The Everlasting One (volume 2...

By _pannthoon_

769K 75.7K 17.5K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 118

10.1K 1K 321
By _pannthoon_

Unicode

ရာဓဇတိုင်းနှင့်တွေ့ဆုံခြင်း

_________________________

ဒေါက်၊ ဒေါက်

တံခါးကို လက်ဆစ်ဖြင့် နှစ်ချက်ဆင့်၍ ခေါက်လိုက်ပြီးနောက် ရှေ့ဆက်မည်သို့ခေါ်ဝေါ်ရမည်ကို ပီယံမိတ်, စဉ်းစားယူလိုက်ရသည်။

ရေဝတီဟုခေါ်ဝေါ်ခြင်းသည် ရိုင်းသည်ဟုမဆိုနိုင်။ သို့ရာတွင် သူမ​၏သရုပ်မှန်ကိုသိပြီးဖြစ်သဖြင့် မိမိထက်ဂုဏ်နိမ့်သူနှယ် အမည်ကိုခေါ်ဝေါ်ခြင်းမှာ မသင့်တော်ကြောင်း ပီယံမိတ် ဆင်ခြင်မိသည်။ ထို့ကြောင့်

" အရှင့်သမီး အိပ်ရာကနိုးပါပြီလား"

ဟု ယဉ်ကျေးရိုသေစွာ အခေါ်တော်ရှိလိုက်​၏။

ထိုအခါ အရင်ဦးဆုံး အခန်းထဲမှ ဒုန်းဒုန်းဒိုင်းဒိုင်းအသံကြားလိုက်ရသည်။ နောက် အပြေးအလွှားလာသံ။ နောက်ဆုံးမှ အခန်းတံခါးပွင့်သွားသည်နှင့်အတူ ရေဝတီ​၏မျက်နှာထွက်ပေါ်လာသည်။

" နိုးပြီ"

ရေဝတီသည် မနေ့ကအတိုင်း ငါးရိုးကျစ်ဆံမြီးကို ပင်လယ်ပြာရောင်ကြိုးများနှင့် သွယ်ယှက်စည်းနှောင်ထားသည်။ သူမ​၏ ထူးခြားစွာလှပသောမျက်ဝန်းများမှာ အိပ်ရေးဝ၍ထင့်၊ ကြည်လင်ရွှန်းလဲ့နေသည်။ မျက်ဆန်တို့ကတော့ ပတ္တမြားရောင်နှယ် နီတီတီဖြစ်နေ​၏။ နဂါးအသွင်မှ လူအသွင်သို့ပြန်လည်ပြောင်းထားသည်မှာ မကြာသေးသဖြင့် မျက်ဆန်တို့ အနီရောင်ကျန်ရစ်နေခြင်းဖြစ်နိုင်သည်။ ထိုသို့တွေးတောနေခိုက်မှာပင် ရေဝတီ​​၏မျက်ဆန်မှာ အနီရောင်မှ ပကတိအညိုရင့်ရောင်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်သည်။

" အခု မင်းသားအရုဏနဲ့အမတ်ယုဂန်ဆီ သွားပြီး အကြောင်းစုံရှင်းပြရတော့မှာလား"

ရေဝတီက မေးသည်။ သူမ​၏လေယူလေသိမ်းမှာ အလွန်တရာပေါ့ပေါ့ပါးပါးရှိလှလေရော ပီယံသည်လည်း သူမကို တရိုတသေမပြောနေတော့ဘဲ သူငယ်ချင်းသဖွယ်ပြောရကောင်းလားဟု ဒွိဟဖြစ်မိသည်။

" အစကတော့ အဲ့သလိုအစီအစဉ်ပေမဲ့ အခုလုပ်လို့မရတော့ဘူး။ အစ်ကိုတော်နဲ့ အစ်ကိုယုဂန် မရှိတော့ဘူး"

ရေဝတီ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ သူမသည် ခဏတာစဉ်းစားနေပြီးမှ

" သူတို့ကို တခြားတစ်ယောက်ကပြန်ပေးဆွဲသွားလို့လား"

ဟု တအံ့တဩအမေးရှိလာသည်။ ပီယံသည် ရေဝတီ​၏ ရိုးရှင်းကာ တဲ့တိုးဆန်လှသောအတွေးအပေါ် ငိုရမလား၊ ရယ်ရမလားတောင် မသိတော့ပါချေ။

" မဟုတ်ပါဘူး။ အစ်ကိုယုဂန်ရဲ့အစေခံစောရံပြောတာတော့ မနေ့ညက သူတို့အကြီးအကျယ်ရန်ဖြစ်ပြီး အစ်ကိုယုဂန်က စိတ်ဆိုးသွားတယ်တဲ့။ မနက်ကျ အစ်ကိုယုဂန်က စိတ်ဆိုးပြီး တမာပင်မြို့ပြန်မယ်ဆိုပြီး အတင်းကာရော တောထဲထွက်သွားတယ်တဲ့။ အဲ့တာနဲ့ အစ်ကိုတော်အရုဏက အစ်ကိုယုဂန်ကိုချော့မော့ဖို့ အနောက်ကလိုက်သွားတယ်ပြောပါတယ်"

" မထင်ရဘူးနော်။ သင့်အစ်ကိုတော်က သူ့ကြင်ယာတော်ကို ကြောက်ရတာပဲ"

ပီယံ ထိုစကားကို ထောက်ခံစိတ်သေးသေးလေးဖြစ်မိသော်လည်း ကြောက်ရသည်ဟူသော စကားအသုံးအနှုန်းကိုတော့ လက်မခံနိုင်ပါချေ။ အစ်ကိုတော်အရုဏလို ခွန်အားအရာပြည့်စုံသူက သူ့ထက်အားနည်းသည့် အစ်ကိုယုဂန်ကို ကြောက်ရသည်ဆိုသည်မှာ မဆီလျော်လှသော အသုံးအနှုန်းဖြစ်သည်။

ဒါ ကြောက်တာမဟုတ်ဘဲ ချစ်လို့ အလျှော့ပေးထားခြင်း မဟုတ်ပါလား။ ပီယံနှင့် အစ်ကိုတော်အရုဏသည် အကျင့်စရိုက်ခြင်း၊ ဝါသနာခြင်း ကွာခြားသည့်တိုင် ချစ်ရေးလျစ်ရာတွင်တော့ အစ်ကိုတော်အရုဏမှာ ပီယံ့​၏စံပြလူသားဖြစ်သည်။  ပီယံသည်လည်း ချစ်ရမည့်လူတွေ့ပါက အစ်ကိုတော်အရုဏနှယ် ကိုယ့်ဘက်ကသာအစွမ်းကုန်ချစ်ပေးပြီး အလျှော့ပေးချင်သည်။ ဒါကို ကြောက်တယ်ပြောတာကတော့ တကယ့်ကို လက်သင့်မခံနိုင်စရာကိစ္စရပ်ပါပင်။

" ကြောက်လို့မဟုတ်ဘဲ ချစ်မြတ်နိုးတာပါ။ အစ်ကိုတော်အရုဏက အစ်ကိုယုဂန်ကို ဘယ်လောက်ချစ်မြတ်နိုးသလဲဆိုတာ ကျွန်ုပ်အသိဆုံးပဲ"

သည်းမခံနိုင်ဘဲ ထိုသို့လွှတ်ခနဲပြောလိုက်မိသောအခါ ရေဝတီက ပြူးကြောင်ကြောင်ရုပ်ကလေးပြုကာ

" အင်းပါ။ ကျွန်ုပ်ကလည်း ဒီအတိုင်းပြောလိုက်တာပါ"

ဟုတီးတိုးဆိုသည်။ သူမက ပီယံစိတ်ဆိုးသွားသည်ဟု ထင်မှတ်သွားပုံရသည်။

" ဘာပဲဖြစ်ဖြစ် သူတို့ပြန်ရောက်တဲ့အချိန်ကိုစောင့်ကြတာပေ့ါ"

" ဒါဆိုရင် ကျွန်ုပ်က သင့်အခန်းမှာပဲနေရမှာလား"

ရေဝတီ အထိတ်တလန့်မေးသည်။

အသုံးအဆောင်ပစ္စည်းအစုံအလင်နှင့် စည်းစိမ်ရှိလှသော ဤအဆောင်အတွင်း ရေဝတီအဘယ့်ကြောင့် မနေချင်ရသလဲ ပီယံ,မစဉ်းစားတတ်တော့ပါချေ။ ဧကန္တ သူပါရှိနေမည်ထင်သဖြင့် စိတ်ကျဉ်းကျပ်လို့ပေလား။

" စိတ်မပူပါနဲ့။ ကျွန်ုပ်က ခဏနေရင်အဆောင်ကနေထွက်မှာမို့လို့ သင်တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ရပါတယ်"

" အဲ့တာပြောချင်တာမဟုတ်ဘူး။ ဒီနားဟိုနား လျှောက်သွားလို့ မရဘူးလားလို့"

ပီယံ မျက်မှောင်ကုတ်ကြည့်သောအခါ သူမက တိုးလျှိုးတောင်းဆိုသည့်နှယ် အသံကိုပိုတိုးလိုက်ကာ

" အခုမှ လူ့ပြည်ရောက်ဖူးတာ လျှောက်ပတ်ကြည့်ရမှာပေါ့"

ဟု မပွင့်တပွင့်ဆိုသည်။ အပြင်ထွက်ချင်သော သူမစိတ်ကို ပီယံနားလည်ပါသည်။ သို့သော် သူမပျောက်သွားမည်ကိုလည်းစိုးရိမ်​ရ၏။ အူတူတူပုံလုပ်နေသော ရေဝတီတစ်ယောက် ထွက်ပြေးကာ အစ်ကိုယုဂန်ကို မရမကရှာပြီး ပြန်ပေးဆွဲသည်မျိုးလည်း ဖြစ်နိုင်သေးသည်။ ထို့ကြောင့်

" အဆောင်မှာပဲနေတာ ပိုကောင်းပါလိမ့်မယ်"

ဟုပြောလိုက်ရာ ရေဝတီမှုန်ကုပ်ကုပ်ဖြစ်သွားကို မြင်လိုက်ရသည်။

" စားချင်တာရှိရင်၊ လိုအပ်တာရှိရင် ရံရွေတော်တွေကို ပြောလိုက်ပါ။ ကျွန်ုပ်သွားလိုက်ပါဦးမယ်"

ပီယံ ထိုမျှပြောကာ စက်ရာဆောင်ခန်းဝမှထွက်လာပြီး ပန်းချီဆွဲရန် ဆေးနှင့်ပိတ်အချို့ကိုယူလိုက်သည်။ ထို့နောက် အဆောင်တော်မှ ထွက်ခွာလာခဲ့​၏။

တကယ်တမ်း ပီယံ့တွင် မနက်ပိုင်းလုပ်စရာကိစ္စဟူ၍ ရှိမနေပါချေ။ အဆောင်တော်တွင် သူဆက်နေပါက ရေဝတီ့အတွက် စိတ်ကျဉ်းကျပ်စရာ လွတ်လွတ်လပ်လပ်မဖြစ်မည်ကို စိုး၍သာ လုပ်စရာရှာကြံယူပြီး အပြင်သို့ထွက်လာခဲ့ခြင်းဖြစ်သည်။

အခုအချိန်တွင် နေရောင်ကလေးကလည်း နွေးနွေးထွေးထွေးရှိသည်၊ တိတ်ဆိတ်ငြိမ်သက်မှုကလည်း တည်တည်မြဲမြဲဖြစ်​၏။ ထို့ကြောင့် ပန်းချီဆွဲရန် အချိန်အခါကောင်းဟု ယူဆကာ ပီယံသည် ပန်းချီရေးဆွဲရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ သူသည် လူသူစစ်သည်ကင်းဝေးသော တောစပ်နားသို့ လာခဲ့ပြီး ထိုတွင် ပိတ်ကားကို နေရာချကာ၊ ပန်းချီဆေးများကိုလည်း ပြင်ဆင်လိုက်သည်။

ယခုလသည် တော်သလင်းလဖြစ်ပြီး ၎င်း​၏အချိန်အခါအတိုင်း မိုးမကျ၊ ဆောင်းမရောက်ကာလလည်းဖြစ်ပေသည်။ ထို့ကြောင့် မိုးလည်းသိပ်မရွာ၊ သို့သော် ရာသီဥတုကလည်း မအေးဘဲ နေမင်းကခြစ်ခြစ်တောက်ပူပြင်းလေသည်။

"တော်သလင်းနေ ပုစွန်သေ"တဲ့။ ခြောက်သွေ့သဖြင့် ပုစွန်တောင်သေနိုင်သော အပူချိန်ပေကား။ 

အခုတော့ မနက်ခင်းဖြစ်သဖြင့် သိပ်မသိသာ။ နေ့လယ်ဆိုလျှင်တော့ ချွေးဒီးဒီးကျအောင် နေပူပေဦးမည်။ ထို့ကြောင့် အခုကတည်းက သစ်ပင်ရိပ်အောက်မှာ နေရာယူထားမှ တော်ကာကျလိမ့်မည်။

အတွေးနှင့်အတူ ပီယံသည် ကုက္ကိုလ်ပင်ကြီးတစ်ပင်အောက်တွင် နေရာယူလိုက်သည်။ အဆိုပါ ကုက္ကိုလ်ပင်ကြီး​၏အရှေ့တွင် ဗာဒံပင်ရှိရာ ရော်ရွက်ဝါ၊ ရော်ရွက်နီများ တဖြုတ်ဖြုတ်ကြွေကျနေသည်ကို တွေ့ရသည်။ ထို့အပြင် အရိပ်ခိုလှုံရာ ကုက္ကိုလ်ဟာလည်း လေအဝှေ့တွင် အရွက်များ ဝေ့ကာဝိုက်ကာ တလွင့်လွင့်ကြွေလွင့်နေသေး​သည်။ ထို့နောက်တွင်တော့ စိမ်းစိုစိမ်းလန်းစိမ်းမြဲအတိုင်းဖြစ်သော တောအုပ်မြိုင်မြိုင်၊ တောပန်းဆိုင်ဆိုင်။

လေနုနုက ပီယံ့​၏နောက်ကျောဘက်မှနေ၍ အပြေးကလေး တိုးဝှေ့သွားကြသည်။ ထိုအချိန်ကလေးအတွင်း စိတ်အစုံကို လေနှင့်အတူ လွတ်လပ်ခွင့်ပေးလိုက်သောအခါ အနုပညာရှင်​၏အိပ်မက်သဖွယ် အတွေးငွေ့လွှာက အမြင်အာရုံတွင် ဖြတ်ခနဲပေါ်ပေါက်လာသည်။

လူ့ပြည်ရောက်တုန်း ကြွေလွင့်လာသည့် သစ်ရွက်တို့နှင့် ဆော့ကစားနေသော နဂါးတစ်ကောင်....

