အပိုင်း(၉)-အိမ်တွင်းအကြမ်းဖက်မှု
....
ထိုလင်မယားစုံတွဲကပြုလုပ်လိုက်သော ပတ်ဝန်းကျင်နှောင့်ယှက်မှုက တစ်စတစ်စပိုမိုဆူညံလာပြီး ရပ်ကြည့်လာသူတို့ကလည်း များပြားလာသည်။
“မင်း ဒီအဝတ်တွေကို ဘာလုပ်ဖို့ဝယ်မှာလဲ။ အဲ့ဒီအမြင်ရိုင်းတဲ့အဝတ်တွေဝတ်ပြီး မင်းက ဘယ်သူ့ကိုသွားပြမလို့လဲ”
“ဒီနေ့က ကျွန်မရဲ့မွေးနေ့မို့လို့ ကျွန်မကိုယ်ကျွန်မ လက်ဆောင်ပေးတဲ့အနေနဲ့ ဝယ်ဝတ်ချင်တာပါ”
“မင်းရဲ့မွေးနေ့? မင်းကအိမ်မှာနေပြီး မချက်ပြုတ်ဘဲနဲ့ အပြင်ဘက် လျှောက်လည်နေတယ်။ အဝတ်အစားဝယ်ဖို့တောင် မင်း ပိုက်ဆံရှိနေသေးတာပဲ ဒါဆို ငါအပျော်ရှာဖို့အတွက်လည်း ပိုက်ဆံပေးရမှာပေါ့”
ခြိမ်းခြောက်သံတို့ ရောစွက်နေသည့် ထိုအပြစ်ဆိုစကားတို့က ရပ်ကြည့်နေသူတို့ကို မျက်မှောင်ကြုံ့စေပြီး တီးတိုးစကားသံများလည်းထွက်လာစေသည်။
“ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်နိုင်ရတာလဲ။သူ့မိန်းမက မွေးနေ့လုပ်ချင်ရုံပဲကို သူက ဒေါသထွက်နေတယ်”
“အဲ့ဒီအမျိုးသမီးရဲ့ မျက်နှာပေါ်နဲ့လက်မောင်းတွေပေါ်က ဒဏ်ရာကိုမြင်လား။ဒါက အိမ်တွင်းအကြမ်းဖက်မှု ဖြစ်နိုင်မယ်ထင်တယ်”
“သူက တကယ်သနားဖို့ကောင်းတာပဲ။ငါ မကြည့်ရက်တော့ဘူး”
သို့သော်လည်း ယောက်ျားက ဇနီးကို ဆွဲခေါ်သွားသည့်အခါ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ပါ၏။လူအချို့က ဖြောင်းဖျစကားဆိုကြသော်လည်း သူတို့စကားက ထိရောက်မှုမရှိသည်ကို သတိထားမိသောကြောင့် ပါးစပ်ပိတ်သွားရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဤကိစ္စက လင်မယားကြား ကိစ္စဖြစ်လေသည်။မိမိတို့က မသင့်လျော်သည့်တစ်ခုခုကို ရှာတွေ့သွားလျှင်တောင် ကြားဝင်၍မရပေ။အချိန်ကုန် လေကုန်ပြီး ကိုယ့်ကိစ္စမဟုတ်ဘူးဟု အပြောခံရမည်မှာ ပြောနေစရာပင်မလိုတော့ချေ။ထို့အပြင် ပမာမခန့်ပြုခြင်းတောင် ခံရပြန်ဦးမည်။
ထိုလင်မယား ထွက်သွားတော့မည့်ဆဲဆဲတွင် ဝမ်းရွမ်က လက်ဆန့်လိုက်ပြီး ထိုအမျိုးသမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်၏။
ဝမ်းရွမ်က ခေါင်းမော့လိုက်ကာ ထိုလင်မယားကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူမက ထိုအမျိုးသမီးမျက်နှာပေါ်သာ အာရုံစိုက်ထားလိုက်၏။သူမ ခဏမျှ တိတ်နေလိုက်ပြီးနောက် ရုတ်တရက် ပြုံးပြလာသည်။
“အရှေ့မှာ discountချနေတဲ့ စတိုးဆိုင်တစ်ခုကို ကျွန်မတွေ့လိုက်တယ်။အဝတ်တွေက အရမ်းလှတယ် ရှင် သွားကြည့်ချင်လား”
