အပိုင်း ၂၀၁+၂၀၂
အပိုင်း(၂၀၁)ပို၍နီးကပ်လာသည်
လုချယ်နဲ့သူမ၏ကြားမှာ စည်းခြားထားသည့် အလွှာပါးလေးရှိနေသည်ကို မေ့လျော့နေခဲ့သည်။ လုချယ်က ခေါင်းကိုမော့လာပြီး သူ့နောက်မှာပြုံးကာ ငေးကြည့်နေသည့် လုံကျဲကိုသတိထားမိသွားသည်။
သူမ၏မျက်နှာပေါ်တွင်ဖြစ်ပေါ်နေသည့် စွဲလန်းသည့်အကြည့်ကြောင့် ကြက်သီးထလာသည်။ လုချယ်က လှည့်ကြည့်ကာမေးလိုက်သည်။
"ငါ့ကိုဘာလို့ ချောင်းကြည့်နေရတာလဲ"
သူမေးလိုက်သည့် မေးခွန်းကြောင့် လုံကျဲ၏စိတ်ဗလာကျင်းဖြစ်သွားပြီး မျက်နှာက နီရဲလာသည်။ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် သူမ၏ဦးခေါင်းကို ငုံ့ထားလိုက်သည်။
လုချယ်။ အရူးကောင် နင့်ရဲ့EQက နိမ့်လှချည်းလား။ ကိုးရိုးကားရားနိုင်တဲ့ မေးခွန်းမျိုးကိုမေးရလား။ ငါ့အတွက် အဆင်မပြေဘူးလေ။ နင့်ကိုချောင်းကြည့်တာ တကယ်ပဲအဆင်မပြေလို့လား။
လုံကျဲ၏နှလုံးသားကို အတွေးပေါင်းများစွာက လွှမ်းမိုးထားပြီး ယောက်ယက်ခတ်နေသည်။ သို့သော်လည်း လုချယ်နဲ့ ယခုလိုမျိုး အပြန်အလှန် စကားပြော နေခွင့်ရနေခြင်းသည် သူမအတွက်လုံလောက်မှုရှိနေပါပြီ။ တခြားဘာဆိုဘာမှ သူမ မမျှော်လင့်တော့ချေ။
ထိုအတွေးကြောင့် လုံကျဲက သူမ၏မျက်နှာကို နဂိုအတိုင်းဖြစ်အောင်ကြိုးစားလိုက်သည်။ ထို့နောက် ခေါင်းလေးကိုမော့လိုက်ပြီး ထျန်းနင်၏စာချုပ်များကို ဆက်လက်ကြည့်ရှုနေသည်။
သို့သော်လည်း သူမ၏စိတ်အာရုံတွင် ခန့်ညားချောမောသော မျက်နှာလေးကိုသာ မြင်ယောင်နေမိသည်။ ထိုစဉ် ခန့်ညားချောမောသော မျက်နှာလေးက သူမ၏အရှေ့ကို ရောက်ရှိလာ၍ လုံကျဲ တအံ့တဩဖြစ်သွားပြီး ခြေတစ်လှမ်း အနောက်ဆုတ်လိုက်သည်။
"နင် နင်ဒါဘာလုပ်တာလဲ"
"ငါ့မျက်နှာကို ကောင်းကောင်းမြင်ရအောင် နင့်ကိုသေချာကြည့်ခွင့်ပေးမလို့လေ။ ငါ့နောက်မှာ ငါ့ကိုချောင်းကြည့်နေတာ သိပ်ပြီးတော့အဆင်မပြေဘူး"
လုံကျဲက တဒိတ်ဒိတ်ခုန်နေသော သူမ၏နှလုံးသားလေးကို ထိန်းချုပ်ရန် ကြိုးပမ်းပြီး ကြောက်စိတ်ထူပူ နေရသည်။ အရောင်တောက်ပလွန်းသည့် လုချယ်ရဲ့မျက်လုံးများကို ငေးကြည့်ပြီး ဘာဆက်လုပ်ရမည်မှန်းမသိ ဖြစ်နေရသည်။
လုချယ်က သူ့ကိုတမင်ရည်ရွယ်ပြီး စနေတာလား။ ဒါမှမဟုတ် သူ့မျက်နှာကိုသေသေချာချာ မြင်ရအောင်သူမ၏အရှေ့ကို ရောက်လာခြင်းလား သေချာမတွေးတက်တော့ပေ။
‘ငါ့ကို ဒီလိုမျိုးမစပါနဲ့'
လုံကျဲက သူမရဲ့စိတ်ထဲမှာ တီးတိုးရေရွတ်နေမိသည်။ နင့်ကိုပြေးဖက်ချင်တဲ့စိတ်တွေ ဖြစ်လာပြီ။
လုချယ်က လုံကျဲကိုခဏမျှငေးကြည့်လိုက်သည်။ လုချယ်သူ့ကိုကြည့်လို့ဝပြီဟု ယူဆကာ သူလည်းမတ်တတ်ရပ်ကာ စကားပြောလိုက်သည်။
"ငါ့ရဲ့အရှေ့မှာထိုင် ငါ့နောက်မှာ ငါ့ကိုတစ်ယောက်ယောက်က ချောင်းကြည့်တာသိရတာ ကြက်သီးတွေထတယ်"
လုံကျဲပြောစရာစကားများ ကင်းမဲ့နေသည်။ သူ့ကိုဘာလို့ချောင်းကြည့်နေတာလဲဆိုတာ ဒီအရူးကောင်ကမသိဘူးလား။ EQကတကယ်နိမ့်တာပဲ။ ကုရာနတ္တိဆေးမရှိ ဖြစ်နေပြီ။
လုံကျဲအနည်းငယ်ဒေါသထွက်မိသည်။ သူမ၏ရှေ့မှာရှိနေသည့် စာချုပ်များကိုဆုပ်ကိုင်ပြီး လုချယ်နိဂိုထိုင်သည့်နေရာကိုပြန်သွားလိုက်သည်။ သူမရဲ့ခေါင်းကိုငုံ့လိုက်ပြီး သူမရဲ့အတွေးကမ္ဘာထဲကို အလျင်အမြန်ဝင်ရောက်လိုက်သည်။
လုချယ်ကိုဆက်လက်ငေးမောကြည့်ခြင်းမရှိတော့ပေ။ ငတုံးကောင်းလုချယ်ကြောင့်စိတ်တိုရလွန်းလို့ သေသွားနိုင်သည်။
လုချယ်ကဘောပင်လေးကိုကိုက်ပြီးတော့ လုံကျဲရဲ့ကျောကုန်းကို ငေးကြည့်နေမိသည်။ သူ့ရဲ့နှုတ်ခမ်းလေးကလည်း မသိမသာ အပေါ်သို့တက်သွားသည်။
‘ကိုယ့်မျက်နှာကို သေချာကြည့်ခွင့်ပေးတဲ့မိန်းကလေးက မင်းတစ်ယောက်ထဲပဲ။ ပြီးတော့ မင်းကို လည်း ကိုယ်ငေးကြည့်ချင်တယ်’
အချိန်နှစ်ရက်ကြာပြီးနောက် ထျန်းနင်က ဂျေကေ၏အလုပ်အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးခြင်းကို အာရုံစိုက်နေရသည်။ အလုပ်တစ်ခုပြီးတစ်ခုကို လုပ်ဆောင်နေရပြီး ရိုက်ကွင်းပေါင်းများစွာကို သွားလာနေရသည်။
ထျန်းနင်ကို အဖော်ပြုပေးခဲ့သည့် မို့ထင်လည်း ပေကျင်းကို ပြန်ရန်အချိန်တန်ပြီဖြစ်သည်။ ညအချိန်မှ ထျန်းနင်ကအိမ်တော်သို့ ပြန်လာသည်။
အိမ်တော်သို့ပြန်ရောက်လာစဉ် မို့ထင်က လိုအပ်သည့်ပစ္စည်းများကို ခရီးဆောင်အိတ်ထဲထည့်ပြီး ကားကိုမှီကာ သူမကိုစောင့်မျှော်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဆက်တိုက်အနားယူလိုက်ရသောကြောင့် မို့ထင်၏ခန္ဓာကိုယ်က ပြန်လည်ကျန်းမာလာပြီး သူ့မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသည့် ပင်ပန်းနွမ်းနယ်မှုများလည်း ပျောက်ကွယ်သွားသည်။
ထျန်းနင် အလွန်အမင်း ကျေနပ်အားရမိသည်။ ထို့ကြောင့် ကားအရှေ့မှာပဲ မို့ထင်ကို ဖက်ထားလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းကို မက်မက်မောမော နမ်းရှိုက်လိုက်သည်။
"လန်ဒန်ကနေပြန်လာတာနဲ့ ထင်ရဲ့ဘေးနားမှာ ရပ်နိုင်တဲ့အရည်အချင်းရှိသွားပြီ"
ထျန်းနင်က မို့ထင်ရဲ့ရင်ဘက်ပေါ်မှီပြီးတော့ တီတီတာတာ ပြောလိုက်သည်။
"ချစ်ပေးထားတဲ့ကတိကို တည်မှာပါ"
မို့ထင်က သူ့ချစ်ဇနီးလေးရဲ့ ဆံပင်ကို ဖွဖွလေးသပ်ပြီးတော့ ခေါင်းလေးကို ဖွဖွလေး နမ်းလိုက်သည်။
"ချစ်လေးအတွက် သက်တော်စောင့် တချို့ ချန်ထားခဲ့မယ်။ ဘာတွေပဲဖြစ်ဖြစ် ကိုယ့်ကိုအရင်ဆုံးပြောဖို့၊ ဆက်သွယ်ဖို့ မမေ့ရဘူးနော်"
"ချစ် နားလည်ပါတယ်"
ထျန်းနင်က လေးလေးနက်နက် ခေါင်းကိုညိတ်လိုက်သည်။
"ဒါဆိုရင် အိမ်ကိုမြန်မြန်ပြန်လာခဲ့နော်"
"ထင် ရှိတဲ့နေရာတိုင်းက ချစ်ရဲ့အိမ်ပဲ"
ထိုစကားကိုပြောပြီးနောက် ထျန်းနင်က ခြေဖျားလေးကိုထောက်ပြီး မို့ထင်ရဲ့နှုတ်ခမ်းပါးလေးကို ထပ်မံ့ နမ်းရှိုက်လိုက်သည်။ မို့ထင်က ထျန်းနင်ရဲ့လည်ပင်းကို ဖက်ကာ သူမ၏နှုတ်ခမ်းကို မက်မက်မောမောပြန်လည်နမ်းရှိုက်လိုက်သည်။
သူတို့နှစ်ဦးသားစလုံး မောဟိုက်သည်အထိ နမ်းရှိုက်ခဲ့ကြသည်။ သို့သော်လည်း အိမ်တော်ကို ဝန်းရံထားသည့် ဧရာမနံရံကြီး၏နောက်ဘက်တွေ တခြားသူရှိနေသည်ကို သူတို့နှစ်ဦးစလုံး သတိမထားမိခဲ့ပေ။
သတင်းထောက်က သစ်ပင်ပေါ်ထိုင်ပြီး သူတို့နှစ်ယောက်ကို ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်နေသည်။ ညအချိန်ဖြစ်နေပြီး သူတို့နှင့် အတော်လေးဝေးကွာသောကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်းမရိုက်နိုင်ခဲ့ပေ။ သို့သော်လည်း သူတို့နှစ်ဦး နမ်းရှိုက်နေသည့်ပုံကို အပီအပြင် ဓာတ်ပုံရိုက်နိုင်ခဲ့သည်။ သူတို့၏ မျက်နှာကိုမမြင်နိုင်သော်လည်း သူတို့၏အပြုအမူက ဓာတ်ပုံတွင် ရှင်းလင်းစွာမြင်နေရသည်။
ဟွားရုံရဲ့သတင်းထောက်က ထျန်းနင်နဲ့ပတ်သက်နေသည့် အမျိုးသား၏မျက်နှာကို မရိုက်ရ၍ ဝမ်းနည်းမိသော်လည်း အနည်းဆုံးထျန်းနင်က တခြားတစ်ယောက်နှင့် နမ်းရှိုက်နေသည့်ပုံကို ရိုက်ကူးနိုင်ခဲ့သည်။ ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့၍ သူလိုချင်သည့် ရလဒ်ကိုပိုင်ဆိုင်ခဲ့သည်။
…
"ထျန်းနင် နင်တခြားသူတွေကို ဘယ်လိုမျိုးရှင်းပြမလဲဆိုတာ ငါစောင့်ကြည့်ရသေးတာပေါ့"
မို့ထင်ကို ပို့ဆောင်ပြီး ထျန်းနင်က အိမ်တော်ကို ပြန်လာခဲ့သည်။ သူမတို့အတူတူထိုင်ခဲ့ဖူးသည့် ဆိုဖာလေးကို တိတ်တဆိတ်ငေးကြည့်ပြီး အထီးကျန်အဖော်မဲ့သည့် ခံစားချက်များက သူမ၏စိတ်အာရုံထဲ ရုတ်တရက်ဝင်ရောက်လာသည်။