သို့မဟုတ် လူယောင်ဖန်ဆင်းထားသည့် နဂါးအမျိုးသမီးဟူ၍ ဆွဲလျှင်ပိုကောင်းမည်လား။

ရိုးရာရေးဆွဲနည်းအရ ကနုတ်၊ နရီ၊ ကပီ၊ ဂဇာ ဟူ၍ ရေးဆွဲနည်းလေးနည်း ရှိသည်။

ကြာနွယ်၊ ကြာရွက်၊ ကြာပွင့်၊ ကြာခိုင် သောင်းပြောင်းသွယ်ယှက်ဟန် ကနုတ်ကို ပန်းချီကား​၏ထောင့်ချိုးနှင့် ဘေးဘောင်တွင် ခပ်စိတ်စိတ်ထည့်လိုက်မည်ဟု တွေးသည်။

ဆင်၊ မိကျောင်းကဲ့သို့ တိရိစ္ဆာန်အကောင်ကြီးများ မပါသည့်အတွက် ဂဇာကိုမလို။

သို့သော် ဒွိဟဖြစ်စရာက ကျေးငှက်တိရိစ္ဆာန်ရေးဆွဲသော ကပီကို သုံးရမည်လား၊ အမျိုးသမီး၊ နတ်၊ ဗြဟ္မာဆွဲသော နရီကို သုံးသင့်သည်လား ဆိုတာပင်။

နဂါးဆိုလျှင်တော့ ကပီ၊ ရေဝတီဆိုလျှင်တော့ နရီ။

တော်တော်ကြာကြာဒွိဟဖြစ်ပြီးသည့်နောက် နရီသာသုံးမည်ဟုတွေးတောလိုက်သည်။ နတ်နဂါး​၏ တကယ့်ပုံစံအသွင်ကို သူမှအပြင်မှာ မမြင်ဖူးသေးဘဲ မဟုတ်ပါလား။

လူယောင်ဖန်ဆင်းထားသည့် နဂါးမှန်းသိအောင်လို့တော့ ပြဇာတ်တွင်သုံးသည့် နဂါးခေါင်းဆောင်းဝတ်ပေးလိုက်ဦးမည်။ အပြင်ဘက်ရှိ နဂါးအစစ်များကတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြစရာမလိုသည့်အတွက် ပြဇာတ်သုံးဝတ်ရုံများ မဝတ်ဆင်ကြပါ။ သို့သော်လည်း ပန်းချီတွင်တော့ အမောက်ထောင်ရအောင် ဝတ်ဆင်ပေးမှရမည်။

ပုံအတွက် စိတ်ကူးရရှိပြီးနောက် အတွေးနှင့်မပြီး၊ တတ်ကျွမ်းသောပညာနှင့်ပါ ပုံဖော်ရမည်မို့ ပီယံသည် ပိတ်ကားထက်၌ အတွေးပုံရိပ်တို့ကို ချဆွဲပုံဖော်လေ​သည်။

လက်ကလေးက ကျင့်သားရလာသောအခါ၊ ပုံဆွဲရတာ လွတ်လပ်ပေါ့ပါးလာသောအခါ ကြွေလွင့်နေသည့် သစ်ရွက်များကိုကြည့်ရင်း တေးသီချင်းကို ဆိုညည်းချင်လာသည်။

ပီယံ့အတွက် လုပ်ဆောင်ရမည့်အရာကို နှလုံးသားက အရင်ဆုံးဖြတ်ချက်ပေးသည်မို့ ပီယံသည် နှုတ်မှထွက်ရာ တေးတစ်ပုဒ်ကို အမှုမဲ့သီကြူးလိုက်မိသည်။ ဤနေရာ၌ လူသူကင်းမဲ့သည်မို့ အပျင်းပြေ သီချင်းညည်းသည်ဖြစ်သော်လည်း သူဟာ ခပ်ကျယ်ကျယ်နှင့် အသံအနိမ့်အမြင့်ကို သေသေချာချာ သီဆိုလိုက်သည်။

" သာဆန်းငယ်တဲ့ ရဂုံဘွေ၊ ညှင်းပြေပြေ၊ လေပြည်လောင်း၊ ညှာခြေစိမ်းရင့်မောင်း၊ ညောင်ရွက်ကယ်တည့်၊ကြွေလေဟန်"

( သစ်ရွက်ကြွေတဲ့အကြောင်းရေးထားတဲ့ "သာဆန်းငယ်တဲ့ရဂုံဘွေ" ကို ကုန်းဘောင်ခေတ်အလယ်ပိုင်း(အမရပူရခေတ်)မှာ မြဝတီမင်းကြီးဦးစရေးသားခဲ့ပါတယ်။

TEO က own universe ဖြစ်ပေမဲ့ သီချင်းစာသားထည့်ရေးရတဲ့အခါ တေးဂီတဉာဏ်မရှိတဲ့ကျွန်မ တစ်ကြောင်းနှစ်ကြောင်းစပ်ဖို့တောင် ခဲယဉ်းပါတယ်။ ဒါ့ကြောင့် ရှိပြီးသား နာမည်ကြီးသီချင်းကိုပဲ ယူသုံးလိုက်ပါတယ်။ ဒါပေမဲ့ own universe မို့ စာပိုဒ်ထဲမှာ မြဝတီမင်းကြီးဦးစကို mention လိုက်ရင် ဝတ္ထုရဲ့ယုတ္တိရှိမှု ပျက်ယွင်းသွားပါလိမ့်မယ်။ ဒါကြောင့် မြဝတီမင်းကြီးဦးစကို mention မလုပ်ဘဲ A/N မှာပဲ သက်သက်ဖော်ပြလိုက်ရတာကို နားလည်ပေးစေလိုပါတယ်)

နှုတ်ကလည်းဆို၊ လက်ကလည်း ရေးဆွဲ​၏။ ပန်းချီဆွဲသည့်ဘက်ပါ စိတ်ထည့်ထားရသည်မို့ သီချင်းစာသားကို ဆက်မတွေးနိုင်ဘဲ ခေတ္တရပ်မိသည့်အခါလည်းရှိသည်။ နောက်မှ ဆွဲဆွဲငင်ငင်နှင့်ဆက်ဆိုသည်။

" မြညှာရွှေရည်လျှံ၊ သင်းကျံကျံလေတည့်၊ ဝင်းတဲ့..."

လက်ကိုတွ့န်လိုက်မိသဖြင့် ဆေးအချို့ဘေးဘီကို ထွက်ကုန်သည်။ ထို့ကြောင့် ဆေးမခြောက်ခင် ပေကျံသွားသောဆေးကို လက်ကိုင်ပဝါဖြင့် ဂရုတစိုက်သုတ်လိုက်​၏။ ထိုအခါ သီချင်းဆိုရန် မေ့လျော့သွားပြီး အသံပြတ်သွားသည်ဖြစ်ရာ ပန်းချီဆေးကိုသုတ်ပြီးကာမှ ပြန်ဆိုရန် နှုတ်ခမ်းနှစ်လွှာအသာဟလိုက်သည်။

သို့သော် မိမိမညည်းညူရသေးခင်မှာပင် အနောက်ဘက်မှ သီချင်းဆိုသံသဲ့သဲ့ထွက်ပေါ်လာသည်။

" ဝင်းတဲ့ ဝင်းလျှံလျှံ...."

နုပျိုဟန်အသွင် ပြည့်လျှံလှသော ယောက်ျားလေးတစ်ဦး​၏အသံကြောင့် ပီယံ ဆွဲလက်စစုတ်တံကိုချကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုတွင် သူ​၏အနောက်တည့်တည့်၌ ရပ်နေသော ငယ်ရွယ်မည်ထင်ရသည့် ကောင်လေးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုကောင်လေးသည် သျှောင်ကိုတစ်စောင်းထုံးကာ ဆံဆံမြိတ်တိုတိုချထား​၏။ အသားဟာ ဖြူဝင်းလွန်းလှပြီး ဝိုင်းစက်တောက်ပသောမျက်ဝန်းနှင့် မျက်အိတ်ဖောင်းဖောင်းအိအိတို့ကိုပိုင်ဆိုင်ထားသည်။ မျက်အိတ်ကြောင့်ပင် သူ​၏မျက်လုံးမှာ ပိုမိုချစ်ဖို့ကောင်းသောအသွင်သို့သွားကာ စုတုတုနှင့် နီနီရဲရဲဖြစ်သော နှုတ်ခမ်းဖူးဖူးလေးတစ်စုံကြောင့် မိန်းကလေးဆန်ဆန်ချစ်ဖို့ကောင်းသည့်ဘက်သို့ သွားလေသည်။ ထိုကောင်လေး​၏ အများနှင့်မတူသော ထူးခြားချက်ဟု ဆိုရလျှင်တော့ ထင်ရှားသည့် ပါးဖောင်းဖောင်းကလေးနှစ်ဖက်ပင်ဖြစ်​ရမည်။

ထိုကောင်ကလေးသည် ပါးဖောင်းရလေကာ ကြည့်လိုက်ရုံနှင့် အနှီဖောင်းအိအိပါးကို အလျင်သတိထားမိလိုက်မည်ဖြစ်ပြီး ထိုပါးကြောင့်ပင် ထိုကောင်လေးမှာ ရှဉ့်ပေါက်သဖွယ် လုံးလုံးအိအိဖြစ်နေသည်။

ထိုကောင်လေးသည် ပီယံလှည့်ကြည့်လာသည်ကိုမြင်သော် ချက်ချင်းပင် မြေကြီးပေါ်ဒူးထောက်ချလိုက်ကာ

"ဥတ္တရနိုင်ငံရဲ့ အရှင့်သားကို ဂါဝရပြုပါတယ်"

ဟု ထပ်ဆင့်ပြီးဂါရဝပြုသောအားဖြင့် ခေါင်းငုံ့၍ ဆိုသည်။

ပီယံသည် ကောင်လေး​၏အဖိုးတန်အဝတ်အစားများကြောင့် သာမန်လူတစ်ဦးမဟုတ်မှန်း ရိပ်မှန်းမိလေရာ

" အသင်ကဘယ်သူပါလဲ"

ဟု အမေးမြန်းရှိလိုက်သည်။

ထိုအခါ ကောင်လေးသည် မြေကြီးပေါ်ဒူးထောက်ရာမှ ကပျာကယာပြန်ထ,လာပြီး ပီယံမိတ်အနားသို့ ခြေလှမ်းပိုတိုးလျှောက်လာသည်။ ပြီးမှ သူ့ကိုယ်သူမိတ်ဆက်သည်။

" ကျွန်ုပ်က ရာဓဇတိုင်းရဲ့ အငယ်ဆုံးမင်းသား ဧကသူ ဖြစ်ပါတယ် အရှင့်သား"

ပီယံသည် မမျှော်လင့်ထားသောအရာကို ကြားလိုက်ရသဖြင့် အလွန်အမင်းအံ့အားသင့်သွား​၏။ ပထမဆုံး ရာဓဇတိုင်းမင်းသား ဒီကိုရောက်ရှိနေသဖြင့် အံ့ဩရခြင်းဖြစ်ပြီး ဒုတိယမှာ ဒီလိုရုပ်ကလေးက ဧကသူဖြစ်နေသောကြောင့်ပင်။

ရာဓဇတိုင်း​၏တတိယမြောက်မင်းသား မင်းသိဒ္ဓာတ်​၏နောက်သို့လိုက်ကာ အစ်ကိုတော်ကြီးဖြစ်သည့် ရာဓဇဘုရင်ရှင်စိတ္တအား အတူတကွပုန်ကန်သော စတုတ္တမြောက်မင်းသားဧကသူဟု ကြားစဉ်အခါက ဧကသူကို ဒီထက်ပိုပြီး ကြမ်းကြမ်းတမ်းတမ်းနှင့် အကောင်ကြီးကြီးဖြစ်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။

အခုတော့ ခန္ဓာကိုယ်က လုံးလုံးသေးသေး၊ ပါးဖောင်းဖောင်းနှင့်ရှဉ့်ပေါက်လိုလို ကောင်လေးတစ်ဦးသာ။

အင်းပေါ့လေ။ မင်းသားဧကသူက အသက်အရွယ်ငယ်သေးသည်ဟု ကြားဖူးသည်မဟုတ်ပါလား။ အလွန်ဆုံးရှိမှ အသက် ၁၇၊ ၁၈ပင်။

ဒီကလေးက ဘယ်လိုလုပ်ပြီးများ ဥတ္တရနိုင်ငံထဲရောက်နေသလဲ ဆိုတာကတော့ စဉ်းစားချင်စရာ။

ပြီးတော့ တစ်ကိုယ်တည်းရောက်ရှိနေခြင်းပေလား။

အတွေးနှင့်အတူ ပီယံသည် မင်းသားဧကသူ​၏ကိုယ်ရံတော်များ အနား၌ရှိနေသလားဟု လှည့်ပတ်ရှာကြည့်မိသည်။ ထိုအခါမှ ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်ပေါ်၌လည်းကောင်း၊ အဝေးတစ်နေရာရှိ ကျောက်တုံးနောက်ကွယ်၌လည်းကောင်း၊ တခြားသောသစ်ပင်ကြီးတစ်ပင်ပေါ်တွင်လည်းကောင်း ပုန်းကွယ်နေသော ကိုယ်ရံတော်များကို တွေ့လိုက်ရသည်။

ထင်သည့်အတိုင်း မင်းသားမင်းသိဒ္ဓာတ်က သူ​၏ နုနုနယ်နယ်အသွင်ရှိလှသော ဖောင်းဖောင်းလုံးလုံးညီတော်ကို သူများနိုင်ငံအတွင်း တစ်ကိုယ်တည်းမစေလွှတ်ခဲ့ပါချေ။ ကိစ္စရှိ၍သာ သူ​၏ညီတော်ကို ဤသို့စေလွှတ်ခဲ့ခြင်းသာဖြစ်ရမည်။

" ရာဓဇတိုင်းရဲ့မင်းသားက ဒီကိုဘယ်လိုလုပ်ပြီးများရောက်ရှိနေတာပါလဲ"

ဧကသူက သူ့ကို မျက်လုံးဝိုင်းဝိုင်းကလေးဖြင့်ကြည့်လာသည်။ သူသည် ခါးတွင်ချည်နှောင်လာသော သဝဏ်လွှာတစ်စောင်ကို ဖြုတ်နေရင်း

" အကြောင်းစုံကိုရှင်းပြပါမယ် အရှင့်သား"

ဟုဆိုသည်။

ဧကသူက သဝဏ်လွှာကို ပီယံမိတ်ဆီပေး​၏။ ထို့ကြောင့် ထိုထဲ၌ အကြောင်းအရာရေးသားထားမည်အထင်နှင့် ပီယံ ဖွင့်ကြည့်လုဆဲဆဲတွင် ဧကသူက အကြောင်းစုံကိုပြောပြလာသည်။

လတ်စသတ်တော့ သဝဏ်လွှာဟာ သက်သက်စာတစ်စောင်ပါပေလားဟု ပီယံ သဘောပေါက်သွား​၏။ ထို့ကြောင့် သဝဏ်လွှာကို ခေတ္တပြန်ပိတ်လိုက်ကာ ဧကသူ​၏ရှင်းလင်းပြောပြချက်ကို အလျင်နားထောင်လိုက်သည်။

ဧကသူ​၏ရှင်းပြမှုသည် ယနေ့မနက်ခင်းစောစောက တောအုပ်တွင်း၌ စတင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ မနက်အချိန်အခါက မင်းသားအရုဏနှင့်သူ​၏ကြင်ယာတော်ယုဂန်နိုင်တို့ တောအုပ်အတွင်းသို့ တိတ်တဆိတ်ရောက်ရှိခဲ့ကြသည်။ ထိုတွင် အချိန်းအချက်ပြုထားသော နေရာ၌ မင်းသားဧကသူ၊ သူ​၏ထိပ်တန်းကိုယ်ရံတော် ငါးယောက်အဖွဲ့နှင့် စစ်သည်နှစ်ဆယ်ပါအစုတို့ မင်းသားအရုဏနှင့် လျှို့ဝှက်စွာတွေ့ဆုံခဲ့ကြသည်။

မင်းသားဧကသူသည် အသက်အရွယ်အားဖြင့် ၁၈မျှရှိသေးသည်ဖြစ်သော်လည်း ပင်ကိုစရိုက်အားဖြင့်လည်းကောင်း၊ ဘဝမှသင်ကြားပေးခဲ့၍လည်းကောင်း သက်လယ်ပိုင်းလူကြီးတစ်ဦးနှယ် အလျင်အမြန်ရင့်ကျက်တည်ငြိမ်ခဲ့ရာ မင်းသားမင်းသိဒ္ဓာတ်​၏ ယုံကြည်အားကိုးခြင်းခံရသော ညီတော်ဖြစ်ခဲ့သည်။ ထို့ကြောင့် မင်းသားအရုဏနှင့်ယုဂန်နိုင်ကို တွေ့ဆုံရန် မင်းသားဧကသူကို စေလွှတ်ခဲ့ကာ မင်းသားဧကသူဟာလည်း သူ​၏တာဝန်ကို အပြည့်အဝကျေပွန်ခဲ့သည်။

" ကျွန်ုပ်က ရာဓဇတိုင်းရဲ့စတုတ္ထမြောက်မင်းသား ဧကသူဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့အစ်ကိုတော် မင်းသားမင်းသိဒ္ဓာတ်ဟာ တိုင်းရေးပြည်ခင်းများကို နေ့ညမအား စီစဉ်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် အရှင့်သားကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မတွေ့ဆုံနိုင်တာ ခွင့်လွှတ်ပေးတော်မူပါ။  သို့ပေမဲ့ အရှင့်သားအတွက် အစ်ကိုတော်က ရိုသေလေးစားစွာနဲ့ သဝဏ်လွှာပါးလိုက်ပါတယ်"

မင်းသားဧကသူသည် မင်းသားအရုဏနှင့် အမတ်ယုဂန်နိုင်ကိုတွေ့သည်နှင့် ညက်ညောပြေပြစ်စွာ နှုတ်ခွန်းဆက်စကားဆိုကာ ရွှေအနားကွပ်သော သဝဏ်လွှာတစ်စောင်ကို တရိုတသေပေးအပ်လိုက်သည်။

အရုဏသည် ထိုသဝဏ်လွှာကိုယူပြီး ဖွင့်ဖတ်လိုက်​၏။ ထိုသဝဏ်လွှာထဲတွင် မင်းသားမင်းသိဒ္ဓာတ်မှ သူ့ဆီ ပေးပို့လိုက်သော အရေးကြီးစကားများကို ချစ်ကြည်ရေးဆန်စွာ စကားလုံးအလှများနှင့် ရေးသားထားသည်။