ထိုအမျိုးသမီးက လန့်သွားရသည်။သို့သော် သူမ မတုံ့ပြန်နိုင်ခင်မှာပင် သူမဘေးနားက ခင်ပွန်းဖြစ်သူက စိတ်မရှည်စွာ ပြောလာ၏။
“မင်း ဘာလို့အဝတ်တွေ ကြည့်ချင်နေသေးတာလဲ။ဘာလို့ပိုက်ဆံတွေအများကြီးဖြုန်းနေတာလဲ။အိုက်ယားး… မိန်းကလေး ငါ့ကို လာမနှောင့်ယှက်နဲ့။ငါ ငါ့မိန်းမကို အိမ်ပြန်ခေါ်သွားတော့မယ်”
“သူ့မွေးနေ့ပါဆိုနေမှ ရှင်ကဘာလို့ အိမ်ပြန်ဖို့ ဆန္ဒစောနေတာလဲ။ကျွန်မတောင် သူ့ကို စာနာမိတဲ့အထိပဲ။ဒါကြောင့် သူ့ကို အဝတ်အစား သွားရွေးခိုင်းလိုက် ကျွန်မ သူ့ကိုလက်ဆောင်ပေးမယ်။မွေးနေ့လက်ဆောင်အနေနဲ့လည်း သတ်မှတ်လို့ရတာပေါ့”
ဝမ်းရွမ်က ခပ်ဖွဖွရယ်လိုက်၏။သူမ၏ အသံက နူးညံ့နွေးထွေးနေသော်လည်း ထိုအမျိုးသမီးအား ကိုင်ထားသည့်လက်ကိုတော့ မလွှတ်ပေးချေ။
“လူကြီးမင်းက အလျင်လိုနေတာပဲ။အိမ်အရင်ပြန်သွားလိုက်လို့ရပါတယ်”
ထိုယောက်ျားက မျက်မှောင်ကြုံ့လိုက်ပြီး သူ့မျက်နှာကလည်း ချက်ချင်း ဖြူဖျော့သွားသည်။ဘာစကားမှ ထပ်မပြောဘဲ ထိုအမျိုးသမီးလက်ကိုဆွဲကာ ထွက်သွားဖို့ ပြင်တော့သည်။
ထိုအမျိုးသမီးက တုပ်တုပ်တောင်မလှုပ်ဘဲ လက်ကိုရုန်းကာ ခုခံပစ်လိုက်သည်။
ထိုယောက်ျားကလည်း သူ့ဇနီးခုခံသည်ကို သတိထားမိသွားပြီး သူ့အမူအရာကလည်း အေးစက်လာတော့၏။သူ နောက်ပြန်လှည့်လိုက်ပြီး သူမကို ဆူဖို့လုပ်တော့သည်။
ဝမ်းရွမ်ကလည်း ခပ်မြန်မြန် လှည့်လိုက်ကာ ထိုလင်မယားကြားတွင် ရပ်ပစ်လိုက်သည်။သူမ ထိုယောက်ျား၏မျက်လုံးကို စေ့စေ့ကြည့်လိုက်ပြီး သူမ၏အကြည့်တို့က လက်လွှတ်ပေးမည့်ပုံလည်း မပေါ်ချေ။အချိန်ကြာသွားသည့်အခါ သူမက ခေါင်းလှည့်လိုက်ကာ သူမနောက်တွင် ငိုနေသော အမျိုးသမီးကို နူးနူးညံ့ညံ့ အမေးပြုလိုက်သည်။
“ရှင် ကျွန်မနဲ့ထွက်သွားချင်လား”
ထိုအမျိုးသမီးက ငိုနေရင်းပင် အသာအယာခေါင်းငြိမ့်ပြလိုက်၏။အမှန်တော့ ဝမ်းရွမ်က အစကတည်းက ခိုင်မာသောရပ်တည်ချက် မပြုလုပ်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ဤပြဿနာ၏ ထူးခြားသောသဘောသဘာဝကို သူမ စဉ်းစားထားသောကြောင့်ပင်။
ဤအချိန်တွင် ကူညီပေးရန်တောင်းဆိုမှုကို သူမရသွားသည့်အခါ သူမ၏အသံက ကြောက်ရွံ့ခြင်းကင်းမဲ့မှုတို့ ထွက်ပေါ်လာတော့သည်။
“ဒီကလူကြီးမင်း ကျေးဇူးပြုပြီး အရင်ပြန်နှင့်လိုက်ပါ”
ထိုယောက်ျား၏ဒေါသက သိသိသာသာကို ထိုးတက်လာ၏။သူ့အသံကလည်း ကြမ်းတမ်းဆူညံလာကာ နားအူမတတ်ပင် ဖြစ်လာသည်။
“ဒါက ငါ့မိသားစုကိစ္စ ဒါကြောင့် မင်း စပ်စုတာကို ရပ်လိုက်လို့ရမလား။ မြန်မြန်လာ ငါနဲ့အိမ်ပြန်လိုက်ခဲ့! လာ!”