သူမချစ်ခင်ရသည့် မို့ထင် ထွက်သွားသည်မှာ သိပ်မကြာသေးသော်လည်း သူမ၏ နှလုံးသားက သူမ၏စိတ်အလိုကို ဆန့်ကျင်ပြီး မို့ထင်ကို လွမ်းဆွတ်တမ်းတနေသည်။
သို့သော်လည်း စူပါမော်ဒယ်တစ်ယောက်ဖြစ်လာရန် နိုင်ငံတကာအဆင့်မီ မော်ဒယ်ရှိုးပွဲများတွင် ပါဝင်သင့်ကြောင်း သူမနားလည်ထားသည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးသည် ပေကျင်းတွင် မရရှိနိုင်သည့် အောင်မြင်မှုမျိုးဖြစ်သည်။ ထျန်းနင်လိုပဲ လုံကျဲလည်း ဝမ်းနည်းသလို ခံစားနေရသည်။ EQနိမ့်လွန်းသည့် လုချယ်လေးကို လွမ်းဆွတ်နေမိသည်။
"မနက်ဖြန်ကစပြီး အလုပ်ကိုအာရုံစိုက်ကြတာပေါ့။ နင်လည်းအလုပ်ရှုပ်နေတော့ တခြားကိစ္စတွေတွေးဖို့ အချိန်မရှိတော့ဘူးလေ"
လုံကျဲက ထျန်းနင်ရဲ့စိတ်ကိုသိနေ၍ သူမကိုနှစ်သိမ့်ရန် ပခုံးကလေးကို ပုတ်လိုက်သည်။
ထျန်းနင်က ခဏမျှနှုတ်ဆိတ်နေပြီးမှ လုံကျဲကိုလှည့်ကာ စကားပြောလိုက်သည်။
"နင်လည်းအားတင်းထားပါ"
လုံကျဲရှက်သွေးဖြာသွားသည်။
"နင်ဘာတွေပြောနေတာလဲ"
သူမရဲ့အတွင်းစိတ်ကူးကို ထုတ်ဖော်ပြသရန် မလိုအပ်ပေ။ ထျန်းနင်အနည်းငယ်ပြုံးလိုက်သည်။ တိုတောင်းသော အချိန်နှစ်ရက်ကုန်လွန်သွားပြီး ချန်ထျန်းရဲ့သတင်းကို မကောင်းသောသတင်းအသစ်များက လွှမ်းမိုးသွားသည်။ အသံဖိုင်ကခေါင်းကြီးပိုင်းရဲ့ထိပ်မှာရှိနေသော်လည်း အင်တာနက်သုံးစွဲသူများ၏ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းမရှိတော့ပေ။
ဒီရက်ပိုင်းအတွင်း လန်ရှီကလည်း ချန်ထျန်းဖျော်ဖြေရေး ဆက်လက်လည်ပတ်နိုင်ရန် ကြိုးစားအားထုတ်ရင်း အလုပ်ရှုပ်နေသည်။ ထျန်းနင်ရှိနေသေး၍ ချန်ထျန်း၏အလုပ်ကိစ္စများက တဖြည်းဖြည်းပုံမှန်လို လည်ပတ်လာခဲ့သည်။ သို့သော်လည်းနှစ်ရက်အတွင်း လော်ဟောင်ပျောက်နေသည်က ပုံမှန်မဟုတ်ချေ။
လော်ဟောင်က ဟန်ရှင်းအာ၏အခြေအနေကိုသာ အာရုံစိုက်နေပြီး ဟန်ရှင်းအာသူငယ်ချင်းနှင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။ ဟန်ရှင်းအာသူငယ်ချင်းကို အလိမ်အညာပေါင်းများစွာပြောဆိုပြီး ထျန်းနင်ကို နားလည်မူလွှဲအောင် ကြိုးစားနေသည်။
ဥပမာအနေနှင့်ပြောရလျှင် ဟန်ရှင်းအာ သူငယ်ချင်း၏အိမ်ကို ငွေထုပ်ကြီးပိုက်၍သွားသည့် အပြုအမူမျိုးဖြစ်သည်။
"ထျန်းနင်က မော်ဒယ်တစ်ယောက်ပါ။ သူမရဲ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ကြိုးစားတာပုံမှန်ပါပဲ။ ဒါ့ကြောင့်ရှင်းအာက နားလည်မယ်လို့မျှော်လင့်ပါတယ်"
"ဒါပေမဲ့ ရှင်းအာကိုကယ်မယ်လို့ထျန်းနင်က ကတိပေးထားခဲ့တယ်လေ"
လော်ဟောင်က ကောင်မလေးရဲ့ဒေါသကို အစပျိုးပေး နေသည်။
"ယွမ်ယွမ် မင်းနားလည်ပေးဖို့လိုအပ်တယ်။ ထျန်းနင်က မော်ဒယ်တစ်ယောက်လေ။ သူရဲ့အလုပ်တွေကို ဘေးချိတ်ထားလို့လည်း မရဘူး။ စာချုပ်ကို ဖောက်ဖျက်လို့လည်းမရဘူး"
"ထျန်းနင်နဲ့ပတ်သက်တဲ့ စာချုပ်တွေကို ကျွန်မဂရုမစိုက်ဘူး။ ကျွန်မသိတာကတော့ ထျန်းနင်ကရိုးသားမူမရှိဘူးပဲ"
ကောင်မလေးရဲ့နာမည်က ယွမ်ယွမ်ဖြစ်သည်။ ယွမ်ယွမ်အမည်ရှိသော ကောင်မလေးသည် ဒေါသတကြီး ပြန်ဖြေလိုက်သည်။
"ထျန်းနင်က ရှင်းအာကိုပေးတဲ့ ကတိကိုမတည်နိုင်တည်းက ထိပ်တန်းမော်ဒယ်ဖြစ်ဖို့ မထိုက်တန်ဘူး။ ရှင့်ရဲ့ပိုက်ဆံတွေကို ပြန်ယူသွားလိုက် ပိုက်ဆံစကားပြောနေစရာမလိုဘူး။ ကျွန်မမှာလည်းပိုက်ဆံရှိပြီးသား"
အပိုင်း ၂၀၁ ပြီးပါပြီ။
အပိုင်း(၂၀၂) ထျန်းနင်ပြောသမျှ အတိအကျပြန်ပြောမှာလား
လော်ဟောင်က ယွမ်ယွမ်၏ရှေ့မှာ ကူကယ်ရာမယ့်သည့်ပုံစံဖြင့် သရုပ်ဆောင်နေသည်။ ယွမ်ယွမ်ကို ကူညီပေးချင်သော်လည်း ရွေးချယ်ခွင့်မရှိသည့် ဟန်အမူအရာကို အပြည့်အ၀ အပီအပြင် သရုပ်ဆောင်နေခဲ့သည်။
ယွမ်ယွမ်အိမ်မှ ထွက်ခွါသွားသည်နှင့် သူ့ရဲ့ဦးခေါင်းကို ငုံ့လိုက်ပြီး ရက်စက်ယုတ်မာသောအပြုံးကို ဖော်ပြလိုက်သည်။ ဒီကမ္ဘာမြေပေါ်မှာ ထျန်းနင်ကို ရွံရှာမုန်းတီးသည့် တခြားသူတစ်ယောက် ပေါ်လာတော့မည်။
နောက်ဆုံးတော့ ယွမ်ယွမ်က ဟန်ရှင်းအာရှိသည့် ဆေးရုံကို ဒေါနှင့်မောနှင့် သွားလိုက်သည်။ ထိုစဉ် ဟန်ရှင်းအာက တီဗီပေါ်တွင်လာနေသည့် ထျန်းနင်၏မော်ဒယ်ရှိုးပွဲကို စောင့်ကြည့်ကာ သူမ၏နာကျင်သည့်ဝေဒနာကို သည်းခံနေသည်။ ယွမ်ယွမ်က ဟန်ရှင်းအာလက်ထဲက ရီမုကို လုယူလိုက်သည်။
"ဒီမိန်းမကို အထင်တွေကြီးမနေပါနဲ့။ အဲဒီမိန်းမက နင့်ကိုကယ်ချင်တဲ့အတွေး မရှိဘူး"
ဟန်ရှင်းအာက ယွမ်ယွမ်၏စိတ် ပုံမှန်အခြေအနေမဟုတ်သည်ကို နားလည်လိုက်သည်။ ထို့ကြောင့် မတ်တတ်ထရပ်ကာ မေးမြန်းလိုက်သည်။
"အခုနောက်ပိုင်း နင်ဘာတွေဖြစ်နေတာလဲ။ ထျန်းနင်နဲ့ပတ်သက်ပြီး မကောင်းကြောင်းပဲ ခဏခဏပြောနေတယ်။ ဘာလို့လဲ"
"ငါ ထျန်းနင်ရဲ့အေဂျင်စီကို သွားခဲ့တယ်။ ဒါပေမယ့် ချန်ထျန်းက ဝန်ထမ်းက ငါ့ကိုငွေနဲ့မောင်းထုတ်တယ်လေ။ ထျန်းနင်က နင့်ကို ကျောက်ကပ်လှူပါမယ်ဆိုတဲ့ကတိကို မတည်နိုင်ဘူးတဲ့။ သူကမော်ဒယ်ဖြစ်နေလို့ သူ့ရဲ့ခန္ဓာကိုယ်က အရေးကြီးတယ်တဲ့။ နင့်ကို ကျောက်ကပ်လှူဖို့ အတွေးမရှိဘူးဆိုတာ သိသာနေတာပဲလေ"
ထိုစကားကိုပြောပြီးနောက် ဟန်ရှင်းအာ၏မျက်လုံးများက အနည်းငယ်လှုပ်ရှားသွားသည်။ ယွမ်ယွမ်၏လက်မောင်းကို ချက်ချင်းဆုပ်ကိုင်ကာ မေးမြန်းလိုက်သည်။
"နင် ဘာလို့ ချန်ထျန်းကိုသွားတာလဲ။ ချန်ထျန်းဖျော်ဖြေရေးက ထျန်းနင်ကို ဖျက်စီးဖို့ မစောင့်ချင်တော့ဘူးထင်တယ်။ နင် သူတို့ရဲ့အသုံးချခံ ဖြစ်ချင်လို့လား။ သူတို့တွေက နင့်ကိုအသုံးချနေတယ်ဆိုတာ နင်သိရောသိရဲ့လား"
ယွမ်ယွမ် တအံ့တဩဖြစ်သွားပြီးတော့ ဟန်ရှင်းအာကိုမော့ကြည့်လိုက်သည်။
"နင်ပြောနေတာတွေအားလုံးက အမှန်ပဲလား"
"ငါနင့်ကို အရင်ကတည်းကပြောပြီးသားလေ။ အနုပညာရှင်တွေနဲ့ပတ်သက်တဲ့သတင်းကို များများကြည့်ပါလို့"
ဟန်ရှင်းအာက သူမရဲ့သူငယ်ချင်းကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး သူမရဲ့စိတ်က တဖြည်းဖြည်းတည်ငြိမ်သွားသည်။ ပြီးတော့ သူမဆက်ပြောလိုက်သည်။
"ထျန်းနင်က ကျောက်ကပ်လှူပါမယ်လို့ ငါ့ကိုပေးထားတဲ့ကတိကို မတည်နိုင်ဘူးလို့ နင်ပြောတယ်နော်။ အဲဒါက ထျန်းနင်ပြောတဲ့စကားကို နင့်နားနဲ့ကြားခဲ့တာလား။ ထျန်းနင်နှုတ်က ပြောတဲ့စကားမဟုတ်ရင် ကြားလူပြောတဲ့စကားကို နင်ကဘာလို့ ယုံကြည်နေရတာလဲ"
"ငါ… ငါ…"
ယွမ်ယွမ်မှာ ပြောစရာစကားများကုန်ဆုံးသွားပြီး နှုတ်ဆိတ်နေမိသည်။
"ပြီးတော့ ယွမ်ယွမ် ငါထပ်ပြောဦးမယ်။ ငါ့ရဲ့ရောဂါနဲ့ ထျန်းနင်နဲ့က ဘာမှမသက်ဆိုင်ဘူး။ ငါ့ကိုကယ်တင်ပေးဖို့ တာဝန်လည်း ထျန်းနင်မှာမရှိဘူး။ ထျန်းနင်က ငါ့ကိုတာဝန်ယူထားတာလဲ မဟုတ်ဘူး။ နင်လည်း ပညာတတ်တစ်ယောက်ပဲ။ ဒီလို စကားရှင်းရှင်းလေးကို နားလည်နိုင်မယ်လို့ ငါယုံကြည်တယ်"
ထိုစကားကို ပြောပြီးနောင် ဟန်ရှင်းအာက ယွမ်ယွမ်နှုတ်ဆိတ်နေသည့် အခြေအနေကို သတိထားမိသွားသည်။ ထို့ကြောင့် သူမလည်း ဆက်လက်တောင်းဆိုလိုက်သည်။
"နောက်တစ်ခေါက် ချန်ထျန်းကလူတွေ နင့်ကိုလာတွေ့ရင် ငါ့ကိုသတိပေး။ ဒီလူတွေရဲ့စရိုက်အမှန်ကို နင်မြင်အောင် ငါပြပေးမယ်"
ယွမ်ယွမ်က ခေတ္တခဏမျှတွေဝေသွားသော်လည်း သူမသူငယ်ချင်းကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ယွမ်ယွမ်ခေါင်းညိတ်ပြလိုက်သည်။
"ငါ နင်တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ပါ"
