The Everlasting One (volume 2...

By _pannthoon_

738K 73.8K 17.4K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 128

8.5K 903 317
By _pannthoon_

Unicode

တိုက်ပွဲစတင်ခြင်း

______________

ယနေ့ အရုဏ မလန်းဆန်းပေ။

မနက်ခင်းစတင်ခါစရှိသေးသည့်တိုင် သူ​၏ဦးနှောက်က သူ့ကို အိပ်ချင်နေသည်ဟူ၍သာ အစဉ်မပြတ်သတင်းပေးလျက်ရှိသည်။

မနေ့ညက သူတစ်နာရီမျှသာ အိပ်စက်ခဲ့ရသည်။ မအိပ်ရခြင်းအကြောင်းမှာကား အခြားမဟုတ်။ သူ​၏ တစ်ဦးတည်းသော ကိုယ်ပွားသေးသေးလေး ဣန္ဒီကြောင့်သာလေတည်း။

သူနှင့်ယုဂန် တမာပင်မြို့သို့ပြန်ရောက်ပြီးနောက် သမီးတော်လေးအတွက် ပြင်ဆင်ထားသောနို့ထိန်းတော်များ၊ အထိန်းတော်များအားလုံး ကလေးဘေးနားတွင် ဝိုင်းဝန်းစောင့်ရှောက်ကြသည်။ စံအိမ်တော်တွင် ကလေးအတွက် သီးသန့်အခန်းတစ်ခန်းရှိကာ အထိန်းတော်များက ထိုအခန်းမှာပင် ကလေးလိုအပ်ချိန် အသင့်ရှိနေအောင် အိပ်စက်ကြရသည်။

သို့ရာတွင် ယုဂန်မှာ ကလေး​၏မိဘတစ်ဦးအနေနှင့် ကလေး​၏အချိန်တော်တော်များများကို သူနှင့်အတူ ကုန်ဆုံးစေချင်ကြောင်း၊ ကလေးကို မခွဲနိုင်ကြောင်း၊ အခန်းခွဲအိပ်ရလျှင် စိုးရိမ်သောကြောင့် အိပ်ပျော်မည်မဟုတ်ကြောင်း စသောဆင်ခြေမျိုးစုံပေးပြီး ကလေးပုခက်ကို သူတို့အခန်းထဲ ထည့်ထားခဲ့သည်။

ကလေးပုခက်က လင်မယားအခန်းထဲရောက်နေသည်မို့၊ လင်မယားမှာလည်းသာမန်မဟုတ်၊ မင်းသားနှင့်အမတ်မင်း ဖြစ်နေသည်တမုံ့။

သို့ပါ၍ ကလေး​၏အထိန်းတော်တစ်သိုက်မှာ ညဘက်ကြီး အခန်းထဲဝင်မရသောကြောင့် ကလေးကို မချော့မြူနိုင်ဘဲ ရှိနေသည်။

ပြဿနာက ထိုကစသည်။

ကလေးက ဘာရယ်ကြောင့်မှန်းမသိ။ ညညမှ ထထငိုသည်။ ကလေးငယ်လေး နေ့ညမှားခြင်းဟာ သာမန်ဖြစ်သည်ဟူ၍တော့ အထိန်းတော်များက ဆိုကြ​သည်။ မကြာခင်ထိုအကျင့်ပျောက်သွားမည်ဟု ပြောကြသော်လည်း ကလေးငိုသောကြောင့် အရုဏမအိပ်ရသည်မှာ နှစ်ည၊ သုံးညရှိနေပေပြီ။

ယုဂန်က တော်ရုံနှင့်မနိုး။ တစ်ခါတလေ တစ်ညလုံးတောင် မနိုးတတ်ပေ။

အအိပ်ဆက်သောအရုဏကသာ အမြဲနိုးလာရပြီး ကလေးကို ချီလိုက်၊ ချော့လိုက်၊ မြူလိုက်နှင့် ထိန်းကျောင်းရသည်။ အစ်ကိုတော်ဘရဏသူ ဝသန္တကိုမွေးတုန်းကတောင် ထိုမျှ ပင်ပန်းမည်မထင်။ အစ်ကိုတော့်တုန်းက ကလေးကို သက်သက်အခန်းထဲမှာ အထိန်းတော်တွေနဲ့ ထားသည်ကိုး။

ဒီညတော့ ယုဂန်ကိုဖျောင်းဖျပြီး ကလေးပုခက်ကို နေရာပြန်ရွှေ့မည်ဟုတွေးသည်။ နောက်ပြီး ကလေးကြောင့် မလုပ်ရတာ ကြာပြီဖြစ်သော ချစ်တင်းနှောမှုကိုလည်း ဒီည ပြုလုပ်ချင်သေးသည်။

ထိုသို့အရုဏ​၏ ခေါင်းထဲတွင် အစီစဉ်များစွာချမှတ်နေသော်လည်း အပြင်ဘက်တွင်မူ အိပ်ငိုက်နေသောကြောင့် မျက်လုံးသိပ်မပွင့်ချင်။ သို့သော်လည်း အိပ်၍မရ။

ယုဂန်က ဘာစိတ်ကူးပေါက်သည်မသိ။ သူတို့နှစ်ဦး​၏ပုံတူပန်းချီကား လိုချင်သည်ဟုဆိုကာ ပီယံမိတ်ကို အကူအညီတောင်းသည်။ ပီယံကလည်း မည်သည့်အကျိုးအမြတ်မျှမမျှော်ဘဲ လက်ဆောင်အနေဖြင့်ဆွဲပေးမည်ဖြစ်ကြောင်း ပြောဆိုပြီး ယနေ့ပင် ပုံတူပန်းချီကားကို စတင်ရေးဆွဲသည်။

အရုဏမှာ ယုဂန်နှင့်အတူ သလွန်ပေါ်ထိုင်လျက် မိန့်မိန့်ကြီးနေနေရသည်။

ပီယံက အရှေ့မှ ကြည့်ဆွဲနေသည်မို့ ကိုယ်အမူအရာကို များစွာပြောင်းလိုက်လို့လည်းမဖြစ်။ အိပ်ချင်နေသော်လည်း သည်းခံပြီးသာ ကိုယ်ကို​တောင့်ခံထားရသည်။

သူ့ဘေးရှိ ယုဂန်ကတော့ သူနှင့်ဆန့်ကျင်စွာ အလွန်အမင်း တက်ကြွရွှင်လန်းနေပြီး ပီယံမိတ်နှင့် စကားတပြောပြောရှိနေသည်။

သူတို့နှစ်ဦးပြောသော စကားများက တခြားမဟုတ်ပါ။ စီးပွားရေးအခြေအနေအကြောင်း၊ စာအုပ်အကြောင်း၊ နိုင်ငံရေးအကြောင်း၊ ရှားပါးသောမှော်သတ္တဝါများအကြောင်း စသည်မှစ၍ စစ်တုရင်ကစားပုံ၊ ရောက်တတ်ရာရာ ဗဟုသုတအချို့ စသည်ဖြင့် ဉာဏ်ရည်တူ၊ စိတ်ဝင်စားမှုတူသော လူနှစ်ယောက်​၏သုတစကားဝိုင်းဖြစ်နေခဲ့သည်။

အိပ်ငိုက်နေသော အရုဏကတော့ ထိုစကားဝိုင်းကို မကြားတစ်ချက် ကြားတစ်ချက်။ နောက်ဆုံး ဝိုးတဝါးကြားလိုက်သည်ဆိုလို့ နေရာဒေသအလိုက် အစားအစာများ ကွာခြားမှုအကြောင်းဖြစ်သည်။

ယုဂန်: " ဇိယတ္တမှာ အစပ်တော်တော်စားကြတယ်။ သူတို့က ဘာစားစားငရုတ်သီးလေး ပါလိုက်ရမှ။ မင်းအစ်ကိုတော်က အစပ်မစားနိုင်ဘူးလေ။ သူ အဲ့ဒီ့ကိုစစ်ထွက်တော့ မစားနိုင်လို့ ဒုက္ခရောက်လိုက်တာဆိုတာ"

ပီယံမိတ်က သူတို့​၏အရှေ့တည့်တည့်ခပ်လှမ်းလှမ်းတွင် ထိုင်လျက် ပုံတူပန်းချီကားရေးဆွဲလျက်ရှိသည်။ ရေးဆွဲရင်းနှင့်လည်း သူ​၏စုတ်တံကိုထောင်၍ အရုဏတို့ဘက်ကို လှမ်းကြည့်ပြီး မျက်စိတစ်ဖက်မှိတ်ရင်း ခန့်မှန်းတိုင်းတာနေသည်။ ပြီးနောက် ပုံချဆွဲသည်။

ပီယံ: " ရေဝတီလည်း တော်တော်အစပ်မစားနိုင်တဲ့အထဲပါတယ်။ ဒါပေမဲ့ သူကျ အငန်အရမ်းစားတာပဲ။ ပင်လယ်ထဲမှာ နေခဲ့လို့ထင်ပါတယ်။ အငန်ဓာတ်နဲ့သဟဇာတဖြစ်နေပြီး ရေဆိုလည်း ဆားပျော်ရည်ပဲသောက်တယ်။ နဂါးတွေက အငန်ကဲတာမှ စားကြတယ်လို့ သူပြောတယ်"

ရုတ်တရက်ကြီး မဆီမဆိုင် ရေဝတီ့အကြောင်းပါလာသောကြောင့် ထူးဆန်းသည်ဟု ယုဂန်,ခံစားလိုက်ရသည်။ သို့သော်လည်း များစွာသံသယမဖြစ်မိဘဲ အလိုက်သင့်သာ ပြန်ပြောလိုက်သည်။

ယုဂန်: " ဒါဆို လူ့ပြည်က အစားအစာတွေက နဂါးတွေအတွက် ပေါ့ရွှတ်နေမှာပဲနော်"

ပီယံ့​၏မျက်ဝန်းများ ဝင်းလက်သွားသည်ကို ယုဂန် သတိပြုမိလိုက်သည်။ ပီယံ့ကြည့်ရသည်မှာ ရေဝတီအကြောင်းပြောဖို့ ပျော်ရွှင်နေသလိုပါပင်။

ပီယံ:" ဟုတ်တယ်။ ရေဝတီ လူ့ပြည်ရောက်တုန်း စားရသောက်ရတာ သိပ်ခက်တာပဲတဲ့။ ဒါပေမဲ့ သူ ဆားပျော်ရည်သောက်ပြီး စားတော့ အဆင်ပြေတယ်တဲ့။ အဲ့လိုသာ ပေါ့ရွှတ်နေရင်မစားတတ်တာ။ သစ်သီးတွေကျ သိပ်ကြိုက်တာပဲ။ ရေဝတီက ဖရဲသီးတစ်လုံး,လုံးကို တစ်ထိုင်တည်းစားပစ်တာတဲ့ ဒါရုပြောပြတယ်။ အခုလည်း ထောပတ်သီးကို တော်တော်ကြိုက်နေရှာတယ်။ မနက်လည်း ထောပတ်၊ နေ့လယ်လည်းထောပတ်၊ ညလည်းထောပတ် စားနေတယ်တဲ့"

ပီယံ့ဘက်က မည်မျှပင် ရေဝတီ့အကြောင်းဆွဲခေါ်စေကာမူ ထောပတ်သီးဟူသောအသံကို ကြားသည်နှင့် မောင့်အကြောင်း ယုဂန်မတွေးမိဘဲမနေနိုင်ချေ။

ဒါကတော့ မောင်က သူချစ်ရတဲ့သူကိုး။

မည်သည့်အချိန်ဖြစ်ဖြစ် ချစ်ရတဲ့လူအကြောင်းထည့်တွေးမိတာက ဓမ္မတာပင်မဟုတ်ပါလား။

ဒီလိုတွေးမိတော့လည်း မဆီမဆိုင်ဘဲ ရေဝတီ့အကြောင်း ထ,ထပြောသည့်ပီယံ့ကို သံသယဝင်လာမိပြန်သည်။ ပီယံ့ရဲ့ ဒီပျော်နေတဲ့အနေအထားကိုကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပါပင်။

ယုဂန်:" မောင်လည်း ထောပတ်သီးကြိုက်တယ်ရော်။ အဲ့တာမှသတိရတယ်။ ညနေကျရင် မောင့်အတွက် ထောပတ်သီးကို နို့နဲ့သကြားနဲ့ခလောက်ပြီး လုပ်ပေးရမလားဟင်။ မောင်က အဲ့တာမျိုးသိပ်ကြိုက်တာ"

ယုဂန် စကားလှည့်ပြောမှ အိပ်ငိုက်နေသောအရုဏ​၏အသိစိတ်လည်း လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာသည်။ သူ ယုဂန်ကို ငိုက်မြည်းနေသောမျက်ဝန်းများနှင့် လှည့်ကြည့်ပြီး ပြုံးပြကာ

အရုဏ:" ကောင်းတာပေါ့။ လုပ်ပေးလေ"

အရုဏ​၏ပင်ပန်းနေသောပုံစံကြောင့် ယုဂန်ဟာချက်ချင်းပင် သနားကရုဏာသက်မိသော မျက်နှာကလေးဖြစ်သွားပြီး အရုဏ​၏နဖူးစပ်မှ ချွေးစများကို အင်္ကျီလက်ဖြင့် အသာအယာ ထိတွေ့ပွတ်သပ်လာသည်။

ယုဂန်:" ငါ့ယောက်ျားလည်း လတ်တလောပင်ပန်းနေတာ။  သနားပါတယ်။ ရာဓဇဆီက စစ်အင်အားရပြီဆိုတော့ သူ့မှာ နေ့နေ့ညည ဟီရကိုတိုက်ဖို့ ဗျူဟာဆွဲနေရတာနဲ့တင်ပဲ။ ဒါတောင် ကလေးက အထိန်းတော်တွေရှိလို့။ မဟုတ်ရင် တို့နှစ်ယောက်တည်းဆို ကလေးရော၊ တာဝန်တွေရောနဲ့တိုင်ပတ်နေမှာ။ ဒီညတော့ အိပ်ရေးဝဝအိပ်လိုက်နော်။  ဣန္ဒီလေးက ငိုတော့ ညညဆို မောင်မအိပ်ရဘူး။ ဒီညတော့ ကလေးကို သူ့အထိန်းတော်တွေနဲ့ထားလိုက်မယ်"

ထိုစကားကိုကြားသော်  အရုဏမည်မျှပျော်ရွှင်သွားသည်ကို မပြောတတ်လောက်အောင်ပင်။

အရုဏ ဟန်မဆောင်နိုင်အောင် ဝမ်းပန်းတသာပြုံးမိသွားပြီး ကျေကျေနပ်နပ်ကြီးခေါင်းညိတ်သည်။ သူဒီညတော့ ကောင်းကောင်းအိပ်ရပြီထင်သည်။ မဟုတ်လည်း သူနဲ့ယုဂန်နှစ်ယောက်တည်း လေ့ကျင့်ခန်းလေးဘာလေးလုပ်ဖြစ်တာပေါ့။

ပီယံ:" ဟီရကို ဘယ်တော့သွားတိုက်မယ် ရည်ရွယ်ထားလဲ"

ပီယံမိတ်အမေးကြောင့် ယုဂန် အရှေ့သို့ပြန်လှည့်သွားသည်။

ယုဂန်:" ဒီလကုန်လောက်ဖြစ်မယ်ထင်တယ်။ စစ်ထွက်ရမှာဆိုတော့ ယောက်ျားနဲ့ ခွဲရဦးမှာပဲ။ မခွဲတာတောင် ကြာပြီကို"

ယုဂန်​၏ ချွဲချွဲနွဲ့နွဲ့အသံလေးကြောင့် အရုဏ ယုဂန်ဘက်ကိုလှည့်ကြည့်ကာ ခေါင်းလေးပုတ်ပေးမိသည်။

အရုဏ:" ခဏလေးပဲ ကြာမှာပါ။ မောင်ပြောရဲတယ်"

ယုဂန်က အရုဏ​၏လက်မောင်းကို ချိတ်တွယ်လိုက်ရင်း နှုတ်ခမ်းကိုမသိမသာထော်ကာ ဆူပုတ်ပုတ်လုပ်နေသည်။ ကလေးသာတစ်ယောက်ရတာ။ ယုဂန်ကတော့  ခင်ပွန်းသည်ကို ချွဲဖို့ ခုထိမမေ့မလျော့ပါပင်။

ပီယံ:" ဒီတစ်ခေါက် အစ်ကိုယုဂန်ပါ မလိုက်တော့ဘူးလား"

ယုဂန်:" မင်းအစ်ကိုတော်က အန္တရာယ်များတယ်ဆိုပြီး ငါ့ကိုမလိုက်စေချင်ဘူးလေ။ နောက်ပြီးအခု သမီးလေးလည်းရှိပြီဆိုတော့ ကလေးကိုလည်း သေချာစောင့်ရှောက်ထားမှဖြစ်မယ်။ အဲ့တာကြောင့် ငါနေခဲ့မလို့"

ပီယံ:" ဟီရဆီစစ်ထွက်ရင် ရေဝတီ့ကိုရော ခေါ်မှာလား။ ရေဝတီက သူကူညီနိုင်မယ့်အရာရှိရင် ကူညီပေးမယ် ပြောထားတယ်ဆိုတော့"

ပီယံ ထပ်ပြီးရေဝတီ့အကြောင်းပြောသည်ကို ယုဂန်သတိပြုမိလိုက်သည်။

အရုဏ:" ခေါ်သွားမယ်။ သူ့နဂါးအစွမ်းနဲ့ဆိုရင် စစ်သည်ရာကျော်ကို ချေမှုန်းနိုင်မှာ အသေအချာပဲ"

မောင်ကတော့ စစ်ရေးအမြင်နှင့် ပြောနေသော်လည်း ပီယံမှာ စစ်ရေးထက်ပိုသောခံစားချက်ရှိဟန်ဖြင့် အားရတက်ကြွနေသည်။

ပီယံတစ်ယောက် အခုလို နေရင်းထိုင်ရင်း ပြုံးစိစိဖြစ်နေသည်ကို ယုဂန်အခုမှမြင်ဖူးခြင်းဖြစ်သည်။

ပီယံ:" အစ်ကိုယုဂန် မပါဘူးဆိုတော့ ဗျူဟာချမှတ်ရေးအတွက် ကျွန်ုပ်လိုက်ခဲ့ပါရစေ။ ရေဝတီက ခွန်အားအရသာတယ်ဆိုရင်တောင် ခွန်အားကို ထိန်းချုပ်ဖို့ ဉာဏ်အားက လိုအပ်တာပဲ မဟုတ်ပါလား"

ဒီတစ်ခါတော့ ယုဂန် သံသယမဝင်ဘဲ မနေနိုင်တော့ချေ။ သူ ဒူးပေါ်လက်ထောက်လိုက်ကာ ပီယံ့ကို တရားခံစစ်,မေးသောအသံနှင့် စိမ်းစိမ်းစူးစူးကြည့်လျက် မေးလိုက်တော့သည်။

" ပီယံ မင်း ရေဝတီ့ကိုကြိုက်နေတာလား"

ပီယံ ထိတ်ပျာသွားသည်။ နားရွက်ဖျားတို့ ချက်ချင်းနီမြန်းသွားကတည်းက အဖြေမှာ သေချာနေလေပြီ။

" မ...မဟုတ်ပါဘူး။ ကျွန်ုပ်မကြိုက်ပါဘူး"

ပီယံ မလုံမလဲဖြစ်သော အပြုံးနှင့် လိမ်သည်။ သို့သော်လည်း ပီယံမှာ လိမ်ညာရာ၌ အလွန်ညံ့ဖျင်းသောသူဖြစ်လေရာ သူ​၏အိုးမလုံအုံပွင့် မျက်ဝန်းများနှင့် စိုးရွံ့နေသောအကြည့်တို့က အဘွင်းသားပေါ်လွင်နေသည်။

ယုဂန် ရယ်လိုက်ပြီး ဟန်ပါပါလက်ပိုက်လိုက်သည်။

" လိမ်တာလည်း ကြည့်ကြပ်လိမ်စမ်းပါ။ နားရွက်ဖျားတွေဖြင့် ရဲနေပြီ။ ဘာမကြိုက်ဘူးလဲ။

ထိုအခါမှ ပီယံခပ်ရှက်ရှက်ပြုံးသွားကာ သူ​၏နီမြန်းသွားသော နားရွက်ဖျားကို လက်ဖြင့်ထိကိုင်ကြည့်နေသည်။

အတန်ကြာသည်အထိ သူဘာမှတော့ဆက်မပြော။ ထိုအတိုင်းပြုံး၍သာ ပုံဆက်ဆွဲနေသည်။ နီမြန်းသောနားရွက်ဖျားများကတော့ ပို၍ပို၍သာ နီရဲလာသည်။