စကားဆုံးသည်နှင့် ထိုယောက်ျားက သူ့ဇနီး၏ ပခုံးကို ဆုပ်ကိုင်ရန် လက်လှမ်းလာတော့သည်။
ဝမ်းရွမ် မျက်မှောင်ကြုံ့လိုက်သည်။သို့သော် သူမ စကားမပြောခင်မှာပင် လက်တစ်စုံက ရုတ်တရက် ပေါ်လာကာ ထိုယောက်ျား၏ လက်မောင်းကို ဖမ်းထားလိုက်သည်။
အနက်ရောင်အင်္ကျီလက်စ၊လက်ကောက်ဝတ်အရိုးနှင့် အနည်းငယ်အားထည့်လိုက်သည့်အခါ သွေးပြန်ကြောနှင့်လက်ဆစ်ဖြူဖြူများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။
အားပြင်းသည့်လှုပ်ရှားမှုမဟုတ်သော်လည်း ထိုယောက်ျား၏ ခပ်ပြင်းပြင်းဆုပ်ကိုင်ထားခြင်းကိုတော့ ခဏတွင်းမှာပင် ကျိုးပျက်စေနိုင်သည်။
ဖုကျီဟွမ်း၏ နှုတ်ခမ်းပါးတို့က တင်းတင်းကျပ်ကျပ်ပိတ်ထားကာ နက်စွေးနေသည့်မျက်လုံးတို့ကလည်း သူ့အရှေ့ရှိထိုယောက်ျားကို စူးစိုက်ကြည့်နေ၏။
သူ စကားတစ်ခွန်းမှမပြောရသေးသော်လည်း ခြိမ်းခြောက်မှုအရှိန်အဝါတို့ကိုတော့ ထုတ်လွှတ်နေပြီဖြစ်သည်။
“မင်းနဲ့ဒီအမျိုးသမီးရဲ့ ပတ်သက်မှုက ဘာပဲဖြစ်ဖြစ် သူ ထွက်သွားမလား နေခဲ့မလားဆိုတာ သူ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်”
သူ့အသံကာ တည်ငြိမ်နေပြီး အမူအရာကလည်း အေးစက်နေ၏။
ဖုကျီဟွမ်းက ထိုယောက်ျားထက် ခေါင်းတစ်ဝက်စာမြင့်ပြီး မျက်နှာတွင်လည်း ကြောက်မက်ဖွယ်အကြည့်က ရှိနေပြန်သည်။ဤသည်က ယုတ်ယုတ်မာမာပြုမူနေသော ထိုယောက်ျားကို ချက်ချင်း တိတ်သွားစေကာ မူမမှန်စွာနှင့်ပင် လက်ကို ရုတ်သွားတော့သည်။
သူ မျိုသိပ်လိုက်ပြီး ဝမ်းရွမ်အနောက်တွင်ရပ်နေသော မိန်းမဖြစ်သူကို ဝါးစားမတတ် စိုက်ကြည့်လိုက်၏။ ထို့နောက်တွင်တော့ နေရာမှ လှည့်ထွက်သွားတော့သည်။
ထိုယောက်ျားထွက်သွားသည့်အခါ ဖုကျီဟွမ်းက ခေါင်းလှည့်လိုက်ပြီး ဝမ်းရွမ်ကို ကြည့်လိုက်သည်။စကားတစ်ခွန်းမပြောဘဲ သူမကို မေးငေါ့ပြလိုက်၏။
စကားတစ်ခွန်းမဟသော်လည်း သူ့မျက်လုံးကိုကြည့်ရုံနှင့် သူပြောချင်သည့်စကားတို့ကို ဝမ်းရွမ် နားလည်နိုင်ပါသေးသည်။ ‘မျက်တောင်တစ်ခတ်စာလေးမှာတောင် မင်းက ပြဿနာရှာဖို့ တတ်နိုင်သေးတယ်။ဟုတ်တယ်မလား?”