ရှေးဦးစွာ မင်းသိဒ္ဓာတ်သည် သူ​၏တိုင်းရေးပြည်ခင်းစိတ်မဝင်စား၊ ကိုယ်ကျိုးသာကြည့်ပြီး မင်းမိုက်ဖြစ်နေသူအစ်ကိုတော် မင်းကြီးရှင်စိတ္တကို မိမိမှာ နှစ်နှစ်တိုင်တိုင်ပုန်ကန်ခဲ့သဖြင့် မင်းသားအရုဏ​၏ပုန်ကန်ရခြင်းအကြောင်းရင်းကို နားလည်ကိုယ်ချင်းစာကြောင်း ရေးသားထားသည်။ တစ်ဆက်တည်းပင် မိမိမှာ သုံးနှစ်ကြာအောင် ပုန်ကန်ခဲ့ရ၍ ယခုအချိန်မှ ရာဓဇ​၏မြို့တော်ကို ဝန်းရံနိုင်ခြင်းဖြစ်သော်လည်း မင်းသားအရုဏမှာမူ လပိုင်းအတွင်းဤအခြေအနေသို့ရောက်ရှိခဲ့ခြင်းမှာ လေးစားချီးကျူးဖွယ်ပင်ဖြစ်ကြောင်း၊ မင်းသားအရုဏ​၏လက်ရုံးရည်၊ နှလုံးရည်ကို ယခင်ကတည်းက ကြားဖူး၍ လေးစားနေရခြင်းဖြစ်ကြောင်း သံတမန်ခင်းအရ မြှောက်ပင့်ရေးသားထားသည်။

ထို့နောက်တွင်မူ လက်ရှိအချိန်တွင် မိမိသည် ရာဓဇတိုင်း​၏မြို့တော်ကို ဝန်းရံပြီးဖြစ်သဖြင့် မကြာမီအချိန်အတွင်း နန်းတော်ကိုသိမ်းပိုက်ကာ မုချလည်း အနိုင်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် အရှင့်သားတို့နှင့်ဆွေးနွေးတိုင်ပင်ဖူးသည့်အတိုင်း အခက်အခဲဟူ၍ လက်ရှိရာဓဇဘုရင်​၏ မှော်နက်ပညာရှင် အတိုင်ပင်ခံအမတ်ကြီးသာရှိကြောင်း၊ ထိုအမတ်ကြီးကို အရှင့်သားတို့ဘက်မှ ကတိပြုထားသည့်အတိုင်း ရှင်းလင်းပေးနိုင်ခဲ့ပါမူ မိမိသည် အရှင့်သား​၏ထာဝရမိတ်ဆွေဖြစ်တည်သွားကာ တောင်းခံထားသောအရာများအားလုံးကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးတွင် မိမိ​၏ညီတော်ကို အရှင့်သားတို့​၏အရိပ်အောက်၌ ညီတော်အရင်းသဖွယ်ဂရုစိုက်ပေးကာ မိမိ​၏ညီတော်မှလည်း အရှင့်သား​၏ကျေးဇူးကိုသိတတ်ပြီး အကျိုးကို ဆောင်ရွက်ပေးလိမ့်မည်ဖြစ်ကြောင်း ဆိုထားကာ စာအဆုံးတွင် သူ​၏အမှတ်တံဆိပ်တော်ကို ချိပ်ဖြင့်ရိုက်နှိပ်ထားသည်။

မင်းသားမင်းသိဒ္ဓာတ်​၏စာမှာ အလုံးစုံပြည့်စုံကုံလုံပါသည်။ တစ်ခုသာမှားနေခြင်းဖြစ်​၏​။

ထိုအမှားမှာ " အရှင့်သားတို့နှင့်ဆွေးနွေးတိုင်ပင်ဖူးသည့်အတိုင်း" ဟူသောစာသားသာဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် တကယ်တမ်း ထိုကိစ္စအဝဝကို မင်းသားမင်းသိဒ္ဓာတ်နှင့် တိုင်ပင်ပြီးအစီစဉ်ချမှတ်ခဲ့သူမှာ ယုဂန်နိုင်သာ ဖြစ်သည်။ ယုဂန်သည် သူ​၏တံဆိပ်တော်ကို တံခါးမရှိ၊ ဓားမရှိ ကိုင်ဆောင်ခွင့်ရသူပီပီ မင်းသားမင်းသိဒ္ဓာတ်ကို သူ့အမည်သုံး၍ သဝဏ်လွှာပေးပို့ကာ အရာအားလုံးကို ညှိနှိုင်းစီစဉ်ခဲ့​သည်။ အပေးအယူလုပ်ဆောင်ခဲ့သည်။ အားလုံးနေရာကျမှ သူ့ကို အသိပေးကာ သူသည် ယုဂန်နိုင်ခေါ်ဆောင်ရာနောက်ကို  မျက်စိသူငယ်နားသူငယ်နှင့် လိုက်ခဲ့ရသူဖြစ်သည်။

သို့ပေမဲ့လည်း ယုဂန်​၏အစီစဉ်မှာ အကြားအလပ်မရှိနေရာကျလှသဖြင့် အရုဏ,ငြင်းဆိုစရာအကြောင်းမရှိပါချေ။ ထို့ကြောင့် ယုဂန်မှသူ့ကိုအကြောင်းစုံပြောပြသောအခါ သူသည် လွယ်လွယ်ကူကူနှင့်လက်ခံလိုက်ပြီး ယခင်ကတည်းက ကြိုတင်သိရှိထားသူအတိုင်း ပြုမူလှုပ်ရှားလိုက်တော့သည်။

ပထမဆုံးလှုပ်ရှားမှုမှာ တောထဲသို့ထွက်လာပြီး မင်းသားမင်းသိဒ္ဓာတ်​၏ကိုယ်စားလှယ် မင်းသားဧကသူနှင့် တွေ့ဆုံခြင်းဖြစ်သည်။

နောက်ပြီး ယခုထိမဖြစ်လာသေးသော အကြောင်းရင်းတစ်ချက်လည်းရှိနေသေး​သည်။

" ကျွန်ုပ်နဲ့အတူ လိုက်ပါလာတဲ့ ရာဓဇစစ်သည်တွေက အရှင့်သားနဲ့ အမတ်မင်းတို့ကို ရာဓဇတိုင်းဆီ ဘေးမသီရန်မခဘဲ ရောက်ရှိအောင်ပို့ဆောင်ပေးပြီး အရှင့်သားတို့အကျိုးကို ထမ်းဆောင်ပါလိမ့်မယ်။ ဒါ့အပြင် ကျွန်ုပ်ကိုလည်း ကြိုက်ရာအမိန့်ပေးအပ်ပြီး ကြိုက်ရာတာဝန်ထမ်းဆောင်စေနိုင်ပါတယ်"

မင်းသားဧကသူက ရိုကျိုးစွာပြောသည်။

သံတမန်ခင်းအရ ညီတော်ဧကသူကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ယဉ်ကျေးစွာဆိုနိုင်သော်လည်း အမှန်တကယ် အဓိပ္ပါယ်စစ်စစ်ကိုဆိုရလျှင်မူ အပေးအယူတည်တံ့စေသော်ငှါ ယုံကြည်မှုတည်ဆောက်ရန်အတွက် မင်းသားဧကသူကို ဓားစာခံလွှတ်လိုက်ခြင်းသာ။

အရုဏသည် သေချာစွာစဉ်းစားပြီးသား ဖြစ်သည့်အတိုင်း ပီယံမိတ်အတွက် သဝဏ်လွှာရေးသားပေးရန် ပေရွက်လွှာတစ်စောင် ကိုထုတ်လိုက်သည်။ ထို့နောက်

" သင်က ဒီမှာနေခဲ့ပြီး ကျွန်ုပ်ရဲ့ညီတော် မင်းသားပီယံမိတ်ကို အကူညီဖြစ်ပေးပါ။ ပြီးတာနဲ့ ပီယံမိတ်အတွက် ကျွန်ုပ် သဝဏ်လွှာရေးပေးလိုက်ပါ့မယ်။ သူ့ကို အဲ့သဝဏ်လွှာပေးအပ်ပြီး အကြောင်းစုံရှင်းပြလိုက်ပါ"

ဟု ဧကသူကိုပြော​၏။ ဧကသူသည်လည်း

" မှန်လှပါ အရှင့်သား"

ဟုဆိုကာ သဝဏ်လွှာရေးပြီးသည်အချိန်ထိ အနားတွင်စောင့်ဆိုင်းနေသည်။

အရုဏ သဝဏ်လွှာကိုရေး​၏။ သဝဏ်ရေးပြီး၍ တံဆိပ်နှိပ်ပြီးသည့်အချိန်နှင့် ကွက်တိပင် စောင့်မျှော်နေသောအကြောင်းရင်းတစ်ချက်က ရောက်ရှိလာလေပြီ။

​အရုဏသည် သဝဏ်လွှာကိုလိပ်နေရင်း တိုးညှင်းလွန်းသော ခြိမ်းခြောက်သံကိုကြားလိုက်သည့် ဝံပုလွေတစ်ကောင်ပမာ ခေါင်းကိုဆတ်ခနဲထောင်လိုက်သည်။ တစ်ဆက်တည်းပင် သဝဏ်လွှာကို ဧကသူ့ဆီပေးလိုက်ရင်း

"ရောက်လာပြီ"

ဟု အသိပေးစကားဆိုသည်။

ထိုစကားကိုကြားသည်နှင့် ဧကသူသည် သူ​၏စစ်သည်များဘက်လှည့်ကာ

" အားလုံးအသင့်ပြင်ထား"

ဟူ၍ အမိန့်ပေး​သည်။ အမိန့်ရသော စစ်သည်များဟာလည်း တစ်စက္ကန့်လေးတောင် မခြားစေရဘဲ သူတို့​၏လက်နက်အသွယ်သွယ်ကို အသင့်ပြင်ဆင်ကာ ဧကသူ၊ အရုဏနှင့်ယုဂန်နိုင်​၏ဘေးပတ်လည်တွင် ရှေ့တန်းမှဝန်းရံကာကွယ်လိုက်ကြသည်။

မရှေးမနှောင်းပင် မျက်နှာကို အဝတ်တို့ဖြင့်ဖုံးအုပ်ထားသော လူတစ်စုမှ သစ်ပင်ထိပ်သို့ ကိုယ်ဖော့၍နင်းလျက် သူတို့ရှိရာရပ်ဝန်းဆီ တစ်ဟုန်းထိုးရောက်ရှိလာကြသည်။

ထိုလူအုပ်သည် ဧကသူနှင့် စစ်သည်များကိုမြင်သောအခါ မမျှော်လင့်ထားသည့်ပမာ အံံ့ဩတကြီးဖြစ်သွားသေးသည်။ သို့သော်လည်း ယင်းမှာ မျက်တစ်ခတ်မျှသာ ကြာလိုက်ပြီး သူတို့​၏တာဝန်ဖြစ်သည့်အတိုင်း လုပ်ကြံသတ်ဖြတ်မှုကို ချက်ချင်းစတင်တော့သည်။

အရုဏသည် သူ​၏ဓားရှည်ကို ရွှမ်းခနဲမြည်အောင် ဆွဲထုတ်လိုက်​၏။ ထို့အတူ ကာကွယ်ပေးနေသောစစ်သည်များဟာလည်း လုပ်ကြံသတ်ဖြတ်သူများကို တစ်ခဏမနား တိုက်ခိုက်ကြတော့သည်။

တောထဲ၌ ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်တည်သွား​၏။ သို့သော်လည်း ရာဓဇထိပ်တန်းစစ်သည်တော်များနှင့် စစ်သည်ဘီလူးဖြစ်သော အရုဏတို့ဘက်မှာ သိသိသာသာကို အနိုင်ရရှိနေခဲ့သည်။

ဤသို့နှင့် အဆုံးသတ်တွင်မူ လုပ်ကြံသူများအနက် သေသူကသေ၊ ဖမ်းမိသူကဖမ်းမိနှင့် ကျန်သောသူများဟာတော့မနိုင်တော့မှန်းသိသဖြင့် အလျှိုလျှိုထွက်ပြေးသွားကြသည်။

စစ်သည်တို့သည် အရှင်ဖမ်းမိသော လုပ်ကြံသူနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ အရုဏနှင့်ယုဂန်နိုင်​၏ရှေ့မှောက်တွင် ဒူးထောက်ခိုင်းလိုက်သည်။

မထင်မှတ်ထားစွာနှင့် လုပ်ကြံသူတို့အပေါ် ပထမဆုံးကျရောက်လာသည့်အရာမှာ ယုဂန်နိုင်​၏ကြမ်းတမ်းသော လက်သီးတစ်ချက်စီဖြစ်သည်။

ယုဂန်သည် လုပ်ကြံသူနှစ်ဦး​၏ ခေါင်းများဘေးသို့လည်ထွက်သွားသည်အထိ စိတ်ရှိလက်ရှိတစ်ချက်ထိုးနှက်​၏။ ပြီးမှ

" မင်းတို့ကို ဒါဘယ်သူခိုင်းတာလဲ။ တပ်မှူးစိတ္တ မဟုတ်လား"

ဟု မာကြောပြတ်တောက်လှသော အသံဖြင့်မေးသည်။

ထင်သည့်အတိုင်း လုပ်ကြံသူများမှာ လွယ်လွယ်ကူကူနှင့် ဖွင့်မဆိုကြပါချေ​။ ထို့ကြောင့် ယုဂန်သည် ရာဓဇစစ်သည်များကိုကြည့်ကာ အချက်ပေးလိုက်​သည်။ ထိုအခါ စစ်သည်များသည် လုပ်ကြံသူနှစ်ဦးဘေးသို့ ဝိုင်းဝန်းလိုက်ကြကာ ထောင်းထုကန်ကျောက်တော့သည်။

ထိုသို့အနှိပ်စက်ခံရသဖြင့် လုပ်ကြံသူနှစ်ဦး ဖူးယောင်ပြဲကွဲကြ၍ နာကျင်မှုဒဏ်ဖိစီးလာမှသာ လုပ်ကြံသူတို့သည် မိမိတို့ကိုအသက်ချမ်းသာပေးပါရန် အနူးအညွတ်တောင်းပန်တော့သည်။

ယုဂန်သည် စစ်သည်တို့ကို ဘေးသို့ဖယ်ခိုင်းလိုက်​၏။ ထို့နောက် မြေပြင်ပေါ်တွင် လဲကျနေသော၊ လူရုပ်မပေါ်တော့လောက်အောင် ဒဏ်ရာများစွာနှင့် ဖူးယောင်နေသော လုပ်ကြံသူနှစ်ဦးရှေ့၌ မုဆိုးထိုင်,ထိုင်လိုက်ကာ လုပ်ကြံသူတစ်ဦးကို ဦးစွန်းဆံထုံးမှ ဆွဲ၍ ခေါင်းမော့လိုက်သည်။

သူ့ကိုပြန်လည်ကြည့်လာသော လုပ်ကြံသူ​၏မျက်လုံးမှာ မျက်ဆန်ကိုပင်မမြင်ရအောင် ဖူးယောင်ကားလျက် ပိတ်ကျနေသည်။

" အထုထောင်းထပ်မခံချင်ရင် မင်းတို့ကိုခိုင်းတဲ့လူနာမည်ပြော။ အာ...မဟုတ်သေးဘူး။ မင်းတို့ကအတည်ပြုပေးရုံပဲ။ အမိန့်ပေးတဲ့သူက တပ်မှူးစိတ္တမှန်းငါသိပြီသား။ မင်းတို့ကို သူခိုင်းတာ ဟုတ်တယ်မလား"

ထိုအခါမှ လုပ်ကြံသူသည် ခေါင်းကို တဆက်ဆက်ညိတ်ကာ

" ဟုတ်...ဟုတ်ပါတယ် အမတ်မင်း"

ဟု တုန်တုန်ယင်ယင်နှင့်ဆိုသည်။

" သူက မင်းတို့ကိုဘာခိုင်းလဲ။ ငါတို့နှစ်ယောက်ကို သတ်ပစ်တဲ့လား"

" အမတ်ယုဂန်နိုင်ကို မရ,ရတဲ့နည်းနဲ့ ဖမ်းခေါ်လာခဲ့ဖို့ ပြောပါတယ်"

" ဘာလို့ငါ့ကို ဖမ်းခိုင်းတာလဲ"

" ကျွန်တော်မျိုးတို့ မသိရပါ ဘုရား"

" သောက်ချီးတဲ့မှ ထပ်အရိုက်ခံချင်လို့လား"

" လိမ်ပြောရင် သွေးအန်ရပါစေ အမတ်မင်း။ ကျွန်တော်မျိုးတို့က ဖမ်းခေါ်ဖို့ အမိန့်တာဝန်ပဲ သိတဲ့သူတွေပါ ဘုရား။ ဘာအကြောင်းကြောင့် ဖမ်းခေါ်ခိုင်းမှန်း မသိရပါဘူး"