ယုဂန်လည်း တစ်သက်လုံး FA လုပ်လာသော ပီယံ့​၏အချစ်ရေးတွင် သူဝင်မပါလျှင် ပြီးတော့မည်မဟုတ်မှန်း သိသဖြင့် ရေဝတီ့အကြောင်းကိုသာ စကားစဆွဲယူလိုက်သည်။

"မင်းလည်း လူပျို၊ သူလည်း အပျိုပဲ။ ကြိုက်ရင် ကြိုက်တယ်ပေါ့ ဘာဖြစ်လဲ"

ပီယံ လှပရှင်းသန့်စွာပြုံးသည်။ ခဏနေမှ သူ့ဆီက မပွင့်တပွင့်အသံကလေးထွက်လာသည်။

" ကျွန်ုပ် သူ့အကြောင်းကို ခဏခဏတွေးနေမိတယ် ထင်တယ်"

" တွေ့လား။ အဲ့တာကြိုက်နေလို့ပေါ့"

ယုဂန် အားတက်သရောဆိုသည်။  တစ်ဆက်တည်းပင် ပီယံ့ကို မေးထောက်ပြီး စိတ်ဝင်တစားကြည့်လိုက်လျက်

" အဲ့တော့ မင်းတို့နှစ်ယောက် ဘယ်အခြေအနေရောက်နေပြီလဲ"

ဟုမေးသည်။

အရင်ကတည်းက ပီယံမိတ်မှာ အရှက်အကြောက်ကြီးသည်မို့ သူ​၏ပထမဆုံးအချစ်ရေးတွင်လည်း ပြောထွက်ဖို့ အတော်ခဲယဉ်းသည်မှာ အံ့ဩစရာတော့မဟုတ်ပါချေ။ သူ့ဆီက ပြန်ဖြေစကားကြားရဖို့ အနည်းငယ်တော့စောင့်ရသည်။

" ဒီတိုင်းပါပဲ။ ခင်မင်ရင်းနှီးပါတယ်"

" ဘယ်တော့ဖွင့်ပြောမှာလဲ"

" ဖွင့်ပြောဖို့လား"

ပီယံ တအံ့တဩရေရွတ်သည်။ သူ​၏မျက်ဝန်းများ ဝိုင်းကျယ်သွားသည်မို့ ထိတ်လန့်သွားသော ယုန်သူငယ်ပမာ ဖြစ်နေသည်။

ထို့ကြောင့် ဆရာကြီးဖြစ်သော ယုဂန်ကပဲ တိုက်တွန်းစကားဆိုလိုက်သည်။

" အင်းလေ။ ကြိုက်နေမှတော့ သေချာပေါက်ဖွင့်ပြောရမှာပေါ့"

ပီယံ ခေါင်းကုတ်လိုက်ပြီးနောက် ခပ်တိုးတိုးဆိုသည်။

" ကျွန်ုပ် မစဉ်းစားရသေးဘူး"

ထိုသို့ ပီယံ့စကားမဆုံးခင်မှာပင် ယုဂန်​၏ အားကြိုးမာန်တက်အသံကြီးက ဟိန်းထွက်လာသည်။

" ဘာစဉ်းစားစရာလိုလို့လဲ။ ဒီတိုင်း ခံစားရတာ ဖွင့်ပြောလိုက်။ မင်းရဲ့ခံစားချက်ကို ဘာမှ ခြွင်းချန်မနေဘဲ အကုန်ပြောပြလိုက်။ ရည်းစားစကားပြောတဲ့အခါမှာ ပွင့်လင်းဖို့က အဓိကပဲ။ ဟုတ်တယ်မလား မောင်"

ယုဂန်က သူတစ်ယောက်တည်းတိုက်တွန်းရုံမက၊ အရုဏကိုပါ တံတောင်ဆစ်နှင့်တွတ်၍ စစ်ကူခေါ်သည်။

ငိုက်မြည်းနေသောအရုဏလည်း ထိုအခါမှ သေချာပြန်နိုးလာကာ

" အင်း ဟုတ်တယ်။ ယုဂန်ပြောသလိုပဲ"

ဟူ၍ ဘာမှန်းမသိလိုက်သော်လည်း ခေါင်းညိတ်ပြီး အိပ်ချင်မူးတူးအသံနှင့် ဆိုသည်။

ထိုသို့ နှစ်ယောက်က ဝိုင်းတွန်းသော် နဂိုတည်းက ရှက်တတ်သည့်ပီယံမှာ ပိုပြီးတောင် မျက်စိသူငယ် နားသူငယ်လေးဖြစ်လာပြီး စိုးရွံ့သည့်အသွင်ဖြစ်လာသည်။

" ကျွန်ုပ် တစ်ခါမှ ဖွင့်မပြောဖူးဘူး။ တကယ်လို့ သူက ကျွန်ုပ်ကို မနှစ်သက်ရင်ဘယ်လိုလုပ်မလဲ"

ယုဂန် လက်နှစ်ဖက်ကို ဝေ့ခါလိုက်သည်။

" မင်းသာ ဖွင့်ပြောရင် ဘယ်မိန်းကလေးမှ ငြင်းမှာမဟုတ်ဘူး။ ငါပြောရဲတယ်။ တကယ်လို့ ငြင်းတဲ့မိန်းကလေးရှိရင် အဲ့မိန်းကလေးက မိန်းမချင်းကြိုက်တဲ့လူပဲ ဖြစ်ရမယ်"

မျက်လုံးမပွင့်တပွင့်ဖြစ်နေသော အရုဏကလည်း ဘေးကနေ ခေါင်းညိတ်ပြသည်။

ယုဂန်: " အချိန်ဆွဲမနေနဲ့။ ကြိုက်ရင်ကြိုက်တယ်ပြောပြီး အမိဖမ်းလိုက်။ ဒါပေမဲ့ မင်းအစ်ကိုတော်လိုတော့ မလုပ်နဲ့ပေါ့ကွာ။ မင်းအစ်ကိုတော်က ရည်းစားစကားအရင်မပြောဘူး။ ငါ့ကို ကောက်ခါငင်ခါကြီး အရင်နမ်းတာ။ အဲ့တုန်းက ငါ အရမ်းအံ့ဩသွားတာရယ်။ ဘုရင့်သားတော်ဆိုပြီး မလေးမစားပြုလို့မဖြစ်လို့၊ နောက်ပြီး မင်းသားအရုဏဆိုပြီး ကြောက်နေတာနဲ့ အဲ့တုန်းက မင်းအစ်ကိုတော်ကို  ငါဘာမှပြန်မလုပ်လိုက်တာ။ ဒါပေမဲ့ ရေဝတီကိုတော့ အဲ့လိုသွားလုပ်လို့မဖြစ်ဘူးနော်။ သူက ပြန်သမမယ့်မိန်းကလေးမျိုး"

ဆရာကြီးယုဂန်​၏စကားများကြားတွင် ပီယံ အူကြောင်ကြောင်လေးဖြစ်လာသည်။

ဒီအသက်အရွယ်ထိ အချစ်ရေးကိစ္စ ကိုယ်နှင့်မဆိုင်သလို နေလာခဲ့သူမို့ ဖွင့်ပြောရမည့်အရေးမှာ သူ့အတွက် ပူပန်စရာကိစ္စဖြစ်နေသည်။

" ဒါဆို ဘယ်လိုလုပ်ရမှာလဲ"

သူ အစ်ကိုယုဂန်ကိုသာ ဆရာတင်လိုက်သည်။ ဒီအချိန် အစ်ကိုတော်နန္ဒနှင့် အစ်ကိုတော်သုဒီပါရှိလျှင်လည်း သူ့ကို တစ်ယောက်တစ်ပေါက်နှင့်အကြံဉာဏ်ဝိုင်းပေးဦးမည် ဖြစ်ကြောင်း သူတွေးမိသည်။

" မင်းက စာဆိုတော်ပဲဟာ ကဗျာရေးပေးလိုက်လေ"

" ကဗျာရေးရမှာလား"

ပီယံ စဉ်းစားသည်။ ကဗျာရေးရသည်မှာ သူ့အတွက်ခက်ခဲသောကိစ္စမဟုတ်သည်မို့ လုပ်နိုင်လောက်မည်ထင်သည်။ နောက်ပြီး စာနှင့်ဖွင့်ပြောရသည်က မျက်နှာချင်းဆိုင်ပြောရတာထက် ပိုမိုလွယ်ကူပေလိမ့်မည်။

" အွန်း။ ချစ်ကြောင်းကြိုက်ကြောင်း ဖွဲ့နွဲ့ပြီးပေးလိုက်လေ။ မိန်းကလေးတွေက အဲ့လိုစိတ်ကူးယဉ်ဆန်ဆန်လေးတွေ သဘောကျကြတယ်။ ဟုတ်တယ်နော် မောင်"

ယုဂန် အရုဏကို စစ်ကူခေါ်ပြန်သည်။ အရုဏကလည်း ခေါင်းညိတ်ပြီး

" အင်း ဟုတ်တယ်"

ဟူ၍ ထောက်ခံစမြဲဖြစ်​၏။

ပီယံ စိတ်လှုပ်ရှားလာမိသည်။ သူ ကဗျာကို မည်သည်က စတင်ရေးသားရမည်ကို စဉ်းစားနေခိုက်တွင် သူ့ရှေ့ရှိ ယုဂန်က စပ်ဖြီးဖြီးလုပ်လာကာ

" သတင်းကောင်း စောင့်နေမယ်နော် ဟဲဟဲ"

ဟု မျက်ခုံးပင့်ပြလျက် အားပေးအားမြှောက်ပြုလာပြန်သည်။

ပီယံကတော့ ပထမဆုံးအချစ်ရေး အတွေ့အကြုံအနေနှင့် အလွန်အမင်းမဆိုးဝါးနေစေဖို့ကိုသာ မျှော်လင့်နေမိသည်။

ကဗျာတစ်ပုဒ်လောက်ကတော့ သေချာပေါက် သူအကောင်းဆုံးရေးနိုင်ပါသည်။

*************************

" မင်းသားပီယံမိတ်ဆီက သဝဏ်လွှာပါ"

အစေခံတစ်ဦးမှ ကမ်းလင့်လာသော စာလိပ်ကို ရေဝတီယူလိုက်သော်လည်း စိတ်ထဲ၌ ထူးဆန်းတစ်ဝက်၊ အံ့ဩတစ်ဝက်ဖြစ်နေသည်။

မင်းသားပီယံမိတ်မှာ မိမိကို သဝဏ်ပါးစရာ မည်သည့်အကြောင်းကိစ္စများရှိပါအံ့နည်း။

ခါတိုင်း နှစ်ယောက်တွေ့မှ စကားပြောရင်ပြော၊ မဟုတ်လည်း တကူးတကတွေ့ဖို့ ချိန်းဆိုလိုက်တာမျိုး။ ထိုသို့ပြုလုပ်ပြီး လူချင်းဆုံမှသာ အလာပ သလာပ စကားပြောဆိုကြခြင်းဖြစ်သည်။

ယခုလို သဝဏ်လွှာနှင့်ပို့ရသည့်အကြောင်းရင်းမှာ ဘာများဖြစ်မလဲ သူမသိချင်စမ်းပါဘိ။

အတွေးနှင့်အတူ ရေဝတီ သဝဏ်လွှာကိုဖွင့်ဖတ်လိုက်သည်။

ဖွင့်ဖတ်ပြီးချိန်၌ သူမမျက်နှာမှာ ရှုပ်ထွေးဟန်၊ နားမလည်ဟန်နှင့် မျက်ခုံးတို့တောင် အသာကုပ်သွားမိသည်။ သူမ သဝဏ်လွှာကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ထပ်ဖတ်သည်။ ထို့နောက် အူကြောင်ကြောင်မျက်နှာထားနှင့် ခေါင်းကုတ်လိုက်မိသည်။

ထိုသို့ ရေဝတီတစ်ယောက် နားမလည်နိုင်ဖြစ်နေခိုက်တွင် သူမ အခေါ်တော်ရှိထားသော ဒါရုက သူမရှိရာ လသာဆောင်သို့ ရောက်လာသည်။

" အရှင့်သမီး ကျွန်ုပ်ရောက်ပါပြီ။ မြို့ထဲ သွားတော့မှာလား"

​ယနေ့ ရေဝတီမြို့ထဲသို့ လည်ပတ်ကြည့်ရှုရန်အတွက် ဒါရုကို အခေါ်တော်ရှိထားခြင်းဖြစ်သည်။ မြို့ထဲတွင် သူမဘာသာ လည်ပတ်နိုင်သည်ဖြစ်သော်လည်း ဒါရုမှာ သူမကို မျက်ခြည်မပြတ်စောင့်ရှောက်ရမည့်လူဖြစ်၍ လည်းကောင်း၊ သူမကလည်း တစ်ယောက်တည်းလျှောက်လည်ရမည်ကိုပျင်း၍ ရင်းနှီးခင်မင်သော ဒါရုကို လိုက်ပါစေချင်သောကြောင့်လည်းကောင်း အဖော်ခေါ်ထားခြင်းဖြစ်သည်။

" ဒါရု ရောက်ပြီလား။ ခဏလေးနော်။ ဒီမှာ မင်းသားပီယံမိတ် ပို့လိုက်တဲ့စာ ဖတ်နေလို့"

ရေဝတီက သဝဏ်လွှာကို မေးဆတ်ပြရင်းဆိုသည်။ ဧကသူသည် ပီယံ့ထံမှစာဟူသောကြောင့် ဘာရယ်မဟုတ်ဘဲ သိချင်စိတ်ဖြစ်မိသွားသည်။ ထို့ကြောင့်

" ဘာစာများလဲ"

ဟူ၍ လွှတ်ခနဲမေးလိုက်မိသည်။

ရေဝတီက ပခုံးတွန့်ပြသည်။

" ကဗျာတစ်ပုဒ်ပဲ။ ဘာပြောချင်တာလဲတော့ မသိဘူး"

ရေဝတီတို့ နဂါးမျိုးနွယ်များသည် များသောအားဖြင့် သွယ်ဝိုက်ကွေ့ပတ်ခြင်းမရှိဘဲ တဲ့တိုးဆိုလေ့ရှိကြ​သည်။ အနက်ကိုသိုဝှက်မနေဘဲ အဆုံးစွန်ပွင့်လင်းကြသည်။
သို့ပါ၍ ကဗျာအလင်္ကာဟူသည် နဂါးပြည်၌ မရှိသလောက်နည်းပါးပြီး စာပေအနုပညာ၌ အားနည်းလွန်းကြသည်။ ဤသို့ နဂါးအများစုမှာ ကဗျာစာပေနှင့်အလှမ်းဝေးလေရာ ရေဝတီမှာလည်း ကဗျာကို ဖတ်သာဖတ်​၏၊ နားမလည်ချေ။ 

ထို့ကြောင့် သူမ အူလည်လည်ဖြစ်ပြီး ကဗျာကိုသာ စိုက်ကြည့်နေမိသည်။ ဒါရုကိုမြင်သော် သူမသတိရသွားသည်။

" အာ...ဒါရုက ကဗျာလင်္ကာဝါသနာထုံတာပဲ။ ဖတ်ကြည့်ပြီး ဘာအဓိပ္ပါယ်လဲဆိုတာ ပြောပြပါလား" 

ရေဝတီ ကမ်းလင့်လာသော သဝဏ်လွှာကို ဧကသူ ယူလိုက်ပြီး ဖတ်ကြည့်လိုက်သည်။ စာထဲ၌ ရေးသားထားသောကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။

ပြာလဲ့ညိုစင်၊ တင့်ရွှန်းလွင်နှင့်၊ ကေသျှင်မြရည်၊
ရှင်နှောင်းဆီလျှင်၊ ခုပြီမြော်ရှဲ့၊ တွေးစခဲ့သည်၊ နွဲ့လျဝင်းငယ်၊ လည်ဝယ်ဆင်မြန်း၊ ပန်းနှယ်ရစ်ခွေ၊ ကုံးပန်ဝေချင့်၊ ကြာရေလွတ်လျှင်၊ ညှိုးရော်ပင်သို့၊ ရင့်နောင့်များညီ၊ နွမ်းခေါက်ရည်မည်၊ ကြည်သာချိုငြိမ့်၊ နှောင်းမွေးစိတ်ဝယ်၊ ချစ်ရိပ်ကိုယုံ၊ နွှဲပိုက်ခြုံစေ၊ မကြင်လတုံ ကြင်လတုံ။

ကဗျာဆုံးသည်နှင့် ဧကသူ​၏ မျက်ဝန်းများ ဝိုင်းစက်ထိတ်လန့်သွားသည်။

ကဗျာစာပေနှင့် အကျွမ်းတဝင်ရှိသူပီပီ တစ်ခေါက်ဖတ်လိုက်ရုံနှင့် ဆိုလိုရင်းကို သူဟာ သဘောပေါက်နားလည်ပြီးဖြစ်သည်။

ရှေးဦးစွာ ကဗျာ​၏အစဖြစ်သော "ပြာလဲ့ညိုစင်၊ တင့်ရွှန်းလွင်နှင့်၊ ကေသျှင်မြရည်" ဟူသော စကားလုံးများက အသားအရေညိုပြာညက်ပြီး တင့်ရွှန်းလှပသော၊ ဆံကေသာ မည်းနက်တောက်ပြောင်သော မိန်းကလေးတစ်ဦးကို ရည်ညွှန်းကြောင်း ဖော်ပြနေသည်။ တစ်နည်း ရေဝတီ့ကို ညွှန်းဆိုနေသည်။

ရေဝတီမှန်း သေချာသွားစေသောအချက်တစ်ချက်မှာ " ရှင်နှောင်း" နှင့် " နှောင်းမွေး" ဟူသောအသုံးအနှုန်းဖြစ်သည်။

"အိမ်​၏အငယ်ဆုံး အထွေးဆုံး အနှောင်းဆုံး" တဲ့။

ရေဝတီမှာ မည်မျှပင်အသက်ရာကျော်ရှိစေကာမူ သူ့အိမ်တွင်တော့ နှမအငယ်ဆုံး၊ သမီးတော်အငယ်ဆုံးဖြစ်သည်။ ထို့အပြင် သဝဏ်လွှာမှာ ရေဝတီ့ဆီပေးပို့သည်ဖြစ်သောကြောင့် ကဗျာ​၏ညွှန်းဆိုထားသူမှာ ရေဝတီဖြစ်ကြောင်း ဆက်စပ်အတည်ပြုနိုင်သည်။

ထို့အပြင် ဆက်လက်ပြီးရေးသားထားသည်က " ထ်ိုသို့သော သမီးအငယ်ဆုံးလေးဆီ မျှော်မှန်းတွေးစကာ ဤကဗျာကို ရေးသားထားကြောင်း" ဆိုလိုနေ​သည်။

" နွဲ့လျဝင်းငယ်၊ လည်ဝယ်ဆင်မြန်း၊ ပန်းနှယ်ရစ်ခွေ၊ ကုံးပန်ဝေချင့်" ဟူသောအပိုင်းတွင်တော့ ကဗျာ​၏အဓိကရည်ရွယ်ချက်ကို မြင်ရသည်။

ယင်းအပိုင်းတွင် နွဲ့လျကာ အသားအရေဝင်းလက်သော  နှမငယ်ကို လည်တိုင်တွင် ဆင်မြန်းရသော လည်ရွဲအား ချစ်မြတ်နိုးသည့်ပမာ ချစ်ခင်မြတ်နိုးနေမိပါသည်။ သို့ပါ၍ မိန်းကလေးကို လည်ပင်းတွင် ဝေဝေဆာဆာကုံးပန်ရသော ပန်းကုံးနှယ်  ရစ်ခွေပန်ဆင်ချင်ပါသည်။ ( မိန်းကလေးနှင့် ချစ်သူဖြစ်လိုပါသည်) ဟု ဆိုလိုနေ​သည်။

ဧကသူ ချောက်ကမ်းပါးတွင်းသို့ ပြုတ်ကျသွားသည့်ပမာ သိမ့်ခနဲစူးနင့်သွားခဲ့သည်။  သူ သဝဏ်လွှာကို လွှတ်ချလုမိမတတ် အားအင်ယုတ်လျော့သွား​ပြီး ရင်သည်းညှာတစ်ခုလုံး လေးလံလာသည်။

အစ်ကိုတော်ပီယံက မင်းသမီးရေဝတီကို သဘောကျနှစ်သက်နေသည်။

ထိုအသိစိတ်က ဧကသူ​၏နှလုံးငယ်တစ်စုံလုံးကို တစ်စစီကွဲကြေသွား​စေသည်။

ဧကသူ အသက်ရှူရန် မေ့လျော့သွားမိ​၏။ လှိုက်တက်လာသော ဝမ်းနည်းမှုများက သူ​၏ပါးပြင်နှစ်ဖက်ကို ပူလောင်လာစေသော်လည်း သူ​၏ခြေဖျားလက်ဖျားများကိုမူ အေးစက်သည်ထက် အေးစက်လာစေသည်။

