်ဆုံးအဆင့်ကို မတက်လှမ်းသေးပါ။
"ကိုယ်တို့နှစ်ယောက် လက်ထပ်စာချုပ်မှာ မှတ်ပုံတင်ပြီးတာနဲ့ ကိုယ် မင်းကို လက်မလွှတ်တော့ဘူးနော်"
လုံကျဲ၏မျက်နှာက အနီရောင်သန်းသွားပြီး လုချယ်၏ရင်ခွင်ထဲမှာ မျက်နှာအပ်ထားသည်။ လုချယ်က သူမ သိသမျှ ယောက်ျားများအနက် ယောက်ျားအပီသဆုံး သဘောထားအကြီးဆုံး ယောက်ျားဟု လုံကျဲ သတ်မှတ်မိသည်။ မည်သို့ပင်ဆိုစေကာမူ ယခုလို အခြေအနေမျိုးမှာ အချိန်မီ ရပ်တန့်သွားနိုင်သည့် ယောက်ျား များများစားစား မရှိခဲ့ပါ။
ညသန်းခေါင်ယံအချိန်မှ သူတို့ခေါ်ယူလာသော ခွေးလေးက ရုတ်တရက် ထဟောင်လာသည်။ လုံကျဲက လုချယ် နိုးသွားမည်ကို စိုးရိမ်မိ၍ မီးဖိုချောင်ထဲ အပြေးအလွှား သွားကာ ရေခဲသေတ္တာထဲမှ အစားအသောက် တစ်ခုကို ယူဆောင်ပြီး ခွေးကလေးကို အစာကျွေးသည်။
"တိတ်တိတ်နေစမ်း၊ ငါ့ကိုကို အိပ်ရာနိုးသွားမယ်"
တကယ်တမ်း လုချယ်က အိပ်ရာနိုးနေပါပြီ။ သူက လက်ပိုက်ဟန်အနေအထားဖြင့် လုံကျဲ၏အနောက်ဘက်မှာ မတ်တတ်ရပ်နေခြင်း ဖြစ်သည်။
အလိုက်သိလွန်းသော အရူးမလေး
...
ဝေလီဝေလင်းအချိန် ဟွားရုံစတူဒီယို
အခုရက်ပိုင်းအတွင်း သုံးဖြုန်းခဲ့သော ကုန်ကျစရိတ် များပြားလွန်းခဲ့၍ လင်းချုံး ငွေရေးကြေးရေး ခက်ခဲလာသည်။ ယခုလို ရှေ့ဆက်နေလျှင် သူ့ဝန်ထမ်းများ အခက်အခဲ ကြုံလာနိုင်သည်။ Charleneနှင့် တခြားသူများကို စကားကျွံထား၍ အားလုံးက သူ့ကို မျက်နှာမကြည်ကြပါ။
"အယ်ဒီတာလင်း၊ ကျွန်တော် အလုပ်စလုပ်တည်းက ကျွန်တော်ကို ငွေစကြေးစ အနည်းငယ်တောင် မပေးခဲ့ဖူးဘူး။ ကျွန်တော့်မိန်းမ ကလေးမွေးတော့မယ်။ ကျွန်တော့်လုပ်အားခ ရမှ အဆင်ပြေမယ်"
"အယ်ဒီတာလင်း၊ ကျွန်တော့်မှာ ကလေးမရှိပေမဲ့ စားဝတ်နေရေး ရှိသေးတယ်။ ကျွန်တော်လည်း လုပ်အားခ လိုချင်တယ်"
အယ်ဒီတာလင်းက သူ့သတင်းထောက်များကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါ့ကို အချိန်လေးပေးပါ၊ မင်းတို့နဲ့ ထိုက်သင့်တဲ့ လုပ်အားခကို သေချာပေါက် ပေးပါမယ်"
"ကောင်းပြီလေ။ ငါတိို့ ထပ်စောင့်ပေးမယ်"
အချိန်ပိုင်းသတင်းထောက်လေးများက စိတ်မကောင်းဖြစ်စွာ ဦးညွှတ်လိုက်ပြီး အယ်ဒီတာလင်း၏ရုံးခန်း အပြင်ဘက် ထွက်လာခဲ့သည်။ သူနှင့် တွေ့ဆုံခဲ့ဖူးသည့် လျှို့ဝှက်ဆန်းကြယ်သောလူကို ဆက်သွယ်ရန် နောက်ဆုံး မဆုံးဖြတ်ခင် ခဏတာ ချင့်ချိန် စဉ်းစားလိုက်သည်။ ထို့နောက် ထိုလူ ချန်ထားခဲ့သော ဖုန်းလိပ်စာအတိုင်း ဖုန်းခေါ်သည်။
"ခင်ဗျားကို ကူညီဖို့ ကျွန်တော် သဘောတူတယ်"
ထိုလူက ရယ်မောသည်။
"အစတည်းက ဒီလိုမြန်မြန်ဆန်ဆန် ဆုံးဖြတ်သင့်တယ်"
"ဒါဆိုရင် ငါတို့တွေ တစ်နေရာရာမှာ တွေ့ဆုံပြီး ဆွေးနွေးကြတာပေါ့"
"ကောင်းပြီလေ"
လင်းချုံးက သူ ရှာဖွေထားသော အချက်အလက်များကို ရောင်းစားပစ်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့ဆုံးဖြတ်ချက်ကြောင့် ပုန်းလျှိုးကွယ်လျှိုး နေထိုင်စရာ မလိုအပ်တော့ပေ။ သူ ရှာဖွေထားသော သတင်းအချက်အလက်များကို စုဆောင်းလိုက်ပြီး ထိုလူအား လက်လွှဲပေးရန် ဆုံးဖြတ်ခဲ့သည်။
...