ယုဂန်သည် လုပ်ကြံသူ​၏ဆံပင်ကို ဆွဲထားရာမှ လွှတ်ချလိုက်ရာ လုပ်ကြံသူသည် မြေကြီးပေါ်သို့ ပါးနှင့် ဘုန်းခနဲပြန်ကျသွား​သည်။

ထို့နောက် ယုဂန်သည် ခံစားချက်ကင်းမဲ့လှသော မျက်နှာနှင့် မတ်တပ်ပြန်ထ,လိုက်လျက်

" ဒီနှစ်ယောက်ကို မင်းသားပီယံမိတ်ဆီ ခေါ်သွားပြီး အကျဉ်းချလိုက်ပါ။ သူတို့ရဲ့ ဒဏ်ရာတွေကိုလည်း ကုသပေးဖို့ပြောလိုက်ပါ။ ငါက ကတိတည်ပါတယ်။ အသက်ချမ်းသာပေးမယ်လို့ပြောထားရင် တကယ်ချမ်းသာပေးမယ့်လူပဲ"

ဟုဆိုသည်​။

မင်းသားဧကသူသည် ဘေးအစွန်မှနေ၍ ယုဂန်နိုင်ဆီ မသိမသာစောင်းကြည့်နေသည်။ သူသည် အရုဏအား တကူးတကတိုင်ပင်စရာမလိုပါဘဲ အမိန့်တို့ကို လိုသလိုကိုယ်တိုင်ချမှတ်ပစ်နိုင်သည့် ယုဂန်ကိုကြည့်ရင်း အမတ်ယုဂန်မှာ မည်မျှ လုပ်ပိုင်ခွင့်ရရှိထားကြောင်း စဉ်းစားနေမိသည်​။

ခါတိုင်း မင်းသားတို့​၏ကြင်ယာတော်ဟူသည် တော်ဝင်မျိုးနွယ်မှ မဟုတ်ပါလျှင် ထိုမျှအာဏာမရှိလှ။ မင်းသားတို့​၏အရိပ်အောက်တွင်သာ နေရစမြဲဖြစ်ပြီး မင်းသားတို့ဟာလည်း သူတို့​၏ကြင်ယာတော် သူတို့ထက်ပို၍ ဩဇာကြီးမည်ကို မာနတရားအရ မနှစ်မြို့ကြချေ။

သို့ရာတွင် မင်းသားအရုဏမှာမူ သူ​၏ကြင်ယာတော်ကို သူနှင့်တန်းတူနီးပါးရှိ အာဏာကိုပေးအပ်ထားသည်။ ဤသည်မှာ ယုံကြည်မှုဟုဆိုရမည်လား။ သို့မဟုတ် ကြင်ယာတော်ကို အလွန်တရာချစ်မြတ်နိုးသဖြင့် လုပ်ပိုင်ခွင့်အစုံ ပေးအပ်ထားခြင်းပေလား။

မည်သို့ပင်ဆိုစေကာမူ အမတ်ယုဂန်သည်လည်း မင်းသားအရုဏ​၏ယုံကြည်မှုခပ်သိမ်းကို ရယူထိုက်သောအရည်အချင်းရှိသည်။ ဥပမာ ယခုလို ကိုယ့်ကိုလုပ်ကြံမည့်သူအား ကြိုတင်သိရှိနေခြင်းပါပင်။

အမတ်ယုဂန်နိုင်သည် မတ်တပ်ပြန်ရပ်ပြီးနောက် မင်းသားအရုဏနားသို့သွားသည်။ သူသည် လုပ်ကြံသူနှစ်ဦးကို လက်ပိုက်ကြည့်ရင်း

" အခုလောက်ဆို လွတ်သွားတဲ့လုပ်ကြံသူတွေက တပ်မှူးစိတ္တကို လုပ်ကြံမှုကျရှုံးကြောင်း သွားပြောနေလောက်ပြီ။ တပ်မှူးစိတ္တက သေချာပေါက်ထွက်ပြေးမှာပဲ"

ဟု အသံအနိမ့်အမြင့်မပါစွာဆို​သည်။

အရုဏ ယုဂန်ဘက်သို့ လှည့်ကြည့်သည်။ သူသည် သူ,မသိအောင် လျှို့ဝှက်ကြံစည်ထားသော ယုဂန်​၏အကြံများစွာကို အံ့အားမသင့်ဟုဆိုလျှင် လိမ်ညာရာရောက်ပေလိမ့်မည်။

ပထမ၊ ယုဂန်​၏ ရာဓဇတိုင်းနှင့်ဆက်သွယ်သော အကြံအစည်။ ဒုတိယ၊ ယုဂန်​၏ သစ္စာဖောက်ကိုဖော်ထုတ်သော အကြံအစည်။

ဆိုရပါက ထိုအကြံအစည်အားလူံးကို အရုဏမနေ့တနေ့ကမှ သိရှိခဲ့ရခြင်းဖြစ်သည်။ သို့ဆိုလျှင် ယုဂန်ကရော မည်သည့်အချိန်ကတည်းက ယင်းအကြံအစည်တို့ကို စတင်ချမှတ်နေခဲ့ပါသနည်း။

ထိုသို့ အရုဏအမေးရှိသော် ယုဂန်ကပြန်ဖြေဖူးသည်။

" မောင် ရှင်ထွေးကို ကိုယ်ဝန်ရအောင်လုပ်လိုက်တယ် ဆိုတဲ့ကိစ္စပြီးကတည်းကပဲ"

ဟူသတဲ့။

ထိုအချိန်ကစ၍ ယုဂန်သည် ရှင်ထွေးကို သံသယဝင်ခဲ့သည်။

ယုဂန်သည် ထိုကိစ္စဖြစ်ဖြစ်ချင်း၌ သွေးပူနေသောကြောင့်လည်းကောင်း၊ ရုတ်တရက် အမှားအမှန်ခွဲခြားနိုင်စွမ်း ဝေဝါးသွား၍လည်းကောင်း အရုဏအပေါ် စိတ်ပျက်ခြင်း၊ မယုံကြည်ခြင်းတို့ဖြစ်ကာ များစွာစိတ်ဆင်းရဲခဲ့သည်။ သို့ရာတွင် အရုဏ​၏တောင်းပန်မှုအပြီး၌ နှစ်များစွာတွဲပြီးမှ လက်ထပ်ခဲ့သူ ခင်ပွန်းသည်ကို ယခုမှတွေ့ပြီး သက်သေမရှိ,စွပ်စွဲသော မိန်းကလေးတစ်ဦးထက် ပိုမိုယုံကြည်ကြည့်လိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ထက် အရုဏ​၏ကိုယ်ကျင့်တရားကို သူအသိဆုံးဖြစ်သဖြင့် အရုဏထိုသို့ပြုလုပ်မည်မဟုတ်ကြောင်း စိတ်တွင်းမှ ခိုင်မာစွာသိရှိနေသောကြောင့်လည်း ဖြစ်နိုင်သည်။

ဤသို့နှင့် ယုဂန်သည် ရှင်ထွေးကိုစောင့်ကြည့်ရန် လူလွှတ်ထားခဲ့​သည်။

သိပ်မကြာလိုက်ပါချေ။ ရှင်ထွေးနှင့်ပတ်သက်ပြီး အကြောင်းအရာနှစ်ခုကို စုံစမ်းသိရှိလာရသည်။ ပထမအကြောင်းအရာမှာ ရှင်ထွေးသည် တပ်မှူးစိတ္တနှင့်ဆက်သွယ်နေခြင်းဖြစ်ပြီး ဒုတိယအကြောင်းအရာမှာမူ ရှင်ထွေးမှာ မယ်တော်ကြီးပဉ္စမာယာဘက်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

မှန်သည်။ ရှင်ထွေးသည် မယ်တော်ကြီးပဉ္စမာယာနှင့် တိတ်တဆိတ်ဆက်သွယ်နေခဲ့သည်။

ရှင်ထွေးသည် လူလစ်သောအချိန်ကို စောင့်ဆိုင်းကာ တောအုပ်ထဲတွင် လူတစ်ဦးနှင့်အချိန်းအချက်ပြုသည်ကို ယုဂန်​၏လူတွေ့ရှိခဲ့​၏။ ထိုအခါ ယုဂန်​၏လူသည် ဆက်လက်စုံစမ်းလေရာ ရှင်ထွေးနှင့်ဆက်သွယ်သောသူမှာ မယ်တော်ကြီးမှလွှတ်ထားသည့် အထောက်တော်တစ်ဦးဖြစ်ကြောင်း သိရှိလိုက်ရသည်။

ရှင်ထွေးနှင့်မယ်တော်ကြီးမှာ ပူးပေါင်းနေခဲ့သည်​။ မည်သည့်အချိန်က စတင်ခဲ့မှန်းမသိသော်လည်း ရှင်ထွေးဟာ မယ်တော်ကြီး​၏ဘက်မှ သူလျှိုဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤကိုယ်ဝန်ကိစ္စဟာလည်း မယ်တော်ကြီးဘက်မှ စေခိုင်းချက်တစ်ခုဖြစ်နိုင်ကြောင်း ယုဂန်ဆင်ခြင်မိသည်။

သို့ဆိုလျှင် မယ်တော်ကြီးသည် အဘယ်ကြောင့် ကိုယ်ဝန်ကိစ္စနှင့်မှ စွပ်စွဲခိုင်းရပါသနည်း။

ဖြစ်နိုင်ချေရှိသောအရာမှာ မိမိနှင့်မောင်ကို သွေးကွဲစေချင်သော အကြောင်းပြချက်ဖြစ်နိုင်သည်။ မောင့်​၏အားနည်းချက်မှာ သူမှန်း မယ်တော်ကြီးကောင်းကောင်းသိ​၏။ ထို့ကြောင့် မောင့်​၏အားနည်းချက်ကို ကိုင်တွယ်ရန်အတွက် သူမက ရှင်ထွေးကို တာဝန်ပေးခဲ့ပုံရသည်။

ဒီအချက်ထိ မယ်တော်ကြီးဘက်မှ ရှင်း​၏။ သို့ရာတွင် လာရှုပ်သောကိစ္စမှာ တပ်မှူးစိတ္တဖြစ်သည်။

တပ်မှူးစိတ္တဟာရော အဘယ်ကြောင့် ရှင်ထွေးကို ကူညီပေးနေရပါသနည်း။

တပ်မှူးစိတ္တကိုပါ ယုဂန်သည် လူလွှတ်စုံစမ်းရန်ကြိုးပမ်းသော်လည်း များစွာလျှို့ဝှက်တတ်သော တပ်မှူးစိတ္တမှာ မူမမှန်သော ခြေရာလက်ရာတောင်ရှာမတွေ့ပါချေ။ သူသည် ရှင်ထွေးကိုတော့ မင်းသားအရုဏ​၏ကြင်ယာတော်ကို သူမ ဖြစ်စေချင်သဖြင့် ကူညီသည်ဟုဆိုထားသည်။ သို့ရာတွင် တပ်မှူးစိတ္တ​၏အကြံမှာ ထိုထက်များစွာရှုပ်ထွေးကြောင်း ယုဂန်ရိပ်မှန်းမိသည်။

အစက တပ်မှူးစိတ္တကို မယ်တော်ကြီးဘက်မှဟု ထင်မှတ်မိ​၏။ သို့ရာတွင် နောင်မှ တပ်မှူးစိတ္တသည် မယ်တော်ကြီးဘက်လည်း မဟုတ်၊ ရှင်ထွေးဘက်လည်း မဟုတ်ဘဲ တစ်ဦးတည်း တစ်ဂိုဏ်းလှုပ်ရှားနေကြောင်း သိခဲ့ရသည်။

မယ်တော်ကြီးသည် ရှင်ထွေးကို သူလျှိုထား​၏။ သို့ရာတွင် ယုဂန်တို့ဘက်တွင်လည်း နန်းတွင်း၌ သူလျှိုတစ်ဦး ရှိသည်။

ထိုသူမှာ မင်းသား သုဒီပါ သာ။

သုဒီပါသည် ပီယံမိတ်နှင့်အတူ အရုဏ​၏အရိပ်အောက်ခိုလှုံရန် ဆန္ဒရှိခဲ့သည်။ သို့ရာတွင် ပီယံမိတ်မှာမူ ပို၍ကောင်းသော အကြံရှိခဲ့​၏။ သူသည် သုဒီပါကို နန်းတွင်းသူလျှိုအဖြစ်ထားခဲ့ကာ သူတစ်ဦးတည်းသာ အရုဏဆီသို့ ပေါ်တင်ခိုဝင်ခဲ့သည်။

သို့ပါ၍ သူလျှိုဖြစ်သော မင်းသားသုဒီပါ​၏စုံစမ်းချက်အရ မယ်တော်ကြီးသည် တပ်မှူးစိတ္တနှင့် အဆက်အသွယ်အလုံးစုံမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုအခါ ကွင်းစက်တစ်ခုသာ လစ်လပ်တော့သည်။

တပ်မှူးစိတ္တသည် မည်သူ့အတွက် အလုပ်,လုပ်ပေးနေပါသနည်း။

ရှင်ထွေးကို အချိုသပ်ကာ ကူညီပေးနေမှုအရ တပ်မှူးစိတ္တမှာလည်း ယုဂန်နှင့်အရုဏတို့​၏သွေးကွဲမှုကို အလိုရှိနေကြောင်း သိနိုင်သည်။ သို့ရာတွင် အဘယ်ကြောင့် သွေးခွဲချင်နေရပါသနည်း။

အာဏာနှင့်မသက်ဆိုင်ဘဲ သူတို့အကြင်လင်မယားကို ကွဲစေချင်လျှင် အကြောင်းပြချက်မှာ နှစ်ခုသာဖြစ်နိုင်သည်။ ယင်းတို့မှာ အရုဏ​၏အသည်းနှလုံးကို ကြေကွဲစေပြီး အားယုတ်သွားစေရန်၊ သို့မဟုတ် ယုဂန်ကို အင်အားကြီးသောအရုဏဘေးမှ ကွဲထွက်သွားစေရန်။

ယခုတော့ လုပ်ကြံသူ​၏ဖွင့်ပြောချက်အရ အကြောင်းရင်းအစစ်ကို သိရပါပေပြီ။ တပ်မှူးစိတ္တသည် သူ့ကိုဖမ်းခေါ်ချင်သောကြောင့်၊ မင်းသားအရုဏနားသူရှိလျှင် လုံခြုံရေးအပြည့်နှင့်ဖြစ်နေသဖြင့် သူ့ကို အရုဏနားမှအရင် ခွဲထုတ်ခြင်းဖြစ်သည်။

ယုဂန် ခေတ္တမျှစဉ်းစားသွားသည်။

သူ့ကိုဖမ်းခေါ်ချင်သော သူများသည် နေရာတိုင်းအပြည့်ဖြစ်နေ​၏။

မျက်တစ်လုံးရှင်၊ မြို့စားရွဲထခေါင်နူး၊ စုန်းမကိဏီ။ ထို့အပြင်  သူတို့နှင့်ပူးတွဲပုန်ကန်ခဲ့သော မင်းယောဇာဟာလည်း သူ့ကိုဖမ်းခေါ်မည့်အကြံကို ထောက်ခံခဲ့ပုံရသည်။

သူတို့ ဖမ်းခေါ်ချင်သည့်အကြောင်းပြချက်မှာ ယုဂန်သည် နဂါးမျက်ရှင်ကို ရယူပေးနိုင်လိမ့်မည်ဟူသော ထင်မြင်ချက်နှင့်သာ။

တပ်မှူးစိတ္တသည်လည်း ထိုရည်ရွယ်ချက်နှင့်ဖြစ်နိုင်သည်။ သို့သော်လည်း ဤကားထင်မြင်ချက်ဖြစ်သဖြင့် အတိအကျပြောမရချေ။

အကယ်၍ နဂါးမျက်ရှင်ကိစ္စနှင့်သာဆိုပါက တပ်မှူးစိတ္တသည်လည်း နဂါးမျက်ရှင်ကိုလိုချင်နေသဖြင့် ကြီးမားသောအကြံအစည်ရှိနိုင်သည်။ တပ်မှူးစိတ္တကိစ္စကို ထပ်ပြီး နက်နက်နဲနဲစုံစမ်းရန် လိုအပ်လှပေသည်။

" မောင်တို့ ညမရောက်ခင် ရာဓဇတိုင်းထဲ ဝင်မှဖြစ်မယ် ယုဂန်။ တပ်မှူးစိတ္တကို လိုက်ရှာဖို့တော့ မောင်စီစဉ်လိုက်မယ်"

မောင့်အသံကြားမှ ယုဂန်အတွေးနွံထဲမှ လွတ်မြောက်လာသည်။ သူ မောင့်စကားကိုခေါင်းညိတ်လိုက်ရင်း ရာဓဇစစ်သည်များနှင့်အတူ ရာဓဇတိုင်းသို့သွားရန် စီစဉ်ဆောင်ရွက်တော့သည်​။