သူ စိတ်အားတင်းပြီး ကဗျာကိုဆက်ဖတ်သည်။ ဆက်ရေးထားသည်က

"ကြာရေလွတ်လျှင်၊ ညှိုးရော်ပင်သို့၊ ရင့်နောင့်များညီ၊ နွမ်းခေါက်ရည်မည်၊ ကြည်သာချိုငြိမ့်၊ နှောင်းမွေးစိတ်ဝယ်၊ ချစ်ရိပ်ကိုယုံ၊ နွှဲပိုက်ခြုံစေ၊ မကြင်လတုံ ကြင်လတုံ"

ဟူသတတ်။

ထိုတွင် ကဗျာရှင်က " နောင့်များညီ" ဟုသုံးနှုန်းထားသည်။ " နောင်တော်များ၏ညီတော်" ဟု မိမိကိုယ်ကိုဂုဏ်ယူဝင့်ကြွားစွာအသုံးပြုထားသည်မှာ  အစ်ကိုတော်များကို လေးစားချစ်ခင်သော မင်းသားပီယံမိတ်ဖြစ်ကြောင်း ထပ်မံညွှန်းဆိုနေသည်။

ကဗျာဆိုလိုရင်းဟာတော့ မိန်းကလေးသာ ကျွန်ုပ်ကို ပြန်လည်မမြတ်နိုးပါက နောင်တော်များ​၏ညီဖြစ်သော ကျွန်ုပ်မှာ ရေမှ ကင်းလွတ်သည့် ကြာပန်းပမာ ခြောက်သွေ့နွမ်းခေါက်ပါလိမ့်မည်။ ကြင်လင်ပြီး ချိုသာနူးညံ့သော အထွေးဆုံးမိန်းကလေး​၏စိတ်ထဲမယ် ယခုပြသည့် အချစ်အရိပ်အမြွက်များကို ယုံကြည်ပေးစေပါ။  အချစ်များနှင့် နွှဲခြုံပျော်ပိုက်ပါစေ။ ကျွန်ုပ်ကို ပြန်၍ ချစ်ခင်ကြင်နာမည်လား၊ မကြင်နာမည်လား သိချင်မိသည် စသဖြင့်ဖြစ်သည်။

အနှစ်ချုပ်ဆိုရလျှင်တော့ မင်းသားပီယံသည် ရေဝတီကို တန်ဖိုးထား၍ နှစ်သက်နေကြောင်းသာ။

ဧကသူ တစ်ကိုယ်လုံးတောင့်ခဲမိသွားသဖြင့် စကားပြောရန်ကိုပင် မေ့လျော့သွားမိသည်။

စာကိုလည်းကောင်း၊ ဧကသူ​၏ရင်တွင်းခံစားချက်များကိုလည်းကောင်း မသိသောရေဝတီကမူ ဘေးကနေ မျက်လုံးလေးကလယ်ကလယ်နှင့်ကြည့်နေကာ

" ဘာတဲ့လဲ"

ဟုမေးမြန်းလာသည်။

ဧကသူ သူ​၏မျက်လုံးများပူနွေးလာသည်ကို ခံစားလိုက်ရသည်။

" ဒါက...."

သူ ဆက်ပြီးမဆိုနိုင်။ စကားလုံးတို့က သူ​၏ခြောက်သွေ့သောလည်ချောင်းဝ၌ တစ်ဆို့နေခဲ့သည်။ ယခု သူခံစားရသည့်အရာဟူ၍ ဝမ်းနည်းမှုနှင့် စို့နင့်မှုတို့သာရှိသည်။

" အင်း ဘာတဲ့လဲ"

ရေဝတီက ထပ်မံမေးမြန်းသည်။

ဧကသူ ဘာလုပ်သင့်သလဲမသိတော့ပါချေ။ မိမိချစ်ရသူကို သူ​၏နှစ်သက်သူနှင့် အောင်သွယ်တော်လုပ်ပေးဖို့ မိမိကိုယ်ကိုစေခိုင်းခြင်းက မိမိ​၏နှလုံးသားကိုသတ်သလိုသာ ရှိတော့မည်။

သူ​၏ပါးပြင်တို့ ပိုမိုပူနွေးလာသည်။ သူ ဒီနေရာ၌ ဆက်မနေချင်တော့ပေ။ ကဗျာကို ဆက်လက်မြင်နေရခြင်းက သူ့ကို ညှင်းပန်းနေသလိုသာရှိသည်။

ဝမ်းနည်းမှုများက သူ​၏အသိစိတ်ကို ဗလာပြင်ဖြစ်အောင် ပွတ်တိုက်စားနေသည်။ မင်းသားပီယံမိတ်ဆီမှ မည်သည့်အရာမျိုးကိုမှ မမျှော်လင့်ထားခဲ့သည့်တိုင် ယခုလိုအဖြစ်မျိုးကြုံရသော် သူ​၏ရင်တွင်းမှ အလွန်အမင်းနာကျင်ရသည်ပင်။

တစ်ဖက်သတ်အချစ်တွေက သည်လိုပဲ အဆုံးသတ်သည်ထင်သည်။ အစကတည်းက သူနှင့်မင်းသားပီယံမိတ်တို့​​၏ဖြစ်နိုင်ချေက မရှိသလောက်နည်းပါးခဲ့သည် မဟုတ်ပါလား။

" ဒါရု ဘာဖြစ်လို့လဲ"

ရေဝတီ စိုးရိမ်တကြီးမေးသည်။

ထိုအခါမှ ဧကသူ အသိစိတ်ပြန်ဝင်လာပြီး ရေဝတီ့ဘက်ကို လှည့်ကြည့်သည်။ အဘယ်ကြောင့် ရေဝတီ ထိပ်ပျာသောမျက်နှာထားဖြစ်သွားရသလဲ သူ,မသိသေးပါချေ။

" ကျွန်ုပ်ဘာဖြစ်လို့လဲ"

" မျက်ရည်ကျလာလို့လေ"

ဧကသူ သူ​၏ပါးပြင်ကို လက်ဖြင့် ကမန်းကတန်းသုတ်လိုက်သည်။ သူ​၏ပါးတွင် မျက်ရည်စတို့ စိုစွတ်နေခဲ့သည်။

သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ မျက်ရည်ကျမိသွားသည်ထင်သည်။ ဆက်လက်ပြီးလည်း သူ​၏မျက်ဝန်းတို့ ပူနွေးကာ မျက်ရည်ကြည်တို့ဖြင့် ဝေဝါးစိုစွတ်လာသည်မို့ ဧကသူ,ခေါင်းကိုငုံ့လိုက်မိသည်။

" မျက်လုံးထဲ တစ်ခုခုဝင်သွားလို့ပါ"

" အဆင်ပြေရဲ့လား။ ရေနဲ့သစ်လိုက်မလား"

" ရပါတယ်"

သူ​၏မျက်ရည်များကို ကြာကြာမထိန်းထားနိုင်တော့ကြောင်း ဧကသူသိသည်။ သို့ပါ၍ ရေဝတီ မမြင်အောင် ခေါင်းကို ခပ်လွှဲလွှဲထားလိုက်ရင်း

" ကျွန်ုပ် နေလို့မကောင်းတော့လို့ အရှင့်သမီးကို မြို့ထဲလိုက်မပို့တော့လို့ ရလား။ အနားယူချင်လို့ပါ"

ဟု တတ်နိုင်သမျှအသံကိုထိန်း၍ပြောသည်။ ရေဝတီက သံသယစိုးစဉ်းမရှိ၊

"ရတယ် ရတယ်။ ကောင်းကောင်းအနားယူ။ ကိုယ့်ဘာသာသွားလိုက်မယ်"

ဟူ၍ အသာတကြည်ခွင့်ပြုပေးသည်။ တစ်ဆက်တည်းပင်

" ဘယ်နေရာ နေလို့မကောင်းလို့လဲ။ ဆေးဖြစ်ဖြစ် သောက်လိုက်ပါလား"

ဟု စိုးရိမ်ပူပန်စွာ ဆိုသည်။ ဧကသူ ခေါင်းခါလိုက်သည်။

" သရိုးသရီဖြစ်လို့ပါ။ နားလိုက်ရင်အဆင်ပြေသွားမှာပါ"

" အင်း အင်း ဂရုစိုက်နော်"

" ဟုတ်ကဲ့"

သဝဏ်လွှာကို ရေဝတီ့လက်ထဲသို့ ပြန်ထည့်လိုက်ပြီး ဧကသူ အလျင်အမြန်ထွက်ခွာလာခဲ့သည်။

ရေဝတီ့ကိုကျောခိုင်းလိုက်သည်နှင့် ပူနွေးသောမျက်ရည်များက ဧကသူ​၏နီမြန်းနေသောပါးပြင်အပေါ် တသွင်သွင်စီးကျလာခဲ့သည်။

*******************************

နောက်တစ်နေ့တွင် ဧကသူသည် ပညာသင်ကြားရန်အတွက် မင်းသားပီယံမိတ်နှင့် တွေ့ဆုံဖြစ်သည်။

ပီယံသည် ဧကသူ​၏ဖြူဖျော့ကာ နွမ်းနယ်နေသောမျက်နှာကိုကြည့်၍လည်းကောင်း၊ မျက်အိတ်တို့ ဖောင်းအိနေသည်ကို မြင်၍လည်းကောင်း

" ညက မအိပ်ထားဘူးလား။ မလန်းဆန်းတဲ့ပုံပဲ"

ဟု မေးမြန်းမိသည်။ 

ထိုအခါ ဧကသူက ခပ်ယဲ့ယဲ့အပြုံးလေးနှင့် အသာလေးခေါင်းခါသည်။

" အိပ်မပျော်ခဲ့လို့ပါ"

ထိုသို့ဆင်ခြေပေးသော်လည်း ဧကသူ​၏မျက်အိတ်ဖောင်းဖောင်းများက အားပါးတရ ငိုကြွေးရာမှ ကျန်ရစ်သောလက္ခဏာများဖြစ်ကြောင်း ပီယံရိပ်မိသည်။

ဧကသူတွင် ဝမ်းနည်းစရာမည်သည့်အကြောင်းကိစ္စများ ရှိပါသနည်း။ သူသိချင်သည်။ သိမှလည်း ဧကသူ စိတ်သက်သာရာရအောင် အနည်းငယ်ဖြစ်ဖြစ် ကူညီပေးနိုင်မည်ထင်သည်။

" အကြောင်းကိစ္စတစ်ခုခုရှိလို့လား"

" မဟုတ်ပါဘူး။ လက်ဖက်တွေအစားများသွားလို့ မျက်စိကြောင်သွားတာ ထင်ပါတယ်"

ဧကသူ့ကြည့်ရတာ သူ့ကိုမပြောပြချင်သည့်ပုံပါပင်။ ထို့ကြောင့် ပီယံလည်း ဆက်လက်မေးမြန်းမနေတော့ဘဲ သင်ကြားပေးမည့်စာများကိုသာ ဖတ်ရှုနေလိုက်သည်။

ထိုအခိုက်တွင် ဧကသူက မဝံ့မရဲခေါ်လာသည်။

" အစ်ကိုတော်"

ပီယံ ပေလွှာထဲရှိစာပေလင်္ကာတို့ကို ဖတ်ရှုနေရာမှ ဧကသူ့ဆီ လှမ်းကြည့်လိုက်သည်။ ဧကသူကတော့ သူ့ကိုမကြည့်၊  ပေရွက်လွှာများကိုသာ စိုက်ကြည့်ပြီး ခေါင်းငုံ့နေသည်။

" ဧကန္တ အရှင့်သမီး ရေဝတီ့ကို သဘောကျနေတာပါလား"

သူခိုးလူမိသလို ပီယံခံစားလိုက်ရသည်။ သူ ရှက်ရွံ့သောအပြုအမူအားဖြင့် ကိုယ့်ခေါင်းကို တစ်ချက်နှစ်ချက်မျှ ပွတ်သပ်လိုက်မိသည်။

" ဧက, ဘယ်လိုသိတာလဲ"

သူပြန်မေးလိုက်တော့ ဧက,​၏နှုတ်ခမ်းတို့ ဖျော့တော့စွာ ကွေးသယောင်ယောင်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

ဧကသူ နာကျင်စွာပြုံးသည်။ ထို့နောက် သူတီးတိုးရေရွတ်သည်။

" တကယ်သဘောကျနေတာပဲ"

" အဲ့ကိစ္စ ရေဝတီပြောပြတာလား"

ပီယံသိချင်မိသည်။ ကဗျာပို့လိုက်သော်လည်း ရေဝတီ့ဘက်က မည်သို့သောတုံ့ပြန်မှုမှ မရရှိသဖြင့် ပီယံ တောက်လျှောက် စိုးထိတ်နေရခြင်းဖြစ်သည်။

အကယ်၍ ကဗျာအကြောင်းကို ရေဝတီမှ ဧကသူ့ကို ပြောပြလိုက်ခြင်းဖြစ်ပါမူ ဧကသူမှတစ်ဆင့် ရေဝတီ့ဘက်က စိတ်ထားကိုလည်း ခန့်မှန်းနိုင်လိမ့်မည်ထင်သည်။

" အစ်ကိုတော် သူ့ကိုပို့လိုက်တဲ့ကဗျာကို ကျွန်ုပ်ဖတ်လိုက်ရပါတယ်"

ပီယံပိုပြီး စိတ်လှုပ်ရှားလာသည်။

" ရေဝတီရော ဖတ်လိုက်လား"

ဧကသူ သူ​၏ရင်ဘတ်ကို မသိမသာဆွဲဆုပ်လိုက်မိသည်။
ဘယ်ဘက်ရင်အုံမှ နာကျင်ဝမ်းနည်းမှုက သူ​၏တစ်ကိုယ်လုံးကို ပြိုလဲစေမတတ်ဆိုးဝါးလွန်းသည်။

" သူဖတ်လိုက်ပေမဲ့ သူက ကဗျာသီချင်းဝါသနာမထုံသူမို့ အဓိပ္ပါယ်လည်း မသိတဲ့ပုံပါ။ အဲ့တာနဲ့ ကျွန်ုပ်ကို ကဗျာပြပြီး အဓိပ္ပါယ်ပြောခိုင်းပါတယ်"

ပီယံသည် မိမိမျှော်လင့်သလိုမဖြစ်လာဘဲ ရေဝတီက ကဗျာကို နားမလည်ဟုဆိုသော်ကြောင်း အားအတန်ငယ်ယုတ်လျော့သွားသည်။ သို့သော်လည်း ချက်ချင်းပင် မျှော်လင့်ချက်ရောင်ခြည် ပြန်သန်းလာကာ

" ပြောလိုက်လား"

ဟု အားတက်သရောပြန်မေးသည်။

အစ်ကိုတော်ပီယံ ရေဝတီ့ကို ထိုမျှသဘောကျနေမှန်း မျက်ဝါးထင်ထင်မြင်တွေ့ရခြင်းက ဧကသူကို အလွန်တရရအေးစက်သည်းထန်သော မိုးရေများအောက်သို့ ပိုပိုပြီးရောက်ရှိအောင် တွန်းပို့နေသလိုပါပင်။

ဧကသူ တုန်ယင်ချင်နေသော သူ​၏လက်ချောင်းများကိုမနည်းထိန်းချုပ်လိုက်ရသည်။

" အစ်ကိုတော်ကိုယ်တိုင် တိုက်ရိုက်ပြောတာ ပိုကောင်းမယ်ထင်လို့ပါ"

ဧကသူ့အနေနှင့် ပီယံ့​၏စိတ်ကိုသိပြီးဖြစ်သဖြင့် ရှေ့ဆက်တိုးလိမ့်မည်မဟုတ်။ သို့သော်လည်း သူ​၏နှလုံးသားကို အမွှန်းခံပြီး ကြားထဲမှ အောင်သွယ်တော်အဖြစ် သူ,နေမည်မဟုတ်ချေ။

နာကျင်ရတာမို့၊ ဝမ်းနည်းရတာမို့။

အစ်ကိုတော်ပီယံ့ရှေ့တွင် ဆက်နေလျှင်ပဲ သူ သည်းထန်စွာငိုကြွေးလိုက်မိတော့မည်ထင်သည်။

သူ​၏မျက်နှာ ထပ်မံပြီးပူနွေးလာသည်ကို သူခံစားမိသည်။ သို့သော်လည်း အစ်ကိုတော်ပီယံ့ရှေ့တွင် သူ့ထပ်ငိုလို့ မဖြစ်ပါ။ သေချာပေါက် မျက်ရည်များကိုထိန်းထားရမည်။

အစ်ကိုတော်ပီယံ့ကို သူ့စိတ်ထဲမှ ဆက်လက်သဘောကျသွားမည်ဖြစ်သော်လည်း ယင်းအရာကို သူ ဘယ်သောအခါမှ ဖော်ထုတ်ပြောဆိုမည်မဟုတ်တော့ချေ။ သူသဘောကျနေသည့်အကြောင်းကို အစ်ကိုတော့်ပီယံ့အား သိရှိခွင့်မပေးတော့ပါ။

ယင်းအရာက သူ​၏ထာဝရလျှို့ဝှက်ချက်သာဖြစ်သည်။ သူတစ်ဦးတည်းသာ သိရှိသွားပြီး တစ်ချိန်ချိန်တွင် သဘောကျသည့်စိတ်ကို မြေမြှုပ်ပစ်လိုက်မည်။ သည်လိုနှင့်သာ ခံစားချက်များကို သူအဆုံးသတ်မည်။

" ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်သွားပြောလိုက်ပါ။ အစ်ကိုတော်က ရုပ်ရည်လည်းချောမောပြီး အရည်အချင်းလည်း အပြည့်ရှိတယ်။ မျိုးရိုးကတော့ တော်ဝင်မျိုးနွယ်။ ကြင်လည်းကြင်နာတတ်တယ်။ မိန်းကလေးတိုင်းလိုချင်တဲ့ သူမျိုးမို့လို့ သူလက်ခံမယ်ဆိုတာ ကျွန်ုပ်ပြောရဲပါတယ်"

" အားပေးလို့ ကျေးဇူးပါ ဧက"

ဧကသူ မသိမသာခေါင်းမော့ကြည့်လိုက်သည်မို့ အစ်ကိုတော်ပီယံပြုံးသည်ကို မြင်လိုက်ရသည်။

အစ်ကိုတော်က ပြုံးလျှင် ပိုပြီးကြည်လင်ရွှန်းတင့်ကာ ဆွဲဆောင်မှုရှိသည်။ လူတိုင်းကို ကြင်နာတတ်သော ဒီလူသားက ကမ္ဘာပေါ်က အဖိုးတန်ဆုံးအရာများနှင့် တကယ်ပဲထိုက်တန်ပါသည်။

​အစ်ကိုတော့်ကိုတော့ သူ့အလိုရှိသောအရာများအားလုံး ရစေချင်သည်။ နည်းနည်းလေးတောင် အစ်ကိုတော် စိတ်ညစ်မည်ကို မမြင်ချင်။ အခက်အခဲများနှင့်လည်း မကြုံတွေ့စေချင်ပါ။

" နည်းနည်းတော့ ခက်ခဲလိမ့်မယ်နော် အစ်ကိုတော်"

" ဘာကလဲ"

" သူက နဂါးမို့လို့။ မျိုးနွယ်မတူတဲ့အရာ၊ နေရပ်မတူတဲ့အခါ သာမန်ထက်ပိုပြီး အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ် အစ်ကိုတော့်ကိုယုံပါတယ်။ အစ်ကိုတော်က အလွန်အမင်းသစ္စာရှိပြီး တစ်ဖက်ကို သေချာချစ်မြတ်နိုးပေးနိုင်မယ့်လူမျိုးပါ။ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။ အစ်ကိုတော်က လူကောင်းမို့ အစ်ကိုတော့်ကိုသေချာပေါက် ပျော်ရွှင်စေချင်တယ်။ နောက်ထပ်နှစ်အများကြီးကြာသွားတဲ့အခါ ကိုယ့်ဇနီးနဲ့ကိုယ့်ကလေးတွေနဲ့ ပျော်နေမယ့်အစ်ကိုတော့်ကို မြင်ချင်ပါတယ်"

မှန်သောစကားဖြစ်သည်။

အစ်ကိုတော့်ကိုငေးကြည့်ရုံနှင့်တင် သူက လုံလောက်ပြီမို့ အစ်ကိုတော့်​၏ပျော်ရွှင်မှုကိုသာ သူလိုလားသည်။