ထိုစဉ် ထျန်းနင်က လုချယ် နှင့် လုံကျဲတို့ လက်ထပ်မည့် အစီအစဉ်ကို ယခုထိတိုင် မသိသေးချေ။ Chanel ပွဲအတွက် ပြင်ဆင်ရန်သာ အာရုံစိုက်နေသည်။
လွန်ခဲ့သော နှစ်ရက်တည်းက မို့ထင် အလုပ်ရှုပ်နေ၍ မို့ထင်ကို ပွဲအခမ်းအနား အကြောင်း တစ်ကြိမ်တစ်ခါမျှသာ ပြောခဲ့သည်။ မို့ထင်ကို စိတ်မရှုပ်စေချင်၍ နောက်တစ်ကြိမ် ထပ်မပြောတော့ပါ။
တခြားသူကို သူမ၏မန်နေဂျာ ခန့်အပ်ရန် ထျန်းနင် တွေးတောမိသည်မှာ ကြာပါပြီ။ သို့တိုင် မို့ထင်က သူမ၏အကြံပြုချက်ကို ငြင်းပယ်ခဲ့သည်။
"တခြားသူလက်ထဲ ချစ်လေးကို အပ်ခဲ့ရတာ ကိုယ်စိတ်တိုင်းမကျဘူး"
ထျန်းနင်က ကူကယ်ရာမဲ့သော ခံစားချက်ဖြင့် သူ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။
"ဒါဆိုရင်လည်း ဒီနေ့ညပွဲကို ချစ်လေး တစ်ယောက်တည်း တက်လိုက်တော့မယ်"
" မမျှော်လင့်ထားတဲ့ အခြေအနေမျိုး ကြုံရင် ကိုယ့်ကို ချက်ချင်း ဖုန်းခေါ်လိုက်နော်"
သူမ၏လက်ရှိအဆင့်အတန်းဖြင့် မည်သူက သူမကို ပြဿနာရှာရဲမည်နည်း။ သို့သော်လည်း သူမ မထင်ထားခဲ့ဖူးသည့် အဖြစ်အပျက်မျိုးကို ကြုံဆုံရလိမ့်မည်။
***
အပိုင်း (၃၀၃)
"Channelပွဲကို တက်ရောက်မယ် ရှိုးပွဲကြယ်ပွင့်လေးတွေရော သရုပ်ဆောင်တွေရော အများကြီး ရှိပါတယ်။ ဒါပေမဲ့ နင့်ရဲ့လက်ရှိ ကျော်ကြားမှု အခြေအနေနဲ့ဆိုရင် နင်က သူတို့ထက် မနိမ့်ပါဘူး"
ပွဲအခမ်းအနားကို သွားရောက်သည့် လမ်းခရီးမှာ လုံကျဲက ထျန်းနင်အရှေ့မှာ ဒူးထောက်လိုက်ပြီး ထျန်းနင်၏ဝတ်စုံကို အကဲခတ်သည်။ လုံကျဲ မိတ်ကပ်ထူထူကို လိမ်းခြယ်ထားသည်ကို ထျန်းနင် သတိထားမိသည်။
"ပွဲက ခန့်မှန်းခြေ ည၁၁နာရီလောက်ဆို ပြီးမယ်ထင်တယ်။ ပွဲပြီးရင် နင်နဲ့ လုချယ်နဲ့ သွားဒိတ်မှာလား"
လုံကျဲက ထျန်းနင်ကို ငေးကြည့်ကာ ခိုးကြည့်သည်။
"အွန်း၊ ငါ့ကို သွားခွင့်မပြုဘူးလား"
"ဒီလိုဆိုရင်တော့ နင် စောစောပြန်လေ။ 'ထင်' ငါ့ကို လာခေါ်လိမ့်မယ်"
ထျန်းနင်က သူ့ပိုက်ဆံအိတ်ကို လှမ်းကိုင်ကာ စကားပြန်ပြောသည်။
"ငါတို့တွေ ပွဲကျင်းပမယ်နေရာကို ရောက်ခါနီးပြီနော်။ အသင့်ပြင်ထားတော့။ နင်တို့ ဆက်ဆံရေးကို တရားဝင်ချပြပြီး ပထမဆုံးတက်တဲ့ ပွဲနော်။ သတင်းဌာနတွေက နင့်ကို အလွတ်ပေးမယ်လို့ တွေးနေသလား"