ယွမ်ယွမ် ပြန်ဖြေလိုက်သည်။
"ငါအဆင်ပြေပါတယ်။ ကိစ္စမရှိပါဘူး"
…
ထျန်းနင်က လန်ဒန်မှာ လဝက်နီးပါးလောက် ဆက်တိုက်အလုပ်လုပ်ပြီးနောက် ထျန်းနင်ရဲ့အိပ်ချိန်သည် တစ်နေ့တာတွင် လေးနာရီသို့ လျော့ကျသွားသည်။ သို့သော်လည်း ပင်ပင်ပန်းပန်းကြိုးစားမှု၏ရလဒ်ကြောင့် နိုင်ငံတကာတန်းဝင် ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များ၏ ပင်တိုင်မော်ဒယ်အလုပ်များကို ရရှိသည့်အပြင် နိုင်ငံတကာတွင် ဦးဆောင်နေသော အမှတ်တံဆိပ်တချို့မှ ကျင်းပသည့် မော်ဒယ်ရှိုးပွဲများတွင်လည်း ပါဝင်ခွင့်ရခဲ့သည်။
ထျန်းနင်၏ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ အန်ကျီဟောင်မထွက်သွားခင်က ချန်ထျန်းနှင့် စာချုပ်မဖျက်ဆိုခဲ့၍ ယခုလိုရလဒ်မျိုး ပိုင်ဆိုင်ရခြင်း ဖြစ်သည်။ လန်ရှီကလည်း သူမ၏အလုပ်နှင့်သူမ အလုပ်ရှုပ်နေ၍ ထျန်းနင်၏ကိစ္စမှာ ဝင်ရှုပ်ချိန် မရှိတော့ပေ။
ထိုစဉ် ထျန်းနင်က သူမရဲ့ အရေးကြီးတဲ့စာချုပ်စာတမ်းများကို မို့ထင်နှင့် ဆွေးနွေးတိုင်ပင်ပြီး တခြားကျန်ရှိသည့် စာချုပ်စာတမ်းများကို လုံကျဲနှင့်အတူတူလေ့လာကြသည်။
သူမ၏အနုပညာကြေးနှင့် အင်တာဗျူးများကိုလည်း သူတို့နှင့်သာ ဆွေးနွေးတိုင်ပင်ခဲ့သည်။ ထျန်းနင်၏ အဓိကတာဝန်က မလိုအပ်သည့် တောင်းဆိုမှုများကို မတောင်းဆိုပဲ သူမ၏အလုပ်ကို တာဝန်ကျေစွာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကြော်ငြာရှင်များက သူမကို အလွန်အမင်း သဘောကျ နှစ်ခြိုက်ခဲ့ကြသည်။
ထျန်းနင်က နိုင်ငံခြားမှာ အချိန်အကြာကြီး ရှိနေခဲ့သည့်အတွက် သူမ၏တိုင်းပြည်တွင် သူမနှင့်ပတ်သက်သည့် သတင်းများ လျော့ကျသွားသည်။ အောင်မြင်မှု ရရှိဖို့အတွင် ချန်ထျန်းကို အားကိုးနေစရာ မလိုအပ်တော့ပေ။ ဂျေကေနှင့် အတူတူ အလုပ်လုပ်ပြီးတဲ့နောက်မှာ သူမ၏အောင်မြင်မှုက ချန်ထျန်းကို ကျော်လွန်သွားခဲ့သည်။ သို့သော်လည်း ပေကျင်းတွင်လှိုက်စားနေသည့် ဒုက္ခများကိုတော့ အပေါ်ယံကြည့်ရုံဖြင့် မသိနိုင်ပေ။
လော်ဟောင်နှင့် လန်ရှီက သူမ၏အောင်မြင်မှုကို အသုံးချပြီး ချန်ထျန်း ဖျော်ဖြေရေးလည်ပတ်အောင် ကြိုးစားသည့်အပြင် လန်ရှီကလည်း တခြားသော အေဂျင်စီမှ အလားလာရှိသော အသစ်ကလေးများကို လုယူရန် ကြိုးပမ်းနေသည်။
သို့သော်လည်း လန်ရှီက ထျန်းနင်ရဲ့အလုပ်ကိစ္စမှာ ဝင်မရှုပ်တော့သော်လည်း ထျန်းနင်ကို မျက်စိထောင့်ထောက်
ကြည့်နေသေးသည်။ နိုင်ငံတကာအဆင့် မော်ဒယ်ရှိုးပွဲများတွင် ထျန်းနင်၏အောင်မြင်မှုကို မြင်တွေ့ရပြီးနောက် လော်ဟောင်နှင့် ပူးပေါင်းကာ ထျန်းနင်ကိုမကောင်းကြံစည်ရန် မကြိုးစားတော့ပေ။ သူမ၏အရှုံးကို ဝန်ခံရန် အသင့်ဖြစ်နေပုံရသည်။ ထျန်းနင်ကို နှောက်ယှက်ဖို့ လန်ရှီကဘာကိုများ အသုံးချနိုင်ဦးမှာလဲ။
ထိုစဉ် လုံကျဲက စာကြည့်ခန်းထဲတွင်ရှိနေပြီး ပြက္ခဒိန်ပေါ်တွင် အနီရောင်ကြက်ခြေခတ် အမှတ်အသားများကို မှတ်နေပြီး ထျန်းနင်နှင့် သူမအိမ်ပြန်ရမည့် ရက်များကို ရေတွက်နေသည်။
သူမ၏စိတ်ထဲမှာ လုချယ်ကို လွမ်းဆွတ်တမ်းတနေ၍ လုချယ်နှင့် နောက်တစ်ကြိမ်ပြန်တွေ့ရမည့် နေ့ရက်များကို ရေတွက်နေပုံရသည်။
ထျန်းနင်လည်း လုံကျဲပိန်သွားသည်ကို သတိထားမိခဲ့သည်။ အလုပ်ကြိုးစားလို့ပဲလား။ ဒါမှမဟုတ် လုချယ်ကို အရမ်းလွမ်းသွားလို့များလား။ ထျန်းနင်က သူမရဲ့အိပ်ခန်းကိုပြန်သွားပြီးတော့ အိပ်ရာပေါ် လဲလျောင်းကာ မို့ထင်နှင့် ဖုန်းပြောနေသည်။ အချိန်နောက်ကျသည့်တိုင်အောင် သူမ မအိပ်ခင် မို့ထင်၏အသံကိုကြားပြီးမှ အိပ်စက်အနားယူချင်သည်။
ထို့ကြောင့် မို့ထင်၏အချိန်ဇယားတွင် ထျန်းနင်နှင့်ဖုန်းပြောရခြင်းသည် အဓိက ဦးစားပေးဖြစ်လာသည်။ တစ်ခါတစ်ရံ ထျန်းနင်က ဖုန်းကိုကိုင်ပြီးတော့ အိပ်ပျော်သွားတတ်သည်။ သို့သော်မို့ထင်က သူမ၏ဖုန်းကို ချလိုက်ခြင်းမရှိပေ။ သူမ မနက်နိုးလာသည်အထိ ဖုန်းကိုဖွင့်ထားပြီး ဂွတ်မောနင်းဟု နှုတ်ဆက်လေ့ရှိသည်။
လုချယ်က ယခုလိုမြင်ကွင်းမျိုးကို မြင်တွေ့နေကျဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့သူဌေး၏ ခန္ဓာကိုယ်က လန်ဒန်မှာမရှိသော်လည်း ခန္ဓာကိုယ်က လန်ဒန်၏အချိန်ဇယားနှင့်အတူ ပြေးလွှားနေသည်။
"ထင် ချစ်လေး ပြန်လာဖို့ ဘယ်နှစ်ရက်ကျန်သေးလဲ"
"လေးရက်"
မို့ထင်က ချိုသာသောအသံဖြင့် ပြန်ဖြေလိုက်သည်။
"အွန်း လေးရက်က ခဏလေးအတွင်း ကုန်သွားမှာပါ"
ထျန်းနင်က တီးတိုးရေရွတ်လိုက်သည်။
"ထင်ကို အရမ်းလွမ်းတယ်။ ဒီအလွမ်းတွေကို ဆက်ပြီး သည်းခံချင်စိတ်မရှိတော့ဘူး"
"ကိုယ်ပြန်သွားတာ နှစ်ရက်ပဲရှိပါသေးတယ်"
မို့ထင်က ချစ်မြတ်နိုးသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင် ယောက်ျားက ချစ်လေးကို မလွမ်းဘူးပေါ့"
"ကိုယ် ပြန်သွားကတည်းက မင်းကို အရမ်းလွမ်းနေတာပါ။ ကိုယ့်ရဲ့အလွမ်းကိုဖော်ပြလို့ရတဲ့ ဘယ်အရာမှမရှိနိုင်ဘူး"
ထိုစကားကိုကြားလိုက်ပြီးနောက် ထျန်းနင်၏မျက်နှာက ရှက်သွေးဖြာသွားသည်။
"ချစ်လေးကိုစောင့်နေပါ။ သိပ်မကြာခင်ပြန်လာတော့မှာပါ။ ချစ်လေးကိုစောင့်နေနော် ဟုတ်ပြီလား"
သူမကြိုးစားခဲ့သမျှအရာအားလုံးသည် မို့ထင်နှင့် တန်းတူရပ်နေနိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။ မို့ထင်ရဲ့ဘေးနားမှာ တောက်ပစွာနေချင်မိသည်။ မို့ထင်က သူ့လက်မှာစွပ်ထားသည့် မင်္ဂလာလက်စွပ်ကို ငေးကြည့်ပြီး တစ်စုံတစ်ရာကို နားလည်သွားသည်။
"ကိုယ်တို့တွေက တစ်ဘဝလုံး အတူတူရှိပြီး ဆက် ချစ်နေရဦးမှာလေ။ ကိုယ်စောင့်နိုင်ပါတယ်"
ထျန်းနင်က ကျေနပ်စွာပြုံးလိုက်သည်။ မို့ထင်သာသူမနားမှာရှိလျှင် သူမရှေ့ဆက်တိုးချင်သည့် သတ္တိများရှိသည်။
…
ဟန်ရှင်းအာက လော်ဟောင်ကိုတွေ့ဆုံချင်ကြောင်း ယွမ်ယွမ်ကိုပြောခဲ့သည့်အချိန်သည် လဝက်နီးပါးကျော် ကြာညောင်းခဲ့သည်။ နောက်ဆုံးတော့ ယွမ်ယွမ်ကို လော်ဟောင် ဆက်သွယ်လာခဲ့သည်။ ယွမ်ယွမ်ကလည်း ဆေးရုံပေါ်တွင် လဲလျောင်းနေသည့် ဟန်ရှင်းအာကို ဆေးရုံဝန်ထမ်းများ သတိမထားမိခင်ခေါ်ဆောင်လာရန် ကားမောင်းသမားကို ညွှန်ကြားခဲ့သည်။
လော်ဟောင်က ယွမ်ယွမ်ကို လာရောက်တွေ့ဆုံသည့်အခါ ထျန်းနင်ပြောသည့်စကားကို လာရောက်ပြောပေးသည့် ဟန်ပန်အမူအရာဖြင့် ရောက်ရှိလာသည်။
"ထျန်းနင်က ဒီရက်ပိုင်းအတွင်း ပြန်လာတော့မယ်။ သူပြန်လာတဲ့အချိန် မကောင်းတဲ့သတင်းတွေ နာမည်ကြီးအောင် မဖြန့်ဖို့ ပြောထားတယ်။ ဒီလိုအောင်မြင်မှုမျိုးရလာဖို့က ထျန်းနင်အတွက် မလွယ်ကူဘူးလေ။ သူမရဲ့အောင်မြင်မှုကို ဖျက်စီးတာ လိုချင်ပါ့မလား"
ယွမ်ယွမ်က လော်ဟောင်ကိုကြည့်လိုက်သည်။ ဟန်ရှင်းအာ၏သတိပေးစကားကြောင့် သူမအနည်းငယ်ဉာဏ်ရှိလာသည်။ ထို့ကြောင့် သူမတမင်ရည်ရွယ်ပြီးတော့ စကားပြန်ပြောလိုက်သည်။
"ထျန်းနင်ကို ကတိတည်ဖို့ မပြောတော့ပါဘူး။ ဒီအတွေးကို ကျွန်မစွန့်လွတ်လိုက်ပြီ။ ထျန်းနင်ရဲ့အဆင့်အတန်း၊ ကျော်ကြားမှုတွေ ဟုတ်လား။ ထျန်းနင်က မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်လို့လား။ ရှင်းအာ တစ်ခုခုဖြစ်သွားရင်တော့ ထျန်းနင်ဘဝတစ်ခုလုံး နောင်တရစေရမယ်"
ယွမ်ယွမ်ဒေါသထွက်နေမိသည်။
"ယွမ်ယွမ်မိန်းကလေးရယ် ဒေါသမထွက်ပါနဲ့။ ထျန်းနင်မှာလည်းရွေးချယ်စရာမရှိလို့ပါ"
"ဟွန့်"
ယွမ်ယွမ်က ဒေါသတကြီး အံကြိတ်လိုက်သည်။