အစ်ကိုတော့်အနာဂတ်တွင် သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ။ အစ်ကိုတော်နှင့်သူ နှစ်များစွာတွေ့ရသည်ဖြစ်စေ၊ ခွဲခွာရသည်ဖြစ်စေ၊ အစ်ကိုတော့်ကို သူအမြဲအမှတ်ရနေလိမ့်မည်။ အမှတ်ရတိုင်းလည်း အစ်ကိုတော်ဟာ သူနှင့်ထိုက်တန်သောပျော်ရွှင်မှုအပေါင်း ခညောင်းနေကြောင်း သတိရချင်မိသည်။

သို့မှသာ အစ်ကိုတော့်ကို လက်လွှတ်ခဲ့သည့် သူ့ကိုယ်သူ အပြစ်မတင်နိုင်မည်ဖြစ်သည်။

တစ်နေ့ကျလျှင် ခွဲခွာရသည်မှာ ဓမ္မတာတရားပေမို့ အတူဆုံခိုက်တွင်တော့ လှပသောမှတ်ဉာဏ်များသာ ရှိခဲ့စေချင်သည်။ အမှတ်တရများနှင့်တင် သူကလုံလောက်ပါပြီ။

" အဲ့ကျရင် မင်းက ကလေးတွေရဲ့ဦးရီးတော်လုပ်ပေါ့"

ခပ်ပြုံးပြုံးပြောလိုက်သော ပီယံ​၏စကားကြောင့် ဧကသူ သိမ်ငယ်စိတ်ဝင်မိသည်။

အစ်ကိုတော်က သူ့ကို နာကျင်စေလို၍ ပြောသောစကားမဟုတ်မှန်းသူသိသည်။ သို့တိုင် သူ့ကို ညီတော်တစ်ပါးဟူ၍သာ သဘောထားမှန်း ထပ်မံသိရှိလိုက်ရသဖြင့် သူ့ဝမ်းနည်းမိသည်။ တစ်ဆက်တည်းပင် သိမ်ငယ်မိသည်။ အစ်ကိုတော်က သူ့ကိုဘယ်သောအခါမှ သဘောကျလာလိမ့်မည်မဟုတ်ချေ။

" တကယ်ကို အစ်ကိုတော်က ကလေးတွေသိုက်သိုက်ဝန်းဝန်းနဲ့ မိသားစုကို လိုချင်တာပဲနော်"

" မဖြစ်မနေလက်ထပ်ရမယ်လို့ စိတ်ကူးမရှိပေမဲ့ ဇနီးနဲ့ကလေးနဲ့ နေချင်တဲ့စိတ်ဆန္ဒတော့အမြဲရှိပါတယ်"

" ကောင်းတာပေါ့"

ပြုံး၍သာဆိုလိုက်သော်လည်း မျက်ရည်များက ဧကသူ​၏အမြင်အာရုံကို ခဏလေးအတွင်းပိတ်ဖုံးလာခဲ့သည်။

သူတွေးမိသည်။ အကယ်၍ သူသာ မိန်းကလေးဆိုပါက အစ်ကိုတော်ပီယံ​၏မေတ္တာကိုပြန်လည်ရရှိနိုင်ချေ ပို၍မြင့်မားလာမည်လား။

အစ်ကိုတော်ပီယံက မိန်းကလေးများကိုသာ သဘောကျသည်။ ဇနီးသည်နှင့် ကလေးများလိုချင်သော ဆန္ဒရှိသည်။

သူက အစ်ကိုတော်ပီယံ့​၏အိပ်မက်နှင့် ဝေးကွာလွန်းလှသည်။

အစ်ကိုတော့်ရှေ့တွင် ဆက်နေလျှင် ဆက်နေလျှင် သူ​၏သိမ်ငယ်စိတ်များက ပိုပိုပြီးဆိုးဝါးလာဖို့ရန်သာရှိသည်။

ဧကသူ ထွက်ပြေးချင်သည်။ သူဝုန်းခနဲမတ်တပ်ထ,ရပ်လိုက်မိသည်။

" ဧက,တစ်ခုခုဖြစ်လို့လား"

ဧက ရုတ်တရက်မတ်တပ်ထ,ရပ်လိုက်သောကြောင့် အစ်ကိုတော်ပီယံကမေးသည်။

ဧက ခေါင်းကိုငုံ့၍ ခေါင်းခါသည်။ ပြိုကျလုဆဲဆဲဖြစ်နေသော မျက်ရည်များကို အစ်ကိုတော်ပီယံမြင်၍ မဖြစ်ပါချေ။

" တောင်းပန်ပါတယ် အစ်ကိုတော်။ ကျွန်ုပ်ကိုခွင့်ပြုပေးပါဦး"

အစ်ကိုတော်ပီိယံ့ထံမှ ခွင့်ပြုစကားမရသေးခင်မှာပင် ဧကသူ အလျင်အမြန်ထွက်ခွာသွားမိသည်။

သူ​၏ခြေလှမ်းတိုင်း နာကျင်နေသည်ကိုတော့ သူသာအသိဆုံးဖြစ်လိမ့်မည်။

************************************

အရုဏစစ်ထွက်ရမည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

အချိန်မည်မျှ ကြာညောင်းမည်မှန်းမသိရသော စစ်မထွက်ခင်အချိန်ကလေးဝယ် ယုဂန်သည် သမီးတော်လေးဣန္ဒီကို ချီလျက် စစ်ဝတ်တန်ဆာအပြည့်နှင့် သူ​၏ခင်ပွန်းသည်ကို နှုတ်ဆက်၍ မပြီးနိုင်ဖြစ်နေခဲ့သည်။

ခါတိုင်း မောင်စစ်ထွက်လျှင် ယုဂန်လိုက်မြဲဖြစ်​၏။ ယခုတော့ ကလေးကိုစောင့်ရှောက်ရန်အတွက်၊ နောက်ပြီး မောင်ကလည်း သူ့ကို အန္တရာယ်ကင်းသောအရပ်တွင်သာ နေခဲ့စေလိုသည့်အတွက် မောင့်အနောက်သို့ ယုဂန်မလိုက်နိုင်တော့ပေ။

အကြာကြီးနေမှ သူတို့နှစ်ဦး ထပ်မံခွဲခွာရခြင်းဖြစ်သည်။

ယုဂန်သည် ဣန္ဒီလေးကို ချီထားလျက် နူးညံ့သောလက်သေးသေးလေးကို ဆုပ်ကိုင်ကာ တာ့တာပြသည့်ပမာ ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းတွင်ပင်

" ခမည်းတော်ကို နှုတ်ဆက်လိုက်ဦး ဣန္ဒီ။ တာ့တာလို့"

ဟူ၍ ချော့မြှူသောအသံလေးနှင့်ဆိုသည်။

ဣန္ဒီလေးက ဘာမှမသိရှိသေးသည့်တိုင် သူ​၏ခမည်းတော်ကို ဝိုင်းစက်သော မြစိမ်းရောင်မျက်ဝန်းများနှင့် မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။

ဣန္ဒီလေးက အစားကောင်းကောင်းစားသူဖြစ်သည်။ ထို့ကြောင့် တစ်နေ့တခြား ဝဝကစ်ကစ်လေးဖြစ်လာပြီး ပါးနုနုတို့ ဖောင်းအိကျလျက်ရှိသည်။ သေးငယ်သော လက်ကလေး၊ ခြေကလေးများကလည်း ဖောင်းဖောင်းတုတ်တုတ်။ ကိုယ်လုံးလေးကလည်း လုံးလုံးအိအိလေးဖြစ်သည်။

ထိုသို့ လုံးလုံးလေးနှင့်  ကျောက်စိမ်းပမာ အရည်လဲ့တောက်ပနေသော မျက်ဝန်းအိမ်ကြီးကြီးတို့ပေါင်းစပ်သော် ဖျတ်ခနဲကြည့်မိသည်နှင့် ထိုမျှချစ်စဖွယ်လှပသော ရင်ခွင်ပိုက် ကလေးကို မမြင်ဖူးပါတကားဟု ရေရွတ်မိသည်အထိ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဖန်အိမ်ပမာ အဆန်းတကြည်လှသော အစိမ်းရောင်မျက်ဝန်းများက ဣန္ဒီ​၏အလှပဆုံးအစိတ်အပိုင်းများဖြစ်သည်။

ထိုအစိတ်အပိုင်းကြောင့်ပင် ဣန္ဒီက ထူးခြားသောရုပ်ရည်ရှိသည်ဟု ထင်မှတ်ရသည်။

" လိမ်လိမ်မာမာနေခဲ့နော်။ ဖဘုရားကို အများကြီးဂျီမကျနဲ့"

အရုဏ ဣန္ဒီ​၏ပါးဖောင်းဖောင်းလေးကို ငုံ့၍နမ်းရှိုက်လိုက်သည်။ ကလေး​၏နုအိလွန်းသော အထိအတွေ့နှင့် မွှေးပျသော ကြာရနံ့လေးက ထပ်မံပြီးနမ်းရှိုက်ချင်စရာကောင်းလှသည်။  ထို့ကြောင့် အရုဏ နောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။

ပြီးမှ ကလေးနားက ခွာလိုက်ပြီး သူ​၏ကြင်ရာတော်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

" မောင် ယုဂန်ဆီပြန်လာခဲ့မယ်"

ယုဂန်က သနားချင်စရာကောင်းလောက်အောင် မျက်နှာငယ်လေးလုပ်နေသည်။ နှုတ်ခမ်းလေးကိုပါ မဆူ့တဆူလုပ်ပြီး ပါးဖောင်းထားသည်မို့ ငချွဲရုပ်လေးလည်းဖြစ်နေသည်။

" တတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့နော်"

အရုဏ ပြုံး၍ ခေါင်းညိတ်လိုက်ကာ သူ့ကြင်ရာတော်​၏နှုတ်ခမ်းဖူးဖူးလေးကို နှစ်သက်မက်မောစွာ နမ်းရှိုက်လိုက်သည်။

မည်သည့်အချိန်တွင်မှ ထိုအနမ်းကို ပြန်လည်ရရှိမည်မှန်းမသိသည်မို့ သူတို့နှစ်ဦး ပို၍ကြာကြာရှည်ရှည်နမ်းရှိုက်မိကြသည်။ အသက်ရှူရန်လိုအပ်လာမှသာ နှုတ်ခမ်းတို့ကိုပြန်လည်ခွဲခွာလိုက်သည်။ ဒါတောင် ယုဂန်က ပြွတ်ခနဲ တစ်ချက် ဖိကပ်နမ်းလိုက်သေးသည်။

" အကြာကြီးခွဲရမှာ။ လွမ်းနေရတော့မှာပဲ"

" ဒီတစ်ခေါက်တော့ အရင်စစ်ထွက်တာတွေနဲ့ မတူဘူး။ ယုဂန်နဲ့အတူ သမီးတော်လေးလည်း အဖော်ပြုပေးဖို့ရှိနေပြီလေ"

" ဒါပေမဲ့လည်း မောင်နဲ့မခွဲရတာ ကြာပြီကို"

ငိုမဲ့မဲ့ဖြစ်နေသော ယုဂန်​၏နဖူးလေးကို အရုဏနမ်းလိုက်သည်။  ဒီငချွဲလေး​၏ အငွေ့အသက်များကို သူတတ်နိုင်သမျှများများ သယ်ဆောင်သွားရမည်။

" ချစ်တယ်"

" ကျွန်တော်လည်း အများကြီးချစ်တယ်"

သူတို့နှစ်ဦး အကြည့်ချင်းဆုံမိချိန်တွင် ဘာရယ်မဟုတ်ဘဲ ပြိုင်တူပြုံးလိုက်မိကြသည်။

"မောင် ဂရုစိုက်ရမယ်နော်။ ထိခိုက်ဒဏ်ရာ ပိစိလေးတောင် မရစေနဲ့နော်။ အိပ်ရေးတွေလည်းအပျက်မခံနဲ့။ ကျွန်တော်နဲ့ သမ်ီးလေးကိုလည်း လွမ်းရမယ်နော်။ အထူးသဖြင့် ကျွန်တော့်ကို လွမ်းမှရမယ်။ စာလည်းပို့နော် ကြားလား"

တရစပ်မှာကြားနေသော ယုဂန်ကိုကြည့်ရင်း အရုဏ နှစ်ခြိုက်စွာပြုံးမိသည်။ သူ ယုဂန်​၏ဆံနွယ်လေးကို အသာအယာပွတ်သပ်လိုက်ကာ

" ဟုတ်ပါပြီ။ အခုတော့ မောင်သွားရတော့မယ်"

ဟု နူးညံ့စွာဆိုသည်။ ယုဂန် မျက်နှာလေးပြန်ငယ်သွားပြီး မလုပ်ချင်လုပ်ချင်ဖြင့် လက်ပြသည်။

" တာ့တာ"

လက်ပြနေသော လက်ကလေးကို အရုဏဆွဲယူလိုက်ပြီး တစ်ချက်နမ်းသည်။ ထို့နောက် မလွှတ်ချင် လွှတ်ချင်ဖြင့် ထိုလက်ကလေးကို လွှတ်လိုက်ရပြီး ယုဂန်နှင့်သမီးတော်လေးကို ကျောခိုင်းကာ တာဝန်ရှိရာဆီ ခြေလှမ်းရတော့သည်။

သို့ရာတွင် ခြေသုံးလှမ်းမျှ လှမ်းပြီးသည့်နောက် အရုဏ နောက်ပြန်လှည့်လာပြီး ယုဂန်အနားသို့ ပြန်ပြေးလာကာ မခွဲနိုင်မခွာရက် နမ်းရှုပ်လိုက်မိသည်။

" အားလုံးပြီးဆုံးတော့မှာပါ။ ဒီကိစ္စတွေပြီးသွားရင် မောင်ရယ် မင်းရယ် သမီးတော်လေးရယ် အေးအေးချမ်းချမ်းနဲ့အတူနေရမယ့်နေ့ရက်တွေ ရောက်လာမှာပါ"

" ကျွန်တော် မောင့်ကိုယုံတယ်"

အရုဏ သူ​၏ချစ်ရပါသော ကြင်ရာတော်လေး​၏ ပါးပြင်ကို အုပ်ကိုင်ရင်း ကြင်ရာတော်​၏လှပသော မျက်နှာကလေးကို ချစ်ခင်မြတ်နိုးစွာ ငေးကြည့်မိသည်။

ဒီကောင်လေးနားကို စောစောပြန်လာနိုင်ရန်အတွက် ဥတ္တရ​နိုင်ငံ၏ထီးနန်းကို သူ,အမြန်ဆုံးရအောင် သိမ်းပိုက်မှရမည်။

*********************************
A/N

ပီယံမိတ် စပ်ဆိုတဲ့ကဗျာက " ဧကပိုဒ်ရတု" ကဗျာအမျိုးအစားဖြစ်ပါတယ်။ ကဗျာမှာပါတဲ့ စကားလုံးရွေးချယ်မှုကတော့ ရတုစာဆိုတော်များဖြစ်တဲ့ နတ်ရှင်နောင်နဲ့ နဝဒေးကို အနည်းအကျဉ်း အမှီဟသဟဲပြုခဲ့ရပါတယ်။

ကျွန်မလည်း ပထမဆုံးကဗျာရေးစပ်ဖူးတာ ဖြစ်တဲ့အတွက်၊ မြန်မာစာကျောင်းသားလည်းမဟုတ်တဲ့အတွက် အများကြီးကြိုးစားပြီး ရေးစပ်ခဲ့ရပါတယ်။ အမှားများပါသွားခဲ့ရင် နားလည်ပေးကြပါရှင်။

4.1.2023
( Wednesday)
.
.
.
Zawgyi

တိုက္ပြဲစတင္ျခင္း

______________

ယေန႔ အ႐ုဏ မလန္းဆန္းေပ။

မနက္ခင္းစတင္ခါစရွိေသးသည့္တိုင္ သူ​၏ဦးေႏွာက္က သူ႔ကို အိပ္ခ်င္ေနသည္ဟူ၍သာ အစဥ္မျပတ္သတင္းေပးလ်က္ရွိသည္။

မေန႔ညက သူတစ္နာရီမွ်သာ အိပ္စက္ခဲ့ရသည္။ မအိပ္ရျခင္းအေၾကာင္းမွာကား အျခားမဟုတ္။ သူ​၏ တစ္ဦးတည္းေသာ ကိုယ္ပြားေသးေသးေလး ဣႏၵီေၾကာင့္သာေလတည္း။

သူႏွင့္ယုဂန္ တမာပင္ၿမိဳ႕သို႔ျပန္ေရာက္ၿပီးေနာက္ သမီးေတာ္ေလးအတြက္ ျပင္ဆင္ထားေသာႏို႔ထိန္းေတာ္မ်ား၊ အထိန္းေတာ္မ်ားအားလုံး ကေလးေဘးနားတြင္ ဝိုင္းဝန္းေစာင့္ေရွာက္ၾကသည္။ စံအိမ္ေတာ္တြင္ ကေလးအတြက္ သီးသန႔္အခန္းတစ္ခန္းရွိကာ အထိန္းေတာ္မ်ားက ထိုအခန္းမွာပင္ ကေလးလိုအပ္ခ်ိန္ အသင့္ရွိေနေအာင္ အိပ္စက္ၾကရသည္။

သို႔ရာတြင္ ယုဂန္မွာ ကေလး​၏မိဘတစ္ဦးအေနႏွင့္ ကေလး​၏အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို သူႏွင့္အတူ ကုန္ဆုံးေစခ်င္ေၾကာင္း၊ ကေလးကို မခြဲႏိုင္ေၾကာင္း၊ အခန္းခြဲအိပ္ရလွ်င္ စိုးရိမ္ေသာေၾကာင့္ အိပ္ေပ်ာ္မည္မဟုတ္ေၾကာင္း စေသာဆင္ေျခမ်ိဳးစုံေပးၿပီး ကေလးပုခက္ကို သူတို႔အခန္းထဲ ထည့္ထားခဲ့သည္။

ကေလးပုခက္က လင္မယားအခန္းထဲေရာက္ေနသည္မို႔၊ လင္မယားမွာလည္းသာမန္မဟုတ္၊ မင္းသားႏွင့္အမတ္မင္း ျဖစ္ေနသည္တမုံ႔။

သို႔ပါ၍ ကေလး​၏အထိန္းေတာ္တစ္သိုက္မွာ ညဘက္ႀကီး အခန္းထဲဝင္မရေသာေၾကာင့္ ကေလးကို မေခ်ာ့ျမဴႏိုင္ဘဲ ရွိေနသည္။

ျပႆနာက ထိုကစသည္။

ကေလးက ဘာရယ္ေၾကာင့္မွန္းမသိ။ ညညမွ ထထငိုသည္။ ကေလးငယ္ေလး ေန႔ညမွားျခင္းဟာ သာမန္ျဖစ္သည္ဟူ၍ေတာ့ အထိန္းေတာ္မ်ားက ဆိုၾက​သည္။ မၾကာခင္ထိုအက်င့္ေပ်ာက္သြားမည္ဟု ေျပာၾကေသာ္လည္း ကေလးငိုေသာေၾကာင့္ အ႐ုဏမအိပ္ရသည္မွာ ႏွစ္ည၊ သုံးညရွိေနေပၿပီ။

ယုဂန္က ေတာ္႐ုံႏွင့္မႏိုး။ တစ္ခါတေလ တစ္ညလုံးေတာင္ မႏိုးတတ္ေပ။

အအိပ္ဆက္ေသာအ႐ုဏကသာ အၿမဲႏိုးလာရၿပီး ကေလးကို ခ်ီလိုက္၊ ေခ်ာ့လိုက္၊ ျမဴလိုက္ႏွင့္ ထိန္းေက်ာင္းရသည္။ အစ္ကိုေတာ္ဘရဏသူ ဝသႏၲကိုေမြးတုန္းကေတာင္ ထိုမွ် ပင္ပန္းမည္မထင္။ အစ္ကိုေတာ့္တုန္းက ကေလးကို သက္သက္အခန္းထဲမွာ အထိန္းေတာ္ေတြနဲ႔ ထားသည္ကိုး။

ဒီညေတာ့ ယုဂန္ကိုေဖ်ာင္းဖ်ၿပီး ကေလးပုခက္ကို ေနရာျပန္ေ႐ႊ႕မည္ဟုေတြးသည္။ ေနာက္ၿပီး ကေလးေၾကာင့္ မလုပ္ရတာ ၾကာၿပီျဖစ္ေသာ ခ်စ္တင္းေႏွာမႈကိုလည္း ဒီည ျပဳလုပ္ခ်င္ေသးသည္။

ထိုသို႔အ႐ုဏ​၏ ေခါင္းထဲတြင္ အစီစဥ္မ်ားစြာခ်မွတ္ေနေသာ္လည္း အျပင္ဘက္တြင္မူ အိပ္ငိုက္ေနေသာေၾကာင့္ မ်က္လုံးသိပ္မပြင့္ခ်င္။ သို႔ေသာ္လည္း အိပ္၍မရ။