လုံကျဲက ထျန်းနင်၏ငွေရောင်အဆင်း ရှိသော ဝတ်စုံကို အကဲခတ်သည်။ အလုံပိတ် မော်တော်ကား(ဘန့်)ကား ရပ်လိုက်သည်နှင့် လုံကျဲက ထျန်းနင်ကိုယ်စား တံခါးဖွင့်ပေးသည်။
ဆယ်လီများက ပွဲတက်သည်နှင့် အနီရောင်ကောဇောခင်းကို ဖြတ်ကျော်ကြရသည်။ သူမဘေးနားမှာ မို့ထင် မရှိသော်လည်း သူမ၏လင်းလက်တောက်ပသော အော်ရာကို မငြင်းဆန်နိုင်ပါ။
"မြန်မြန်ကြည့်စမ်းပါ၊ အနီရောင်ကောဇောခင်းပေါ်မှာ လမ်းလျှောက်လာတဲ့သူက ထျန်းနင်ပဲ။ ထျန်းနင် ဝတ်ထားတဲ့ ငွေရောင်ဝတ်စုံလေးက ထျန်းနင်ရဲ့ကျက်သရေရှိတဲ့ အလှလေးနဲ့ လိုက်ဖက်လွန်းတယ်။ ကဲကဲ ထျန်းနင်ကို ငါတို့တွေ နွေးနွေးထွေးထွေး ကြိုဆိုကြတာပေါ့"
ပွဲကျင်းပရာ နေရာက ကြယ်ငါးပွင့် ဟိုတယ်ဖြစ်နေ၍ အနီရောင်ကောဇောခင်းက သိပ်မရှည်လျားပါ။ သိပ်မကြာလိုက် ထျန်းနင်က လက်မှတ်ထိုးနံရံ အနား ရောက်သွားသည်။ အစီအစဉ်မှူးကို ဘောပင် ပြန်မပေးခင် နံရံပေါ်မှာ သူမ၏နာမည် ရေးထိုးလိုက်ပြီး ကင်မရာကို မျက်နှာချင်းဆိုင် လိုက်သည်။
"ငါတို့တွေ ထျန်းနင်ကို နောက်တစ်ကြိမ် နွေးနွေးထွေးထွေး ကြိုဆိုကြတာပေါ့။ ပွဲကျင်းပရာ နေရာကို သွားလို့ရအောင် လမ်းဖယ်ပေးလိုက်ပါဦးကွယ်"
ခမ်းနားထည်ဝါသော ဟိုတယ်အတွင်းမှာ ပန်းနုရောင် နှင်းဆီပန်းလေးများဖြင့် ခန်းမဆောင်တစ်ခုလုံးကို အလှဆင်ထားသည်။ ထို့အပြင် ထိုင်ခုံတစ်ခုံချင်းစီမှာ ဧည့်သည်တော်၏နာမည်ကို ရေးထိုးထားသည်။
ထျန်းနင်က သူမ ထိုင်ရမည့် ထိုင်ခုံကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားပြီး ထိုင်လိုက်သည်။ သူမ၏ဘယ်ဘက်မှာ ထိုင်နေသူက အေအဆင့် သရုပ်ဆောင် ကျန်းယွမ် ဖြစ်သည်။ မင်းသမီး ကျန်းယွမ်က လူချမ်းသာမိသားစုဝင်နှင့် လက်ထပ်ထားသည်မှာ မကြာသေးပေ။ သူမ၏ညာဘက်မှာ ထိုင်မည့်သူက ယခုထိတိုင် မရောက်သေးချေ။ သို့သော်လည်း ၎င်းက ရုပ်ရှင်လောကမှ မဟုတ်ပေ။ သူမ၏ နာမည်က ချီရှင်းယန် ဖြစ်သည်။
ကျန်းယွမ်က ပထမဆုံး ရောက်နေသူ ဖြစ်သည်။ သူမကို မသိချင်ယောင်ဆောင်ကာ မျက်ကွယ်ပြုနေ၍ မရပါ။ ထျန်းနင် အေးစက်စက် ဆက်ဆံလိုက်လျှင် ကျန်းယွမ်ကလည်း ခပ်တန်းတန်း ပြန်ဆက်ဆံလိမ့်မည်။
ထျန်းနင်က ကျန်းယွမ်ကို ပျူငှာစွာ ခေါင်းညိတ်ပြပြီး ကျန်းယွမ်က ပြန်ပြုံးပြသည်။