ဤသို့နှင့် အရုဏနှင့်ယုဂန်သည် စစ်သည်တို့နှင့်အတူ ရာဓဇတိုင်းဆီထွက်ခွာသွားကာ ဧကသူမှာမူ အရုဏ​၏အမိန့်အတိုင်း ပီယံမိတ်ဆီသို့ ကိုယ်ရံတော်ငါးယောက်နှင့်သာ ထွက်ခွာလာခဲ့သည်။

ထို့နောက် ပီယံမိတ်ကို တောစပ်တွင်ရှာဖွေတွေ့ရှိခဲ့သည်။

ဧကသူသည် အထက်ပါအကြောင်းအရာများကို ပီယံ့ဆီသို့ လျင်မြန်စွာရှင်းပြပြီးသည့်နောက်တွင် အရုဏပေးလိုက်သည့် သဝဏ်လွှာကို ပီယံ့မိတ်ဆီ တရိုတသေကမ်းပေးသည်။

" ဒီမှာ အရှင့်သားအရုဏ ပေးအပ်လိုက်တဲ့သဝဏ်လွှာပါ"

ပီယံ သဝဏ်လွှာကို ယူ၍ ဖွင့်ကြည့်သည်။ ထိုသဝဏ်လွှာထဲတွင် ရှင်ထွေး​၏အကြောင်း၊ တပ်မှူးစိတ္တ​၏အကြောင်း၊ ယုဂန်​၏အကြံအစည်အကြောင်း အပြည့်အဝရှင်းပြထားကာ နောက်ဆုံးအပိုဒ်တွင်မူ မင်းသားဧကသူနှင့်ပတ်သက်ပြီး ရေးသားထားသည်။

ထိုထဲတွင် မင်းသားဧကသူအား စောင့်ရှောက်ပေးရန်နှင့် မင်းသားမင်းသိဒ္ဓာတ်​၏တောင်းဆိုမှုအရ ဉာဏ်ပညာနှင့်ပြည့်စုံသော ပီယံမိတ်မှာ မင်းသားဧကသူကို ဆေးအတတ်၌ဖြစ်စေ၊ နှလုံးရည်၌ဖြစ်စေ ပညာသင်ပေးစေလိုကြောင်း၊ နောက်ဆုံး ရာဓဇတိုင်းနှင့်ဆက်သွယ်မှုမှာ လျှို့ဝှက်ချက်ဖြစ်သဖြင့် မင်းသားဧကသူကို ရာဓဇတိုင်း​၏မင်းသားမှန်း အများသူငှါ မသိစေချင်လိုကြောင်း ရေးသားထားသည်။

သို့ပါ၍ မင်းသားဧကသူကို အရုဏလက်အောက်မှ မြို့စား​၏သားတစ်ဦးဟု သတင်းလွှင့်ထားကာ အမည်ကိုလည်း " ဒါရု" ( သစ်တုံး) ဟုခေါ်ဆိုပေးရန် အသိပေးထားသည်။

ထိုစာကို ဖတ်ပြီးသည့်နောက် ပီယံမျက်ခုံးပင့်လိုက်မိကာ ဧကသူကို လှမ်းကြည့်သည်။

အစ်ကိုတော်ကတော့ လုပ်ချလိုက်ပြန်ပြီ။ ဒါရုဆိုသည့်အမည်ဟာ ဘယ်လောက်တောင်တဲ့တိုးဆန်လှသောအမည် ဖြစ်ပါသနည်း။

မဟုတ်မှလွဲရော အမည်အသစ်ပေးခါနီးအချိန်တွင် တောထဲတွင်မို့ သစ်တုံးကိုမြင်ကာ ဒါရုဟု ကောက်ရေးပေးလိုက်ခြင်းပေလား​။ 'သစ်တုံး' ဟုမရေးဘဲ 'ဒါရု' ဟု ပါဠိအမည် ရေးပေးထားသည်ကိုပင် ကျေးဇူးတင်ရမည်။

' ဒါရု' ဆိုတော့လည်း ' ဒါရု' ပေါ့လေ။

" ခုနက အံ့ဩတကြီးဖြစ်သွားတာမို့ သေချာမကြိုဆိုလိုက်ရပါဘူး။ အရှင့်သားအနေနဲ့ ကျွန်ုပ်တို့ဆီမှာ လွတ်လွတ်လပ်လပ်နေထိုင်နိုင်ပါတယ်။ ကျွန်ုပ်က အရှင့်သား သက်တောင့်သက်တာနေထိုင်လို့ရအောင် စီစဉ်ပေးသွားပါ့မယ်"

ပီယံ သဝဏ်လွှာကိုပြန်လိပ်ရင်း ဆိုသည်။ တစ်ဆက်တည်းပင်

" နောက်ပြီး အစ်ကိုတော်အရုဏပြောထားတဲ့အတိုင်း အရှင့်သားကို အခုချိန်ကစပြီး မက္ကမြို့စားရဲ့ဒုတိယမြောက်သား ဒါရုအဖြစ် သတင်းလွှင့်ထားပါမယ်။ နေရာထိုင်ခင်းအဆောင် ကျွန်ုပ်စီမံပေးပြီး လုပ်ဆောင်ရမယ့်တာဝန်တွေကို မနက်ဖြန်ကျရင် ပြောပြပါ့မယ်။ ဒီနေ့တော့ ခရီးဝေးကလာရလို့ အနားယူလိုက်ပါ"

ဟု ပြောလေရာ ဧကသူသည် ပါးဖောင်းဖောင်းလေးနှစ်ဖက် လုံးအိတက်သွားသည်အထိ ပြုံး၍

" ဟုတ်ကဲ့ပါ အရှင့်သား"

ဟု ဝမ်းမြောက်ဝမ်းသာဆိုသည်။

ပီယံသည် တက်ကြွသောအရိပ်ယောင်အပြည့်နှင့် တဖျပ်ဖျပ်လင်းလက်နေသည့် ဧကသူ​၏မျက်လုံးဝိုင်းဝိုင်းတို့ကို ကြည့်ရင်း ခပ်ရေးရေးပြုံးလိုက်မိ​သည်။

သူသည် လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ရင်း

" ကျွန်ုပ်တို့နှစ်ယောက်ကြား တူညီတာတွေရှိတာပဲ"

ဟု ဆွဲဆွဲငင်ငင်ဆိုသည်။ ထ်ိုစကားကြောင့် ဧကသူ ပြန်မေးသည်။

" ဘာများလဲ အရှင့်သား"

" အငယ်ဆုံးမင်းသားဖြစ်နေတာပါ။ ဒါ့ကြောင့် အစ်ကိုတော်တွေကြား လွန်ဆွဲရတဲ့ခံစားချက်ကို ကိုယ်ချင်းစာနိုင်လိမ့်မယ်ထင်တယ်"

ဧကသူသည် ခေတ္တမျှ အူကြောင်ကြောင်ဖြစ်နေရာမှ သဘောပေါက်သွားသည့်နှယ် ဖြည်းဖြည်းချင်းပြုံးသွားသည်။ ထိုအခါ သူ​၏မျက်လုံးဝိုင်းဝိုင်းမှာ ကွေးသွားသကဲ့သို့ ပါးဖောင်းဖောင်းနှစ်ဖက်မှာလည်း အိတက်သွားသည်။

ချစ်စရာကောင်လေးပါပင်။

အကယ်၍ သူ့မှာသာ ညီတော်တစ်ပါးရှိလျှင် ဒီလိုလုံးလုံးအိအိနှင့် လိမ်လိမ်မာမာကလေး ဖြစ်စေချင်သည်။ အခုလည်း ဒီကောင်လေးကို စောင့်ရှောက်ရမည်မှာ သူ့တာဝန်မို့ ညီတော်တစ်ပါး ဘွားခနဲရောက်ချလာသလို ဖြစ်နေမည်သာ။

ဒီကောင်လေးဟာ မပျင်းမရိဘဲ သင်ယူလိုစိတ်မြင့်မားသူဖြစ်ဖို့တော့ သူမျှော်လင့်သည်။ လောလောဆယ်တော့ ရေဝတီကို စောင့်ကြည့်ဖို့တာဝန် ဒီကောင်လေးကို ပေးထားမည်ဟု မှန်းထားသည်။

" သွားကြရအောင်။ ကျွန်ုပ် သင့်အတွက်အဆောင်တော်စီစဉ်ပေးမယ်"

ပီယံမိတ်သည် စုတ်တံများသာသယ်လျက် ဆွဲလက်စ,ပိတ်ကားချပ်ကို ထိုတွင်ထားခဲ့သည်။ နောက်မှ ရံရွေတော်များကို လာသိမ်းခိုင်းလိုက်မည်။

" အရှင့်သား"

အရှေ့မှထွက်သွားသော ပီယံမိတ်ကို ဧကသူ လှမ်းခေါ်လိုက်သဖြင့် ပီယံ,လှည့်ကြည့်သည်။

ဧကသူသည် ရွှန်းလဲ့တောက်ပနေသောမျက်လုံးကလေးများကို အတန်ငယ်ကွေးသည်အထိ ပြုံးနေကာ

"အရှင့်သားက အသံသိပ်ကောင်းတာပဲ။ ဘာမှအားမစိုက်ဘဲ သီဆိုနေတာတောင် အသံက သိပ်ကိုနားထောင်ကောင်းတယ်"

ဟု ဆိုသည်။

အသံနှင့်ပတ်သက်ပြီး ချီးကျူးခံရခြင်းသည် ပီယံ့အတွက် ပထမဆုံးအကြိမ်မဟုတ်သဖြင့် မည်သို့ပြန်လည်တုံ့ပြန်ရမည်ကို ပီယံကောင်းကောင်းသိသည်။

ပီယံသည် စီရီကာ ဖြူဖွေးသောသွားတန်းများ ပေါ်သည်အထိ လှပခန့်ညားစွာ ပြုံးလိုက်​သည်။ ပီယံ့​​၏ရုပ်သွင်သည် ပကတိတည်ကြည်အေးချမ်းလှလေရာ ထိုသို့ နူးညံ့လှပစွာပြုံးလိုက်သောအခါ အသရေတင့်မှုအဖြာဖြာနှင့် မျက်စိအကြည့်မလွှဲနိုင်လောက်အောင် စွဲငြိစေနိုင်သည်။

သူသည် နူးညံ့​၏။ ကြည်လင်​၏။ ချောမော​၏။

ကြားထားသည့်အတိုင်း ဥတ္တရတစ်တိုင်းပြည်လုံးတွင် အချောဆုံးယောက်ျားပျိုဟူသည်မှာ နှယ်နှယ်ရရရုပ်သွင်တော့ မဟုတ်နေခဲ့ပါချေ။

" ကျေးဇူးပါ။ ညီတော်လည်း ပင်ကိုအသံကောင်းပါတယ်။ ကဗျာတေးဂီတသာ ဝါသနာပါရင် ကျွန်ုပ်နဲ့အတူတူ သီဆိုရေးစပ်လို့လည်း ရပါ့"

မဩလွန်းမရှလွန်း၊ သို့ရာတွင် အလွန်တရာလည်း မနူးညံ့ဘဲ ကြည်လင်ကာ နတ်ဘုရားတစ်ပါးနှယ် ချိုမြသောအသံသည် နွေဦး​၏ မနက်ခင်းနေခြည်ပမာ နွေးထွေးစွာ ထွက်ပေါ်လာခဲ့သည်။

လေပြည်နုနုက သွဲ့​၏။

ဗောင်းတော်မပေါင်းထားသဖြင့် ရှင်းသန့်သော ပီယံမိတ်​၏နဖူးဆံစပ်မှ ဆံနွယ်မျှင်များသည် လေပြည်နှင့်အတူ တလွင့်လွင့် ယိမ်းနွဲ့နေသည်။

ရွက်ဝါများသည် တဖွဲဖွဲကြွေ​၏။ နေခြည်ပျောက်ကလေး ဖျဖျက ပီယံ့​၏ခန့်ညားသောမျက်နှာထက်တွင် ခပ်စူးစူးကျရောက်နေသည်။

လေထုမှာ အဆိုပါအမျိုးသား​၏ ကြည်လင်နူးညံ့လှသောအပြုံးကြောင့် ပိုမိုချိုမြိန်သွားသယောင်ရှိ​​သည်။

ဧကသူ ရွှန်းလဲ့ကြည်နူးစွာနှင့် ပြုံးလိုက်မိသည်​။

ဘာကြောင့်မှန်းမသိ သူသည် နူးညံ့စွာရင်ခုန်လျက် ရွှင်လန်းချမ်းမြေ့စွာ ပျော်ရွှင်သွားမှုကို ခံစားလိုက်ရ​သည်။

သူ့ရှေ့မှ မင်းသား ပီယံမိတ်မှာ သူ့ကိုကျောခိုင်းကာ အရှေ့မှ ဦးစွာထွက်ခွာသွားပြီဖြစ်သည်။ သို့ရာတွင် ဧကသူသည် ချက်ချင်းလိုက်မသွားမိဘဲ ပီယံ့မိတ်​၏ တောင့်တင်းကျယ်ပြောသော ကျောပြင်ကို ခေတ္တငေးကြည့်မိ​၏။

ဒုက္ခပါပင်။
သူ ချက်ချင်းကြီး သဘောကျမိသွားပြီထင်သည်။

*****************************

A/N

ကဲကဲ သုံးပွင့်ဆိုင်တော့ လာပြီနော် xD
ဧကသူက တကယ်က ၁၇ ပါ။ ၁၈ ပြည့်ဖို့ တစ်လကျော်လောက်လိုပါသေးတယ်။ ကလေးက မြင်မြင်ချင်း ချစ်မိသွားတာပါ xD

( ကလေးလို့တော့ ပြောလို့မရ။ အိုင့်နဲ့က လပိုင်းလောက်ပဲငယ်မယ် 🤣)

နောက်တစ်ပိုင်းတော့ ဟိုလင်မယားရိုတာ ကြည့်ရမယ် xD

15.9.2022( Thursday )

.
.
.

Zawgyi

ရာဓဇတိုင္းႏွင့္ေတြ႕ဆုံျခင္း

_________________________

ေဒါက္၊ ေဒါက္

တံခါးကို လက္ဆစ္ျဖင့္ ႏွစ္ခ်က္ဆင့္၍ ေခါက္လိုက္ၿပီးေနာက္ ေရွ႕ဆက္မည္သို႔ေခၚေဝၚရမည္ကို ပီယံမိတ္, စဥ္းစားယူလိုက္ရသည္။

ေရဝတီဟုေခၚေဝၚျခင္းသည္ ႐ိုင္းသည္ဟုမဆိုႏိုင္။ သို႔ရာတြင္ သူမ​၏သ႐ုပ္မွန္ကိုသိၿပီးျဖစ္သျဖင့္ မိမိထက္ဂုဏ္နိမ့္သူႏွယ္ အမည္ကိုေခၚေဝၚျခင္းမွာ မသင့္ေတာ္ေၾကာင္း ပီယံမိတ္ ဆင္ျခင္မိသည္။ ထို႔ေၾကာင့္

" အရွင့္သမီး အိပ္ရာကႏိုးပါၿပီလား"

ဟု ယဥ္ေက်း႐ိုေသစြာ အေခၚေတာ္ရွိလိုက္​၏။

ထိုအခါ အရင္ဦးဆုံး အခန္းထဲမွ ဒုန္းဒုန္းဒိုင္းဒိုင္းအသံၾကားလိုက္ရသည္။ ေနာက္ အေျပးအလႊားလာသံ။ ေနာက္ဆုံးမွ အခန္းတံခါးပြင့္သြားသည္ႏွင့္အတူ ေရဝတီ​၏မ်က္ႏွာထြက္ေပၚလာသည္။

" ႏိုးၿပီ"

ေရဝတီသည္ မေန႔ကအတိုင္း ငါး႐ိုးက်စ္ဆံၿမီးကို ပင္လယ္ျပာေရာင္ႀကိဳးမ်ားႏွင့္ သြယ္ယွက္စည္းေႏွာင္ထားသည္။ သူမ​၏ ထူးျခားစြာလွပေသာမ်က္ဝန္းမ်ားမွာ အိပ္ေရးဝ၍ထင့္၊ ၾကည္လင္႐ႊန္းလဲ့ေနသည္။ မ်က္ဆန္တို႔ကေတာ့ ပတၱျမားေရာင္ႏွယ္ နီတီတီျဖစ္ေန​၏။ နဂါးအသြင္မွ လူအသြင္သို႔ျပန္လည္ေျပာင္းထားသည္မွာ မၾကာေသးသျဖင့္ မ်က္ဆန္တို႔ အနီေရာင္က်န္ရစ္ေနျခင္းျဖစ္ႏိုင္သည္။ ထိုသို႔ေတြးေတာေနခိုက္မွာပင္ ေရဝတီ​​၏မ်က္ဆန္မွာ အနီေရာင္မွ ပကတိအညိဳရင့္ေရာင္သို႔ ျပန္လည္ေျပာင္းလဲသြားၿပီျဖစ္သည္။