ယုဂန္က ဘာစိတ္ကူးေပါက္သည္မသိ။ သူတို႔ႏွစ္ဦး​၏ပုံတူပန္းခ်ီကား လိုခ်င္သည္ဟုဆိုကာ ပီယံမိတ္ကို အကူအညီေတာင္းသည္။ ပီယံကလည္း မည္သည့္အက်ိဳးအျမတ္မွ်မေမွ်ာ္ဘဲ လက္ေဆာင္အေနျဖင့္ဆြဲေပးမည္ျဖစ္ေၾကာင္း ေျပာဆိုၿပီး ယေန႔ပင္ ပုံတူပန္းခ်ီကားကို စတင္ေရးဆြဲသည္။

အ႐ုဏမွာ ယုဂန္ႏွင့္အတူ သလြန္ေပၚထိုင္လ်က္ မိန႔္မိန႔္ႀကီးေနေနရသည္။

ပီယံက အေရွ႕မွ ၾကည့္ဆြဲေနသည္မို႔ ကိုယ္အမူအရာကို မ်ားစြာေျပာင္းလိုက္လို႔လည္းမျဖစ္။ အိပ္ခ်င္ေနေသာ္လည္း သည္းခံၿပီးသာ ကိုယ္ကို​ေတာင့္ခံထားရသည္။

သူ႔ေဘးရွိ ယုဂန္ကေတာ့ သူႏွင့္ဆန႔္က်င္စြာ အလြန္အမင္း တက္ႂကြ႐ႊင္လန္းေနၿပီး ပီယံမိတ္ႏွင့္ စကားတေျပာေျပာရွိေနသည္။

သူတို႔ႏွစ္ဦးေျပာေသာ စကားမ်ားက တျခားမဟုတ္ပါ။ စီးပြားေရးအေျခအေနအေၾကာင္း၊ စာအုပ္အေၾကာင္း၊ ႏိုင္ငံေရးအေၾကာင္း၊ ရွားပါးေသာေမွာ္သတၱဝါမ်ားအေၾကာင္း စသည္မွစ၍ စစ္တုရင္ကစားပုံ၊ ေရာက္တတ္ရာရာ ဗဟုသုတအခ်ိဳ႕ စသည္ျဖင့္ ဉာဏ္ရည္တူ၊ စိတ္ဝင္စားမႈတူေသာ လူႏွစ္ေယာက္​၏သုတစကားဝိုင္းျဖစ္ေနခဲ့သည္။

အိပ္ငိုက္ေနေသာ အ႐ုဏကေတာ့ ထိုစကားဝိုင္းကို မၾကားတစ္ခ်က္ ၾကားတစ္ခ်က္။ ေနာက္ဆုံး ဝိုးတဝါးၾကားလိုက္သည္ဆိုလို႔ ေနရာေဒသအလိုက္ အစားအစာမ်ား ကြာျခားမႈအေၾကာင္းျဖစ္သည္။

ယုဂန္: " ဇိယတၱမွာ အစပ္ေတာ္ေတာ္စားၾကတယ္။ သူတို႔က ဘာစားစားင႐ုတ္သီးေလး ပါလိုက္ရမွ။ မင္းအစ္ကိုေတာ္က အစပ္မစားႏိုင္ဘူးေလ။ သူ အဲ့ဒီ့ကိုစစ္ထြက္ေတာ့ မစားႏိုင္လို႔ ဒုကၡေရာက္လိုက္တာဆိုတာ"

ပီယံမိတ္က သူတို႔​၏အေရွ႕တည့္တည့္ခပ္လွမ္းလွမ္းတြင္ ထိုင္လ်က္ ပုံတူပန္းခ်ီကားေရးဆြဲလ်က္ရွိသည္။ ေရးဆြဲရင္းႏွင့္လည္း သူ​၏စုတ္တံကိုေထာင္၍ အ႐ုဏတို႔ဘက္ကို လွမ္းၾကည့္ၿပီး မ်က္စိတစ္ဖက္မွိတ္ရင္း ခန႔္မွန္းတိုင္းတာေနသည္။ ၿပီးေနာက္ ပုံခ်ဆြဲသည္။

ပီယံ: " ေရဝတီလည္း ေတာ္ေတာ္အစပ္မစားႏိုင္တဲ့အထဲပါတယ္။ ဒါေပမဲ့ သူက် အငန္အရမ္းစားတာပဲ။ ပင္လယ္ထဲမွာ ေနခဲ့လို႔ထင္ပါတယ္။ အငန္ဓာတ္နဲ႔သဟဇာတျဖစ္ေနၿပီး ေရဆိုလည္း ဆားေပ်ာ္ရည္ပဲေသာက္တယ္။ နဂါးေတြက အငန္ကဲတာမွ စားၾကတယ္လို႔ သူေျပာတယ္"

႐ုတ္တရက္ႀကီး မဆီမဆိုင္ ေရဝတီ့အေၾကာင္းပါလာေသာေၾကာင့္ ထူးဆန္းသည္ဟု ယုဂန္,ခံစားလိုက္ရသည္။ သို႔ေသာ္လည္း မ်ားစြာသံသယမျဖစ္မိဘဲ အလိုက္သင့္သာ ျပန္ေျပာလိုက္သည္။

ယုဂန္: " ဒါဆို လူ႔ျပည္က အစားအစာေတြက နဂါးေတြအတြက္ ေပါ့႐ႊတ္ေနမွာပဲေနာ္"

ပီယံ့​၏မ်က္ဝန္းမ်ား ဝင္းလက္သြားသည္ကို ယုဂန္ သတိျပဳမိလိုက္သည္။ ပီယံ့ၾကည့္ရသည္မွာ ေရဝတီအေၾကာင္းေျပာဖို႔ ေပ်ာ္႐ႊင္ေနသလိုပါပင္။

ပီယံ:" ဟုတ္တယ္။ ေရဝတီ လူ႔ျပည္ေရာက္တုန္း စားရေသာက္ရတာ သိပ္ခက္တာပဲတဲ့။ ဒါေပမဲ့ သူ ဆားေပ်ာ္ရည္ေသာက္ၿပီး စားေတာ့ အဆင္ေျပတယ္တဲ့။ အဲ့လိုသာ ေပါ့႐ႊတ္ေနရင္မစားတတ္တာ။ သစ္သီးေတြက် သိပ္ႀကိဳက္တာပဲ။ ေရဝတီက ဖရဲသီးတစ္လုံး,လုံးကို တစ္ထိုင္တည္းစားပစ္တာတဲ့ ဒါ႐ုေျပာျပတယ္။ အခုလည္း ေထာပတ္သီးကို ေတာ္ေတာ္ႀကိဳက္ေနရွာတယ္။ မနက္လည္း ေထာပတ္၊ ေန႔လယ္လည္းေထာပတ္၊ ညလည္းေထာပတ္ စားေနတယ္တဲ့"

ပီယံ့ဘက္က မည္မွ်ပင္ ေရဝတီ့အေၾကာင္းဆြဲေခၚေစကာမူ ေထာပတ္သီးဟူေသာအသံကို ၾကားသည္ႏွင့္ ေမာင့္အေၾကာင္း ယုဂန္မေတြးမိဘဲမေနႏိုင္ေခ်။

ဒါကေတာ့ ေမာင္က သူခ်စ္ရတဲ့သူကိုး။

မည္သည့္အခ်ိန္ျဖစ္ျဖစ္ ခ်စ္ရတဲ့လူအေၾကာင္းထည့္ေတြးမိတာက ဓမၼတာပင္မဟုတ္ပါလား။

ဒီလိုေတြးမိေတာ့လည္း မဆီမဆိုင္ဘဲ ေရဝတီ့အေၾကာင္း ထ,ထေျပာသည့္ပီယံ့ကို သံသယဝင္လာမိျပန္သည္။ ပီယံ့ရဲ႕ ဒီေပ်ာ္ေနတဲ့အေနအထားကိုၾကည့္ရတာ တစ္ခုခုေတာ့ တစ္ခုခုပါပင္။

ယုဂန္:" ေမာင္လည္း ေထာပတ္သီးႀကိဳက္တယ္ေရာ္။ အဲ့တာမွသတိရတယ္။ ညေနက်ရင္ ေမာင့္အတြက္ ေထာပတ္သီးကို ႏို႔နဲ႔သၾကားနဲ႔ခေလာက္ၿပီး လုပ္ေပးရမလားဟင္။ ေမာင္က အဲ့တာမ်ိဳးသိပ္ႀကိဳက္တာ"

ယုဂန္ စကားလွည့္ေျပာမွ အိပ္ငိုက္ေနေသာအ႐ုဏ​၏အသိစိတ္လည္း လက္ေတြ႕ဘဝသို႔ ျပန္လည္ ေရာက္ရွိလာသည္။ သူ ယုဂန္ကို ငိုက္ျမည္းေနေသာမ်က္ဝန္းမ်ားႏွင့္ လွည့္ၾကည့္ၿပီး ၿပဳံးျပကာ

အ႐ုဏ:" ေကာင္းတာေပါ့။ လုပ္ေပးေလ"

အ႐ုဏ​၏ပင္ပန္းေနေသာပုံစံေၾကာင့္ ယုဂန္ဟာခ်က္ခ်င္းပင္ သနားက႐ုဏာသက္မိေသာ မ်က္ႏွာကေလးျဖစ္သြားၿပီး အ႐ုဏ​၏နဖူးစပ္မွ ေခြၽးစမ်ားကို အက်ႌလက္ျဖင့္ အသာအယာ ထိေတြ႕ပြတ္သပ္လာသည္။

ယုဂန္:" ငါ့ေယာက္်ားလည္း လတ္တေလာပင္ပန္းေနတာ။  သနားပါတယ္။ ရာဓဇဆီက စစ္အင္အားရၿပီဆိုေတာ့ သူ႔မွာ ေန႔ေန႔ညည ဟီရကိုတိုက္ဖို႔ ဗ်ဴဟာဆြဲေနရတာနဲ႔တင္ပဲ။ ဒါေတာင္ ကေလးက အထိန္းေတာ္ေတြရွိလို႔။ မဟုတ္ရင္ တို႔ႏွစ္ေယာက္တည္းဆို ကေလးေရာ၊ တာဝန္ေတြေရာနဲ႔တိုင္ပတ္ေနမွာ။ ဒီညေတာ့ အိပ္ေရးဝဝအိပ္လိုက္ေနာ္။  ဣႏၵီေလးက ငိုေတာ့ ညညဆို ေမာင္မအိပ္ရဘူး။ ဒီညေတာ့ ကေလးကို သူ႔အထိန္းေတာ္ေတြနဲ႔ထားလိုက္မယ္"

ထိုစကားကိုၾကားေသာ္  အ႐ုဏမည္မွ်ေပ်ာ္႐ႊင္သြားသည္ကို မေျပာတတ္ေလာက္ေအာင္ပင္။

အ႐ုဏ ဟန္မေဆာင္ႏိုင္ေအာင္ ဝမ္းပန္းတသာၿပဳံးမိသြားၿပီး ေက်ေက်နပ္နပ္ႀကီးေခါင္းညိတ္သည္။ သူဒီညေတာ့ ေကာင္းေကာင္းအိပ္ရၿပီထင္သည္။ မဟုတ္လည္း သူနဲ႔ယုဂန္ႏွစ္ေယာက္တည္း ေလ့က်င့္ခန္းေလးဘာေလးလုပ္ျဖစ္တာေပါ့။

ပီယံ:" ဟီရကို ဘယ္ေတာ့သြားတိုက္မယ္ ရည္႐ြယ္ထားလဲ"

ပီယံမိတ္အေမးေၾကာင့္ ယုဂန္ အေရွ႕သို႔ျပန္လွည့္သြားသည္။

ယုဂန္:" ဒီလကုန္ေလာက္ျဖစ္မယ္ထင္တယ္။ စစ္ထြက္ရမွာဆိုေတာ့ ေယာက္်ားနဲ႔ ခြဲရဦးမွာပဲ။ မခြဲတာေတာင္ ၾကာၿပီကို"

ယုဂန္​၏ ခြၽဲခြၽဲႏြဲ႕ႏြဲ႕အသံေလးေၾကာင့္ အ႐ုဏ ယုဂန္ဘက္ကိုလွည့္ၾကည့္ကာ ေခါင္းေလးပုတ္ေပးမိသည္။

အ႐ုဏ:" ခဏေလးပဲ ၾကာမွာပါ။ ေမာင္ေျပာရဲတယ္"

ယုဂန္က အ႐ုဏ​၏လက္ေမာင္းကို ခ်ိတ္တြယ္လိုက္ရင္း ႏႈတ္ခမ္းကိုမသိမသာေထာ္ကာ ဆူပုတ္ပုတ္လုပ္ေနသည္။ ကေလးသာတစ္ေယာက္ရတာ။ ယုဂန္ကေတာ့  ခင္ပြန္းသည္ကို ခြၽဲဖို႔ ခုထိမေမ့မေလ်ာ့ပါပင္။

ပီယံ:" ဒီတစ္ေခါက္ အစ္ကိုယုဂန္ပါ မလိုက္ေတာ့ဘူးလား"

ယုဂန္:" မင္းအစ္ကိုေတာ္က အႏၲရာယ္မ်ားတယ္ဆိုၿပီး ငါ့ကိုမလိုက္ေစခ်င္ဘူးေလ။ ေနာက္ၿပီးအခု သမီးေလးလည္းရွိၿပီဆိုေတာ့ ကေလးကိုလည္း ေသခ်ာေစာင့္ေရွာက္ထားမွျဖစ္မယ္။ အဲ့တာေၾကာင့္ ငါေနခဲ့မလို႔"

ပီယံ:" ဟီရဆီစစ္ထြက္ရင္ ေရဝတီ့ကိုေရာ ေခၚမွာလား။ ေရဝတီက သူကူညီႏိုင္မယ့္အရာရွိရင္ ကူညီေပးမယ္ ေျပာထားတယ္ဆိုေတာ့"

ပီယံ ထပ္ၿပီးေရဝတီ့အေၾကာင္းေျပာသည္ကို ယုဂန္သတိျပဳမိလိုက္သည္။

အ႐ုဏ:" ေခၚသြားမယ္။ သူ႔နဂါးအစြမ္းနဲ႔ဆိုရင္ စစ္သည္ရာေက်ာ္ကို ေခ်မႈန္းႏိုင္မွာ အေသအခ်ာပဲ"

ေမာင္ကေတာ့ စစ္ေရးအျမင္ႏွင့္ ေျပာေနေသာ္လည္း ပီယံမွာ စစ္ေရးထက္ပိုေသာခံစားခ်က္ရွိဟန္ျဖင့္ အားရတက္ႂကြေနသည္။

ပီယံတစ္ေယာက္ အခုလို ေနရင္းထိုင္ရင္း ၿပဳံးစိစိျဖစ္ေနသည္ကို ယုဂန္အခုမွျမင္ဖူးျခင္းျဖစ္သည္။

ပီယံ:" အစ္ကိုယုဂန္ မပါဘူးဆိုေတာ့ ဗ်ဴဟာခ်မွတ္ေရးအတြက္ ကြၽန္ုပ္လိုက္ခဲ့ပါရေစ။ ေရဝတီက ခြန္အားအရသာတယ္ဆိုရင္ေတာင္ ခြန္အားကို ထိန္းခ်ဳပ္ဖို႔ ဉာဏ္အားက လိုအပ္တာပဲ မဟုတ္ပါလား"

ဒီတစ္ခါေတာ့ ယုဂန္ သံသယမဝင္ဘဲ မေနႏိုင္ေတာ့ေခ်။ သူ ဒူးေပၚလက္ေထာက္လိုက္ကာ ပီယံ့ကို တရားခံစစ္,ေမးေသာအသံႏွင့္ စိမ္းစိမ္းစူးစူးၾကည့္လ်က္ ေမးလိုက္ေတာ့သည္။

" ပီယံ မင္း ေရဝတီ့ကိုႀကိဳက္ေနတာလား"

ပီယံ ထိတ္ပ်ာသြားသည္။ နား႐ြက္ဖ်ားတို႔ ခ်က္ခ်င္းနီျမန္းသြားကတည္းက အေျဖမွာ ေသခ်ာေနေလၿပီ။

" မ...မဟုတ္ပါဘူး။ ကြၽန္ုပ္မႀကိဳက္ပါဘူး"

ပီယံ မလုံမလဲျဖစ္ေသာ အၿပဳံးႏွင့္ လိမ္သည္။ သို႔ေသာ္လည္း ပီယံမွာ လိမ္ညာရာ၌ အလြန္ညံ့ဖ်င္းေသာသူျဖစ္ေလရာ သူ​၏အိုးမလုံအုံပြင့္ မ်က္ဝန္းမ်ားႏွင့္ စိုး႐ြံ႕ေနေသာအၾကည့္တို႔က အဘြင္းသားေပၚလြင္ေနသည္။

ယုဂန္ ရယ္လိုက္ၿပီး ဟန္ပါပါလက္ပိုက္လိုက္သည္။

" လိမ္တာလည္း ၾကည့္ၾကပ္လိမ္စမ္းပါ။ နား႐ြက္ဖ်ားေတြျဖင့္ ရဲေနၿပီ။ ဘာမႀကိဳက္ဘူးလဲ။

ထိုအခါမွ ပီယံခပ္ရွက္ရွက္ၿပဳံးသြားကာ သူ​၏နီျမန္းသြားေသာ နား႐ြက္ဖ်ားကို လက္ျဖင့္ထိကိုင္ၾကည့္ေနသည္။

အတန္ၾကာသည္အထိ သူဘာမွေတာ့ဆက္မေျပာ။ ထိုအတိုင္းၿပဳံး၍သာ ပုံဆက္ဆြဲေနသည္။ နီျမန္းေသာနား႐ြက္ဖ်ားမ်ားကေတာ့ ပို၍ပို၍သာ နီရဲလာသည္။

ယုဂန္လည္း တစ္သက္လုံး FA လုပ္လာေသာ ပီယံ့​၏အခ်စ္ေရးတြင္ သူဝင္မပါလွ်င္ ၿပီးေတာ့မည္မဟုတ္မွန္း သိသျဖင့္ ေရဝတီ့အေၾကာင္းကိုသာ စကားစဆြဲယူလိုက္သည္။

"မင္းလည္း လူပ်ိဳ၊ သူလည္း အပ်ိဳပဲ။ ႀကိဳက္ရင္ ႀကိဳက္တယ္ေပါ့ ဘာျဖစ္လဲ"

ပီယံ လွပရွင္းသန႔္စြာၿပဳံးသည္။ ခဏေနမွ သူ႔ဆီက မပြင့္တပြင့္အသံကေလးထြက္လာသည္။

" ကြၽန္ုပ္ သူ႔အေၾကာင္းကို ခဏခဏေတြးေနမိတယ္ ထင္တယ္"

" ေတြ႕လား။ အဲ့တာႀကိဳက္ေနလို႔ေပါ့"

ယုဂန္ အားတက္သေရာဆိုသည္။  တစ္ဆက္တည္းပင္ ပီယံ့ကို ေမးေထာက္ၿပီး စိတ္ဝင္တစားၾကည့္လိုက္လ်က္

" အဲ့ေတာ့ မင္းတို႔ႏွစ္ေယာက္ ဘယ္အေျခအေနေရာက္ေနၿပီလဲ"

ဟုေမးသည္။

အရင္ကတည္းက ပီယံမိတ္မွာ အရွက္အေၾကာက္ႀကီးသည္မို႔ သူ​၏ပထမဆုံးအခ်စ္ေရးတြင္လည္း ေျပာထြက္ဖို႔ အေတာ္ခဲယဥ္းသည္မွာ အံ့ဩစရာေတာ့မဟုတ္ပါေခ်။ သူ႔ဆီက ျပန္ေျဖစကားၾကားရဖို႔ အနည္းငယ္ေတာ့ေစာင့္ရသည္။

" ဒီတိုင္းပါပဲ။ ခင္မင္ရင္းႏွီးပါတယ္"

" ဘယ္ေတာ့ဖြင့္ေျပာမွာလဲ"

" ဖြင့္ေျပာဖို႔လား"

ပီယံ တအံ့တဩေရ႐ြတ္သည္။ သူ​၏မ်က္ဝန္းမ်ား ဝိုင္းက်ယ္သြားသည္မို႔ ထိတ္လန႔္သြားေသာ ယုန္သူငယ္ပမာ ျဖစ္ေနသည္။