ဝမ်းရွမ် ဇက်ပုသွားရသည်။ယခုလေးတင် ထိုယောက်ျားနှင့်ရင်ဆိုင်နေစဉ်တွင် သူမ၏ အမူအရာက လုံးဝကို တင်စီးနေခဲ့သည်။သို့သော်လည်း ဤအခိုက်အတန့်တွင်တော့ သူမ ရေနှင့်ပက်ခံလိုက်ရသကဲ့သို့ဖြစ်သွား၏။
“တကယ်တော့ ကျွန်မရှင့်ကို ခေါ်မလို့ပါပဲ။ဒါပေမဲ့ ရှင်က အရမ်းမြန်တော့ ကျွန်မ မမီဘူးလေ။အရိုးသားဆုံးပြောရမယ်ဆိုရင်လည်း ရှင်က 1.9 မီတာတောင်ရှည်တာ ကျွန်မက 1.6မီတာပဲရှိတာလေ။ကျွန်မ ပြေးလိုက်ရင်တောင် ရှင့်ရဲ့ပုံမှန်ခြေလှမ်းကို မီသေးမှာမဟုတ်ဘူး။ဘယ်လိုဖြစ်ဖြစ် အရပ်အရမ်းရှည်တဲ့ရှင့်ကို အပြစ်တင်ရမှာပဲ”
ဖုကျီဟွမ်း ကူကယ်ရာမဲ့စွာပင် ပြုံးမိသွားသည်။သူမက ကိုယ်လွတ်ရုံးဖို့အတွက် ဆင်ခြေရှာတတ်သည်ပဲ။သို့သော်လည်း ဤအချိန်အခါက ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲကို ငြင်းခုံနေရမည့်အချိန်မဟုတ်ချေ။
သူ အကြည့်လွှဲလိုက်ပြီး ဝမ်းရွမ်နောက်တွင် တရှုံ့ရှုံ့ငိုနေသော အမျိုးသမီးကို ကြည့်လိုက်၏။ထို့နောက် သူက မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ဝမ်းရွမ်လည်း အသိပြန်ကပ်လာကာ နောက်လှည့်လိုက်ပြီး ခေါင်းငုံ့ကာ ထိုအမျိုးသမီး၏ပခုံးကို အသာပုတ်ပေးလိုက်၏။ထို့နောက် သူမက ထိုအမျိုးသမီးကို နူးနူးညံ့ညံ့ပြောလိုက်သည်။
“အစ်မ, အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ရင် တခြားသူတွေကူညီတာက ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက်ချတာလောက် ထိရောက်မှုမရှိနိုင်ဘူး။ပထမဆုံးအနေနဲ့ အစ်မက အစ််မခင်ပွန်းနဲ့ ဒီဆက်ဆံရေးကို ဖြတ်တောက်ပစ်ချင်တဲ့စိတ်ရှိလားဆိုတာ ကျွန်မကို ပြောပြရမယ်”
ထိုအမျိုးသမီးက ခေါင်းငြိမ့်လိုက်ပြီး နီရဲလာသောမျက်လုံးကို ပွတ်သုတ်ပစ်လိုက်သည်။
ဝမ်းရွမ် မတ်မတ်ပြန်ရပ်လိုက်ပြီး သူမ အိတ်ကပ်ထဲမှ လိပ်စာကဒ်ကို ထုတ်ယူကာ ထိုအမျိုးသမီး၏လက်ထဲ ထည့်ပေးလိုက်သည်။
“ဒါဆို အစ်မ ဆေးရုံကိုသွားပြီး ဒဏ်ရာတွေကို စစ်ဆေး ပြီးရင် တိုင်ချက်ဖွင့်လိုက်ပါ။အိမ်တွင်းအကြမ်းဖက်မှုက ရည်ရွယ်ချက်ရှိရှိအန္တရာယ်ပြုတဲ့ ပြစ်မှုအောက်မှာ ပါဝင်တယ်။အစ်မ တရားရုံးမှာ ကွာရှင်းခွင့်တောင်းလို့ရတယ်။ပြီးတော့ ရှေ့နေလိုအပ်ရင် ဒီနံပါတ်ကို ဆက်သွယ်လို့ရတယ်”