"ထျန်းနင်က စကားပါးလိုက်ပါတယ်။ ကိုယ့်ကိစ္စကို ဖြေရှင်းပါတဲ့"
"လော်လူကြီးမင်း အမှန်အတိုင်းပြောပါ။ ဒီစကားတွေက ထျန်းနင်နှုတ်က ထွက်လာတာလား"
ယွမ်ယွမ်က လော်ဟောင်၏ ယုတ်မာသောစိတ်ထားကို ပေါ်လွင်အောင် တမင်ရည်ရွယ်၍ ထိုစကားကို ပြောလိုက်သည်။ ယွမ်ယွမ်၏ဒေါသထွက်နေသောမျက်နှာကို မျက်နှာချင်းဆိုင်ကြည့်ပြီး ခေတ္တခဏမျှတွေဝေနေပြီးမှ ပြန်ဖြေလာသည်။
"ဟန်ရှင်းအာ နင်နဲ့ငါနဲ့က ဘာမှမသက်ဆိုင်တော့ဘူး။ နင့်ဘာသာသေချင်သေ မသေချင်နေ ငါနဲ့မသက်ဆိုင်ဘူး။ နင်သေသွားရင်ပိုကောင်းတာပေါ့။ ဟန်မိသားစုဝင်အားလုံးက သေဖို့ထိုက်တန်တယ်။ နင့်ကိုကယ်ပေးဖို့အတွက် အိပ်မက်တွေလည်းမက်မနေနဲ့။ စိတ်ကူးတွေလည်းယဉ်မနေနဲ့။ ငါက ကျော်ကြားတဲ့မော်ဒယ်ဖြစ်သွားပြီ။ ငါနဲ့မသက်ဆိုင်တဲ့လူတစ်ယောက်ကို ကျောက်ကပ်လှူရလောက်အောင် ငါမေတ္တာတရား မကြီးမားဘူး။ အိမ်မက်သာမက်နေလိုက်တော့"
"ဒီစကားတွေကို ထျန်းနင်ပြောခဲ့တာသေချာလား"
ယွမ်ယွမ်၏မျက်နှာက ဒေါသစိတ်ကြောင့်နီရဲနေသည်။
"ဒါပေါ့ ဒီစကားတွေအားလုံးက ထျန်းနင်ပြောခဲ့တာပါ"
လော်ဟောင်ခေါင်းညိတ်လိုက်သည်။ ယွမ်ယွမ်၏မျက်နှာအမူအရာကို လေ့လာလိုက်ပြီး သူလည်းဆက်ပြောလိုက်သည်။
"ဒီစကားတွေအားလုံးက ထျန်းနင်နှုတ်ကထွက်လာတယ်ဆိုတာ သေချာပါတယ်"
ထိုစဉ် ယွမ်မိသားစုအိမ်တော်၏ ထမင်းစားဆောင်တံခါးကို တစ်စုံတစ်ယောက်က တွန်းဖွင့်လာသည်။ တံခါးအပေါက်ဝတွင် ဟန်ရှင်းအာ မတ်တတ်ရပ်နေသည်။ သူမက ယွမ်ယွမ်နှင့် လော်ဟောင်တို့အနားကို အိမ်အကူ၏အကူအညီဖြင့် ချဉ်းကပ်လာသည်။ ဖြူဖျော့နေသောမျက်နှာဖြင့် လော်ဟောင်ကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။
"ထျန်းနင်ပြောတာသေချာလို့လား။ ရှင်ပြောတာ တကယ်သေချာလား"
အပိုင်း၂၀၂ပြီးပါပြီ။
အပိုင်း(၂၀၃) နင် လိမ်နေတာ
"နင်လိမ်နေတာ"
လော်ဟောင်က ယွမ်ယွမ်နှင့် ဟန်ရှင်းအာကို မလုံမလဲကြည့်လိုက်သည်။ သူ့ယုံကြည်မှုများ ပျောက်ကွယ်သွားသလို ခံစားမိသည်။ ယခင်က ဟန်ရှင်းအာကို မမြင်ဘူးခဲ့သော်လည်း နေမကောင်းမှန်းသာ သိထားသည်။
သေတော့မည့်လူတစ်ယောက်ကို လေကုန်ခံပြီး ရှင်းပြနေစရာ မလိုအပ်ဘူးဟုလည်း သူယူဆမိသည်။
ထို့ကြောင့် သူ့ရှေ့တွင်ရှိသော ဟန်ရှင်းအာကို တည့်တည့်ကြည့်ရှုလိုက်ပြီး အကဲခက်လိုက်သည်။
သူမ၏မျက်ဝန်းတွင် ဒေါသများကို မြင်တွေ့နေရသည်။
ထျန်းနင်ပြောခဲ့ပါတယ်လို့ ကလိမ်ကလည် ပြောခဲ့တဲ့စကားတွေကြောင့် ဒေါသထွက် နေတာများလား။
ဘာပဲဖြစ်ဖြစ် နောက်ပြန်လှည့်ရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူ့ရဲ့နဂို ဟန်ပန်အမူအရာကိုပြန်ထိန်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့ ငါကချန်ထျန်းရဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ငါက ထျန်းနင်ကို သိက္ခာကျစေမယ့်စကားတွေ ပြောစရာလား"
ဟန်ရှင်းအာက လော်ဟောင်ကို အကဲခတ်လိုက်ပြီးတော့ ခေါင်းအစ ခြေအဆုံးကြည့်လိုက်သည်။ စကားနှစ်ခွန်းကို မပြောခင် သူမအနည်းငယ် ပြုံးနေသည်။
"ရှင် လိမ်နေတာ။ လော်လူကြီးမင်း ယွမ်ယွမ်လေးက ရိုးစင်းပြီး နုံအလို့ရှင့်ရဲ့အလိမ်အညာကို ယုံကြည်ခဲ့ပေမယ့် ရှင့်ရဲ့အလိမ်အညာက လူတိုင်းအပေါ်အသုံးဝင်မယ်လို့ ရှင်ထင်နေတာလား။ ချန်ထျန်းဖျော်ဖြေရေးက ထျန်းနင်ကို ဘာလုပ်ခဲ့လဲဆိုတာ လူတိုင်းနီးနီးသိနေတာပဲ"
"ထျန်းနင်ကိုအမြဲဖိနှိပ်ဖို့ ကြိုးစားခဲ့တယ်။ ယွမ်ယွမ်က လိုင်းမသုံးလို့သာ မျက်ကန်းတစ္ဆေလို ရှင့်စကားတွေကို ယုံကြည်မိတာပေါ့။ ချန်ထျန်းရဲ့အရှက်ရဖွယ်ကောင်းတဲ့ ဒီမှတ်တမ်းတင်ထားတဲ့အသံဖိုင်က ခေါင်းကြီးပိုင်းရဲ့ထိပ်ဆုံးမှာ ရှိနေတာကြာပြီလေ။ ငါတို့ကိုငတုံးငအလို့များ ထင်နေတာလား"
လော်ဟောင်က ဟန်ရှင်းအာစကားကြောင် မှင်သေသေဖြစ်သွားသည်။ သူ့မှာ ပြန်လည် ခွန်းတုန့်ပြန်နိုင်သည့် စကားလုံးများကင်းမဲ့နေသည်။ ဟန်ရှင်းအာ၏မျက်နှာကို တအံ့တဩငေးကြည့် ရုံသာတတ်နိုင်သည်။
"ထျန်းနင်နဲ့ ငါနဲ့ တစ်ယောက်ကို တစ်ယောက်သိခဲ့တာ ဘယ်လောက်တောင် ကြာနေပြီလို့ နင်က ထင်နေတာလဲ။ ထျန်းနင်က ဒီလိုစကားမျိုး ပြောလာလိမ့်မယ်လို့ ငါက ယုံကြည်သွားမယ်လို့ ထင်နေလား။ ထျန်းနင်ရဲ့ပါးစပ်ကပြောလာမှပဲ ငါယုံကြည်နိုင်မယ်"
"နောက်ပြီးတော့ ထျန်းနင်က ဒီလိုစကားမျိုး ဘယ်တော့မှပြောမှာမဟုတ်ဘူး"
ဟန်ရှင်းအာ၏ ခန္ဓာကိုယ်က အလွန်အမင်း အားအင်ချည့်နဲ့ နေသည်။ နှစ်ပေါင်းများစွာ နေမကောင်း ဖြစ်ခဲ့သည့် အတွက် သူမ၏ခန္ဓာကိုယ်က အကောင်းဆုံး အခြေနေမရှိပေ။
သို့သော်လည်း နှစ်ဆယ်ကျော် အရွယ်ကောင်မလေးရဲ့ အပြောအဆိုနှင့် အကြည့်များကြောင့် မလုံမလဲ ဖြစ်နေရသည်။
နှစ်ဆယ်ကျော်အရွယ်ကောင်မလေးသည် နေမကောင်းဖြစ်နေသော်လည်း သူမယုံကြည်သည့်သူကို ကာကွယ်ပေးရန် ကြိုးစားနေသည်။
"လော်လူကြီးမင်း ရှင်တို့ရဲ့သူဌေးကို သွားပြီးပြောလိုက်ပါ။ ကျွန်မကိုအသုံးချပြီးတော့ ထျန်းနင်ကိုတိုက်ခိုက်ဖို့ မစဉ်းစားပါနဲ့လို့။ အိမ်မက်သာမက်နေလိုက်တော့"
"ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး။ ပြီးတော့ ကျွန်မသူငယ်ချင်းနဲ့လည်း ဝေးဝေးနေပေးပါ။ ကျွန်မသူငယ်ချင်းက ဖြူစင်တယ်၊ ရိုးသားတယ် ရှင်တို့လောကရဲ့ ယုတ်မာရက်စက်မှုတွေကို သူမသိဘူး။ ရှင်တို့ကြောင့် ကျွန်မသူငယ်ချင်းကို မထိခိုက်စေချင်ဘူး။ ထွက်သွားလို့ရပါပြီ"
နောက်ဆုံးတော့ ဟန်ရှင်းအာက လော်ဟောင်ကို စကားတစ်ခွန်းမှပြောခွင့်မပေးပဲ ထွက်သွားခိုင်းလိုက်သည်။ သူမ ကျန်းကျန်းမာမာဖြင့် အသက်ရှင်ချင်သော်လည်း တခြားသူကို အသုံးချပြီးတော့ အသက်ဆက်ရှင်ချင်စိတ်မရှိပေ။ အမှန်တကယ်ပြောရရင် ထျန်းနင်နဲ့သူမ၏အကို လမ်းမခွဲခင်ကတည်းက သူမအစ်ကိုရဲ့ထူးဆန်းသော အကျင့်စရိုက်များကို သူမသတိထားမိပြီးသားဖြစ်သည်။
ထိုအချိန်က ထျန်းနင်ကိုသတိပေးဖို့ ကြိုးစားချင်သော်လည်း ထျန်းနင်က အချိန်မီသိရှိသွား၍ ကံကောင်းသွားသည်။
ထျန်းနင်က အခြေအနေမှန်ကို သိမြင်သွားသည့် အပြင်သူမဘဝ၏ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးစားနေသည်။ အသစ်တဖန် ပြန်လည်မွေးဖွားလာသည့် ထျန်းနင်ကိုကြည့်ပြီး အသက်ဆက်ရှင်ချင်သည့်စိတ်များ ဖြစ်ပေါ်လာသည်။ ထျန်းနင်ကိုကြည့်ပြီး သူမ ခွန်အားတွေရသည်။
ထျန်းနင်ကို သူမဘဝရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ယူဆထားသည်။ ထျန်းနင်ရဲ့ မော်ဒယ်ရှိုးပွဲတိုင်း၊ ဓာတ်ပုံရိုက်ကွင်းတိုင်းကို တစ်ခုမှမလွှတ်အောင် သူမကြည့်ရှုခဲ့သည်။ သူမရဲ့နှလုံးသားထဲမှာ ထျန်းနင်ကိုကျော်နိုင်တဲ့သူမရှိဘူး။ ထျန်းနင်က အခက်အခဲတိုင်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့၍ ထျန်းနင်ကို လေးစားခဲ့သည်။
လော်ဟောင်မှာ စကားတစ်ခွန်းမှ ပြောခွင့်မရခဲ့၍ မျက်နှာဖြတ်ရိုက်ခံရသလို ခံစားရသည်။ နှစ်ဆယ်အရွယ်ကောင်မလေးက သူ့ကိုအရှက်ကွဲအောင် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ယွမ်မိသားစု၏ အိမ်တော်မှ ထွက်ခွါသွားရန် ဆုံးဖြတ်လိုက်သည်။
အိမ်ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်ထဲတွင် တွေးတောနေသည့်အကြောင်းများကို စဉ်းစား၍မရပေ။