" အခု မင္းသားအ႐ုဏနဲ႔အမတ္ယုဂန္ဆီ သြားၿပီး အေၾကာင္းစုံရွင္းျပရေတာ့မွာလား"

ေရဝတီက ေမးသည္။ သူမ​၏ေလယူေလသိမ္းမွာ အလြန္တရာေပါ့ေပါ့ပါးပါးရွိလွေလေရာ ပီယံသည္လည္း သူမကို တ႐ိုတေသမေျပာေနေတာ့ဘဲ သူငယ္ခ်င္းသဖြယ္ေျပာရေကာင္းလားဟု ဒြိဟျဖစ္မိသည္။

" အစကေတာ့ အဲ့သလိုအစီအစဥ္ေပမဲ့ အခုလုပ္လို႔မရေတာ့ဘူး။ အစ္ကိုေတာ္နဲ႔ အစ္ကိုယုဂန္ မရွိေတာ့ဘူး"

ေရဝတီ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားသည္။ သူမသည္ ခဏတာစဥ္းစားေနၿပီးမွ

" သူတို႔ကို တျခားတစ္ေယာက္ကျပန္ေပးဆြဲသြားလို႔လား"

ဟု တအံ့တဩအေမးရွိလာသည္။ ပီယံသည္ ေရဝတီ​၏ ႐ိုးရွင္းကာ တဲ့တိုးဆန္လွေသာအေတြးအေပၚ ငိုရမလား၊ ရယ္ရမလားေတာင္ မသိေတာ့ပါေခ်။

" မဟုတ္ပါဘူး။ အစ္ကိုယုဂန္ရဲ႕အေစခံေစာရံေျပာတာေတာ့ မေန႔ညက သူတို႔အႀကီးအက်ယ္ရန္ျဖစ္ၿပီး အစ္ကိုယုဂန္က စိတ္ဆိုးသြားတယ္တဲ့။ မနက္က် အစ္ကိုယုဂန္က စိတ္ဆိုးၿပီး တမာပင္ၿမိဳ႕ျပန္မယ္ဆိုၿပီး အတင္းကာေရာ ေတာထဲထြက္သြားတယ္တဲ့။ အဲ့တာနဲ႔ အစ္ကိုေတာ္အ႐ုဏက အစ္ကိုယုဂန္ကိုေခ်ာ့ေမာ့ဖို႔ အေနာက္ကလိုက္သြားတယ္ေျပာပါတယ္"

" မထင္ရဘူးေနာ္။ သင့္အစ္ကိုေတာ္က သူ႔ၾကင္ယာေတာ္ကို ေၾကာက္ရတာပဲ"

ပီယံ ထိုစကားကို ေထာက္ခံစိတ္ေသးေသးေလးျဖစ္မိေသာ္လည္း ေၾကာက္ရသည္ဟူေသာ စကားအသုံးအႏႈန္းကိုေတာ့ လက္မခံႏိုင္ပါေခ်။ အစ္ကိုေတာ္အ႐ုဏလို ခြန္အားအရာျပည့္စုံသူက သူ႔ထက္အားနည္းသည့္ အစ္ကိုယုဂန္ကို ေၾကာက္ရသည္ဆိုသည္မွာ မဆီေလ်ာ္လွေသာ အသုံးအႏႈန္းျဖစ္သည္။

ဒါ ေၾကာက္တာမဟုတ္ဘဲ ခ်စ္လို႔ အေလွ်ာ့ေပးထားျခင္း မဟုတ္ပါလား။ ပီယံႏွင့္ အစ္ကိုေတာ္အ႐ုဏသည္ အက်င့္စ႐ိုက္ျခင္း၊ ဝါသနာျခင္း ကြာျခားသည့္တိုင္ ခ်စ္ေရးလ်စ္ရာတြင္ေတာ့ အစ္ကိုေတာ္အ႐ုဏမွာ ပီယံ့​၏စံျပလူသားျဖစ္သည္။  ပီယံသည္လည္း ခ်စ္ရမည့္လူေတြ႕ပါက အစ္ကိုေတာ္အ႐ုဏႏွယ္ ကိုယ့္ဘက္ကသာအစြမ္းကုန္ခ်စ္ေပးၿပီး အေလွ်ာ့ေပးခ်င္သည္။ ဒါကို ေၾကာက္တယ္ေျပာတာကေတာ့ တကယ့္ကို လက္သင့္မခံႏိုင္စရာကိစၥရပ္ပါပင္။

" ေၾကာက္လို႔မဟုတ္ဘဲ ခ်စ္ျမတ္ႏိုးတာပါ။ အစ္ကိုေတာ္အ႐ုဏက အစ္ကိုယုဂန္ကို ဘယ္ေလာက္ခ်စ္ျမတ္ႏိုးသလဲဆိုတာ ကြၽန္ုပ္အသိဆုံးပဲ"

သည္းမခံႏိုင္ဘဲ ထိုသို႔လႊတ္ခနဲေျပာလိုက္မိေသာအခါ ေရဝတီက ျပဴးေၾကာင္ေၾကာင္႐ုပ္ကေလးျပဳကာ

" အင္းပါ။ ကြၽန္ုပ္ကလည္း ဒီအတိုင္းေျပာလိုက္တာပါ"

ဟုတီးတိုးဆိုသည္။ သူမက ပီယံစိတ္ဆိုးသြားသည္ဟု ထင္မွတ္သြားပုံရသည္။

" ဘာပဲျဖစ္ျဖစ္ သူတို႔ျပန္ေရာက္တဲ့အခ်ိန္ကိုေစာင့္ၾကတာေပ့ါ"

" ဒါဆိုရင္ ကြၽန္ုပ္က သင့္အခန္းမွာပဲေနရမွာလား"

ေရဝတီ အထိတ္တလန႔္ေမးသည္။

အသုံးအေဆာင္ပစၥည္းအစုံအလင္ႏွင့္ စည္းစိမ္ရွိလွေသာ ဤအေဆာင္အတြင္း ေရဝတီအဘယ့္ေၾကာင့္ မေနခ်င္ရသလဲ ပီယံ,မစဥ္းစားတတ္ေတာ့ပါေခ်။ ဧကႏၲ သူပါရွိေနမည္ထင္သျဖင့္ စိတ္က်ဥ္းက်ပ္လို႔ေပလား။

" စိတ္မပူပါနဲ႔။ ကြၽန္ုပ္က ခဏေနရင္အေဆာင္ကေနထြက္မွာမို႔လို႔ သင္တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနလို႔ရပါတယ္"

" အဲ့တာေျပာခ်င္တာမဟုတ္ဘူး။ ဒီနားဟိုနား ေလွ်ာက္သြားလို႔ မရဘူးလားလို႔"

ပီယံ မ်က္ေမွာင္ကုတ္ၾကည့္ေသာအခါ သူမက တိုးလွ်ိဳးေတာင္းဆိုသည့္ႏွယ္ အသံကိုပိုတိုးလိုက္ကာ

" အခုမွ လူ႔ျပည္ေရာက္ဖူးတာ ေလွ်ာက္ပတ္ၾကည့္ရမွာေပါ့"

ဟု မပြင့္တပြင့္ဆိုသည္။ အျပင္ထြက္ခ်င္ေသာ သူမစိတ္ကို ပီယံနားလည္ပါသည္။ သို႔ေသာ္ သူမေပ်ာက္သြားမည္ကိုလည္းစိုးရိမ္​ရ၏။ အူတူတူပုံလုပ္ေနေသာ ေရဝတီတစ္ေယာက္ ထြက္ေျပးကာ အစ္ကိုယုဂန္ကို မရမကရွာၿပီး ျပန္ေပးဆြဲသည္မ်ိဳးလည္း ျဖစ္ႏိုင္ေသးသည္။ ထို႔ေၾကာင့္

" အေဆာင္မွာပဲေနတာ ပိုေကာင္းပါလိမ့္မယ္"

ဟုေျပာလိုက္ရာ ေရဝတီမႈန္ကုပ္ကုပ္ျဖစ္သြားကို ျမင္လိုက္ရသည္။

" စားခ်င္တာရွိရင္၊ လိုအပ္တာရွိရင္ ရံေ႐ြေတာ္ေတြကို ေျပာလိုက္ပါ။ ကြၽန္ုပ္သြားလိုက္ပါဦးမယ္"

ပီယံ ထိုမွ်ေျပာကာ စက္ရာေဆာင္ခန္းဝမွထြက္လာၿပီး ပန္းခ်ီဆြဲရန္ ေဆးႏွင့္ပိတ္အခ်ိဳ႕ကိုယူလိုက္သည္။ ထို႔ေနာက္ အေဆာင္ေတာ္မွ ထြက္ခြာလာခဲ့​၏။

တကယ္တမ္း ပီယံ့တြင္ မနက္ပိုင္းလုပ္စရာကိစၥဟူ၍ ရွိမေနပါေခ်။ အေဆာင္ေတာ္တြင္ သူဆက္ေနပါက ေရဝတီ့အတြက္ စိတ္က်ဥ္းက်ပ္စရာ လြတ္လြတ္လပ္လပ္မျဖစ္မည္ကို စိုး၍သာ လုပ္စရာရွာႀကံယူၿပီး အျပင္သို႔ထြက္လာခဲ့ျခင္းျဖစ္သည္။

အခုအခ်ိန္တြင္ ေနေရာင္ကေလးကလည္း ေႏြးေႏြးေထြးေထြးရွိသည္၊ တိတ္ဆိတ္ၿငိမ္သက္မႈကလည္း တည္တည္ၿမဲၿမဲျဖစ္​၏။ ထို႔ေၾကာင့္ ပန္းခ်ီဆြဲရန္ အခ်ိန္အခါေကာင္းဟု ယူဆကာ ပီယံသည္ ပန္းခ်ီေရးဆြဲရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္သည္။ သူသည္ လူသူစစ္သည္ကင္းေဝးေသာ ေတာစပ္နားသို႔ လာခဲ့ၿပီး ထိုတြင္ ပိတ္ကားကို ေနရာခ်ကာ၊ ပန္းခ်ီေဆးမ်ားကိုလည္း ျပင္ဆင္လိုက္သည္။

ယခုလသည္ ေတာ္သလင္းလျဖစ္ၿပီး ၎​၏အခ်ိန္အခါအတိုင္း မိုးမက်၊ ေဆာင္းမေရာက္ကာလလည္းျဖစ္ေပသည္။ ထို႔ေၾကာင့္ မိုးလည္းသိပ္မ႐ြာ၊ သို႔ေသာ္ ရာသီဥတုကလည္း မေအးဘဲ ေနမင္းကျခစ္ျခစ္ေတာက္ပူျပင္းေလသည္။

"ေတာ္သလင္းေန ပုစြန္ေသ"တဲ့။ ေျခာက္ေသြ႕သျဖင့္ ပုစြန္ေတာင္ေသႏိုင္ေသာ အပူခ်ိန္ေပကား။ 

အခုေတာ့ မနက္ခင္းျဖစ္သျဖင့္ သိပ္မသိသာ။ ေန႔လယ္ဆိုလွ်င္ေတာ့ ေခြၽးဒီးဒီးက်ေအာင္ ေနပူေပဦးမည္။ ထို႔ေၾကာင့္ အခုကတည္းက သစ္ပင္ရိပ္ေအာက္မွာ ေနရာယူထားမွ ေတာ္ကာက်လိမ့္မည္။

အေတြးႏွင့္အတူ ပီယံသည္ ကုကၠိဳလ္ပင္ႀကီးတစ္ပင္ေအာက္တြင္ ေနရာယူလိုက္သည္။ အဆိုပါ ကုကၠိဳလ္ပင္ႀကီး​၏အေရွ႕တြင္ ဗာဒံပင္ရွိရာ ေရာ္႐ြက္ဝါ၊ ေရာ္႐ြက္နီမ်ား တျဖဳတ္ျဖဳတ္ေႂကြက်ေနသည္ကို ေတြ႕ရသည္။ ထို႔အျပင္ အရိပ္ခိုလႈံရာ ကုကၠိဳလ္ဟာလည္း ေလအေဝွ႔တြင္ အ႐ြက္မ်ား ေဝ့ကာဝိုက္ကာ တလြင့္လြင့္ေႂကြလြင့္ေနေသး​သည္။ ထို႔ေနာက္တြင္ေတာ့ စိမ္းစိုစိမ္းလန္းစိမ္းၿမဲအတိုင္းျဖစ္ေသာ ေတာအုပ္ၿမိဳင္ၿမိဳင္၊ ေတာပန္းဆိုင္ဆိုင္။

ေလႏုႏုက ပီယံ့​၏ေနာက္ေက်ာဘက္မွေန၍ အေျပးကေလး တိုးေဝွ႔သြားၾကသည္။ ထိုအခ်ိန္ကေလးအတြင္း စိတ္အစုံကို ေလႏွင့္အတူ လြတ္လပ္ခြင့္ေပးလိုက္ေသာအခါ အႏုပညာရွင္​၏အိပ္မက္သဖြယ္ အေတြးေငြ႕လႊာက အျမင္အာ႐ုံတြင္ ျဖတ္ခနဲေပၚေပါက္လာသည္။

လူ႔ျပည္ေရာက္တုန္း ေႂကြလြင့္လာသည့္ သစ္႐ြက္တို႔ႏွင့္ ေဆာ့ကစားေနေသာ နဂါးတစ္ေကာင္....

သို႔မဟုတ္ လူေယာင္ဖန္ဆင္းထားသည့္ နဂါးအမ်ိဳးသမီးဟူ၍ ဆြဲလွ်င္ပိုေကာင္းမည္လား။

႐ိုးရာေရးဆြဲနည္းအရ ကႏုတ္၊ နရီ၊ ကပီ၊ ဂဇာ ဟူ၍ ေရးဆြဲနည္းေလးနည္း ရွိသည္။

ၾကာႏြယ္၊ ၾကာ႐ြက္၊ ၾကာပြင့္၊ ၾကာခိုင္ ေသာင္းေျပာင္းသြယ္ယွက္ဟန္ ကႏုတ္ကို ပန္းခ်ီကား​၏ေထာင့္ခ်ိဳးႏွင့္ ေဘးေဘာင္တြင္ ခပ္စိတ္စိတ္ထည့္လိုက္မည္ဟု ေတြးသည္။

ဆင္၊ မိေက်ာင္းကဲ့သို႔ တိရိစာၦန္အေကာင္ႀကီးမ်ား မပါသည့္အတြက္ ဂဇာကိုမလို။

သို႔ေသာ္ ဒြိဟျဖစ္စရာက ေက်းငွက္တိရိစာၦန္ေရးဆြဲေသာ ကပီကို သုံးရမည္လား၊ အမ်ိဳးသမီး၊ နတ္၊ ျဗဟၼာဆြဲေသာ နရီကို သုံးသင့္သည္လား ဆိုတာပင္။

နဂါးဆိုလွ်င္ေတာ့ ကပီ၊ ေရဝတီဆိုလွ်င္ေတာ့ နရီ။

ေတာ္ေတာ္ၾကာၾကာဒြိဟျဖစ္ၿပီးသည့္ေနာက္ နရီသာသုံးမည္ဟုေတြးေတာလိုက္သည္။ နတ္နဂါး​၏ တကယ့္ပုံစံအသြင္ကို သူမွအျပင္မွာ မျမင္ဖူးေသးဘဲ မဟုတ္ပါလား။

လူေယာင္ဖန္ဆင္းထားသည့္ နဂါးမွန္းသိေအာင္လို႔ေတာ့ ျပဇာတ္တြင္သုံးသည့္ နဂါးေခါင္းေဆာင္းဝတ္ေပးလိုက္ဦးမည္။ အျပင္ဘက္ရွိ နဂါးအစစ္မ်ားကေတာ့ နဂါးမွန္းသိေအာင္ အေမာက္ေထာင္ျပစရာမလိုသည့္အတြက္ ျပဇာတ္သုံးဝတ္႐ုံမ်ား မဝတ္ဆင္ၾကပါ။ သို႔ေသာ္လည္း ပန္းခ်ီတြင္ေတာ့ အေမာက္ေထာင္ရေအာင္ ဝတ္ဆင္ေပးမွရမည္။

ပုံအတြက္ စိတ္ကူးရရွိၿပီးေနာက္ အေတြးႏွင့္မၿပီး၊ တတ္ကြၽမ္းေသာပညာႏွင့္ပါ ပုံေဖာ္ရမည္မို႔ ပီယံသည္ ပိတ္ကားထက္၌ အေတြးပုံရိပ္တို႔ကို ခ်ဆြဲပုံေဖာ္ေလ​သည္။