ထိုအမျိုးသမီးက ခေါင်းငုံ့လိုက်သည်။
“ဒါပေမဲ့ အရာရှိတွေက အိမ်တွင်းအကြမ်းဖက််မှုနဲ့ပတ်သက်ရင် ရင်ဆိုင်ရခက်ခဲမယ်လို့ ပြောကြလိမ့်မယ်”
ဝမ်းရွမ်က အေးအေးသာသာပင် ပြန်ဖြေလိုက်သည်။
“အဲ့ဒါကပဲ ဥပဒေတွေ တည်ရှိနေရတဲ့အကြောင်းရင်းလေ”
ထိုစကားကိုကြားသည့်အခါ ဖုကျီဟွမ်း၏မျက်လုံးက လက်ခနဲဖြစ်သွားပြီး ဝမ်းရွမ်ကို ငုံ့ကြည့်လိုက်သည်။
သူမ ထိုစကားကိုပြောနေသည့်အခါ ထိုအမျိုးသမီး၏မျက်လုံးကို တစိုက်မတ်မတ် ကြည့်နေသည်။ရှည်လျားသော သူမ၏မျက်တောင်ရိပ်တို့က ရှင်းသန့်ပြီးလှပနေသော မိတ်ကပ်မလိမ်းထားသည့် သူမ၏မျက်နှာပေါ်သို့ ဖြာကျနေ၏။
ထိုအချိန်မှာပင် လူတစ်စုက ကားပေါ်မှ မြိုင်မြိုင်ဆိုင်ဆိုင် ဆင်းလာကြသည်။ဝမ်းရွမ် ကြက်သေသေသွားရသည်။သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ရုပ်မြင်သံကြားထုတ်လွှင့်မှုဌာန တစ်ခု၏ uniformဝတ်ဆင်ထားသော လူတစ်စုကို တွေ့လိုက်၏။ထိုသူတို့က မိုက်ခရိုဖုန်းများ ကိုင်ထားကြပြီး ကင်မရာများပါ ယူဆောင်လာကာ ခပ်မြန်မြန် ရောက်လာကြသည်။
ဘာဖြစ်တာလဲ?
ဝမ်းရွမ် မတုံ့ပြန်နိုင်ခင်မှာပင် မိုက်ခရိုဖုန်းက သူမရှေ့တည့်တည့်ရောက်လာသည်။
“မင်္ဂလာပါ ဒီက မိန်းကလေး! ကျွန်မတောင်းပန်ပါတယ်ဗျ။တကယ်တော့ ကျွန်မတို့က Jiang City TV ကဖြစ်ပြီး ‘လူသားဆန်မှုကို လေ့လာခြင်း’ ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးနေကြတာပါ။အမှန်တော့ ဒီလင်မယားစုံတွဲက ကျွန်မတို့ ရုပ်မြင်သံကြားဌာနကဖြစ်ပြီး ကျွန်မတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေက အိမ်တွင်းအကြမ်းဖက်မှုကို မျက်မြင်တွေ့ကြတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို လေ့လာချင်လို့ပဲ ဖြစ်ပါတယ်”
ထိုရုပ်မြင်သံကြားအဖွဲ့ အစီအစဉ်မှူး၏ အပြုံးမြမြ အသံတွင် တောင်းပန်မှုအချို့တို့လည်း ပါဝင်နေ၏။
“ကူညီပေးတဲ့အတွက် မိန်းကလေးကို ကျေးဇူးတင်ပါတယ်။ပရိသတ်ကို ပြောချင်တာများ ရှိပါသေးရဲ့လား”
“…”
ပရိသတ်?
TVပေါ်မှာ?
ဝမ်းရွမ်တစ်ယောက် ငြိမ်သက်သွားပြီး ထို့နောက် သူမ၏ ပါးကို ထိလိုက်၏။
မိတ်ကပ်မလိမ်းထားဘူး!
သေလိုက်ပါတော့!
သူမ အခုလေးတင်မှ ရထားပေါ်ကနေ ဆင်းခဲ့တာလေ…မိတ်ကပ်တောင်မပါဘူး!