လော်ဟောင်ထွက်ခွါသွားပြီး ဟန်ရှင်းအာ၏ ခန္ဓာကိုယ်က အားအင်ချည့်နဲ့စွာ တယိမ်းတယိုင်ဖြစ်သွားသည်။ ယွမ်ယွမ်က ဟန်ရှင်းအာအနားပြေးသွားလိုက်ပြီး သူမကိုတွဲထားလိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့။ ဒေါသတွေလည်း မထွက်ပါနဲ့"
"ငါရဲ့ဒေါသကိုမပြရင် ဒီလူက ငါတို့ကို အသုံးချဖို့ ကြိုးစားနေဦးမှာပဲ"
ဟန်ရှင်းအာက ယွမ်ယွမ်ရဲ့ခေါင်းကိုပုတ်လိုက်သည်။
"အရူးမလေး အခုကစပြီးတော့ သေချာစဉ်းစား ပြီးမှဆုံးဖြတ် ငါသာမရှိတော့ရင် နင်ဘယ်လိုရှေ့ဆက်မလဲ"
ယွမ်ယွမ်က သူမချစ်ရသောသူငယ်ချင်းကို တင်းကျပ်အောင် ပွေ့ဖက်လိုက်သည်။ သူမချစ်ရသောသူငယ်ချင်းကို လွှတ်ပေးချင် စိတ်မရှိပေ။ သို့သော်လည်း ဟန်ရှင်းအာက သူမမှာရှိသည့်စွမ်းအား အားလုံးကိုသုံးလိုက်၍ ယွမ်ယွမ်၏လက်ပေါ်မှာ မူးလဲသွားသည်။
ယွမ်ယွမ်တအံ့တဩဖြစ်သွားပြီး ဟန်ရှင်းအာကို ဆေးရုံပြန်ခေါ်ရန် ကားမောင်းသမားကို ချက်ချင်းညွှန်ကြားလိုက်သည်။
ပိုက်ဆံဖြင့် ဖြေရှင်းလို့ မရနိုင်သည့် အချို့သော အရာဝတ္ထုများလည်း ရှိနေသေးသည်။ လူတစ်ယောက်ရဲ့ကျန်းမာရေး၊ စိတ်ချမ်းသာမူများကို ပိုက်ဆံဖြင့်ဝယ်ယူ၍မရပေ။
ထျန်းနင်က ကျောက်ကပ်လှူချင်စိတ်မရှိလျှင် ရှင်းအာကိုဘယ်သူများကယ်တင်နိုင်မလဲ။ ဟန်မိသားစုဝင်အားလုံးက ရှင်းအာလိုအပ်နေသည့် ကျောက်ကပ်ကို လှူပေးနိုင်ခြင်းမရှိပေ။
ဟန်ရှင်းအာကို အထူးကြပ်မတ်ဆောင်သို့ပို့ထားရပြီး ယွမ်ယွမ်ကိုယ်တိုင် တစ်ခါတစ်ရံမှ တွေ့ခွင့်ရသည်။
ရှင်းအာနိုးထလာချိန် ပထမဦးဆုံး ပြောလိုက်သည့်စကားက ချန်ထျန်းက ထျန်းနင်ကို ခြိမ်းခြောက်နေပြီလား ဆိုသည့် စကားကိုသာ တဖွဖွပြောနေသည်။ သူမသေရမည်ကို မကြောက်ပါဘူး။ ဒါကရှောင်လွှဲလို့မရတဲ့ ကံတရားဟု သူမယုံကြည်ထားသည်။ သို့သော်လည်း ထျန်းနင်မှာ ရှေ့ဆက်လျှောက်ရမည့်လမ်းအရှည်ကြီး ရှိနေသေးသည်။
ထို့ကြောင့်ယွမ်ယွမ် လာလည်စဉ် ဟန်ရှင်းအာက ရိုးရှင်းသောတောင်းဆိုမှုတစ်ခုကို တောင်းဆိုခဲ့သည်။
"ယွမ်ယွမ် ငါ့အစ်ကိုကိုတွေ့ချင်တယ်"
"နင့်အစ်ကိုက ဟိုတယ်မှာ အလုပ်လုပ်နေတာမလား"
"ငါသူ့ကိုတွေ့ချင်တယ်"
ထျန်းနင်က သူမကိစ္စကြောင့် စွပ်စွဲခံရလျှင် ဟန်ယွီဖန်ကိုရှေ့ထွက်ပြီး အကူအညီပေးစေချင်သည်။ သူမ မသေခင် မှာကြားသင့်သည့် အကြောင်းအရာများကို မှာကြားသွားချင်သေးသည်။
ဟန်ယွီဖန်က သူ့ညီမအနားကိုရောက်ရှိလာသည်။ သူ့ညီမ၏ အခြေအနေကိုမြင်ရပြီး ဟန်ယွီဖန်၏ နှလုံးသား နာကျင်ကြေကွဲရသည်။ သူ့ညီမရဲ့တောင်းဆိုမှုကို ကြားရသောအခါ သူလည်း ပြုံးပြလိုက်သည်။
"ထျန်းနင်အတွက် စိတ်မပူပါနဲ့။ သူ့ယောကျာ်းက ဟိုက်ဟွေ့ရဲ့စီအီးအို မို့ထင်ပါ"
ဟန်ရှင်းအာ မှင်သက်သွားသည်။ ခေတ္တခဏ နှုတ်ဆိတ်နေပြီးမှ သူ့အစ်ကိုကို စကားပြန်ပြောလိုက်သည်။
"အစ်ကို နောင်တရနေတာလား။ ထျန်းနင်က အစ်ကို့ကိုစိတ်ရင်းအမှန်နဲ့ ဆက်ဆံခဲ့တာပါ။ ဒါပေမဲ့ အစ်ကိုက တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ဖို့သာ စိတ်အား ထက်သန်နေခဲ့တယ်။ နောင်တရနေပြီလား အစ်ကို"
ဟန်ယွီဖန်ရဲ့သိက္ခာအားလုံးလည်း ရစရာမရှိအောင်ပျောက်ဆုံးသွားခဲ့သည်။ ယခုအချိန်မျိုးတွင် သူ့မှာအလိုလောဘစိတ်တွေ အများကြီးမရှိတော့ပေ။ ပိုက်ဆံရှာပြီးတော့ သူ့ဘဝကိုအသစ်ကပြန်စချင်သည်။
ဟန်ယွီဖန်နှင့် ယွမ်ယွမ်ထွက်ခွာသွားပြီးနောက် ဟန်ရှင်းအာက အိပ်ရာပေါ်မှာ အနားယူနေလိုက်သည်။ သို့သော်လည်း ဓာတ်ပုံရိုက်လိုက်သည့် အသံကိုကြားလိုက်မိသလို သူခံစားမိသည်။ ထို့ကြောင့် သူမအိပ်နေသလို ဟန်ဆောင်လိုက်သည်။ ခြေသံနီးကပ်လာသည်နှင့် သူမရဲ့မျက်တောင်လေးကို ဖွင့်ကာ ချောင်းကြည့်လိုက်သည်။
ဆေးဝန်ထမ်းတစ်ယောက်က သူမရဲ့အခြေအနေကို ဓာတ်ပုံရိုက်နေရုံသာမက သူမရဲ့ဆေးမှတ်တမ်းများ ကိုလည်း ဓာတ်ပုံ ရိုက်နေသည်။
လော်ဟောင်က သူမနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်များကို အသုံးပြုပြီး ထျန်းနင်ကို ဖိနှိပ်ဖို့ကြိုးစားမည်ဟု ဟန်ရှင်းအာ ခံစားနေမိသည်။ သူမထျန်းနင်ကို အချိန်မီ အကြောင်းကြားချင်မိသည်။ သို့သော်လည်း သူမ၏အခြေအနေနှင့် ထျန်းနင်ကို ဆက်သွယ်နိုင်စွမ်းမရှိပေ။
မည်သူက ထျန်းနင်ကို ဆက်သွယ်ပေးနိုင်သနည်း။
ထျန်းနင်က သူမကြောင့်ဒုက္ခရောက်မည်ကို ဟန်ရှင်းအာ ကိုယ်တိုင် သိနေသည်။
အပိုင်း၂၀၃ ပြီးပါပြီ။
အပိုင်း(၂၀၄)
ငါ့ချစ်လေး နေမကောင်းလို့ ဆေးသောက်ရရင်တောင် ငါ့နှလုံးသားက နေ့ဝက်လောက် နာကျင်ရတယ်
သို့သော်လည်း သူမက သာမန်ကျောင်းသူလေးပါ။ မို့ထင် နှင့်တွေ့ခွင့်ရပါ့မလား။
ဟန်ရှင်းအာ စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို ယွမ်ယွမ် ရိပ်မိသည်။ ဟန်ရှင်းအာ၏အတွေးက လက်တွေ့မကျသော်လည်း ဟန်ရှင်းအာက သူမ၏သူငယ်ချင်းကောင်းပါ။
ထို့ကြောင့် ဟန်ရှင်းအာဆီ သွားလည်တိုင်း နှစ်သိမ့်စကားအမြဲ ပြောသည်။
"ငါက အနုပညာလောကမှာ မိတ်ဆွေ မရှိပေမဲ့ ငါ့မိသားစု နောက်ခံကို သုံးပြီးတော့ နင့်ကို ကူညီဖို့ ကြိုးစားပေးပါမယ်"
"ရှင်းအာ... ငါလေ ဟိုက်ဟွေ့ရဲ့ သူဌေးကို အဝေးကနေ တစ်ခါတော့ မြင်ဖူးတယ်။ သူက အနုပညာလောကမှာ ထိပ်ဆုံးရပ်တည်နိုင်တဲ့ သူရဲကောင်းကြီးပဲ။ ငါ့တို့ကို သူနဲ့ တွေ့ခွင့်ပေးပါ့မလား"
ဟန်ရှင်းအာက စိတ်ပျက်အားလျော့စွာ ခေါင်းငုံ့လိုက်သည်။
ယွမ်ယွမ်က သူငယ်ချင်းလေး ရှင်းအာကို နှစ်သိမ့်ပေးရန် ပြုံးပြလိုက်သည်။
"သူနဲ့ ထျန်းနင်က လက်ထပ်ပြီးသားလေ။ ထျန်းနင်အတွက် တွေးပေးမှာပါ။ ဒါပေမဲ့ သူ့လို သူဌေးကြီးက ငါ့တို့လို အရေးမပါတဲ့ ကောင်မလေးတွေကို နောက်တစ်ခါ လှည့်ကြည့်ပါ့မလား"
ဟန်ရှင်းအာက ယွမ်ယွမ်၏ အခက်အခဲကို နားလည်မိသော်လည်း သူမ၏မျှော်လင့်ချက်လေးကို မစွန့်လွှတ်ချင်ပေ။
"ယွမ်ယွမ် အကောင်းဆုံးစ ကြိုးစားပေးနေတာပဲ ထိုက်တန်တဲ့ ရလာဒ်တော့ ရလာနိုင်ပါတယ်"
"ငါ နားလည်ရခက်နေတဲ့ ကိစ္စ တစ်ခုတော့ ရှိတယ်။ ထျန်းနင်က မို့ထင်လို သူဌေးကြီးနဲ့ လက်ထပ်ခဲ့တာကို ဘာလို့များ တရားဝင် မကြေညာတာလဲ။ တခြားသူ ဒုက္ခပေးတာကို ခါးစည်း ခံနေတာလဲ။ ချန်းထျန်းက လူတွေက ထျန်းနင်နဲ့ မို့ထင်ရဲ့ဆက်ဆံရေးကို သိပုံမရဘူး"
ဟန်ရှင်းအာက တစ်စုံတစ်ရာကို တွေးမိ၍ သူ့သူငယ်ချင်းကို တော င်းဆိုလိုက်သည်။
" ဒီအကြောင်းကို လူတိုင်း လျှောက် မပြောနဲ့ဦး။ ထျန်းနင်မှာ သူ့အစီအစဥ်နဲ့သူ ရှိမှာပဲ"
"တခြားကိစ္စတွေမှာ အာမ မခံနိုင်ပေမဲ့ ဒီတစ်ခုတော့ရဲရဲကြီး အာမခံနိုင်တယ်"
သူမက ထျန်းနင်နှင့် ပတ်သတ်လျှင် ခံစားချက်များ ရောထွေးနေသော်လည်း ချန်းထျန်းနှင့် ယှဥ်လိုက်လျှင် ထျန်းနင်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ချန်းထျန်းဖျော်ဖြေရေးက ထျန်းနင်ကို ဆက်တိုက် မကောင်းကြံစည်ခဲ့သည်။ ထျန်းနင်က သူမ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်လျှင် သူတို့အားလုံး တအံ့တဩဖြစ်ပြီး ယုံကြည်ရ ခက်ခဲနေလိမ့်မည်။
ကံဆိုးစွာ ဟန်ရှင်းအာ၏ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပြီး ဆိုးရွားလာသည်။ ယွမ်ယွမ်လည်း အချိန်မဖြုန်းချင်၍ သူ့အဖေ သူဌေးကြီးဆီမှာ အကူအညီသွားတောင်းရှာသည်။
အကူအညီအများကြီး မရနိုင်သည့်တိုင် ယုစွအဆုံး မို့ထင်နှင့် ဆက်သွယ်၍ ရသည့် နည်းလမ်းကို ရနိုင်သည်။
အတွင်းရေးမှူးချင်း အဆက်အသွယ်လုပ်ရန် ဟန်ရှင်းအာက ယွမ်ယွမ်ကို အကြံပေးလိုက်သည်။