ထိုစဉ် ထျန်းနင်၏ညာဘက်မှာ ထိုင်မည့် ဧည့်သည်တော် ရောက်လာသည်။
ထျန်းနင် နှင့် ကျန်းယွမ်က ညာဘက်ကို တပြိုင်နက်တည်း လှည့်ကြည့်ကြသည်။ သို့သော်လည်း ရောက်လာသော ဧည့်သည်တော်က ထျန်းနင်ကို မမြင်ချင်ယောင်ဆောင် နေသည်။ ထျန်းနင်ကို ယခုပွဲမှာ တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားပုံ ပေါက်သည်။
ထျန်းနင်က ၎င်းအမျိုးသမီး၏ မျက်ဝန်းနက်မှ အံ့ဩတုန်လှုပ်သော အလင်းတန်းကို ဖျတ်ခနဲ သတိထားမိသွားသည်။ သို့သော်လည်း သူမ၏မှတ်ဉာဏ်ကို ခြေရာကောက်ကြည့် လိုက်လျှင် ၎င်းအမျိုးသမီးနှင့် မတွေ့ဆုံဖူးကြောင်း အချက်ပြနေသည်။
"ထျန်းမိန်းကလေး၊ ကျွန်မက ရှင့်ပရိသတ်ပါ"
ချီရှင်းယန်က လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်လိုက်ပြီး ပြီးပြည့်စုံသော အပြုံးလေးကို လှစ်ဟာပြသည်။ တကယ်တမ်း သူမက အနုပညာသည် လောကသား မဟုတ်နေပါ။သူဌေးကြီး၏သမီး ဖြစ်နေ၍ ရုပ်ရှင်မင်းသမီးများ နည်းတူ ပွဲတက်ခွင့်ရခြင်းက မထူးဆန်းပေ။
တခြားသူဆိုလျှင် လျစ်လျူရှုထားနိုင်သည်။
တစ်ဖက်မှာလည်း ထျန်းနင်က ထိုမိန်းကလေးကို နှုတ်ဆက်သင့်သည်ဟု ခံစားမိသည်။
သို့တိုင် ၎င်းအမျိုးသမီးလေး၏ မျက်ဝန်းတွင် ရင်းနှီးဖော်ရွေသော ခံစားချက်ကို မခံစားရချေ။ သို့တိုင် သူမက သူ့ရန်သူဟု သတ်မှတ်စရာ မလိုအပ်သေးပေ။ ထို့ကြောင့်လည်း ထျန်းနင်က လက်ဆန့်ထုတ်လိုက်ပြီး ချီရှင်းယန်၏နူးညံ့သော လက်ကို ဆုပ်ကိုင်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
လက်ဆွဲနှုတ်ဆက်ပြီးသည်နှင့် ချီရှင်းယန်က သူ့လက်ကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။ ထျန်းနင်က နားမလည်နိုင်စွာ မျက်ခုံးပင့်လိုက်သည်။
ချီရှင်းယန်က ပျူငှာသော အပြုံးလေးကို ထိန်းသိမ်းထားသော်လည်း သန့်စင်ခန်းဘက် ထွက်သွားရန် မတ်တတ်ထရပ်သည်။
ထျန်းနင်က သူမကို နားလည်ရခက်ခဲစွာ ငေးကြောင်ကြည့်နေစဉ် ကြည်လင်သောအသံက သူမ၏နားထဲ လွင့်မြောလာသည်။
"ချီရှင်းယန်က G&J လုပ်ငန်းစုရဲ့သူဌေး
သမီးလေ။ သူက အမြဲတက် မာန်တက်နေတော့ ရုပ်ရှင်လောကသားတွေဆိုရင် တူတယ်တန်တယ်လို့တောင် သဘောမထားဘူး။ နင်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်ဆိုတော့ သူ့လက်ကို သွားဆေးနေလောက်ပြီ"