သူမ အချိန်ကြာကြီးတွေးလိုက်ပြီးနောက် စကားလုံးတို့ကို ဖျစ်ညှစ်ထုတ်ပြောလာသည်။
“…ရှင်တို့ရဲ့ အစီအစဉ်…”
အစီအစဉ်မှူးနှင့် အခြားဝန်ထမ်းတို့က စိတ်ဝင်တစားနှင့် နားစွင့်ထားကြသည်။
“Beauty filter သုံးလို့ရလားဟင်”
“…”
ဖုကျီဟွမ်းကတော့ နားထင်ကို အသာပွတ်သပ်လိုက်သည်။
ဝမ်းရွမ်က ကမ္ဘာမြေပျက်မတတ်သော မှတ်ချက်ကို ပြုလုပ်တော့မည်မှန်း သူသိနေပြီးသားပါလေ။
အမှန်တော့ ဤသည်က အစီအစဉ်ဖြစ်နေမှန်း သူ မအံ့ဩပေ။ယခုလေးတင် သူ သူမကို ကူညီနေစဉ်တွင် တစ်ခုခုက လွှဲနေမှန်း ဖုကျီဟွမ်း သတိထားမိပြီးသားဖြစ်သောကြောင့် ဖြစ်သည်။
ထိုယောက်ျား၏ အသံနေအသံထားနှင့်အမူအရာက ကြောက်စရာကောင်းသော်လည်း သူပြောလာသည့်စကားတို့က မည်သည့် ညစ်ညမ်းစကားတို့မှ ပါမလာဘဲ သူပြောနေသည့်အသံကလည်း ရန်ဖြစ်နေသည့်ပုံနှင့် မတူချေ။
ယခုတော့ သူ အကြောင်းအရင်းကို သိသွားချေပြီ။
အကြောင်းရင်းမှာ ရိုင်းစိုင်းညစ်ညမ်းသောစကားများပါသည့် အစီအစဉ်သည် ထုတ်လွှင့်ခွင့်ရမည်မဟုတ်သောကြောင့်ပင်။
အစီအစဉ်မှူးက ဝမ်းရွမ် စကားကိုကြားသည့်အခါ နှစ်စက္ကန့်လောက် ရပ်သွားပြီး ထို့နောက်မှ ရယ်မောလာတော့သည်။
“ဟား ဟား ဟား… မိန်းကလေးက ဓာတ်ပုံအရမ်းစားပြီး beauty filter မသုံးရင်တောင် အရမ်းကို လှနေတုန်းပါပဲ”
သူမ စကားဆုံးသည်နှင့် နေရာပြောင်းလိုက်ကာ ဘေးနားရှိနေသော ဖုကျီဟွမ်းဘက် လှည့်လိုက်၏။
“ဒီက လူကြီးမင်းက မိန်းကလေးရဲ့ ရည်းစားလား။သူက အရမ်းချောတာပဲ။ရှင်တို့နှစ်ယောက်လုံး တကယ်လိုက်ဖက်ကြတယ်”
ဖုကျီဟွမ်း : မဟုတ်ဘူး
ဝမ်းရွမ်: မဟုတ်ဘူး…အခုတော့ မဟုတ်သေးဘူးပေါ့”
“…”
“…”
ပတ်ပတ်လည်ကတော့ လုံးဝတိတ်ဆိတ်သွားလေပြီ။
ဖုကျီဟွမ်း : “အနောက်က လေးလုံးကို ထည့်စရာမလိုဘူး”
ဝမ်းရွမ်: “ဘာလို့လဲ။ကျွန်မရဲ့ စကားတွေရဲ့အပြုအမူတွေအားလုံးက အတည်ပါနော်။အိုခေ?”
သူတို့ဘေးနားရှိ ရုပ်မြင်သံကြားအဖွဲ့က ငြိမ်နေကြသော်လည်း အဝေးရှိ ထိန်းချုပ်ခန်းထဲတွင် ရှိနေသည့် earphonesတပ်ဆင်ထားသော ဒါရိုက်တာသည်တော့ သူ့အသံကိုမြှင့်ကာ အမိန့်ပေးလာ၏။
“အဲ့ဒီလူနှစ်ယောက်ရဲ့ပုံကိုရိုက်ထား။ခပ်နီးနီးလေး! ခပ်နီးနီးလေး! ဒီနှစ်ယောက်က အရမ်းကြည့်ကောင်းပြီး အာဝဇ္ဇန်းလည်းရွှင်တယ်။ဒီလိုလူတွေကို လမ်းမှာတွေ့ဖို့က မလွယ်ဘူး။နောက်ကျရင် ဒီဟာကို editပြီး Weiboပေါ်တင်လိုက်။သေချာပေါက်ကို ပေါက်ကြားသွားမှာ”