လက္ကေလးက က်င့္သားရလာေသာအခါ၊ ပုံဆြဲရတာ လြတ္လပ္ေပါ့ပါးလာေသာအခါ ေႂကြလြင့္ေနသည့္ သစ္႐ြက္မ်ားကိုၾကည့္ရင္း ေတးသီခ်င္းကို ဆိုညည္းခ်င္လာသည္။

ပီယံ့အတြက္ လုပ္ေဆာင္ရမည့္အရာကို ႏွလုံးသားက အရင္ဆုံးျဖတ္ခ်က္ေပးသည္မို႔ ပီယံသည္ ႏႈတ္မွထြက္ရာ ေတးတစ္ပုဒ္ကို အမႈမဲ့သီၾကဴးလိုက္မိသည္။ ဤေနရာ၌ လူသူကင္းမဲ့သည္မို႔ အပ်င္းေျပ သီခ်င္းညည္းသည္ျဖစ္ေသာ္လည္း သူဟာ ခပ္က်ယ္က်ယ္ႏွင့္ အသံအနိမ့္အျမင့္ကို ေသေသခ်ာခ်ာ သီဆိုလိုက္သည္။

" သာဆန္းငယ္တဲ့ ရဂုံေဘြ၊ ညႇင္းေျပေျပ၊ ေလျပည္ေလာင္း၊ ညႇာေျခစိမ္းရင့္ေမာင္း၊ ေညာင္႐ြက္ကယ္တည့္၊ေႂကြေလဟန္"

( သစ္႐ြက္ေႂကြတဲ့အေၾကာင္းေရးထားတဲ့ "သာဆန္းငယ္တဲ့ရဂုံေဘြ" ကို ကုန္းေဘာင္ေခတ္အလယ္ပိုင္း(အမရပူရေခတ္)မွာ ျမဝတီမင္းႀကီးဦးစေရးသားခဲ့ပါတယ္။

TEO က own universe ျဖစ္ေပမဲ့ သီခ်င္းစာသားထည့္ေရးရတဲ့အခါ ေတးဂီတဉာဏ္မရွိတဲ့ကြၽန္မ တစ္ေၾကာင္းႏွစ္ေၾကာင္းစပ္ဖို႔ေတာင္ ခဲယဥ္းပါတယ္။ ဒါ့ေၾကာင့္ ရွိၿပီးသား နာမည္ႀကီးသီခ်င္းကိုပဲ ယူသုံးလိုက္ပါတယ္။ ဒါေပမဲ့ own universe မို႔ စာပိုဒ္ထဲမွာ ျမဝတီမင္းႀကီးဦးစကို mention လိုက္ရင္ ဝတၳဳရဲ႕ယုတၱိရွိမႈ ပ်က္ယြင္းသြားပါလိမ့္မယ္။ ဒါေၾကာင့္ ျမဝတီမင္းႀကီးဦးစကို mention မလုပ္ဘဲ A/N မွာပဲ သက္သက္ေဖာ္ျပလိုက္ရတာကို နားလည္ေပးေစလိုပါတယ္)

ႏႈတ္ကလည္းဆို၊ လက္ကလည္း ေရးဆြဲ​၏။ ပန္းခ်ီဆြဲသည့္ဘက္ပါ စိတ္ထည့္ထားရသည္မို႔ သီခ်င္းစာသားကို ဆက္မေတြးႏိုင္ဘဲ ေခတၱရပ္မိသည့္အခါလည္းရွိသည္။ ေနာက္မွ ဆြဲဆြဲငင္ငင္ႏွင့္ဆက္ဆိုသည္။

" ျမညႇာေ႐ႊရည္လွ်ံ၊ သင္းက်ံက်ံေလတည့္၊ ဝင္းတဲ့..."

လက္ကိုတြ႕န္လိုက္မိသျဖင့္ ေဆးအခ်ိဳ႕ေဘးဘီကို ထြက္ကုန္သည္။ ထို႔ေၾကာင့္ ေဆးမေျခာက္ခင္ ေပက်ံသြားေသာေဆးကို လက္ကိုင္ပဝါျဖင့္ ဂ႐ုတစိုက္သုတ္လိုက္​၏။ ထိုအခါ သီခ်င္းဆိုရန္ ေမ့ေလ်ာ့သြားၿပီး အသံျပတ္သြားသည္ျဖစ္ရာ ပန္းခ်ီေဆးကိုသုတ္ၿပီးကာမွ ျပန္ဆိုရန္ ႏႈတ္ခမ္းႏွစ္လႊာအသာဟလိုက္သည္။

သို႔ေသာ္ မိမိမညည္းညဴရေသးခင္မွာပင္ အေနာက္ဘက္မွ သီခ်င္းဆိုသံသဲ့သဲ့ထြက္ေပၚလာသည္။

" ဝင္းတဲ့ ဝင္းလွ်ံလွ်ံ...."

ႏုပ်ိဳဟန္အသြင္ ျပည့္လွ်ံလွေသာ ေယာက္်ားေလးတစ္ဦး​၏အသံေၾကာင့္ ပီယံ ဆြဲလက္စစုတ္တံကိုခ်ကာ အေနာက္သို႔ လွည့္ၾကည့္လိုက္သည္။

ထိုတြင္ သူ​၏အေနာက္တည့္တည့္၌ ရပ္ေနေသာ ငယ္႐ြယ္မည္ထင္ရသည့္ ေကာင္ေလးတစ္ဦးကို ေတြ႕လိုက္ရသည္။

ထိုေကာင္ေလးသည္ ေသွ်ာင္ကိုတစ္ေစာင္းထုံးကာ ဆံဆံၿမိတ္တိုတိုခ်ထား​၏။ အသားဟာ ျဖဴဝင္းလြန္းလွၿပီး ဝိုင္းစက္ေတာက္ပေသာမ်က္ဝန္းႏွင့္ မ်က္အိတ္ေဖာင္းေဖာင္းအိအိတို႔ကိုပိုင္ဆိုင္ထားသည္။ မ်က္အိတ္ေၾကာင့္ပင္ သူ​၏မ်က္လုံးမွာ ပိုမိုခ်စ္ဖို႔ေကာင္းေသာအသြင္သို႔သြားကာ စုတုတုႏွင့္ နီနီရဲရဲျဖစ္ေသာ ႏႈတ္ခမ္းဖူးဖူးေလးတစ္စုံေၾကာင့္ မိန္းကေလးဆန္ဆန္ခ်စ္ဖို႔ေကာင္းသည့္ဘက္သို႔ သြားေလသည္။ ထိုေကာင္ေလး​၏ အမ်ားႏွင့္မတူေသာ ထူးျခားခ်က္ဟု ဆိုရလွ်င္ေတာ့ ထင္ရွားသည့္ ပါးေဖာင္းေဖာင္းကေလးႏွစ္ဖက္ပင္ျဖစ္​ရမည္။

ထိုေကာင္ကေလးသည္ ပါးေဖာင္းရေလကာ ၾကည့္လိုက္႐ုံႏွင့္ အႏွီေဖာင္းအိအိပါးကို အလ်င္သတိထားမိလိုက္မည္ျဖစ္ၿပီး ထိုပါးေၾကာင့္ပင္ ထိုေကာင္ေလးမွာ ရွဥ့္ေပါက္သဖြယ္ လုံးလုံးအိအိျဖစ္ေနသည္။

ထိုေကာင္ေလးသည္ ပီယံလွည့္ၾကည့္လာသည္ကိုျမင္ေသာ္ ခ်က္ခ်င္းပင္ ေျမႀကီးေပၚဒူးေထာက္ခ်လိုက္ကာ

"ဥတၱရႏိုင္ငံရဲ႕ အရွင့္သားကို ဂါဝရျပဳပါတယ္"

ဟု ထပ္ဆင့္ၿပီးဂါရဝျပဳေသာအားျဖင့္ ေခါင္းငုံ႔၍ ဆိုသည္။

ပီယံသည္ ေကာင္ေလး​၏အဖိုးတန္အဝတ္အစားမ်ားေၾကာင့္ သာမန္လူတစ္ဦးမဟုတ္မွန္း ရိပ္မွန္းမိေလရာ

" အသင္ကဘယ္သူပါလဲ"

ဟု အေမးျမန္းရွိလိုက္သည္။

ထိုအခါ ေကာင္ေလးသည္ ေျမႀကီးေပၚဒူးေထာက္ရာမွ ကပ်ာကယာျပန္ထ,လာၿပီး ပီယံမိတ္အနားသို႔ ေျခလွမ္းပိုတိုးေလွ်ာက္လာသည္။ ၿပီးမွ သူ႔ကိုယ္သူမိတ္ဆက္သည္။

" ကြၽန္ုပ္က ရာဓဇတိုင္းရဲ႕ အငယ္ဆုံးမင္းသား ဧကသူ ျဖစ္ပါတယ္ အရွင့္သား"

ပီယံသည္ မေမွ်ာ္လင့္ထားေသာအရာကို ၾကားလိုက္ရသျဖင့္ အလြန္အမင္းအံ့အားသင့္သြား​၏။ ပထမဆုံး ရာဓဇတိုင္းမင္းသား ဒီကိုေရာက္ရွိေနသျဖင့္ အံ့ဩရျခင္းျဖစ္ၿပီး ဒုတိယမွာ ဒီလို႐ုပ္ကေလးက ဧကသူျဖစ္ေနေသာေၾကာင့္ပင္။

ရာဓဇတိုင္း​၏တတိယေျမာက္မင္းသား မင္းသိဒၶာတ္​၏ေနာက္သို႔လိုက္ကာ အစ္ကိုေတာ္ႀကီးျဖစ္သည့္ ရာဓဇဘုရင္ရွင္စိတၱအား အတူတကြပုန္ကန္ေသာ စတုတၱေျမာက္မင္းသားဧကသူဟု ၾကားစဥ္အခါက ဧကသူကို ဒီထက္ပိုၿပီး ၾကမ္းၾကမ္းတမ္းတမ္းႏွင့္ အေကာင္ႀကီးႀကီးျဖစ္မည္ဟု ထင္မွတ္ခဲ့ဖူးသည္။

အခုေတာ့ ခႏၶာကိုယ္က လုံးလုံးေသးေသး၊ ပါးေဖာင္းေဖာင္းႏွင့္ရွဥ့္ေပါက္လိုလို ေကာင္ေလးတစ္ဦးသာ။

အင္းေပါ့ေလ။ မင္းသားဧကသူက အသက္အ႐ြယ္ငယ္ေသးသည္ဟု ၾကားဖူးသည္မဟုတ္ပါလား။ အလြန္ဆုံးရွိမွ အသက္ ၁၇၊ ၁၈ပင္။

ဒီကေလးက ဘယ္လိုလုပ္ၿပီးမ်ား ဥတၱရႏိုင္ငံထဲေရာက္ေနသလဲ ဆိုတာကေတာ့ စဥ္းစားခ်င္စရာ။

ၿပီးေတာ့ တစ္ကိုယ္တည္းေရာက္ရွိေနျခင္းေပလား။

အေတြးႏွင့္အတူ ပီယံသည္ မင္းသားဧကသူ​၏ကိုယ္ရံေတာ္မ်ား အနား၌ရွိေနသလားဟု လွည့္ပတ္ရွာၾကည့္မိသည္။ ထိုအခါမွ ခပ္လွမ္းလွမ္းရွိ သစ္ပင္တစ္ပင္ေပၚ၌လည္းေကာင္း၊ အေဝးတစ္ေနရာရွိ ေက်ာက္တုံးေနာက္ကြယ္၌လည္းေကာင္း၊ တျခားေသာသစ္ပင္ႀကီးတစ္ပင္ေပၚတြင္လည္းေကာင္း ပုန္းကြယ္ေနေသာ ကိုယ္ရံေတာ္မ်ားကို ေတြ႕လိုက္ရသည္။

ထင္သည့္အတိုင္း မင္းသားမင္းသိဒၶာတ္က သူ​၏ ႏုႏုနယ္နယ္အသြင္ရွိလွေသာ ေဖာင္းေဖာင္းလုံးလုံးညီေတာ္ကို သူမ်ားႏိုင္ငံအတြင္း တစ္ကိုယ္တည္းမေစလႊတ္ခဲ့ပါေခ်။ ကိစၥရွိ၍သာ သူ​၏ညီေတာ္ကို ဤသို႔ေစလႊတ္ခဲ့ျခင္းသာျဖစ္ရမည္။

" ရာဓဇတိုင္းရဲ႕မင္းသားက ဒီကိုဘယ္လိုလုပ္ၿပီးမ်ားေရာက္ရွိေနတာပါလဲ"

ဧကသူက သူ႔ကို မ်က္လုံးဝိုင္းဝိုင္းကေလးျဖင့္ၾကည့္လာသည္။ သူသည္ ခါးတြင္ခ်ည္ေႏွာင္လာေသာ သဝဏ္လႊာတစ္ေစာင္ကို ျဖဳတ္ေနရင္း

" အေၾကာင္းစုံကိုရွင္းျပပါမယ္ အရွင့္သား"

ဟုဆိုသည္။

ဧကသူက သဝဏ္လႊာကို ပီယံမိတ္ဆီေပး​၏။ ထို႔ေၾကာင့္ ထိုထဲ၌ အေၾကာင္းအရာေရးသားထားမည္အထင္ႏွင့္ ပီယံ ဖြင့္ၾကည့္လုဆဲဆဲတြင္ ဧကသူက အေၾကာင္းစုံကိုေျပာျပလာသည္။

လတ္စသတ္ေတာ့ သဝဏ္လႊာဟာ သက္သက္စာတစ္ေစာင္ပါေပလားဟု ပီယံ သေဘာေပါက္သြား​၏။ ထို႔ေၾကာင့္ သဝဏ္လႊာကို ေခတၱျပန္ပိတ္လိုက္ကာ ဧကသူ​၏ရွင္းလင္းေျပာျပခ်က္ကို အလ်င္နားေထာင္လိုက္သည္။

ဧကသူ​၏ရွင္းျပမႈသည္ ယေန႔မနက္ခင္းေစာေစာက ေတာအုပ္တြင္း၌ စတင္ခဲ့ျခင္းျဖစ္သည္။

ယေန႔ မနက္အခ်ိန္အခါက မင္းသားအ႐ုဏႏွင့္သူ​၏ၾကင္ယာေတာ္ယုဂန္ႏိုင္တို႔ ေတာအုပ္အတြင္းသို႔ တိတ္တဆိတ္ေရာက္ရွိခဲ့ၾကသည္။ ထိုတြင္ အခ်ိန္းအခ်က္ျပဳထားေသာ ေနရာ၌ မင္းသားဧကသူ၊ သူ​၏ထိပ္တန္းကိုယ္ရံေတာ္ ငါးေယာက္အဖြဲ႕ႏွင့္ စစ္သည္ႏွစ္ဆယ္ပါအစုတို႔ မင္းသားအ႐ုဏႏွင့္ လွ်ိဳ႕ဝွက္စြာေတြ႕ဆုံခဲ့ၾကသည္။

မင္းသားဧကသူသည္ အသက္အ႐ြယ္အားျဖင့္ ၁၈မွ်ရွိေသးသည္ျဖစ္ေသာ္လည္း ပင္ကိုစ႐ိုက္အားျဖင့္လည္းေကာင္း၊ ဘဝမွသင္ၾကားေပးခဲ့၍လည္းေကာင္း သက္လယ္ပိုင္းလူႀကီးတစ္ဦးႏွယ္ အလ်င္အျမန္ရင့္က်က္တည္ၿငိမ္ခဲ့ရာ မင္းသားမင္းသိဒၶာတ္​၏ ယုံၾကည္အားကိုးျခင္းခံရေသာ ညီေတာ္ျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ မင္းသားအ႐ုဏႏွင့္ယုဂန္ႏိုင္ကို ေတြ႕ဆုံရန္ မင္းသားဧကသူကို ေစလႊတ္ခဲ့ကာ မင္းသားဧကသူဟာလည္း သူ​၏တာဝန္ကို အျပည့္အဝေက်ပြန္ခဲ့သည္။

" ကြၽန္ုပ္က ရာဓဇတိုင္းရဲ႕စတုတၳေျမာက္မင္းသား ဧကသူျဖစ္ပါတယ္။ ကြၽန္ုပ္ရဲ႕အစ္ကိုေတာ္ မင္းသားမင္းသိဒၶာတ္ဟာ တိုင္းေရးျပည္ခင္းမ်ားကို ေန႔ညမအား စီစဥ္ေဆာင္႐ြက္ေနရတာျဖစ္တဲ့အတြက္ အရွင့္သားကို ကိုယ္တိုင္ကိုယ္က် လာေရာက္မေတြ႕ဆုံႏိုင္တာ ခြင့္လႊတ္ေပးေတာ္မူပါ။  သို႔ေပမဲ့ အရွင့္သားအတြက္ အစ္ကိုေတာ္က ႐ိုေသေလးစားစြာနဲ႔ သဝဏ္လႊာပါးလိုက္ပါတယ္"