"ဒီကိစ္စက ချန်ထျန်း နဲ့ ပတ်သတ်နေတယ်။ ဝင်မပါချင်လည်း ပါရတော့မယ်"
မို့ထင်က သူမတို့ပြောလိုက်သည့် စကား၏အဓိပ္ပါယ်ကို သေချာပေါက်နားလည် သင့်သည်။
မို့ထင်၏အချိန်က တန်ဖိုးရှိပြီး သူနှင့် တွေ့ဆုံရန် စီမံ့ခြင်းက ဘယ်သောအခါမှ မလွယ်ကူခဲ့ချေ။ ထို့ကြောင့်လည်း ယွမ်ယွမ်၏မိသားစုက တီဗီ အစီအစဥ်နှင့် ရုပ်ရှင်တွင် ရင်းနှီးမြှပ်နှံမည့် အကြောင်းပြချက်ဖြင့် တွေ့ခွင့် တောင်းခဲ့ရသည်။ မို့ထင်က ကွေ့ဝိုက်မနေဘဲ ချက်ချင်း ငြင်းထုတ်လိုက်သည်။
သို့တိုင် ယွမ်သားအဖက အလွန်အားနည်းနေသည့် ဟန်ရှင်းအာကို ဆေးရုံမှ ခေါ်ထုတ်ခဲ့သည်။
ကြယ်ငါးပွင့် အဆင့်ရှိသောဟိုတယ်၏ စားသောက်ဆိုင်မှာ VIPအခန်း သီးသန့်ယူကာ မို့ထင်ကို အတူတူ စောင့်မျှော်နေကြသည်။ သို့သော်လည်း ၃နာရီကြာသွားသည့်တိုင် မို့ထင်၏အရိပ်အယောင်ကိုပင် မမြင်ခဲ့ရချေ။
"မို့ထင်အတွက် ထျန်းနင်က သိပ်အရေးမပါဘူးထင်တယ်။ သူ့ကို သတင်းပါထားပြီးသားလေ။ အခုအထိ ပေါ်မလာဘူးဆိုတော့ မလာတော့ဘူး ထင်ပါရဲ့"
ဟန်ရှင်းအာက ခေါင်းခါလိုက်သည်။ သူက ယွမ်ယွမ်၏ အတွေးကို ငြင်းဆန်နေသည်။ သူမက ယွမ်အဖေဘက်လှည့်ကာ ရိုးရှင်းစွာ တောင်းပန်လိုက်သည်။
"အခုလို အကြာကြီး စောင့်ရအောင် လုပ်ခဲ့လို့ တောင်းပန်ပါတယ် ယွမ်ဦးလေးရယ်"
"ကိစ္စ မရှိပါဘူး သမီးလေးရှင်းအာ။ ဦးလေးလည်း ပင်ပန်းနေပြီဆိုတော့ အရင်ဆုံး အိမ်ပြန်တော့မယ်။ သမီးလေးတို့ နှစ်ယောက်က ဆက်စောင့်ချင်ရင် စောင့်ကြပါ"
ယွမ်ယွမ်က သူမ၏အဖေကို လိုက်ပို့ပေးပြီးနောက် သူမထိုင်သည့် ထိုင်ခုံနေရာကို ပြန်လာခဲ့သည်။ သူတို့အရှေ့က အစားအသောက် စာရင်းများကို ကြည့်ပြီး သူမ၏မျက်လုံးလေးကို ပင့်လိုက်သည်။
"ငါ ဗိုက်ဆာနေပြီ..."
နောက်ထပ် ၂နာရီကုန်လွန်ခဲ့သည်။ ညလယ်ခေါင်အချိန်ကို ရောက်ရှိသွားခဲ့သည်။
ယွမ်ယွမ်၏သည်းခံနိုင်သည့်စိတ် ကုန်ဆုံးပြီး သူ့လက်ဖြင့် စားပွဲခုံကို ဆောင့်ရိုက်ကာ မတ်တတ်ထရပ်လိုက်သည်။
"အဲဒီမို့ထင်က တရားလွန်နေပြီ။ ငါတို့က အရေးမပါတဲ့လူသားလေးတွေ ဆိုရင်တောင် ဒီလိုမျိုးတော့ အရှက်မခွဲသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က သူ့မိန်းမကို ကူညီပေးနေတာလေ။ သူက ထျန်းနင်ကို လုံးဝ ဂရုမစိုက်ဘူးထင်တယ်"
သူမ၏နှုတ်မှ ထိုစကားထွက်သွားသည်နှင့်သူမ၏ နောက်ကျောဘက်မှ အရပ်ရှည်ရှည် လူတစ်ယောက် ပေါ်လာသည်။
ထပ်ကြည့်နေစရာပင် မလိုအပ် လုချယ် ဖြစ်နေသည်။ သို့သော်လည်း လုချယ်နောက်မှ လိုက်ပါလာသည့်လူက မို့ထင် ဖြစ်နေသည်။ မို့ထင်လည်း အခန်းထဲကို ဝင်ရောက်လာသည်။
ယွမ်ယွမ်က မို့ထင်ကို အနီးကပ် လူကိုယ်တိုင် မြင်တွေ့ခွင့်ရ၍ လေဟာနယ်ထဲ ရောက်သွားသလို ခံစားရသည်။ သူမ၏ထိုင်ခုံပေါ်မှ ကို့ရို့ကားရား ပြန်ထိုင်လိုက်သည်။
ယနေ့အစည်းအဝေးတွင် ကောင်မလေး နှစ်ယောက်နှင့် တွေ့ဆုံရ၍ မို့ထင်လည်း အံ့ဩနေသည်။ ပုံမှန်ဆိုလျှင် လုချယ်ကို အပြင်မှာ စောင့်ခိုင်းသော်လည်း တခြားသူ နားလည်မှု မလွဲရန် သူတို့နှင့်အတူတူ လုချယ်ကို ထိုင်ခွင့်ပြုခဲ့သည်။
ဟန်ရှင်းအာက အချိန်မဖြုန်းတော့ဘဲ မို့ထင်ကို တည့်တိုး ပြောလိုက်သည်။
"ထျန်းနင်နဲ့ ပတ်သက်တဲ့ ကိစ္စကြောင့် မို့သူဌေးကို တွေ့ခွင့် တောင်းရတာပါ"
ထျန်းနင်၏နာမည်ကို ကြားလိုက်ရပြီး မို့ထင်၏မျက်ခုံးများကြုတ်သွားသည်။
အနည်းငယ်သော လှုပ်ရှားမှုဖြင့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်များကို ယွမ်ယွမ် ခံစားနိုင်သည်။
သူတို့ကို ခြောက်လန့်ရန် လိုအပ်လို့လား။
ဟန်ရှင်းအာက သူမကိုယ်သူမ မိတ်ဆက်ပေးခြင်းဖြင့် အချိန်အနည်းငယ် ဖြုန်းတီးလိုက်ပြီး လော်ဟောင်နှင့် ပတ်သက်သည့်အဖြစ်အပျက် အလုံးစုံကို မို့ထင် နားလည်အောင် ရှင်းပြလိုက်သည်။
ပြန်တွေးမိတိုင်း ဟန်ရှင်းအာ ယုံကြည်ရ ခက်ခဲနေသည်။ သူမ၏ဆန့်ကျင်ဘက်မှာ ထိုင်နေသူက မို့ထင် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။
"ထျန်းနင်က မင်းကို ကျောက်ကပ်လှူပေးမှာ မဟုတ်ဘူး"
မို့ထင်က သူ့ကုတ်အင်္ကျီကို ဆွဲချပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ထျန်းနင် နေမကောင်းဖြစ်လို့ ဆေးသောက်ရရင်တောင် သူ့ယောက်ျား ငါက နေ့ဝက်လောက် နှလုံးသား နာကျင်ရတယ်။ ကျောက်ကပ်တစ်ခုလုံး ဖယ်ထုတ်ခံရတာကို မမြင်ရက်ဘူး"
မို့ထင်၏စကားကို ကြားပြီးနောက် ဟန်ရှင်းအာက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
"ရှင်းအာလည်း မမျှော်လင့်ပါဘူး"
သို့သော်လည်း ယွမ်ယွမ် ဒေါနှင့်မောနှင့် ဝင်ပြောမည့်အချိန် မို့ထင် ထပ်ပြောလာသည့် စကားကြောင့် သူမပြောမည့် စကားအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
"ဒါပေမဲ့ မင်းကို ကျောက်ကပ်လှူပေးနိုင်မဲ့သူကို တစ်လောကလုံး အနှံ့ ရှာပေးမယ်"
"ဟန်မိသားစုက ထျန်းနင်ကို ယုတ်မာခဲ့တာ ရှင်းအာ ကိုယ်တိုင်လည်း သိတယ်။ ဒီနေ့ လာတွေ့ရတဲ့ အကြောင်းအရင်းက ကျောက်ကပ်လိုချင်လို့ မဟုတ်ဘူး။ နောက်တစ်ကြိမ် ထျန်းနင်ကို တခြားသူ မကောင်းကြံမှာကို မမြင်ရက်လို့ပဲ"
"ဒီနေ့ လာတွေ့တဲ့သူ ထျန်းနင် ဖြစ်နေရင်တောင် တူညီတဲ့ ရွေးချယ်မှုကိုပဲ ရွေးမှာပါ။ မင်းရဲ့အစ်ကိုက ထျန်းနင်ကို မကောင်းကြံခဲ့ပေမဲ့ မင်းနဲ့က ဘာမှမသက်ဆိုင်ဘူးလေ။ သူမရဲ့ရန်သူက ဘယ်သူလဲဆိုတာ ထျန်းနင်က ရှင်းရှင်းလင်းလင်း သိပါတယ်"
"ငါက ထျန်းနင် ကိုယ်စား လာခဲ့တယ်လို့ မတွေးမိဘူး မလား"
ထိုစကားကို ပြောပြီးနောက် မို့ထင်က လုချယ်ကို ညွှန်ကြားလိုက်သည်။
"သူတို့ကို အရင်ဆုံး အိမ်ပြန်ပို့ပေး။ ပြီးရင် ဟန်ရှင်းအာ တက်တဲ့ ဆေးရုံကိုသွားပြီး ဟန်ရှင်းအာကို ဆေးကုပေးခဲ့တဲ့ ဆရာဝန်တိုင်းရဲ့ ဆေးမှတ်တမ်းတွေယူခဲ့ပါ။ ဟန်ရှင်းအာရဲ့ ဓာတ်ပုံကို ခိုးရိုက်ခဲ့တဲ့ ဆေးရုံဝန်ထမ်းကို နှုတ်ပိတ်အောင် ထိန်းချုပ်ထားပါ။ သတင်းဆိုးတွေ မပေါက်ကြားစေနဲ့"
"လော်ဟောင် မကောင်းကြံခွင့် ရသွားလို့ကတော့ မင်း ငါ့အနားမှာ ဆက်နေစရာ မလိုအပ်တော့ဘူး"
မို့ထင်၏ညွှန်ကြားချက်ကို ကြားပြီးနောက် လုချယ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ ဥက္ကဌ"
ဟန်ရှင်းအာ နှင့် ယွမ်ယွမ်က မို့ထင်ကို ကြည့်ပြီး သူမတို့ ကြားသိထားသည့် ကောလဟာလများက အမှန်ဖြစ်ကြောင်း သိလိုက်သည်။ လူတိုင်း ပြောနေသည့် မို့ထင်အကြောင်းက စိတ်မြန်သည်၊ တည်ကြည်သည်၊ ခက်ထန်သည်၊ အလုပ်ကို လေးလေးနက်နက် လုပ်သည်။ အားလုံးက အမှန်ဖြစ်နေသည်။
"ရှင်းအာ၊ ငါ့ခြေထောက်တွေ အားနည်းလာပြီ။ ဒီလို အေးစက်စက် ရေခဲလူသားကြီးကို ထျန်းနင် ဘယ်လိုစိတ်နဲ့များ လက်ထပ်ခဲ့လဲဟယ်"
ဟန်ရှင်းအာက ပါးချိုင့်လေး ပေါ်သည်အထိ ပြုံးလိုက်သည်။
"ငါတော့ ဟိုလူက ထျန်းနင်ကို တကယ်ချစ်တယ်လို့ ထင်မိတယ်။ ထျန်းနင်ကို ကာကွယ်ပေးနေတဲ့သူ ရှိတာ သိရမှပဲ စိတ်အေးရတော့တယ်"
"လော်ဟောင် မရှုမလှ ခံရမယ်လို့ နင်ထင်လား။ သူက မို့ထင်ကို ဝင်ရှုပ်မိတာလေ။ မို့ထင် ဖြစ်နေတော့ မလွယ်လောက်ဘူး"
လုချယ် ကားမောင်းနေစဥ် မိန်းကလေးနှစ်ဦးက မို့ထင်နှင့် ထျန်းနင်၏ ဆက်ဆံရေးကို ဆန်းစစ် ဝေဖန်နေသည့် အကြောင်းအရာကို နားစွင့်နေသည်။
သူ့အတွေးထဲမှာ ကောင်မလေး နှစ်ယောက်၏ဖြူစင်လွန်းသည့် စိတ်ထားလေးကို ချီးကျူးမိသည်။
လော်ဟောင်ကတော့...