“အစီအစဉ်မှူး ဘာလုပ်နေတာလဲ။မြန်မြန်လေး တခြားမေးခွန်းတွေ ထပ်မေးပြီး interviewလေ။သူတို့ထွက်ပြေးသွားမှာစိုးတယ်”
အစီအစဉ်မှူးက တုန်ရီသွားပြီး ချက်ချင်းပင် မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။
“ဒီကလူကြီးမင်းက ဘာအလုပ်လုပ်ပါသလဲ”
အနည်းငယ်မျက်မှောင်ကြုံ့ကာ ဖုကျီဟွမ်းက ကင်မရာဘက် တစ်ချက်ကြည့်လိုက်သည်။ကြည့်ရသည်မှာ သူက ကင်မရာအရှေ့တွင် စကားပြောရသည်ကို အကျင့်မဖြစ်သည့်ပုံပင်။
ထိုသူက အချိန်ကြာသည်အထိ စကားပြောမလာသည်ကိုတွေ့သော် ဝမ်းရွမ်က သူ့ကိုယ်စား ဖြေပေးလိုက်သည်။
“သူက ဥပဒေအရာရှိပါ”
ဖုကျီဟွမ်း သူမကို ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် အစီအစဉ်မှူးလည်း ကြက်သေသေသွားသည်။
‘လူသားဆန်မှုကိုလေ့လာခြင်း’ ဟူသည့် ရုပ်မြင်သံကြားအစီအစဉ်က တကယ်ကို ကံကောင်းသည်မှာဖြစ်နိုင်၏။
ဤလမ်းသွားလမ်းလာနှစ်ယောက်က အစီအစဉ်ထုတ်လွှင့်ခဲ့ဖူးသမျှထဲတွင် လုပ်ရည်ကိုင်ရည်အမြင့်ဆုံးသူများ ဖြစ်နိုင်သည်။
အနုပညာအသိုင်းအဝိုင်းထဲ ရောက်သွားလျှင်တောင် ရုပ်ရည်ကြောင့် ရုပ်ရှင်စတားနေရာကနေ ရှုံးနိမ့်မည်မဟုတ်ချေ။ကင်မရာက လူနှစ်ယောက်အပေါ် ချိန်လိုက်သည့်အခါ beauty filter ဖွင့်ထားလိုက်သကဲ့သို့ ထောင့်ပေါင်းစုံက ပြီးပြည့်စုံသည့် ရိုက်ချက်ဖြစ်သွားသည်။
ထိုလူချော၏ အလုပ်အကိုင်က ဤမျှထိ ထူးခြားနေမည်ဟု သူတို့မထင်ထားသည်မှာ ပြောစရာကို မလိုတော့ပေ။အကယ်၍ ဤအပိုင်းကိုသာ အစီအစဉ်၏ ခေါင်းစဉ်အဖြစ်ထားလိုက်လျှင် ထိရောက်မှုက တော်တော်ကို အရှိန်ပြင်းလိမ့်မည်။ထို့ကြောင့် အစီအစဉ်မှူးက အခွင့်အရေးကို ဖမ်းဆုပ်ကာ မေးခွန်းမေးလိုက်သည်။
“ဒီက မိန်းကလေးရဲ့အလုပ်အကိုင်ကလည်း ဥပဒေနဲ့ဆိုင်တဲ့အလုပ်ပဲလား”
ဝမ်းရွမ် ပြန်ဖြေမည်လုပ်သည့်အခါ အေးစက်သော ယောက်ျားတစ်ယောက်၏အသံက သူမဘေးဘက်မှ ထွက်ပေါ်လာတော့၏။
“မဟုတ်ဘူး။သူက အိမ်ဖော်ပါ”
“…”
သည်မုန်းစရာကောင်းတဲ့လူက တကယ်ကို ရက်စက်တာပဲ!
ထိုရုပ်မြင်သံကြားအဖွဲ့ ထွက်သွားသည့်အခါ မိနစ်နှစ်ဆယ်ပင် ရှိနေပြီဖြစ်သည်။
ထွက်မသွားခင်တွင် အစီအစဉ်မှူးက မနက်ဖြန် ညပိုင်း ၇နာရီတွင် ထုတ်လွှင့်မည့် ဤအပိုင်းကိုကြည့်ရန် သူတို့ကို ပြောသွားလိုက်သေးသည်။
ဝမ်းရွမ်ကတော့ ကြည့်ချင်စိတ်မရှိချေ။ဖုကျီဟွမ်း ယခုလေးတင်မှ ပြောသွားသည့် ‘အိမ်ဖော်’ဟူသော စကားလုံးနှစ်လုံးက သူမကို ဒေါသထွက်စေပြီး ဦးနှောက်ပါ နာလာသလို ခံစားရသည်။
အလှအပမှာ မွေ့လျော်မိတာက တကယ်ကိုမှားတာပဲ!