ထို႔ေၾကာင့္ ဆရာႀကီးျဖစ္ေသာ ယုဂန္ကပဲ တိုက္တြန္းစကားဆိုလိုက္သည္။

" အင္းေလ။ ႀကိဳက္ေနမွေတာ့ ေသခ်ာေပါက္ဖြင့္ေျပာရမွာေပါ့"

ပီယံ ေခါင္းကုတ္လိုက္ၿပီးေနာက္ ခပ္တိုးတိုးဆိုသည္။

" ကြၽန္ုပ္ မစဥ္းစားရေသးဘူး"

ထိုသို႔ ပီယံ့စကားမဆုံးခင္မွာပင္ ယုဂန္​၏ အားႀကိဳးမာန္တက္အသံႀကီးက ဟိန္းထြက္လာသည္။

" ဘာစဥ္းစားစရာလိုလို႔လဲ။ ဒီတိုင္း ခံစားရတာ ဖြင့္ေျပာလိုက္။ မင္းရဲ႕ခံစားခ်က္ကို ဘာမွ ႁခြင္းခ်န္မေနဘဲ အကုန္ေျပာျပလိုက္။ ရည္းစားစကားေျပာတဲ့အခါမွာ ပြင့္လင္းဖို႔က အဓိကပဲ။ ဟုတ္တယ္မလား ေမာင္"

ယုဂန္က သူတစ္ေယာက္တည္းတိုက္တြန္း႐ုံမက၊ အ႐ုဏကိုပါ တံေတာင္ဆစ္ႏွင့္တြတ္၍ စစ္ကူေခၚသည္။

ငိုက္ျမည္းေနေသာအ႐ုဏလည္း ထိုအခါမွ ေသခ်ာျပန္ႏိုးလာကာ

" အင္း ဟုတ္တယ္။ ယုဂန္ေျပာသလိုပဲ"

ဟူ၍ ဘာမွန္းမသိလိုက္ေသာ္လည္း ေခါင္းညိတ္ၿပီး အိပ္ခ်င္မူးတူးအသံႏွင့္ ဆိုသည္။

ထိုသို႔ ႏွစ္ေယာက္က ဝိုင္းတြန္းေသာ္ နဂိုတည္းက ရွက္တတ္သည့္ပီယံမွာ ပိုၿပီးေတာင္ မ်က္စိသူငယ္ နားသူငယ္ေလးျဖစ္လာၿပီး စိုး႐ြံ႕သည့္အသြင္ျဖစ္လာသည္။

" ကြၽန္ုပ္ တစ္ခါမွ ဖြင့္မေျပာဖူးဘူး။ တကယ္လို႔ သူက ကြၽန္ုပ္ကို မႏွစ္သက္ရင္ဘယ္လိုလုပ္မလဲ"

ယုဂန္ လက္ႏွစ္ဖက္ကို ေဝ့ခါလိုက္သည္။

" မင္းသာ ဖြင့္ေျပာရင္ ဘယ္မိန္းကေလးမွ ျငင္းမွာမဟုတ္ဘူး။ ငါေျပာရဲတယ္။ တကယ္လို႔ ျငင္းတဲ့မိန္းကေလးရွိရင္ အဲ့မိန္းကေလးက မိန္းမခ်င္းႀကိဳက္တဲ့လူပဲ ျဖစ္ရမယ္"

မ်က္လုံးမပြင့္တပြင့္ျဖစ္ေနေသာ အ႐ုဏကလည္း ေဘးကေန ေခါင္းညိတ္ျပသည္။

ယုဂန္: " အခ်ိန္ဆြဲမေနနဲ႔။ ႀကိဳက္ရင္ႀကိဳက္တယ္ေျပာၿပီး အမိဖမ္းလိုက္။ ဒါေပမဲ့ မင္းအစ္ကိုေတာ္လိုေတာ့ မလုပ္နဲ႔ေပါ့ကြာ။ မင္းအစ္ကိုေတာ္က ရည္းစားစကားအရင္မေျပာဘူး။ ငါ့ကို ေကာက္ခါငင္ခါႀကီး အရင္နမ္းတာ။ အဲ့တုန္းက ငါ အရမ္းအံ့ဩသြားတာရယ္။ ဘုရင့္သားေတာ္ဆိုၿပီး မေလးမစားျပဳလို႔မျဖစ္လို႔၊ ေနာက္ၿပီး မင္းသားအ႐ုဏဆိုၿပီး ေၾကာက္ေနတာနဲ႔ အဲ့တုန္းက မင္းအစ္ကိုေတာ္ကို  ငါဘာမွျပန္မလုပ္လိုက္တာ။ ဒါေပမဲ့ ေရဝတီကိုေတာ့ အဲ့လိုသြားလုပ္လို႔မျဖစ္ဘူးေနာ္။ သူက ျပန္သမမယ့္မိန္းကေလးမ်ိဳး"

ဆရာႀကီးယုဂန္​၏စကားမ်ားၾကားတြင္ ပီယံ အူေၾကာင္ေၾကာင္ေလးျဖစ္လာသည္။

ဒီအသက္အ႐ြယ္ထိ အခ်စ္ေရးကိစၥ ကိုယ္ႏွင့္မဆိုင္သလို ေနလာခဲ့သူမို႔ ဖြင့္ေျပာရမည့္အေရးမွာ သူ႔အတြက္ ပူပန္စရာကိစၥျဖစ္ေနသည္။

" ဒါဆို ဘယ္လိုလုပ္ရမွာလဲ"

သူ အစ္ကိုယုဂန္ကိုသာ ဆရာတင္လိုက္သည္။ ဒီအခ်ိန္ အစ္ကိုေတာ္နႏၵႏွင့္ အစ္ကိုေတာ္သုဒီပါရွိလွ်င္လည္း သူ႔ကို တစ္ေယာက္တစ္ေပါက္ႏွင့္အႀကံဉာဏ္ဝိုင္းေပးဦးမည္ ျဖစ္ေၾကာင္း သူေတြးမိသည္။

" မင္းက စာဆိုေတာ္ပဲဟာ ကဗ်ာေရးေပးလိုက္ေလ"

" ကဗ်ာေရးရမွာလား"

ပီယံ စဥ္းစားသည္။ ကဗ်ာေရးရသည္မွာ သူ႔အတြက္ခက္ခဲေသာကိစၥမဟုတ္သည္မို႔ လုပ္ႏိုင္ေလာက္မည္ထင္သည္။ ေနာက္ၿပီး စာႏွင့္ဖြင့္ေျပာရသည္က မ်က္ႏွာခ်င္းဆိုင္ေျပာရတာထက္ ပိုမိုလြယ္ကူေပလိမ့္မည္။

" အြန္း။ ခ်စ္ေၾကာင္းႀကိဳက္ေၾကာင္း ဖြဲ႕ႏြဲ႕ၿပီးေပးလိုက္ေလ။ မိန္းကေလးေတြက အဲ့လိုစိတ္ကူးယဥ္ဆန္ဆန္ေလးေတြ သေဘာက်ၾကတယ္။ ဟုတ္တယ္ေနာ္ ေမာင္"

ယုဂန္ အ႐ုဏကို စစ္ကူေခၚျပန္သည္။ အ႐ုဏကလည္း ေခါင္းညိတ္ၿပီး

" အင္း ဟုတ္တယ္"

ဟူ၍ ေထာက္ခံစၿမဲျဖစ္​၏။

ပီယံ စိတ္လႈပ္ရွားလာမိသည္။ သူ ကဗ်ာကို မည္သည္က စတင္ေရးသားရမည္ကို စဥ္းစားေနခိုက္တြင္ သူ႔ေရွ႕ရွိ ယုဂန္က စပ္ၿဖီးၿဖီးလုပ္လာကာ

" သတင္းေကာင္း ေစာင့္ေနမယ္ေနာ္ ဟဲဟဲ"

ဟု မ်က္ခုံးပင့္ျပလ်က္ အားေပးအားေျမႇာက္ျပဳလာျပန္သည္။

ပီယံကေတာ့ ပထမဆုံးအခ်စ္ေရး အေတြ႕အႀကဳံအေနႏွင့္ အလြန္အမင္းမဆိုးဝါးေနေစဖို႔ကိုသာ ေမွ်ာ္လင့္ေနမိသည္။

ကဗ်ာတစ္ပုဒ္ေလာက္ကေတာ့ ေသခ်ာေပါက္ သူအေကာင္းဆုံးေရးႏိုင္ပါသည္။

*************************

" မင္းသားပီယံမိတ္ဆီက သဝဏ္လႊာပါ"

အေစခံတစ္ဦးမွ ကမ္းလင့္လာေသာ စာလိပ္ကို ေရဝတီယူလိုက္ေသာ္လည္း စိတ္ထဲ၌ ထူးဆန္းတစ္ဝက္၊ အံ့ဩတစ္ဝက္ျဖစ္ေနသည္။

မင္းသားပီယံမိတ္မွာ မိမိကို သဝဏ္ပါးစရာ မည္သည့္အေၾကာင္းကိစၥမ်ားရွိပါအံ့နည္း။

ခါတိုင္း ႏွစ္ေယာက္ေတြ႕မွ စကားေျပာရင္ေျပာ၊ မဟုတ္လည္း တကူးတကေတြ႕ဖို႔ ခ်ိန္းဆိုလိုက္တာမ်ိဳး။ ထိုသို႔ျပဳလုပ္ၿပီး လူခ်င္းဆုံမွသာ အလာပ သလာပ စကားေျပာဆိုၾကျခင္းျဖစ္သည္။

ယခုလို သဝဏ္လႊာႏွင့္ပို႔ရသည့္အေၾကာင္းရင္းမွာ ဘာမ်ားျဖစ္မလဲ သူမသိခ်င္စမ္းပါဘိ။

အေတြးႏွင့္အတူ ေရဝတီ သဝဏ္လႊာကိုဖြင့္ဖတ္လိုက္သည္။

ဖြင့္ဖတ္ၿပီးခ်ိန္၌ သူမမ်က္ႏွာမွာ ရႈပ္ေထြးဟန္၊ နားမလည္ဟန္ႏွင့္ မ်က္ခုံးတို႔ေတာင္ အသာကုပ္သြားမိသည္။ သူမ သဝဏ္လႊာကို ဖင္တစ္ျပန္၊ ေခါင္းတစ္ျပန္ ထပ္ဖတ္သည္။ ထို႔ေနာက္ အူေၾကာင္ေၾကာင္မ်က္ႏွာထားႏွင့္ ေခါင္းကုတ္လိုက္မိသည္။

ထိုသို႔ ေရဝတီတစ္ေယာက္ နားမလည္ႏိုင္ျဖစ္ေနခိုက္တြင္ သူမ အေခၚေတာ္ရွိထားေသာ ဒါ႐ုက သူမရွိရာ လသာေဆာင္သို႔ ေရာက္လာသည္။

" အရွင့္သမီး ကြၽန္ုပ္ေရာက္ပါၿပီ။ ၿမိဳ႕ထဲ သြားေတာ့မွာလား"

​ယေန႔ ေရဝတီၿမိဳ႕ထဲသို႔ လည္ပတ္ၾကည့္ရႈရန္အတြက္ ဒါ႐ုကို အေခၚေတာ္ရွိထားျခင္းျဖစ္သည္။ ၿမိဳ႕ထဲတြင္ သူမဘာသာ လည္ပတ္ႏိုင္သည္ျဖစ္ေသာ္လည္း ဒါ႐ုမွာ သူမကို မ်က္ျခည္မျပတ္ေစာင့္ေရွာက္ရမည့္လူျဖစ္၍ လည္းေကာင္း၊ သူမကလည္း တစ္ေယာက္တည္းေလွ်ာက္လည္ရမည္ကိုပ်င္း၍ ရင္းႏွီးခင္မင္ေသာ ဒါ႐ုကို လိုက္ပါေစခ်င္ေသာေၾကာင့္လည္းေကာင္း အေဖာ္ေခၚထားျခင္းျဖစ္သည္။

" ဒါ႐ု ေရာက္ၿပီလား။ ခဏေလးေနာ္။ ဒီမွာ မင္းသားပီယံမိတ္ ပို႔လိုက္တဲ့စာ ဖတ္ေနလို႔"

ေရဝတီက သဝဏ္လႊာကို ေမးဆတ္ျပရင္းဆိုသည္။ ဧကသူသည္ ပီယံ့ထံမွစာဟူေသာေၾကာင့္ ဘာရယ္မဟုတ္ဘဲ သိခ်င္စိတ္ျဖစ္မိသြားသည္။ ထို႔ေၾကာင့္

" ဘာစာမ်ားလဲ"

ဟူ၍ လႊတ္ခနဲေမးလိုက္မိသည္။

ေရဝတီက ပခုံးတြန႔္ျပသည္။

" ကဗ်ာတစ္ပုဒ္ပဲ။ ဘာေျပာခ်င္တာလဲေတာ့ မသိဘူး"

ေရဝတီတို႔ နဂါးမ်ိဳးႏြယ္မ်ားသည္ မ်ားေသာအားျဖင့္ သြယ္ဝိုက္ေကြ႕ပတ္ျခင္းမရွိဘဲ တဲ့တိုးဆိုေလ့ရွိၾက​သည္။ အနက္ကိုသိုဝွက္မေနဘဲ အဆုံးစြန္ပြင့္လင္းၾကသည္။
သို႔ပါ၍ ကဗ်ာအလကၤာဟူသည္ နဂါးျပည္၌ မရွိသေလာက္နည္းပါးၿပီး စာေပအႏုပညာ၌ အားနည္းလြန္းၾကသည္။ ဤသို႔ နဂါးအမ်ားစုမွာ ကဗ်ာစာေပႏွင့္အလွမ္းေဝးေလရာ ေရဝတီမွာလည္း ကဗ်ာကို ဖတ္သာဖတ္​၏၊ နားမလည္ေခ်။ 

ထို႔ေၾကာင့္ သူမ အူလည္လည္ျဖစ္ၿပီး ကဗ်ာကိုသာ စိုက္ၾကည့္ေနမိသည္။ ဒါ႐ုကိုျမင္ေသာ္ သူမသတိရသြားသည္။

" အာ...ဒါ႐ုက ကဗ်ာလကၤာဝါသနာထုံတာပဲ။ ဖတ္ၾကည့္ၿပီး ဘာအဓိပၸါယ္လဲဆိုတာ ေျပာျပပါလား" 

ေရဝတီ ကမ္းလင့္လာေသာ သဝဏ္လႊာကို ဧကသူ ယူလိုက္ၿပီး ဖတ္ၾကည့္လိုက္သည္။ စာထဲ၌ ေရးသားထားေသာကဗ်ာမွာ ေအာက္ပါအတိုင္းျဖစ္သည္။

ျပာလဲ့ညိဳစင္၊ တင့္႐ႊန္းလြင္ႏွင့္၊ ေကသွ်င္ျမရည္၊
ရွင္ေႏွာင္းဆီလွ်င္၊ ခုၿပီေျမာ္ရွဲ႕၊ ေတြးစခဲ့သည္၊ ႏြဲ႕လ်ဝင္းငယ္၊ လည္ဝယ္ဆင္ျမန္း၊ ပန္းႏွယ္ရစ္ေခြ၊ ကုံးပန္ေဝခ်င့္၊ ၾကာေရလြတ္လွ်င္၊ ညႇိဳးေရာ္ပင္သို႔၊ ရင့္ေနာင့္မ်ားညီ၊ ႏြမ္းေခါက္ရည္မည္၊ ၾကည္သာခ်ိဳၿငိမ့္၊ ေႏွာင္းေမြးစိတ္ဝယ္၊ ခ်စ္ရိပ္ကိုယုံ၊ ႏႊဲပိုက္ၿခဳံေစ၊ မၾကင္လတုံ ၾကင္လတုံ။

ကဗ်ာဆုံးသည္ႏွင့္ ဧကသူ​၏ မ်က္ဝန္းမ်ား ဝိုင္းစက္ထိတ္လန႔္သြားသည္။

ကဗ်ာစာေပႏွင့္ အကြၽမ္းတဝင္ရွိသူပီပီ တစ္ေခါက္ဖတ္လိုက္႐ုံႏွင့္ ဆိုလိုရင္းကို သူဟာ သေဘာေပါက္နားလည္ၿပီးျဖစ္သည္။

ေရွးဦးစြာ ကဗ်ာ​၏အစျဖစ္ေသာ "ျပာလဲ့ညိဳစင္၊ တင့္႐ႊန္းလြင္ႏွင့္၊ ေကသွ်င္ျမရည္" ဟူေသာ စကားလုံးမ်ားက အသားအေရညိဳျပာညက္ၿပီး တင့္႐ႊန္းလွပေသာ၊ ဆံေကသာ မည္းနက္ေတာက္ေျပာင္ေသာ မိန္းကေလးတစ္ဦးကို ရည္ၫႊန္းေၾကာင္း ေဖာ္ျပေနသည္။ တစ္နည္း ေရဝတီ့ကို ၫႊန္းဆိုေနသည္။

ေရဝတီမွန္း ေသခ်ာသြားေစေသာအခ်က္တစ္ခ်က္မွာ " ရွင္ေႏွာင္း" ႏွင့္ " ေႏွာင္းေမြး" ဟူေသာအသုံးအႏႈန္းျဖစ္သည္။

"အိမ္​၏အငယ္ဆုံး အေထြးဆုံး အေႏွာင္းဆုံး" တဲ့။

ေရဝတီမွာ မည္မွ်ပင္အသက္ရာေက်ာ္ရွိေစကာမူ သူ႔အိမ္တြင္ေတာ့ ႏွမအငယ္ဆုံး၊ သမီးေတာ္အငယ္ဆုံးျဖစ္သည္။ ထို႔အျပင္ သဝဏ္လႊာမွာ ေရဝတီ့ဆီေပးပို႔သည္ျဖစ္ေသာေၾကာင့္ ကဗ်ာ​၏ၫႊန္းဆိုထားသူမွာ ေရဝတီျဖစ္ေၾကာင္း ဆက္စပ္အတည္ျပဳႏိုင္သည္။

ထို႔အျပင္ ဆက္လက္ၿပီးေရးသားထားသည္က " ထ္ိုသို႔ေသာ သမီးအငယ္ဆုံးေလးဆီ ေမွ်ာ္မွန္းေတြးစကာ ဤကဗ်ာကို ေရးသားထားေၾကာင္း" ဆိုလိုေန​သည္။

" ႏြဲ႕လ်ဝင္းငယ္၊ လည္ဝယ္ဆင္ျမန္း၊ ပန္းႏွယ္ရစ္ေခြ၊ ကုံးပန္ေဝခ်င့္" ဟူေသာအပိုင္းတြင္ေတာ့ ကဗ်ာ​၏အဓိကရည္႐ြယ္ခ်က္ကို ျမင္ရသည္။

ယင္းအပိုင္းတြင္ ႏြဲ႕လ်ကာ အသားအေရဝင္းလက္ေသာ ႏွမငယ္ကို လည္တိုင္တြင္ ဆင္ျမန္းရေသာ လည္႐ြဲအား ခ်စ္ျမတ္ႏိုးသည့္ပမာ ခ်စ္ခင္ျမတ္ႏိုးေနမိပါသည္။ သို႔ပါ၍ မိန္းကေလးကို လည္ပင္းတြင္ ေဝေဝဆာဆာကုံးပန္ရေသာ ပန္းကုံးႏွယ္  ရစ္ေခြပန္ဆင္ခ်င္ပါသည္။ ( မိန္းကေလးႏွင့္ ခ်စ္သူျဖစ္လိုပါသည္) ဟု ဆိုလိုေန​သည္။

ဧကသူ ေခ်ာက္ကမ္းပါးတြင္းသို႔ ျပဳတ္က်သြားသည့္ပမာ သိမ့္ခနဲစူးနင့္သြားခဲ့သည္။  သူ သဝဏ္လႊာကို လႊတ္ခ်လုမိမတတ္ အားအင္ယုတ္ေလ်ာ့သြား​ၿပီး ရင္သည္းညႇာတစ္ခုလုံး ေလးလံလာသည္။

အစ္ကိုေတာ္ပီယံက မင္းသမီးေရဝတီကို သေဘာက်ႏွစ္သက္ေနသည္။

ထိုအသိစိတ္က ဧကသူ​၏ႏွလုံးငယ္တစ္စုံလုံးကို တစ္စစီကြဲေၾကသြား​ေစသည္။

ဧကသူ အသက္ရွဴရန္ ေမ့ေလ်ာ့သြားမိ​၏။ လႈိက္တက္လာေသာ ဝမ္းနည္းမႈမ်ားက သူ​၏ပါးျပင္ႏွစ္ဖက္ကို ပူေလာင္လာေစေသာ္လည္း သူ​၏ေျခဖ်ားလက္ဖ်ားမ်ားကိုမူ ေအးစက္သည္ထက္ ေအးစက္လာေစသည္။