အခြေအနေကို ရှင်းပြနေသော ကျန်းယွမ်ကို ထျန်းနင် လှည့်ကြည့်သည်။ သူမ စိတ်သဘောထား မသေးသိမ်ကြောင်း ခေါင်းညိတ်ပြသည်။
"နင်က အဲဒီမိန်းကလေးကို နားလည်ပေးနိုင်လောက်တဲ့အထိ စိတ်သဘောထား ကြီးမြတ်တာပဲ"
"ငါ မှတ်မိသလောက်တော့ နင်လည်း ရေမွှေးအင်ပါယာ မိသားစုက မွေးဖွားလာတာပါ။ နင့်မိသားစုနောက်ခံနဲ့ ဆိုရင် နင်လည်း အရှုံးမရှိပါဘူး"
ထျန်းမိသားစု အကြောင်း ပြောဆိုလာ၍ ထျန်းနင်၏မျက်နှာက အေးတိအေးစက်ဖြစ်သွားသည်။
"ငါက သာမန် မော်ဒယ်တစ်ယောက်ပါပဲ"
ကျန်းယွမ်က စကားဆက်မပြောဘဲ ပြုံးနေသည်။ ယခုလိုပွဲမျိုးမှာ တခြားသူအလိုကျ စကားပြောပေးရုံသာ ဖြစ်သည်။ သူမတို့နှစ်ယောက်က ကုမ္ပဏီ မတူညီ၍ စစ်မှန်ရိုးသားနေစရာ အကြောင်းအရင်း မရှိပေ။
သိပ်မကြာလိုက် ချီရှင်းယန်က သူ့ထိုင်ခုံကို ပြန်ရောက်လာသည်။ ထျန်းနင်ဘက်ကလည်း သာမန်ထက် စိမ်းစိမ်းကားကား ပြုမူနေသည်။ ယခုလို အခြေအနေမျိုးက သူမကို သူစိမ်း မချဉ်းကပ်လာအောင် သတိပေးနေခြင်းသာ ဖြစ်သည်။
ချီရှင်းယန်မှာလည်း ထျန်းနင်ကို ကြည့်မိလေလေ အော့နှလုံးနာလာသည်။
ပွဲတစ်ဝက်မှာ ထျန်းနင်၏ဖုန်း ရုတ်တရက် မြည်လာသည်။ ဖုန်းခေါ်ဆိုသူက တခြားသူမဟုတ် မို့ထင် ဖြစ်နေသည်။ သန့်စင်ခန်းဘက် ထွက်မသွားခင် ထျန်းနင်က ဖုန်းနံပါတ်ကို တစ်ချက် ကြည့်လိုက်သည်။
"ခန့်မှန်းခြေ ဘယ်အချိန်လောက် ပွဲပြီးမလဲ။ ကိုယ် မင်းကို လာခေါ်မယ်"
"ည၁၁နာရီ ဝန်းကျင်လောက် ပြီးမယ် ထင်တယ်"
ထျန်းနင် ပြန်ဖြေသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ဟိုက်ဟွေ့ဖျော်ဖြေရေးကနေ ည၁၀နာရီခွဲလောက် ထွက်လာခဲ့မယ်"
ထျန်းနင် ဖုန်းချလိုက်ပြီးနောက် သူမ၏ထိုင်ခုံရှိရာသို့ ပြန်လာခဲ့သည်။ ထိုစဉ် ချီရှင်းယန်က သူမကို လှည့်ပြုံးပြသည်။
"မို့သူဌေး ဖုန်းဆက်တာလား"
ချီရှင်းယန်၏မေးမြန်းမှုကြောင့် ထျန်းနင် စိတ်ကသိကအောင့် ဖြစ်မိသည်။ သူမ၏လေသံကို နားစွင့်ကြည့်ရုံဖြင့် မို့ထင်နှင့် ရင်းနှီးနေကြောင်း ခန့်မှန်းနိုင်သည်။
"ငါက နှုတ်ဆက်ပါတယ်လို့ မို့သူဌေးကို ပြောပေးပါ"
ထျန်းနင်က ပျူငှာသော အကြည့်မှ အကြည့်စူးစူးအဖြစ် ပြောင်းလဲသွားသည်။ သူမ၏အကြည့်တွင် လှောင်ရိပ်လည်း ရောယှက်နေသည်။