ဝမ်းရွမ်ကတော့ ထိုသူ့အပေါ်ထားရှိသည့်ခံစားချက်တို့ကို ပြန်ရုတ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။
ထိုအကြောင်းတွေးနေစဉ်မှာပင် သူမက စူးရှရှကြည့်လိုက်ကာ သူ့ကို အပြစ်ရှိသလို ခံစားရရန် လုပ်နေတော့၏။
*တီး…တီး…*
လျှပ်စစ်စက်ဘီးတစ်စီးက လူရှုပ်နေသော စျေးလမ်းပေါ် အရှိန်ဖြင့် ရောက်လာကာ လမ်းသွားလမ်းလာတို့ကို တိုက်မိလုနီးနီးပင်။ပိုင်ရှင်ကတော့ ဆူဆဲခံလိုက်ရလေသည်။
ဝမ်းရွမ်က ခေါင်းမော့ထားသည်ကိုပဲ အာရုံရောက်နေသောကြောင့် နီးကပ်လာသောစက်ဘီးကို လုံးဝသတိမထားမိပေ။
မျက်လုံးထောင့်စွန်းမှနေ၍ ဖုကျီဟွမ်းက လျှပ်စစ်စက်ဘီးကို မြင်လိုက်ရ၏။သူ မျက်မှောင်ကြုံ့၍ လက်မြှောက်လိုက်ပြီး ဝမ်းရွမ် ပခုံးကို ဆုပ်ကိုင်ကာ သူ့အနား ဆွဲခေါ်လိုက်သည်။
သူမ လန့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ရပ်နေရာမှ စောင်းသွားကာ သူမ၏ ပခုံးက ဖုကျီဟွမ်း ရင်ဘတ်အား ရိုက်ခတ်မိသွားသည်ကိုသာ သိလိုက်တော့သည်။
လျှပ်စစ်စက်ဘီးက ဝမ်းရွမ်အနားဖြတ်သွားသည့်အခါ စက်ဘီး၏နောက်ကြည့်မှန်က ဖုကျီဟွမ်း၏ လက်ခလယ်အဆစ်ကို ထိမိသွားပြီး အနည်းငယ် ရှရာထင်သွား၏။
သူက မျက်ခုံးတောင် နည်းနည်းလေးမှ တွန့်မသွားပေ။ထို့နောက် စကားတစ်ခွန်းတောင် မပြောဘဲ ဝမ်းရွမ်ပခုံးကို ဆုပ်ကိုင်ထားသည်အား လွှတ်လိုက်သည်။သူက သူ့ဒဏ်ရာကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်လိုက်ပြီးနောက် လက်ပြန်ချလိုက်သည်။
“လမ်းပေါ်မှာ ပိုပြီးသတိထား”
“…”
သူမ၏ မိန်းကလေးနှလုံးသားနုနုလေးက တကယ်ကို သူရဲဘောကြောင်ပြီး ထပ်တဖန် အသက်ဝင်လာပြန်တော့သည်။
လူတွေပြောကြတဲ့ ‘တစ်ခါချစ်မိရင် တစ်သက်လုံးချစ်တယ်’ ဆိုသလိုပေါ့!
ဒါပဲလေ!အဲ့စကားက ဒါပဲ!
ဝမ်းရွမ်က လက်နှစ်ဖက်ကို လက်သီးဆုပ်သဏ္ဍာန် ယှက်လိုက်ပြီး ရင်ဘတ်ပေါ်တင်လိုက်ကာ တဒုတ်ဒုတ်ခုန်နေသောနှလုံးသားကို ငြိမ်ကျသွားအောင် လုပ်နေသည်။အချိန်ညောင်းသွားသည့်အခါ သူမ အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး ပြောလာ၏။
“ကျွန်မ ရှင့်ကို ဆေးပလာစတာဝယ်ပေးမယ်”
သူမ အလွန်မှစိတ်လှုပ်ရှားနေသော်လည်း ရုတ်တရက်ပင် တစ်စုံတစ်ခုကို သတိရမိသွား၏။သူမ ချက်ချင်း တန့်သွားကာ နေရာတွင် ရပ်နေလိုက်သည်။
ဖုကျီဟွမ်း : ဘာဖြစ်လို့လဲ
ဝမ်းရွမ်: ကျွန်မတစ်ခုခုမေ့ကျန်ခဲ့တယ်လို့များ ရှင်ထင်မိလား
ဖုကျီဟွမ်း : “…”
ငါ့ရဲ့ Hermesတံဆိပ် အနီရောင် limited suitcase
!
ငါ့ရဲ့ LVDauphine handbag!
ငါ့ရဲ့ LVDauphine handbag!
⭐⭐⭐⭐⭐⭐⭐