လုချယ်က သူ့ကံတရားကို အတိအကျ မသိနိုင်ချေ။ ဒါက သူဌေး၏စိတ်အခြေအနေ အပေါ် မူတည်နေသည်။ ဒီလို အခြေအနေမျိုးကို ရင်ဆိုင်ရသည့် သာမန်လူလည်း မေတ္တာစိတ် ထားနိုင်ရန် မလွယ်ကူချေ။ မို့ထင်လို သူဌေးကြီးက သည်းခံစိတ် ထားနိုင်ပါ့မလား။
အပိိုင်း ၂၀၄ ပြီးပါပြီ။
အပိုင်း(၂၀၅)
အခုချိန်မှာ ချစ်လေးမှာ ရွေးချယ်စရာတစ်ခုပဲရှိတယ်။ ဟိုက်ဟွေ့ကိုလာခဲ့
အမှန်တကယ်လည်း လော်ဟောင်က ဟန်ရှင်းအာကိုမည်သို့မည်ပုံ အသုံးချရမည်မှန်းမသိ ဖြစ်နေသည်။
ဟန်ရှင်းအာကိုအသုံးချပြီး သတင်းနာမည်ကြီးအောင် တိုက်ရိုက်အသုံးပြုရုံသာ တတ်နိုင်သည်။ သို့သော် ထျန်းနင်ရဲ့လက်ရှိအဆင့်အတန်းနှင့် အုတ်အော်သောင်းနင်းဖြစ်သွားရုံသာ တတ်နိုင်သည်။ ထျန်းနင်အတွက် ခြိမ်းခြောက်စရာ အခြေအနေမျိုး မဖြစ်နိုင်ပေ။
ထိုစဉ် လော်ဟောင် ကလန်ရှီးလို အရာရာတိုင်းကိုလျှစ်လျူရှုလိုက်ရန်လည်း ဆုံးဖြတ်ခဲ့ဖူးသည်။
သို့သော်လည်း အရာအားလုံးက နောက်ကျသွားပါပြီ။ ဒီလိုအခြေအနေထိရောက်လာပြီးမှ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ယန်ကျင်းနှင့် လန်ရှီတို့၏ အမုန်းတရားကို သူ့ပခုံးပေါ်တွင် ထမ်းထားရုံသာမက ထျန်းနင်ကို အနှောက်အယှက်ပေးရန် နဂိုထဲက ရည်ရွယ်ချက်ရှိပြီးသားဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ထျန်းနင်က အငြိုးကြီးလွန်းသူ ဖြစ်နေသည့် အတွက်ကြောင့် သူ၏အပြုအမူကို မရပ်တန့်နိုင်ပေ။
ချန်ထျန်းမှာ ထျန်းနင်၏အဆင့်အတန်းက ထိပ်ဆုံးမှာရောက်နေပြီး သူ၊ ဟွားယွမ်ရော၊ လန်ရှီက ထျန်းနင်ကို မူတည်ပြီးတော့ အလုပ်လုပ်နေရသည်။
နောက်ဆုံးတော့ လော်ဟောင်က ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်လိုက်သည်။
ပစ္စည်းဥစ္စာကိုအလေးထားတဲ့ အေဂျင်စီနှင့် ယုတ်မာရက်စက်သော အနုပညာလောကမှာ တခြားသူကို ချနင်းပြီး အကျိုးအမြတ်ရနိုင်မှန်း သိနေ၍ တုံ့ဆိုင်းရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် ဟန်ရှင်းအာကို အသုံးချပြီး ထျန်းနင်ကို နှောင့်ယှက်ခြင်းသည် အန္တရာယ်များသော်လည်း မှန်ကန်စွာ လိမ်လည်လှည့်ဖြားနိုင်ခဲ့လျှင် ထျန်းနင်ကို တစ်ချက်တည်းဖြင့် အလဲထိုးနိုင်သည်။
ဟန်ရှင်းအာ ဆေးရုံမှထွက်လာသည်မှာ အတော်ကြာခဲ့သောကြောင့် အအေးမိပြီး ဆေးရုံပြန်တက် လိုက်ရသည်။ သူမ၏နဂိုရောဂါအပြင် နောက်ထပ်ရောဂါအသစ်များပါ ထပ်မံ ရရှိခဲ့သည်။
အကျိုးဆက်အနေဖြင့် သတိပြန်လည်ရရှိရန် အရေးပေါ်အခန်းသို့ ချက်ချင်းပို့လိုက်ရသည်။
ယွမ်ယွမ်လည်း အလွန်အမင်းနောင်တရမိသည်။ ဒီလိုဖြစ်အပျက်မျိုး ကြုံတွေ့ရမည်မှန်းသာ ကြိုသိခွင့် ရခဲ့လျှင် ရှင်းအာအပြင်ထွက်ချင်သည်ကို သဘောတူခဲ့မည်မဟုတ်ပေ။ ယခုတာ့ ရှင်းအာက သေမင်းနှင့် စစ်ခင်းနေရသည်။
သေလုမျောပါးအခြေအနေတွင် အခွင့်အရေးယူခံရသည်အထိ ကံဆိုးခဲ့သည်။ အရေးပေါ်ခန်းမှ သူနာပြုမိန်းကလေးက ဟန်ရှင်းအာကို ဓာတ်ပုံ ခိုးရိုက်နေသည်။
ထိုအဖြစ်အပျက်ကို အရေးပေါ်ခန်းတွင် တာ၀န်ကျသည့် ဆရာ၀န်ကသတိထားမိသွားသည်။ သို့သော်လည်း သူနာပြုမိန်းကလေး၏ အပြုအမူက အလွန်အမင်း သိုဝှက်သော်လည်း ဆရာ၀န်ရိပ်မိသွား၍ သူနာပြုခေါင်းဆောင်ထံ ပို့ခံရပြီးအရေးပေါ်ခန်းမှ မောင်းထုတ်ခံခဲ့ရသည်။
ထိုအကြောင်းကိုကြားသောအခါ ယွမ်ယွမ်အလွန်ကို ဒေါသထွက်မိသည်။
"နင် လူမှဟုတ်သေးရဲ့လား။ ငါ့သူငယ်ချင်းကို အသုံးချပြီး လုပ်စားရက်တယ်"
ယွမ်ယွမ်နှင့် သူနာပြုခေါင်းဆောင်သည် သူနာပြုမိန်းကလေးကို အော်ငေါက်နေသည်။
"နင့်ကို ဘယ်သူလုပ်ခိုင်းတာလဲ"
လုချယ်ကလည်း ဆေးရုံ၀န်ထမ်းများကြားတွင် ထိုအကြောင်းအရာကို စုံစမ်းပြီးပြီးသားဖြစ်သည်။ သူလည်း ဓာတ်ပုံခိုးရိုက်သည့်အကြောင်းကို ကြားသိသိချင်း အရေးပေါ်အခန်းသို့ ပြေးလာသည်။
"ဒီမိန်းကလေးကို ငါ့လက် အပ်လိုက်ပါ"
"ဒီလိုရွံဖို့ကောင်းတဲ့လူကို အလွယ်တကူခွင့်လွှတ်ပေးလို့ မရဘူး"
လုချယ်က ခေါင်းညိတ်လိုက်ပြီး ဆေးရုံဒါရိုက်တာ ရုံးခန်းသို့ သူနာပြုမိန်းကလေးကို ခေါ်ဆောင်သွားသည်။ ထို့နောက် သူနာပြုမိန်းကလေးနှင့် လော်ဟောင် ဖုန်းပြောထားသော ဖုန်းမှတ်တမ်းများနှင့် ရိုက်ကူးထားသော ဓာတ်ပုံများကို မှတ်တမ်းတင်လိုက်သည်။ သူနာပြုမိန်းကလေး၏ နှုတ်၀န်ခံစကားများကိုလည်း အသံသွင်းထားပြီး ဘဏ်စာအုပ်ရဲ့ အသေးစိတ်အချက်အလက်များကိုလည်း သိမ်းဆည်းထားလိုက်သည်။
ထို့နောက် လုချယ်က ညွှန်ကြားလိုက်သည်။
"ဘာမှမဖြစ်သလို ဒီပုံတွေကိုလော်ဟောင်ကို ပို့လိုက်။ ငါတို့မှာ သက်သေအားလုံးရှိသွားတာကို လော်ဟောင် မသိစေနဲ့နော်။ ဒီကိစ္စပေါ်သွားလို့ကတော့ မင်းကို ရဲလက်အပ်မယ်"
သူနာပြုမိန်းကလေး လက်က တဆက်ဆက်တုန်နေပြီး ခေါင်းကို တွင်တွင်ခါနေသည်။
"မလုပ်ပါနဲ့။ ရဲကိုအကြောင်းမကြားပါနဲ့။ ရှင်တို့ဘာခိုင်းခိုင်း ကျွန်မ လုပ်ပါမယ်"
လုချယ်က သက်သေအားလုံးကို သိမ်းဆည်းလိုက်သည်။ လော်ဟောင်စိတ်လိုက်မာန်ပါ ပြုမူလိုက်လျှင် ဤတစ်ကြိမ်တွင် အလွယ်တကူဖမ်းမိသွားနိုင်သည်။
ကံဆိုးစွာ ဟန်ရှင်းအာ၏အခြေအနေက တိုးတက်လာခြင်းမရှိပေ။ သတိပြန်ရလာသော်လည်း သူမ၏အသက်က ကြိုးတန်းပေါ်မှာလမ်းလျှောက်သလို ဖြစ်နေသည်။
"သနားစရာရှင်းအာလေး ဒီနေ့ဆယ့်နှစ်နာရီအတွင်း သတိမရလာရင် ခွဲစိတ်ခန်းကိုပြန်သွားရတော့မယ်"
လုချယ်က ယွမ်ယွမ်တို့ကိုကြည့်ပြီးတော့ သူငယ်ချင်းနှစ်ယောက်ကြားက ရင်းနှီးသော ဆက်ဆံရေးကို ခံစားမိ၍ နှစ်သိမ့် ဖျောင်းဖျလိုက်သည်။
"သိပ်မကြာခင်မှာ သတိရလာမှာပါ"
"ရှင်းအာရဲ့အသက်ရှင်နိုင်တဲ့ အခွင့်အရေးက မနေ့ကထက်တောင် ပိုပြီးနည်းပါးသွားပြီလို့ ဆရာ၀န်က ပြောတယ်"
သို့သော်လည်း ဆယ့်နှစ်နာရီမကျော်လွန်ခင် ဟန်ရှင်းအာကိုပြန်လည်သတိရရန် အရေးပေါ်အခန်းကို ထပ်မံပို့လိုက်ရသည်။ ဤတစ်ကြိမ်တွင် ဆရာ၀န်က ဟန်ရှင်းအာ၏မိသားစုကို အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန် အကြံပြုလိုက်သည်။
သို့သော်လည်းလုချယ်က ဟန်ရှင်းအာကို ပို၍ကောင်းသည့် ပေကျင်း ဆေးရုံသို့ပို့ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ဟန်ရှင်းအာကို ဆက်လက်ကုသပေးရန် ကြိုးစားသည်။
ကံဆိုးစွာလော်ဟောင်က ဆရာ၀န်သတိပေးသည့် အဆိုးဆုံးအခြေအနေကို သိခွင့်ရခဲ့ပြီး ထျန်းနင်ကို အကောက်ကြံရန် စတင်ခဲ့သည်။