"ချီမိန်းကလေးက ကျွန်မကို ရန်လိုစိတ် များနေသလားလို့"
"အိမ်ပြန်ရောက်ရင် မို့သူဌေးကို မေးလိုက်ပါလား။ ဘာကြောင့်လဲဆိုတာ သူ သိမှာပါ"
ချီရှင်းယန်က သူ့ကိုယ်သူ ရည်စားဟောင်းဟု သမုတ်နေ၍ ထျန်းနင် စက်ဆုပ်မိသည်။ သို့တိုင် ချီရှင်းယန်၏ စကားတစ်ခွန်းကြောင့် မို့ထင်ကို သံသယဝင်စရာ အကြောင်းအရင်း မရှိပေ။
ထျန်းနင်က ချီရှင်းယန်ကို ခွန်းတုံံ့မပြန်နိုင်သော တခြားတစ်ယောက်ဟု ကျန်းယွမ် ယူဆလိုက်သည်။ ထျန်းနင်က သူ့ပိုက်ဆံအိတ်ထဲမှ လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်ပြီး မို့ထင်ကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။
"ထင်..."
"ဟမ်..." ဖုန်း တခြားတစ်ဖက်မှာ မို့ထင်၏ စွဲမက်ဖွယ်ကောင်းသော အသံလေး ပဲ့တင်ထပ်လာသည်။
"ရှင်နဲ့ ချီရှင်းယန် ရင်းနှီးလား"
"ဘယ်သူလဲ"
မို့ထင်က အံ့အားသင့်သော လေသံဖြင့် ပြန်မေးသည်။
ထျန်းနင်က ခပ်တိုးတိုးလေး ရယ်မောလိုက်ပြီး ဖုန်းချလိုက်သည်။ ထိုစဉ် ချီရှင်းယန်က မို့ထင်၏တုံ့ပြန်မှုကြောင့် မျက်နှာမရွှင်လန်းနေပါ။
"ကြည့်ရတာ မို့သူဌေးက အရမ်းအလုပ်ရှုပ်တော့ အတိတ်မေ့သွားပြီ ထင်တယ်။ ဩဂုတ်လ ၁၉ရက်နေ့တုန်းက အစိုးရရုံးအပြင်မှာ သူ့လက်ထောက်ဖုန်းခေါ်တဲ့သူကို မှတ်မိသေးလားလို့ သူနဲ့တွေ့ရင် မေးကြည့်လိုက်ပါ"
ထိုစကားတစ်ခွန်းကို ကြားပြီးနောက် ထျန်းနင်က အခြေအနေကို ပိုနားလည်သွားသည်။ ထို့နေက သူနှင့် မို့ထင် လက်ထပ်သောနေ့ဖြစ်သည်။ သို့သော်လည်း မို့ထင်၏သတိုးသမီးလောင်းက အချိန်မှီ မရောက်လာခဲ့ချေ။
မို့ထင်၏သတိုးသမီးလောင်းက ချီရှင်းယန် ဖြစ်နိုင်သည်။
"သူက အရေးမပါတဲ့သူတွေကို မမှတ်ထားတတ်ဘူး"
ထိုစကားသံကို ကြားပြီးနောက် ချီရှင်းယန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူ့စိတ်ကျေနပ်အောင် ထျန်းနင်အနား တိုးကပ်ပြီး တီတိုးပြောလိုက်သည်။
"မို့ထင်ရဲ့မိသားစုနောက်ခံအရ နင့်လိုမိန်းမကို လက်ထပ်မယ် ထင်နေသလား၊ နင်လို အပေါစား မော်ဒယ်မထက် ငါက အဆတစ်ထောင်မက ပိုသာလွန်တယ်လေ"
သူမ ခနဲ့သော စကားများကို ထျန်းနင် ဒေါသထွက်လိမ့်မည်ဟု ချီရှင်းယန် တွေးထားသည်။
သို့သော်လည်း ထျန်းနင်က သူမတူထူးကဲစွာ တည်ငြိမ်နေသည်။
***