သူ စိတ္အားတင္းၿပီး ကဗ်ာကိုဆက္ဖတ္သည္။ ဆက္ေရးထားသည္က

"ၾကာေရလြတ္လွ်င္၊ ညႇိဳးေရာ္ပင္သို႔၊ ရင့္ေနာင့္မ်ားညီ၊ ႏြမ္းေခါက္ရည္မည္၊ ၾကည္သာခ်ိဳၿငိမ့္၊ ေႏွာင္းေမြးစိတ္ဝယ္၊ ခ်စ္ရိပ္ကိုယုံ၊ ႏႊဲပိုက္ၿခဳံေစ၊ မၾကင္လတုံ ၾကင္လတုံ"

ဟူသတတ္။

ထိုတြင္ ကဗ်ာရွင္က " ေနာင့္မ်ားညီ" ဟုသုံးႏႈန္းထားသည္။ " ေနာင္ေတာ္မ်ား၏ညီေတာ္" ဟု မိမိကိုယ္ကိုဂုဏ္ယူဝင့္ႂကြားစြာအသုံးျပဳထားသည္မွာ  အစ္ကိုေတာ္မ်ားကို ေလးစားခ်စ္ခင္ေသာ မင္းသားပီယံမိတ္ျဖစ္ေၾကာင္း ထပ္မံၫႊန္းဆိုေနသည္။

ကဗ်ာဆိုလိုရင္းဟာေတာ့ မိန္းကေလးသာ ကြၽန္ုပ္ကို ျပန္လည္မျမတ္ႏိုးပါက ေနာင္ေတာ္မ်ား​၏ညီျဖစ္ေသာ ကြၽန္ုပ္မွာ ေရမွ ကင္းလြတ္သည့္ ၾကာပန္းပမာ ေျခာက္ေသြ႕ႏြမ္းေခါက္ပါလိမ့္မည္။ ၾကင္လင္ၿပီး ခ်ိဳသာႏူးညံ့ေသာ အေထြးဆုံးမိန္းကေလး​၏စိတ္ထဲမယ္ ယခုျပသည့္ အခ်စ္အရိပ္အႁမြက္မ်ားကို ယုံၾကည္ေပးေစပါ။  အခ်စ္မ်ားႏွင့္ ႏႊဲၿခဳံေပ်ာ္ပိုက္ပါေစ။ ကြၽန္ုပ္ကို ျပန္၍ ခ်စ္ခင္ၾကင္နာမည္လား၊ မၾကင္နာမည္လား သိခ်င္မိသည္ စသျဖင့္ျဖစ္သည္။

အႏွစ္ခ်ဳပ္ဆိုရလွ်င္ေတာ့ မင္းသားပီယံသည္ ေရဝတီကို တန္ဖိုးထား၍ ႏွစ္သက္ေနေၾကာင္းသာ။

ဧကသူ တစ္ကိုယ္လုံးေတာင့္ခဲမိသြားသျဖင့္ စကားေျပာရန္ကိုပင္ ေမ့ေလ်ာ့သြားမိသည္။

စာကိုလည္းေကာင္း၊ ဧကသူ​၏ရင္တြင္းခံစားခ်က္မ်ားကိုလည္းေကာင္း မသိေသာေရဝတီကမူ ေဘးကေန မ်က္လုံးေလးကလယ္ကလယ္ႏွင့္ၾကည့္ေနကာ

" ဘာတဲ့လဲ"

ဟုေမးျမန္းလာသည္။

ဧကသူ သူ​၏မ်က္လုံးမ်ားပူေႏြးလာသည္ကို ခံစားလိုက္ရသည္။

" ဒါက...."

သူ ဆက္ၿပီးမဆိုႏိုင္။ စကားလုံးတို႔က သူ​၏ေျခာက္ေသြ႕ေသာလည္ေခ်ာင္းဝ၌ တစ္ဆို႔ေနခဲ့သည္။ ယခု သူခံစားရသည့္အရာဟူ၍ ဝမ္းနည္းမႈႏွင့္ စို႔နင့္မႈတို႔သာရွိသည္။

" အင္း ဘာတဲ့လဲ"

ေရဝတီက ထပ္မံေမးျမန္းသည္။

ဧကသူ ဘာလုပ္သင့္သလဲမသိေတာ့ပါေခ်။ မိမိခ်စ္ရသူကို သူ​၏ႏွစ္သက္သူႏွင့္ ေအာင္သြယ္ေတာ္လုပ္ေပးဖို႔ မိမိကိုယ္ကိုေစခိုင္းျခင္းက မိမိ​၏ႏွလုံးသားကိုသတ္သလိုသာ ရွိေတာ့မည္။

သူ​၏ပါးျပင္တို႔ ပိုမိုပူေႏြးလာသည္။ သူ ဒီေနရာ၌ ဆက္မေနခ်င္ေတာ့ေပ။ ကဗ်ာကို ဆက္လက္ျမင္ေနရျခင္းက သူ႔ကို ညႇင္းပန္းေနသလိုသာရွိသည္။

ဝမ္းနည္းမႈမ်ားက သူ​၏အသိစိတ္ကို ဗလာျပင္ျဖစ္ေအာင္ ပြတ္တိုက္စားေနသည္။ မင္းသားပီယံမိတ္ဆီမွ မည္သည့္အရာမ်ိဳးကိုမွ မေမွ်ာ္လင့္ထားခဲ့သည့္တိုင္ ယခုလိုအျဖစ္မ်ိဳးႀကဳံရေသာ္ သူ​၏ရင္တြင္းမွ အလြန္အမင္းနာက်င္ရသည္ပင္။

တစ္ဖက္သတ္အခ်စ္ေတြက သည္လိုပဲ အဆုံးသတ္သည္ထင္သည္။ အစကတည္းက သူႏွင့္မင္းသားပီယံမိတ္တို႔​​၏ျဖစ္ႏိုင္ေခ်က မရွိသေလာက္နည္းပါးခဲ့သည္ မဟုတ္ပါလား။

" ဒါ႐ု ဘာျဖစ္လို႔လဲ"

ေရဝတီ စိုးရိမ္တႀကီးေမးသည္။

ထိုအခါမွ ဧကသူ အသိစိတ္ျပန္ဝင္လာၿပီး ေရဝတီ့ဘက္ကို လွည့္ၾကည့္သည္။ အဘယ္ေၾကာင့္ ေရဝတီ ထိပ္ပ်ာေသာမ်က္ႏွာထားျဖစ္သြားရသလဲ သူ,မသိေသးပါေခ်။

" ကြၽန္ုပ္ဘာျဖစ္လို႔လဲ"

" မ်က္ရည္က်လာလို႔ေလ"

ဧကသူ သူ​၏ပါးျပင္ကို လက္ျဖင့္ ကမန္းကတန္းသုတ္လိုက္သည္။ သူ​၏ပါးတြင္ မ်က္ရည္စတို႔ စိုစြတ္ေနခဲ့သည္။

သူကိုယ္တိုင္ေတာင္မသိလိုက္ပါဘဲ မ်က္ရည္က်မိသြားသည္ထင္သည္။ ဆက္လက္ၿပီးလည္း သူ​၏မ်က္ဝန္းတို႔ ပူေႏြးကာ မ်က္ရည္ၾကည္တို႔ျဖင့္ ေဝဝါးစိုစြတ္လာသည္မို႔ ဧကသူ,ေခါင္းကိုငုံ႔လိုက္မိသည္။

" မ်က္လုံးထဲ တစ္ခုခုဝင္သြားလို႔ပါ"

" အဆင္ေျပရဲ႕လား။ ေရနဲ႔သစ္လိုက္မလား"

" ရပါတယ္"

သူ​၏မ်က္ရည္မ်ားကို ၾကာၾကာမထိန္းထားႏိုင္ေတာ့ေၾကာင္း ဧကသူသိသည္။ သို႔ပါ၍ ေရဝတီ မျမင္ေအာင္ ေခါင္းကို ခပ္လႊဲလႊဲထားလိုက္ရင္း

" ကြၽန္ုပ္ ေနလို႔မေကာင္းေတာ့လို႔ အရွင့္သမီးကို ၿမိဳ႕ထဲလိုက္မပို႔ေတာ့လို႔ ရလား။ အနားယူခ်င္လို႔ပါ"

ဟု တတ္ႏိုင္သမွ်အသံကိုထိန္း၍ေျပာသည္။ ေရဝတီက သံသယစိုးစဥ္းမရွိ၊

"ရတယ္ ရတယ္။ ေကာင္းေကာင္းအနားယူ။ ကိုယ့္ဘာသာသြားလိုက္မယ္"

ဟူ၍ အသာတၾကည္ခြင့္ျပဳေပးသည္။ တစ္ဆက္တည္းပင္

" ဘယ္ေနရာ ေနလို႔မေကာင္းလို႔လဲ။ ေဆးျဖစ္ျဖစ္ ေသာက္လိုက္ပါလား"

ဟု စိုးရိမ္ပူပန္စြာ ဆိုသည္။ ဧကသူ ေခါင္းခါလိုက္သည္။

" သ႐ိုးသရီျဖစ္လို႔ပါ။ နားလိုက္ရင္အဆင္ေျပသြားမွာပါ"

" အင္း အင္း ဂ႐ုစိုက္ေနာ္"

" ဟုတ္ကဲ့"

သဝဏ္လႊာကို ေရဝတီ့လက္ထဲသို႔ ျပန္ထည့္လိုက္ၿပီး ဧကသူ အလ်င္အျမန္ထြက္ခြာလာခဲ့သည္။

ေရဝတီ့ကိုေက်ာခိုင္းလိုက္သည္ႏွင့္ ပူေႏြးေသာမ်က္ရည္မ်ားက ဧကသူ​၏နီျမန္းေနေသာပါးျပင္အေပၚ တသြင္သြင္စီးက်လာခဲ့သည္။

*******************************

ေနာက္တစ္ေန႔တြင္ ဧကသူသည္ ပညာသင္ၾကားရန္အတြက္ မင္းသားပီယံမိတ္ႏွင့္ ေတြ႕ဆုံျဖစ္သည္။

ပီယံသည္ ဧကသူ​၏ျဖဴေဖ်ာ့ကာ ႏြမ္းနယ္ေနေသာမ်က္ႏွာကိုၾကည့္၍လည္းေကာင္း၊ မ်က္အိတ္တို႔ ေဖာင္းအိေနသည္ကို ျမင္၍လည္းေကာင္း

" ညက မအိပ္ထားဘူးလား။ မလန္းဆန္းတဲ့ပုံပဲ"

ဟု ေမးျမန္းမိသည္။ 

ထိုအခါ ဧကသူက ခပ္ယဲ့ယဲ့အၿပဳံးေလးႏွင့္ အသာေလးေခါင္းခါသည္။

" အိပ္မေပ်ာ္ခဲ့လို႔ပါ"

ထိုသို႔ဆင္ေျခေပးေသာ္လည္း ဧကသူ​၏မ်က္အိတ္ေဖာင္းေဖာင္းမ်ားက အားပါးတရ ငိုေႂကြးရာမွ က်န္ရစ္ေသာလကၡဏာမ်ားျဖစ္ေၾကာင္း ပီယံရိပ္မိသည္။

ဧကသူတြင္ ဝမ္းနည္းစရာမည္သည့္အေၾကာင္းကိစၥမ်ား ရွိပါသနည္း။ သူသိခ်င္သည္။ သိမွလည္း ဧကသူ စိတ္သက္သာရာရေအာင္ အနည္းငယ္ျဖစ္ျဖစ္ ကူညီေပးႏိုင္မည္ထင္သည္။

" အေၾကာင္းကိစၥတစ္ခုခုရွိလို႔လား"

" မဟုတ္ပါဘူး။ လက္ဖက္ေတြအစားမ်ားသြားလို႔ မ်က္စိေၾကာင္သြားတာ ထင္ပါတယ္"

ဧကသူ႔ၾကည့္ရတာ သူ႔ကိုမေျပာျပခ်င္သည့္ပုံပါပင္။ ထို႔ေၾကာင့္ ပီယံလည္း ဆက္လက္ေမးျမန္းမေနေတာ့ဘဲ သင္ၾကားေပးမည့္စာမ်ားကိုသာ ဖတ္ရႈေနလိုက္သည္။

ထိုအခိုက္တြင္ ဧကသူက မဝံ့မရဲေခၚလာသည္။

" အစ္ကိုေတာ္"

ပီယံ ေပလႊာထဲရွိစာေပလကၤာတို႔ကို ဖတ္ရႈေနရာမွ ဧကသူ႔ဆီ လွမ္းၾကည့္လိုက္သည္။ ဧကသူကေတာ့ သူ႔ကိုမၾကည့္၊ ေပ႐ြက္လႊာမ်ားကိုသာ စိုက္ၾကည့္ၿပီး ေခါင္းငုံ႔ေနသည္။

" ဧကႏၲ အရွင့္သမီး ေရဝတီ့ကို သေဘာက်ေနတာပါလား"

သူခိုးလူမိသလို ပီယံခံစားလိုက္ရသည္။ သူ ရွက္႐ြံ႕ေသာအျပဳအမူအားျဖင့္ ကိုယ့္ေခါင္းကို တစ္ခ်က္ႏွစ္ခ်က္မွ် ပြတ္သပ္လိုက္မိသည္။

" ဧက, ဘယ္လိုသိတာလဲ"

သူျပန္ေမးလိုက္ေတာ့ ဧက,​၏ႏႈတ္ခမ္းတို႔ ေဖ်ာ့ေတာ့စြာ ေကြးသေယာင္ေယာင္ျဖစ္သြားသည္ကို ေတြ႕လိုက္ရသည္။

ဧကသူ နာက်င္စြာၿပဳံးသည္။ ထို႔ေနာက္ သူတီးတိုးေရ႐ြတ္သည္။

" တကယ္သေဘာက်ေနတာပဲ"

" အဲ့ကိစၥ ေရဝတီေျပာျပတာလား"

ပီယံသိခ်င္မိသည္။ ကဗ်ာပို႔လိုက္ေသာ္လည္း ေရဝတီ့ဘက္က မည္သို႔ေသာတုံ႔ျပန္မႈမွ မရရွိသျဖင့္ ပီယံ ေတာက္ေလွ်ာက္ စိုးထိတ္ေနရျခင္းျဖစ္သည္။

အကယ္၍ ကဗ်ာအေၾကာင္းကို ေရဝတီမွ ဧကသူ႔ကို ေျပာျပလိုက္ျခင္းျဖစ္ပါမူ ဧကသူမွတစ္ဆင့္ ေရဝတီ့ဘက္က စိတ္ထားကိုလည္း ခန႔္မွန္းႏိုင္လိမ့္မည္ထင္သည္။

" အစ္ကိုေတာ္ သူ႔ကိုပို႔လိုက္တဲ့ကဗ်ာကို ကြၽန္ုပ္ဖတ္လိုက္ရပါတယ္"

ပီယံပိုၿပီး စိတ္လႈပ္ရွားလာသည္။

" ေရဝတီေရာ ဖတ္လိုက္လား"

ဧကသူ သူ​၏ရင္ဘတ္ကို မသိမသာဆြဲဆုပ္လိုက္မိသည္။
ဘယ္ဘက္ရင္အုံမွ နာက်င္ဝမ္းနည္းမႈက သူ​၏တစ္ကိုယ္လုံးကို ၿပိဳလဲေစမတတ္ဆိုးဝါးလြန္းသည္။

" သူဖတ္လိုက္ေပမဲ့ သူက ကဗ်ာသီခ်င္းဝါသနာမထုံသူမို႔ အဓိပၸါယ္လည္း မသိတဲ့ပုံပါ။ အဲ့တာနဲ႔ ကြၽန္ုပ္ကို ကဗ်ာျပၿပီး အဓိပၸါယ္ေျပာခိုင္းပါတယ္"

ပီယံသည္ မိမိေမွ်ာ္လင့္သလိုမျဖစ္လာဘဲ ေရဝတီက ကဗ်ာကို နားမလည္ဟုဆိုေသာ္ေၾကာင္း အားအတန္ငယ္ယုတ္ေလ်ာ့သြားသည္။ သို႔ေသာ္လည္း ခ်က္ခ်င္းပင္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ျပန္သန္းလာကာ

" ေျပာလိုက္လား"

ဟု အားတက္သေရာျပန္ေမးသည္။

အစ္ကိုေတာ္ပီယံ ေရဝတီ့ကို ထိုမွ်သေဘာက်ေနမွန္း မ်က္ဝါးထင္ထင္ျမင္ေတြ႕ရျခင္းက ဧကသူကို အလြန္တရရေအးစက္သည္းထန္ေသာ မိုးေရမ်ားေအာက္သို႔ ပိုပိုၿပီးေရာက္ရွိေအာင္ တြန္းပို႔ေနသလိုပါပင္။

ဧကသူ တုန္ယင္ခ်င္ေနေသာ သူ​၏လက္ေခ်ာင္းမ်ားကိုမနည္းထိန္းခ်ဳပ္လိုက္ရသည္။

" အစ္ကိုေတာ္ကိုယ္တိုင္ တိုက္႐ိုက္ေျပာတာ ပိုေကာင္းမယ္ထင္လို႔ပါ"

ဧကသူ႔အေနႏွင့္ ပီယံ့​၏စိတ္ကိုသိၿပီးျဖစ္သျဖင့္ ေရွ႕ဆက္တိုးလိမ့္မည္မဟုတ္။ သို႔ေသာ္လည္း သူ​၏ႏွလုံးသားကို အမႊန္းခံၿပီး ၾကားထဲမွ ေအာင္သြယ္ေတာ္အျဖစ္ သူ,ေနမည္မဟုတ္ေခ်။

နာက်င္ရတာမို႔၊ ဝမ္းနည္းရတာမို႔။

အစ္ကိုေတာ္ပီယံ့ေရွ႕တြင္ ဆက္ေနလွ်င္ပဲ သူ သည္းထန္စြာငိုေႂကြးလိုက္မိေတာ့မည္ထင္သည္။

သူ​၏မ်က္ႏွာ ထပ္မံၿပီးပူေႏြးလာသည္ကို သူခံစားမိသည္။ သို႔ေသာ္လည္း အစ္ကိုေတာ္ပီယံ့ေရွ႕တြင္ သူ႔ထပ္ငိုလို႔ မျဖစ္ပါ။ ေသခ်ာေပါက္ မ်က္ရည္မ်ားကိုထိန္းထားရမည္။

အစ္ကိုေတာ္ပီယံ့ကို သူ႔စိတ္ထဲမွ ဆက္လက္သေဘာက်သြားမည္ျဖစ္ေသာ္လည္း ယင္းအရာကို သူ ဘယ္ေသာအခါမွ ေဖာ္ထုတ္ေျပာဆိုမည္မဟုတ္ေတာ့ေခ်။ သူသေဘာက်ေနသည့္အေၾကာင္းကို အစ္ကိုေတာ့္ပီယံ့အား သိရွိခြင့္မေပးေတာ့ပါ။

ယင္းအရာက သူ​၏ထာဝရလွ်ိဳ႕ဝွက္ခ်က္သာျဖစ္သည္။ သူတစ္ဦးတည္းသာ သိရွိသြားၿပီး တစ္ခ်ိန္ခ်ိန္တြင္ သေဘာက်သည့္စိတ္ကို ေျမျမႇဳပ္ပစ္လိုက္မည္။ သည္လိုႏွင့္သာ ခံစားခ်က္မ်ားကို သူအဆုံးသတ္မည္။

" ေကြ႕ဝိုက္မေနဘဲ တိုက္႐ိုက္သြားေျပာလိုက္ပါ။ အစ္ကိုေတာ္က ႐ုပ္ရည္လည္းေခ်ာေမာၿပီး အရည္အခ်င္းလည္း အျပည့္ရွိတယ္။ မ်ိဳး႐ိုးကေတာ့ ေတာ္ဝင္မ်ိဳးႏြယ္။ ၾကင္လည္းၾကင္နာတတ္တယ္။ မိန္းကေလးတိုင္းလိုခ်င္တဲ့ သူမ်ိဳးမို႔လို႔ သူလက္ခံမယ္ဆိုတာ ကြၽန္ုပ္ေျပာရဲပါတယ္"

" အားေပးလို႔ ေက်းဇူးပါ ဧက"

ဧကသူ မသိမသာေခါင္းေမာ့ၾကည့္လိုက္သည္မို႔ အစ္ကိုေတာ္ပီယံၿပဳံးသည္ကို ျမင္လိုက္ရသည္။

အစ္ကိုေတာ္က ၿပဳံးလွ်င္ ပိုၿပီးၾကည္လင္႐ႊန္းတင့္ကာ ဆြဲေဆာင္မႈရွိသည္။ လူတိုင္းကို ၾကင္နာတတ္ေသာ ဒီလူသားက ကမာၻေပၚက အဖိုးတန္ဆုံးအရာမ်ားႏွင့္ တကယ္ပဲထိုက္တန္ပါသည္။