ဤတစ်ကြိမ်တွင် လော်ဟောင် အလွန်အမင်းကံကောင်းသွားခဲ့သည်။ ဟန်ရှင်းအာသူငယ်ချင်း၏ ဒေါသထွက်နေသော စာတိုများကို တစ်ခုတည်းဖြစ်အောင် ပြင်ဆင်ထားပြီး ထျန်းနင်က ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ လူသားဖြစ်ရန် မထိုက်တန်ကြောင်း သွားပုတ်လေလွင့် ပြောဆိုထားသည်။
ဟန်ရှင်းအာကို ကူညီပေးရန် ယခင်တုန်းက ကတိပေးခဲ့ဖူးသော်လည်း ဟန်ရှင်းအာကို အချိန်မီ မကူညီပေး၍ ဟန်ရှင်းအာက သင့်လျော်သော ကျောက်ကပ်ကို ရှာဖွေနိုင်ရန် အခွင့်အရေး လွဲချော်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် သူမ၏အသက် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်ဆိုသည့် အကြောင်းအရာကို အင်တာနက်ပေါ်တွင် တင်ခဲ့သည်။
လူအားလုံးက သေလုမျောပါးဆိုသည့် စကားလုံးကို သတိမထားမိခဲ့ချေ။ အသက်ဆုံးရှုံးသွားသည်ဟူသည့် စကားလုံးကိုသာ သတိထားမိကြသည်။ ထိုစကားလုံးက ထျန်းနင်ကို 'လူသတ်သမား' ဟု စွပ်စွဲလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။
"လူသတ်သမား။ ဒါလူသတ်တာပဲ"
ထိုကဲ့သို့သော စကားလုံးများကို စာတင်ပြီးတဲ့နောက် ဟန်ရှင်းအာ၏ လက်ရှိအခြေအနေကို ချင့်ချိန်စဉ်းစားခြင်း မရှိပဲ အပေါ်ယံကြည့် သူများက လူသတ်သည်ဟူသည့် စကားလုံးကိုသာ အလေးထားကြသည်။ ရိုးရိုးသားသားပြောရမည်ဆိုလျှင် သူတို့က ထျန်းနင်ကို လူသတ်သမားဟု ယူဆထားကြသည်။
ဟန်ရှင်းအာနှင့် ပတ်သက်သည့် သတင်းထွက်ပေါ်လာချိန်တွင် ဟန်ရှင်းအာက သတိလစ်မေ့မြောနေရာမှ ပြန်လည် သတိ၀င်လာရုံသာရှိသေးသည်။ သို့သော်လည်း ယခုလိုအဖြစ်အပျက်မျိုးကို မပြောပြရန် ယွမ်ယွမ်ဆုံးဖြတ်လိုက်သည်။
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အခြေအနေကို ရှင်းအာ မရင်ဆိုင်နိုင်မည်ကို ကြောက်လန့်နေမိသည်။
လော်ဟောင်က ရက်စက်ယုတ်မာလိမ့်မည်ဟု ယွမ်ယွမ်လည်း မမျှော်လင့်ခဲ့မိပေ။
တွေးကြည့်မည်ဆိုလျှင် ထျန်းနင်နှင့်သူမကြားမှာ ခလောက်ဆန်ပြီး ထျန်းနင်ကိုမကောင်းကြံစည်ရန် သူမကို စစ်တုရင်လေးတစ်ခုလို အသုံးချခဲ့သည်။
"ငါတို့တွေအခု ဘာဆက်လုပ်ကြမလဲ"
ယွမ်ယွမ်က လုချယ်ကို စိတ်မရှည်ဟန်မေးလိုက်သည်။
"ထျန်းနင်က ဒီကိစ္စမှာ ၀င်ပါပါ့မလား"
လုချယ်က ပြုံးကာ ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
"ဒီသတင်းမီဒီယာတွေအားလုံးက လူများတဲ့ဘက်ကို လိုက်ပြီးတော ပြောကြတာပဲလေ။ ဒါပေမယ့် ဒီပြန့်နေတဲ့ ကောလဟာလတွေက ထျန်းနင်ကို လူသတ်သမားလို့ပြောနေတာ မမေ့သင့်ဘူး။ အခု ဟန်ရှင်းအာက အသက်ရှင်နေသေးတယ်လေ။ နေလည်းကောင်းနေပါပြီ။ ဒါဆိုရင် ထျန်းနင်က လူသတ်သမားဖြစ်ပါတော့မလား"
"ကြည့်ရတာ လော်ဟောင်က ဒီတစ်ခေါက်ပွဲမှာတော့ စိတ်လိုက်မာန်ပါပြုမူလိုက်ပြီ။ ဒါပေမယ့် ထျန်းနင်ကိုအပြစ်တင်ဖို့အတွက် စက်ဆုပ်ရွံရှာတဲ့ စကားတွေကို အသုံးပြုခဲ့တယ်။ ငါတို့ရဲ့သခင်မက ဒီလိုမျိုး ရှုတ်ချခံရတဲ့စကားတွေကို ကြားပေါင်းများနေပါပြီ။ နောက်တစ်ခါထပ်ကြားလို့လည်း သူ့အတွက် ဘာမှမဖြစ်တော့ဘူး"
"ဒါပေမဲ့ ဒီတစ်ခေါက်တော့ အရင်ကနဲ့ခြားနားတယ်။ သူတို့တွေအားလုံးက ထျန်းနင်ကို လူသတ်သမားလို့ စွပ်စွဲနေကြတယ်"
အင်တာနက်ပေါ်တွင် ထျန်းနင်နှင့် ပတ်သက်သည့် သတင်းများသာ ပြန့်နှံ့နေပြီး လူတိုင်းလိုလိုက ထျန်းနင်နဲ့ပတ်သက်ပြီး မတူညီသော သဘောထားများ ရှိနေကြသည်။
[ဘာပဲဖြစ်ဖြစ် ထျန်းနင်ကို ထပ်ပြီးတော့ မယုံကြည်နိုင်တော့ဘူး]
[ခဏခဏ ထျန်းနင်နဲ့ပတ်သက်တဲ့ ပြဿနာတွေပဲ တွေ့နေရတယ်။ ငြီးငွေ့နေပြီ]
[လူတစ်ယောက်ရဲ့အသက်ကို မကယ်တင်နိုင်ပဲနဲ့ လေကုန်ခံပြီး ပြောနေစရာမလိုအပ်ဘူး။ ကတိပေးခဲ့ရင်တော့ ကိုယ်ယူထားတဲ့တာ၀န်ကို မရှောင်ရှားသင့်ဘူးလေ]
[ထျန်းနင်က နာမည်ကျော်အောင် မကောင်းသတင်း ဖြန့်နေတာလား မသိဘူး။ တကယ်ကို အကြံကြီးတယ်။ ငါကသူ့ရဲ့ဖန်ပါ။ ဒီစာက အမှန်ဆိုရင်တော့ ငါက သူ့ကိုဆန့်ကျင်တဲ့ ပရိတ်သက်တစ်ယောက် ဖြစ်သွားပြီ]
[ထျန်းနင်ကို အနုပညာလေးက ကနေ မြန်မြန်ဖယ်ရှားလိုက်ပါ။ သူ့ကိုမြင်ရတာ စိတ်ပျက်ဖို့ကောင်းတယ်။ ဒါတွေပဲ ခဏခဏ
မြင်နေရတယ်။ ဒီဟာတွေပဲ]
ကွန့်မန့်များကို ဖတ်ရှုခြင်းဖြင့် သူတို့စိတ်ထဲတွင် ထျန်းနင်ပျောက်ကွယ်သွားကြောင်း သိနိုင်သည်။ ရဥထျန်းနင်ကို ပြစ်တင်ရှုတ်ချသည့် ဆွေးနွေးချက်များ၊ အဖွဲ့အစည်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
ထျန်းနင်နဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို မကြည့်ဘူး။ ထျန်းနင်ကြော်ငြာထားတဲ့ ပစ္စည်းတွေလည်း မ၀ယ်ဘူး။ ထျန်းနင်ပါတဲ့ မဂ္ဂဇင်းတွေကိုလည်း မဖတ်ဘူးဆိုပြီး စစ်ကြေညာသည့် လူတချို့လည်း ရှိနေသေးသည်။
သူတို့အားလုံးထဲတွင် လော်ဟောင်က စိတ်ကျေနပ်အားရဆုံး လူသားဖြစ်သည်။ ထျန်းနင်ကို မကောင်းပြောလေလေ သူပို၍ကျေနပ်အားရလေ ဖြစ်သည်။
ယခင်ကထက် ထျန်းနင်၏အခြေအနေက ပို၍ဆိုးရွားလာခဲ့သည်။ သို့သော်လည်း လန်ဒန်တွင် ရှိသော ထျန်းနင်၏အလုပ်ကို ထိခိုက်မှု လုံး၀မရှိပေ။ အနောက်တိုင်းသားများကတော့ စကားတစ်ခုသာ ပြန်ပြောလာသည်။
"ထျန်းနင်မှာ တခြားသူကိုကယ်ဖို့ တာဝန်ယူရမှာလား။ ဘာအကြောင်းကြောင့် တာဝန်ယူရမှာလဲ"
ထျန်းနင်က သူမ၏အလုပ် ပြီးဆုံးသွားသည်နှင့် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် သူမ၏သတင်းများကို မြင်လိုက်ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မို့ထင်က ဖုန်းမှတစ်ဆင့် သူမကိုပြောထား၍ သူမ၏စိတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူမက ဟန်ရှင်းအာကို အမှန်တကယ် ကတိပေးခဲ့၍ သူမ၏ရန်သူက ထိုအချက်ကို အသုံးချပြီး မကောင်းသတင်းဖြန့်သွားသည်။
သူမက တခြားသူကို မလိမ်နိုင်သလို သူမကိုသူမလည်း မလိမ်နိုင်ပေ။
ပျံ့နှံ့နေသည့် မကောင်းသတင်းများကို မတားဆီးရသည့် အကြောင်းအရင်းလည်း မို့ထင်တွင် ရှိနေသေးသည်။
လော်ဟောင်နှင့် ဆူပူသောင်းကျန်းနေကြသည့် သတင်းထောက်အားလုံးကို တပြိုင်တည်းရင်ဆိုင်ချင်၍ မကောင်းသတင်းများကို မဟန့်တားခဲ့ခြင်းဖြစ်သည်။
အရေးကြီးဆုံးအချက်က ဤအခွင့်အရေးကို အသုံးချပြီးထျန်းနင်ကို ချန်ထျန်းမှ ခေါ်ထုတ်ချင်သည်။ ထို့ကြောင့် မို့ထင်က ထျန်းနင်ရဲ့ဖုန်းကို မချလိုက်ခင် စကားတစ်ခွန်းပြောခဲ့သည်။
"အခုချစ်လေးမှာ ရွေးချယ်စရာ တစ်ခုပဲရှိတယ်။ ဟိုက်ဟွေ့ကိုလာခဲ့"
အပိုင်း ၂၀၅
ပြီးပါပြီ။