​အစ္ကိုေတာ့္ကိုေတာ့ သူ႔အလိုရွိေသာအရာမ်ားအားလုံး ရေစခ်င္သည္။ နည္းနည္းေလးေတာင္ အစ္ကိုေတာ္ စိတ္ညစ္မည္ကို မျမင္ခ်င္။ အခက္အခဲမ်ားႏွင့္လည္း မႀကဳံေတြ႕ေစခ်င္ပါ။

" နည္းနည္းေတာ့ ခက္ခဲလိမ့္မယ္ေနာ္ အစ္ကိုေတာ္"

" ဘာကလဲ"

" သူက နဂါးမို႔လို႔။ မ်ိဳးႏြယ္မတူတဲ့အရာ၊ ေနရပ္မတူတဲ့အခါ သာမန္ထက္ပိုၿပီး အခက္အခဲရွိႏိုင္ပါတယ္။ ဒါေပမဲ့ ကြၽန္ုပ္ အစ္ကိုေတာ့္ကိုယုံပါတယ္။ အစ္ကိုေတာ္က အလြန္အမင္းသစၥာရွိၿပီး တစ္ဖက္ကို ေသခ်ာခ်စ္ျမတ္ႏိုးေပးႏိုင္မယ့္လူမ်ိဳးပါ။ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္မွာပါ။ အစ္ကိုေတာ္က လူေကာင္းမို႔ အစ္ကိုေတာ့္ကိုေသခ်ာေပါက္ ေပ်ာ္႐ႊင္ေစခ်င္တယ္။ ေနာက္ထပ္ႏွစ္အမ်ားႀကီးၾကာသြားတဲ့အခါ ကိုယ့္ဇနီးနဲ႔ကိုယ့္ကေလးေတြနဲ႔ ေပ်ာ္ေနမယ့္အစ္ကိုေတာ့္ကို ျမင္ခ်င္ပါတယ္"

မွန္ေသာစကားျဖစ္သည္။

အစ္ကိုေတာ့္ကိုေငးၾကည့္႐ုံႏွင့္တင္ သူက လုံေလာက္ၿပီမို႔ အစ္ကိုေတာ့္​၏ေပ်ာ္႐ႊင္မႈကိုသာ သူလိုလားသည္။

အစ္ကိုေတာ့္အနာဂတ္တြင္ သူပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ။ အစ္ကိုေတာ္ႏွင့္သူ ႏွစ္မ်ားစြာေတြ႕ရသည္ျဖစ္ေစ၊ ခြဲခြာရသည္ျဖစ္ေစ၊ အစ္ကိုေတာ့္ကို သူအၿမဲအမွတ္ရေနလိမ့္မည္။ အမွတ္ရတိုင္းလည္း အစ္ကိုေတာ္ဟာ သူႏွင့္ထိုက္တန္ေသာေပ်ာ္႐ႊင္မႈအေပါင္း ခေညာင္းေနေၾကာင္း သတိရခ်င္မိသည္။

သို႔မွသာ အစ္ကိုေတာ့္ကို လက္လႊတ္ခဲ့သည့္ သူ႔ကိုယ္သူ အျပစ္မတင္ႏိုင္မည္ျဖစ္သည္။

တစ္ေန႔က်လွ်င္ ခြဲခြာရသည္မွာ ဓမၼတာတရားေပမို႔ အတူဆုံခိုက္တြင္ေတာ့ လွပေသာမွတ္ဉာဏ္မ်ားသာ ရွိခဲ့ေစခ်င္သည္။ အမွတ္တရမ်ားႏွင့္တင္ သူကလုံေလာက္ပါၿပီ။

" အဲ့က်ရင္ မင္းက ကေလးေတြရဲ႕ဦးရီးေတာ္လုပ္ေပါ့"

ခပ္ၿပဳံးၿပဳံးေျပာလိုက္ေသာ ပီယံ​၏စကားေၾကာင့္ ဧကသူ သိမ္ငယ္စိတ္ဝင္မိသည္။

အစ္ကိုေတာ္က သူ႔ကို နာက်င္ေစလို၍ ေျပာေသာစကားမဟုတ္မွန္းသူသိသည္။ သို႔တိုင္ သူ႔ကို ညီေတာ္တစ္ပါးဟူ၍သာ သေဘာထားမွန္း ထပ္မံသိရွိလိုက္ရသျဖင့္ သူ႔ဝမ္းနည္းမိသည္။ တစ္ဆက္တည္းပင္ သိမ္ငယ္မိသည္။ အစ္ကိုေတာ္က သူ႔ကိုဘယ္ေသာအခါမွ သေဘာက်လာလိမ့္မည္မဟုတ္ေခ်။

" တကယ္ကို အစ္ကိုေတာ္က ကေလးေတြသိုက္သိုက္ဝန္းဝန္းနဲ႔ မိသားစုကို လိုခ်င္တာပဲေနာ္"

" မျဖစ္မေနလက္ထပ္ရမယ္လို႔ စိတ္ကူးမရွိေပမဲ့ ဇနီးနဲ႔ကေလးနဲ႔ ေနခ်င္တဲ့စိတ္ဆႏၵေတာ့အၿမဲရွိပါတယ္"

" ေကာင္းတာေပါ့"

ၿပဳံး၍သာဆိုလိုက္ေသာ္လည္း မ်က္ရည္မ်ားက ဧကသူ​၏အျမင္အာ႐ုံကို ခဏေလးအတြင္းပိတ္ဖုံးလာခဲ့သည္။

သူေတြးမိသည္။ အကယ္၍ သူသာ မိန္းကေလးဆိုပါက အစ္ကိုေတာ္ပီယံ​၏ေမတၱာကိုျပန္လည္ရရွိႏိုင္ေခ် ပို၍ျမင့္မားလာမည္လား။

အစ္ကိုေတာ္ပီယံက မိန္းကေလးမ်ားကိုသာ သေဘာက်သည္။ ဇနီးသည္ႏွင့္ ကေလးမ်ားလိုခ်င္ေသာ ဆႏၵရွိသည္။

သူက အစ္ကိုေတာ္ပီယံ့​၏အိပ္မက္ႏွင့္ ေဝးကြာလြန္းလွသည္။

အစ္ကိုေတာ့္ေရွ႕တြင္ ဆက္ေနလွ်င္ ဆက္ေနလွ်င္ သူ​၏သိမ္ငယ္စိတ္မ်ားက ပိုပိုၿပီးဆိုးဝါးလာဖို႔ရန္သာရွိသည္။

ဧကသူ ထြက္ေျပးခ်င္သည္။ သူဝုန္းခနဲမတ္တပ္ထ,ရပ္လိုက္မိသည္။

" ဧက,တစ္ခုခုျဖစ္လို႔လား"

ဧက ႐ုတ္တရက္မတ္တပ္ထ,ရပ္လိုက္ေသာေၾကာင့္ အစ္ကိုေတာ္ပီယံကေမးသည္။

ဧက ေခါင္းကိုငုံ႔၍ ေခါင္းခါသည္။ ၿပိဳက်လုဆဲဆဲျဖစ္ေနေသာ မ်က္ရည္မ်ားကို အစ္ကိုေတာ္ပီယံျမင္၍ မျဖစ္ပါေခ်။

" ေတာင္းပန္ပါတယ္ အစ္ကိုေတာ္။ ကြၽန္ုပ္ကိုခြင့္ျပဳေပးပါဦး"

အစ္ကိုေတာ္ပီိယံ့ထံမွ ခြင့္ျပဳစကားမရေသးခင္မွာပင္ ဧကသူ အလ်င္အျမန္ထြက္ခြာသြားမိသည္။

သူ​၏ေျခလွမ္းတိုင္း နာက်င္ေနသည္ကိုေတာ့ သူသာအသိဆုံးျဖစ္လိမ့္မည္။

************************************

အ႐ုဏစစ္ထြက္ရမည့္ေန႔သို႔ ေရာက္ရွိလာၿပီျဖစ္သည္။

အခ်ိန္မည္မွ် ၾကာေညာင္းမည္မွန္းမသိရေသာ စစ္မထြက္ခင္အခ်ိန္ကေလးဝယ္ ယုဂန္သည္ သမီးေတာ္ေလးဣႏၵီကို ခ်ီလ်က္ စစ္ဝတ္တန္ဆာအျပည့္ႏွင့္ သူ​၏ခင္ပြန္းသည္ကို ႏႈတ္ဆက္၍ မၿပီးႏိုင္ျဖစ္ေနခဲ့သည္။

ခါတိုင္း ေမာင္စစ္ထြက္လွ်င္ ယုဂန္လိုက္ၿမဲျဖစ္​၏။ ယခုေတာ့ ကေလးကိုေစာင့္ေရွာက္ရန္အတြက္၊ ေနာက္ၿပီး ေမာင္ကလည္း သူ႔ကို အႏၲရာယ္ကင္းေသာအရပ္တြင္သာ ေနခဲ့ေစလိုသည့္အတြက္ ေမာင့္အေနာက္သို႔ ယုဂန္မလိုက္ႏိုင္ေတာ့ေပ။

အၾကာႀကီးေနမွ သူတို႔ႏွစ္ဦး ထပ္မံခြဲခြာရျခင္းျဖစ္သည္။

ယုဂန္သည္ ဣႏၵီေလးကို ခ်ီထားလ်က္ ႏူးညံ့ေသာလက္ေသးေသးေလးကို ဆုပ္ကိုင္ကာ တာ့တာျပသည့္ပမာ ေဝွ႔ယမ္းလိုက္သည္။ တစ္ခ်ိန္တည္းတြင္ပင္

" ခမည္းေတာ္ကို ႏႈတ္ဆက္လိုက္ဦး ဣႏၵီ။ တာ့တာလို႔"

ဟူ၍ ေခ်ာ့ျမႇဴေသာအသံေလးႏွင့္ဆိုသည္။

ဣႏၵီေလးက ဘာမွမသိရွိေသးသည့္တိုင္ သူ​၏ခမည္းေတာ္ကို ဝိုင္းစက္ေသာ ျမစိမ္းေရာင္မ်က္ဝန္းမ်ားႏွင့္ မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနသည္။

ဣႏၵီေလးက အစားေကာင္းေကာင္းစားသူျဖစ္သည္။ ထို႔ေၾကာင့္ တစ္ေန႔တျခား ဝဝကစ္ကစ္ေလးျဖစ္လာၿပီး ပါးႏုႏုတို႔ ေဖာင္းအိက်လ်က္ရွိသည္။ ေသးငယ္ေသာ လက္ကေလး၊ ေျခကေလးမ်ားကလည္း ေဖာင္းေဖာင္းတုတ္တုတ္။ ကိုယ္လုံးေလးကလည္း လုံးလုံးအိအိေလးျဖစ္သည္။

ထိုသို႔ လုံးလုံးေလးႏွင့္ ေက်ာက္စိမ္းပမာ အရည္လဲ့ေတာက္ပေနေသာ မ်က္ဝန္းအိမ္ႀကီးႀကီးတို႔ေပါင္းစပ္ေသာ္ ဖ်တ္ခနဲၾကည့္မိသည္ႏွင့္ ထိုမွ်ခ်စ္စဖြယ္လွပေသာ ရင္ခြင္ပိုက္ ကေလးကို မျမင္ဖူးပါတကားဟု ေရ႐ြတ္မိသည္အထိ ျဖစ္ေစႏိုင္သည္။ အထူးသျဖင့္ ဖန္အိမ္ပမာ အဆန္းတၾကည္လွေသာ အစိမ္းေရာင္မ်က္ဝန္းမ်ားက ဣႏၵီ​၏အလွပဆုံးအစိတ္အပိုင္းမ်ားျဖစ္သည္။

ထိုအစိတ္အပိုင္းေၾကာင့္ပင္ ဣႏၵီက ထူးျခားေသာ႐ုပ္ရည္ရွိသည္ဟု ထင္မွတ္ရသည္။

" လိမ္လိမ္မာမာေနခဲ့ေနာ္။ ဖဘုရားကို အမ်ားႀကီးဂ်ီမက်နဲ႔"

အ႐ုဏ ဣႏၵီ​၏ပါးေဖာင္းေဖာင္းေလးကို ငုံ႔၍နမ္းရႈိက္လိုက္သည္။ ကေလး​၏ႏုအိလြန္းေသာ အထိအေတြ႕ႏွင့္ ေမႊးပ်ေသာ ၾကာရနံ႔ေလးက ထပ္မံၿပီးနမ္းရႈိက္ခ်င္စရာေကာင္းလွသည္။  ထို႔ေၾကာင့္ အ႐ုဏ ေနာက္တစ္ႀကိမ္ထပ္နမ္းလိုက္သည္။

ၿပီးမွ ကေလးနားက ခြာလိုက္ၿပီး သူ​၏ၾကင္ရာေတာ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

" ေမာင္ ယုဂန္ဆီျပန္လာခဲ့မယ္"

ယုဂန္က သနားခ်င္စရာေကာင္းေလာက္ေအာင္ မ်က္ႏွာငယ္ေလးလုပ္ေနသည္။ ႏႈတ္ခမ္းေလးကိုပါ မဆူ႔တဆူလုပ္ၿပီး ပါးေဖာင္းထားသည္မို႔ ငခြၽဲ႐ုပ္ေလးလည္းျဖစ္ေနသည္။

" တတ္ႏိုင္သမွ် ျမန္ျမန္ျပန္လာခဲ့ေနာ္"

အ႐ုဏ ၿပဳံး၍ ေခါင္းညိတ္လိုက္ကာ သူ႔ၾကင္ရာေတာ္​၏ႏႈတ္ခမ္းဖူးဖူးေလးကို ႏွစ္သက္မက္ေမာစြာ နမ္းရႈိက္လိုက္သည္။

မည္သည့္အခ်ိန္တြင္မွ ထိုအနမ္းကို ျပန္လည္ရရွိမည္မွန္းမသိသည္မို႔ သူတို႔ႏွစ္ဦး ပို၍ၾကာၾကာရွည္ရွည္နမ္းရႈိက္မိၾကသည္။ အသက္ရွဴရန္လိုအပ္လာမွသာ ႏႈတ္ခမ္းတို႔ကိုျပန္လည္ခြဲခြာလိုက္သည္။ ဒါေတာင္ ယုဂန္က ႁပြတ္ခနဲ တစ္ခ်က္ ဖိကပ္နမ္းလိုက္ေသးသည္။

" အၾကာႀကီးခြဲရမွာ။ လြမ္းေနရေတာ့မွာပဲ"

" ဒီတစ္ေခါက္ေတာ့ အရင္စစ္ထြက္တာေတြနဲ႔ မတူဘူး။ ယုဂန္နဲ႔အတူ သမီးေတာ္ေလးလည္း အေဖာ္ျပဳေပးဖို႔ရွိေနၿပီေလ"

" ဒါေပမဲ့လည္း ေမာင္နဲ႔မခြဲရတာ ၾကာၿပီကို"

ငိုမဲ့မဲ့ဖစ္ေနေသာ ယုဂန္​၏နဖူးေလးကို အ႐ုဏနမ္းလိုက္သည္။  ဒီငခြၽဲေလး​၏ အေငြ႕အသက္မ်ားကို သူတတ္ႏိုင္သမွ်မ်ားမ်ား သယ္ေဆာင္သြားရမည္။

" ခ်စ္တယ္"

" ကြၽန္ေတာ္လည္း အမ်ားႀကီးခ်စ္တယ္"

သူတို႔ႏွစ္ဦး အၾကည့္ခ်င္းဆုံမိခ်ိန္တြင္ ဘာရယ္မဟုတ္ဘဲ ၿပိဳင္တူၿပဳံးလိုက္မိၾကသည္။

"ေမာင္ ဂ႐ုစိုက္ရမယ္ေနာ္။ ထိခိုက္ဒဏ္ရာ ပိစိေလးေတာင္ မရေစနဲ႔ေနာ္။ အိပ္ေရးေတြလည္းအပ်က္မခံနဲ႔။ ကြၽန္ေတာ္နဲ႔ သမ္ီးေလးကိုလည္း လြမ္းရမယ္ေနာ္။ အထူးသျဖင့္ ကြၽန္ေတာ့္ကို လြမ္းမွရမယ္။ စာလည္းပို႔ေနာ္ ၾကားလား"

တရစပ္မွာၾကားေနေသာ ယုဂန္ကိုၾကည့္ရင္း အ႐ုဏ ႏွစ္ၿခိဳက္စြာၿပဳံးမိသည္။ သူ ယုဂန္​၏ဆံႏြယ္ေလးကို အသာအယာပြတ္သပ္လိုက္ကာ

" ဟုတ္ပါၿပီ။ အခုေတာ့ ေမာင္သြားရေတာ့မယ္"

ဟု ႏူးညံ့စြာဆိုသည္။ ယုဂန္ မ်က္ႏွာေလးျပန္ငယ္သြားၿပီး မလုပ္ခ်င္လုပ္ခ်င္ျဖင့္ လက္ျပသည္။

" တာ့တာ"

လက္ျပေနေသာ လက္ကေလးကို အ႐ုဏဆြဲယူလိုက္ၿပီး တစ္ခ်က္နမ္းသည္။ ထို႔ေနာက္ မလႊတ္ခ်င္ လႊတ္ခ်င္ျဖင့္ ထိုလက္ကေလးကို လႊတ္လိုက္ရၿပီး ယုဂန္ႏွင့္သမီးေတာ္ေလးကို ေက်ာခိုင္းကာ တာဝန္ရွိရာဆီ ေျခလွမ္းရေတာ့သည္။

သို႔ရာတြင္ ေျခသုံးလွမ္းမွ် လွမ္းၿပီးသည့္ေနာက္ အ႐ုဏ ေနာက္ျပန္လွည့္လာၿပီး ယုဂန္အနားသို႔ ျပန္ေျပးလာကာ မခြဲႏိုင္မခြာရက္ နမ္းရႈပ္လိုက္မိသည္။

" အားလုံးၿပီးဆုံးေတာ့မွာပါ။ ဒီကိစၥေတြၿပီးသြားရင္ ေမာင္ရယ္ မင္းရယ္ သမီးေတာ္ေလးရယ္ ေအးေအးခ်မ္းခ်မ္းနဲ႔အတူေနရမယ့္ေန႔ရက္ေတြ ေရာက္လာမွာပါ"

" ကြၽန္ေတာ္ ေမာင့္ကိုယုံတယ္"

အ႐ုဏ သူ​၏ခ်စ္ရပါေသာ ၾကင္ရာေတာ္ေလး​၏ ပါးျပင္ကို အုပ္ကိုင္ရင္း ၾကင္ရာေတာ္​၏လွပေသာ မ်က္ႏွာကေလးကို ခ်စ္ခင္ျမတ္ႏိုးစြာ ေငးၾကည့္မိသည္။

ဒီေကာင္ေလးနားကို ေစာေစာျပန္လာႏိုင္ရန္အတြက္ ဥတၱရ​ႏိုင္ငံ၏ထီးနန္းကို သူ,အျမန္ဆုံးရေအာင္ သိမ္းပိုက္မွရမည္။

*********************************
A/N

ပီယံမိတ္ စပ္ဆိုတဲ့ကဗ်ာက " ဧကပိုဒ္ရတု" ကဗ်ာအမ်ိဳးအစားျဖစ္ပါတယ္။ ကဗ်ာမွာပါတဲ့ စကားလုံးေ႐ြးခ်ယ္မႈကေတာ့ ရတုစာဆိုေတာ္မ်ားျဖစ္တဲ့ နတ္ရွင္ေနာင္နဲ႔ နဝေဒးကို အနည္းအက်ဥ္း အမွီဟသဟဲျပဳခဲ့ရပါတယ္။

ကြၽန္မလည္း ပထမဆုံးကဗ်ာေရးစပ္ဖူးတာ ျဖစ္တဲ့အတြက္၊ ျမန္မာစာေက်ာင္းသားလည္းမဟုတ္တဲ့အတြက္ အမ်ားႀကီးႀကိဳးစားၿပီး ေရးစပ္ခဲ့ရပါတယ္။ အမွားမ်ားပါသြားခဲ့ရင္ နားလည္ေပးၾကပါရွင္။

4.1.2023
( Wednesday)

Continue Reading

You'll Also Like

56.5K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
19.5K 1.6K 5
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) 'ရှားရှားပါးပါး'ကို အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါ။ ရည်းစားရှုပ်တဲ့ 'ဝသန်'နဲ့ လူရိုးလူအေး 'အေးချမ်း'ရဲ့အလွဲလေးတွေအကြောင်းပေါ့...
1.3M 95.9K 38
MyanmarxOC 1.5.2023 _ 30.6.2023
982K 115K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...