မင္းသားဧကသူသည္ မင္းသားအ႐ုဏႏွင့္ အမတ္ယုဂန္ႏိုင္ကိုေတြ႕သည္ႏွင့္ ညက္ေညာေျပျပစ္စြာ ႏႈတ္ခြန္းဆက္စကားဆိုကာ ေ႐ႊအနားကြပ္ေသာ သဝဏ္လႊာတစ္ေစာင္ကို တ႐ိုတေသေပးအပ္လိုက္သည္။

အ႐ုဏသည္ ထိုသဝဏ္လႊာကိုယူၿပီး ဖြင့္ဖတ္လိုက္​၏။ ထိုသဝဏ္လႊာထဲတြင္ မင္းသားမင္းသိဒၶာတ္မွ သူ႔ဆီ ေပးပို႔လိုက္ေသာ အေရးႀကီးစကားမ်ားကို ခ်စ္ၾကည္ေရးဆန္စြာ စကားလုံးအလွမ်ားႏွင့္ ေရးသားထားသည္။

ေရွးဦးစြာ မင္းသိဒၶာတ္သည္ သူ​၏တိုင္းေရးျပည္ခင္းစိတ္မဝင္စား၊ ကိုယ္က်ိဳးသာၾကည့္ၿပီး မင္းမိုက္ျဖစ္ေနသူအစ္ကိုေတာ္ မင္းႀကီးရွင္စိတၱကို မိမိမွာ ႏွစ္ႏွစ္တိုင္တိုင္ပုန္ကန္ခဲ့သျဖင့္ မင္းသားအ႐ုဏ​၏ပုန္ကန္ရျခင္းအေၾကာင္းရင္းကို နားလည္ကိုယ္ခ်င္းစာေၾကာင္း ေရးသားထားသည္။ တစ္ဆက္တည္းပင္ မိမိမွာ သုံးႏွစ္ၾကာေအာင္ ပုန္ကန္ခဲ့ရ၍ ယခုအခ်ိန္မွ ရာဓဇ​၏ၿမိဳ႕ေတာ္ကို ဝန္းရံႏိုင္ျခင္းျဖစ္ေသာ္လည္း မင္းသားအ႐ုဏမွာမူ လပိုင္းအတြင္းဤအေျခအေနသို႔ေရာက္ရွိခဲ့ျခင္းမွာ ေလးစားခ်ီးက်ဴးဖြယ္ပင္ျဖစ္ေၾကာင္း၊ မင္းသားအ႐ုဏ​၏လက္႐ုံးရည္၊ ႏွလုံးရည္ကို ယခင္ကတည္းက ၾကားဖူး၍ ေလးစားေနရျခင္းျဖစ္ေၾကာင္း သံတမန္ခင္းအရ ေျမႇာက္ပင့္ေရးသားထားသည္။

ထို႔ေနာက္တြင္မူ လက္ရွိအခ်ိန္တြင္ မိမိသည္ ရာဓဇတိုင္း​၏ၿမိဳ႕ေတာ္ကို ဝန္းရံၿပီးျဖစ္သျဖင့္ မၾကာမီအခ်ိန္အတြင္း နန္းေတာ္ကိုသိမ္းပိုက္ကာ မုခ်လည္း အႏိုင္ရမည္ျဖစ္ေၾကာင္း၊ သို႔ရာတြင္ အရွင့္သားတို႔ႏွင့္ေဆြးေႏြးတိုင္ပင္ဖူးသည့္အတိုင္း အခက္အခဲဟူ၍ လက္ရွိရာဓဇဘုရင္​၏ ေမွာ္နက္ပညာရွင္ အတိုင္ပင္ခံအမတ္ႀကီးသာရွိေၾကာင္း၊ ထိုအမတ္ႀကီးကို အရွင့္သားတို႔ဘက္မွ ကတိျပဳထားသည့္အတိုင္း ရွင္းလင္းေပးႏိုင္ခဲ့ပါမူ မိမိသည္ အရွင့္သား​၏ထာဝရမိတ္ေဆြျဖစ္တည္သြားကာ ေတာင္းခံထားေသာအရာမ်ားအားလုံးကို ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း၊ ေနာက္ဆုံးတြင္ မိမိ​၏ညီေတာ္ကို အရွင့္သားတို႔​၏အရိပ္ေအာက္၌ ညီေတာ္အရင္းသဖြယ္ဂ႐ုစိုက္ေပးကာ မိမိ​၏ညီေတာ္မွလည္း အရွင့္သား​၏ေက်းဇူးကိုသိတတ္ၿပီး အက်ိဳးကို ေဆာင္႐ြက္ေပးလိမ့္မည္ျဖစ္ေၾကာင္း ဆိုထားကာ စာအဆုံးတြင္ သူ​၏အမွတ္တံဆိပ္ေတာ္ကို ခ်ိပ္ျဖင့္႐ိုက္ႏွိပ္ထားသည္။

မင္းသားမင္းသိဒၶာတ္​၏စာမွာ အလုံးစုံျပည့္စုံကုံလုံပါသည္။ တစ္ခုသာမွားေနျခင္းျဖစ္​၏​။

ထိုအမွားမွာ " အရွင့္သားတို႔ႏွင့္ေဆြးေႏြးတိုင္ပင္ဖူးသည့္အတိုင္း" ဟူေသာစာသားသာျဖစ္ေလသည္။

အဘယ္ေၾကာင့္ဆိုေသာ္ တကယ္တမ္း ထိုကိစၥအဝဝကို မင္းသားမင္းသိဒၶာတ္ႏွင့္ တိုင္ပင္ၿပီးအစီစဥ္ခ်မွတ္ခဲ့သူမွာ ယုဂန္ႏိုင္သာ ျဖစ္သည္။ ယုဂန္သည္ သူ​၏တံဆိပ္ေတာ္ကို တံခါးမရွိ၊ ဓားမရွိ ကိုင္ေဆာင္ခြင့္ရသူပီပီ မင္းသားမင္းသိဒၶာတ္ကို သူ႔အမည္သုံး၍ သဝဏ္လႊာေပးပို႔ကာ အရာအားလုံးကို ညႇိႏႈိင္းစီစဥ္ခဲ့​သည္။ အေပးအယူလုပ္ေဆာင္ခဲ့သည္။ အားလုံးေနရာက်မွ သူ႔ကို အသိေပးကာ သူသည္ ယုဂန္ႏိုင္ေခၚေဆာင္ရာေနာက္ကို  မ်က္စိသူငယ္နားသူငယ္ႏွင့္ လိုက္ခဲ့ရသူျဖစ္သည္။

သို႔ေပမဲ့လည္း ယုဂန္​၏အစီစဥ္မွာ အၾကားအလပ္မရွိေနရာက်လွသျဖင့္ အ႐ုဏ,ျငင္းဆိုစရာအေၾကာင္းမရွိပါေခ်။ ထို႔ေၾကာင့္ ယုဂန္မွသူ႔ကိုအေၾကာင္းစုံေျပာျပေသာအခါ သူသည္ လြယ္လြယ္ကူကူႏွင့္လက္ခံလိုက္ၿပီး ယခင္ကတည္းက ႀကိဳတင္သိရွိထားသူအတိုင္း ျပဳမူလႈပ္ရွားလိုက္ေတာ့သည္။

ပထမဆုံးလႈပ္ရွားမႈမွာ ေတာထဲသို႔ထြက္လာၿပီး မင္းသားမင္းသိဒၶာတ္​၏ကိုယ္စားလွယ္ မင္းသားဧကသူႏွင့္ ေတြ႕ဆုံျခင္းျဖစ္သည္။

ေနာက္ၿပီး ယခုထိမျဖစ္လာေသးေသာ အေၾကာင္းရင္းတစ္ခ်က္လည္းရွိေနေသး​သည္။

" ကြၽန္ုပ္နဲ႔အတူ လိုက္ပါလာတဲ့ ရာဓဇစစ္သည္ေတြက အရွင့္သားနဲ႔ အမတ္မင္းတို႔ကို ရာဓဇတိုင္းဆီ ေဘးမသီရန္မခဘဲ ေရာက္ရွိေအာင္ပို႔ေဆာင္ေပးၿပီး အရွင့္သားတို႔အက်ိဳးကို ထမ္းေဆာင္ပါလိမ့္မယ္။ ဒါ့အျပင္ ကြၽန္ုပ္ကိုလည္း ႀကိဳက္ရာအမိန႔္ေပးအပ္ၿပီး ႀကိဳက္ရာတာဝန္ထမ္းေဆာင္ေစႏိုင္ပါတယ္"

မင္းသားဧကသူက ႐ိုက်ိဳးစြာေျပာသည္။

သံတမန္ခင္းအရ ညီေတာ္ဧကသူကို ပို႔ေဆာင္လိုက္ျခင္းျဖစ္သည္ဟု ယဥ္ေက်းစြာဆိုႏိုင္ေသာ္လည္း အမွန္တကယ္ အဓိပၸါယ္စစ္စစ္ကိုဆိုရလွ်င္မူ အေပးအယူတည္တံ့ေစေသာ္ငွါ ယုံၾကည္မႈတည္ေဆာက္ရန္အတြက္ မင္းသားဧကသူကို ဓားစာခံလႊတ္လိုက္ျခင္းသာ။

အ႐ုဏသည္ ေသခ်ာစြာစဥ္းစားၿပီးသား ျဖစ္သည့္အတိုင္း ပီယံမိတ္အတြက္ သဝဏ္လႊာေရးသားေပးရန္ ေပ႐ြက္လႊာတစ္ေစာင္ ကိုထုတ္လိုက္သည္။ ထို႔ေနာက္

" သင္က ဒီမွာေနခဲ့ၿပီး ကြၽန္ုပ္ရဲ႕ညီေတာ္ မင္းသားပီယံမိတ္ကို အကူညီျဖစ္ေပးပါ။ ၿပီးတာနဲ႔ ပီယံမိတ္အတြက္ ကြၽန္ုပ္ သဝဏ္လႊာေရးေပးလိုက္ပါ့မယ္။ သူ႔ကို အဲ့သဝဏ္လႊာေပးအပ္ၿပီး အေၾကာင္းစုံရွင္းျပလိုက္ပါ"

ဟု ဧကသူကိုေျပာ​၏။ ဧကသူသည္လည္း

" မွန္လွပါ အရွင့္သား"

ဟုဆိုကာ သဝဏ္လႊာေရးၿပီးသည္အခ်ိန္ထိ အနားတြင္ေစာင့္ဆိုင္းေနသည္။

အ႐ုဏ သဝဏ္လႊာကိုေရး​၏။ သဝဏ္ေရးၿပီး၍ တံဆိပ္ႏွိပ္ၿပီးသည့္အခ်ိန္ႏွင့္ ကြက္တိပင္ ေစာင့္ေမွ်ာ္ေနေသာအေၾကာင္းရင္းတစ္ခ်က္က ေရာက္ရွိလာေလၿပီ။

​အ႐ုဏသည္ သဝဏ္လႊာကိုလိပ္ေနရင္း တိုးညႇင္းလြန္းေသာ ၿခိမ္းေျခာက္သံကိုၾကားလိုက္သည့္ ဝံပုေလြတစ္ေကာင္ပမာ ေခါင္းကိုဆတ္ခနဲေထာင္လိုက္သည္။ တစ္ဆက္တည္းပင္ သဝဏ္လႊာကို ဧကသူ႔ဆီေပးလိုက္ရင္း

"ေရာက္လာၿပီ"

ဟု အသိေပးစကားဆိုသည္။

ထိုစကားကိုၾကားသည္ႏွင့္ ဧကသူသည္ သူ​၏စစ္သည္မ်ားဘက္လွည့္ကာ

" အားလုံးအသင့္ျပင္ထား"

ဟူ၍ အမိန႔္ေပး​သည္။ အမိန႔္ရေသာ စစ္သည္မ်ားဟာလည္း တစ္စကၠန႔္ေလးေတာင္ မျခားေစရဘဲ သူတို႔​၏လက္နက္အသြယ္သြယ္ကို အသင့္ျပင္ဆင္ကာ ဧကသူ၊ အ႐ုဏႏွင့္ယုဂန္ႏိုင္​၏ေဘးပတ္လည္တြင္ ေရွ႕တန္းမွဝန္းရံကာကြယ္လိုက္ၾကသည္။

မေရွးမေႏွာင္းပင္ မ်က္ႏွာကို အဝတ္တို႔ျဖင့္ဖုံးအုပ္ထားေသာ လူတစ္စုမွ သစ္ပင္ထိပ္သို႔ ကိုယ္ေဖာ့၍နင္းလ်က္ သူတို႔ရွိရာရပ္ဝန္းဆီ တစ္ဟုန္းထိုးေရာက္ရွိလာၾကသည္။

ထိုလူအုပ္သည္ ဧကသူႏွင့္ စစ္သည္မ်ားကိုျမင္ေသာအခါ မေမွ်ာ္လင့္ထားသည့္ပမာ အံံ့ဩတႀကီးျဖစ္သြားေသးသည္။ သို႔ေသာ္လည္း ယင္းမွာ မ်က္တစ္ခတ္မွ်သာ ၾကာလိုက္ၿပီး သူတို႔​၏တာဝန္ျဖစ္သည့္အတိုင္း လုပ္ႀကံသတ္ျဖတ္မႈကို ခ်က္ခ်င္းစတင္ေတာ့သည္။

အ႐ုဏသည္ သူ​၏ဓားရွည္ကို ႐ႊမ္းခနဲျမည္ေအာင္ ဆြဲထုတ္လိုက္​၏။ ထို႔အတူ ကာကြယ္ေပးေနေသာစစ္သည္မ်ားဟာလည္း လုပ္ႀကံသတ္ျဖတ္သူမ်ားကို တစ္ခဏမနား တိုက္ခိုက္ၾကေတာ့သည္။

ေတာထဲ၌ ျပင္းထန္ေသာတိုက္ပြဲတစ္ခု ျဖစ္တည္သြား​၏။ သို႔ေသာ္လည္း ရာဓဇထိပ္တန္းစစ္သည္ေတာ္မ်ားႏွင့္ စစ္သည္ဘီလူးျဖစ္ေသာ အ႐ုဏတို႔ဘက္မွာ သိသိသာသာကို အႏိုင္ရရွိေနခဲ့သည္။

ဤသို႔ႏွင့္ အဆုံးသတ္တြင္မူ လုပ္ႀကံသူမ်ားအနက္ ေသသူကေသ၊ ဖမ္းမိသူကဖမ္းမိႏွင့္ က်န္ေသာသူမ်ားဟာေတာ့မႏိုင္ေတာ့မွန္းသိသျဖင့္ အလွ်ိဳလွ်ိဳထြက္ေျပးသြားၾကသည္။

စစ္သည္တို႔သည္ အရွင္ဖမ္းမိေသာ လုပ္ႀကံသူႏွစ္ဦးကို လက္ျပန္ႀကိဳးတုပ္ကာ အ႐ုဏႏွင့္ယုဂန္ႏိုင္​၏ေရွ႕ေမွာက္တြင္ ဒူးေထာက္ခိုင္းလိုက္သည္။

မထင္မွတ္ထားစြာႏွင့္ လုပ္ႀကံသူတို႔အေပၚ ပထမဆုံးက်ေရာက္လာသည့္အရာမွာ ယုဂန္ႏိုင္​၏ၾကမ္းတမ္းေသာ လက္သီးတစ္ခ်က္စီျဖစ္သည္။

ယုဂန္သည္ လုပ္ႀကံသူႏွစ္ဦး​၏ ေခါင္းမ်ားေဘးသို႔လည္ထြက္သြားသည္အထိ စိတ္ရွိလက္ရွိတစ္ခ်က္ထိုးႏွက္​၏။ ၿပီးမွ

" မင္းတို႔ကို ဒါဘယ္သူခိုင္းတာလဲ။ တပ္မႉးစိတၱ မဟုတ္လား"

ဟု မာေၾကာျပတ္ေတာက္လွေသာ အသံျဖင့္ေမးသည္။

ထင္သည့္အတိုင္း လုပ္ႀကံသူမ်ားမွာ လြယ္လြယ္ကူကူႏွင့္ ဖြင့္မဆိုၾကပါေခ်​။ ထို႔ေၾကာင့္ ယုဂန္သည္ ရာဓဇစစ္သည္မ်ားကိုၾကည့္ကာ အခ်က္ေပးလိုက္​သည္။ ထိုအခါ စစ္သည္မ်ားသည္ လုပ္ႀကံသူႏွစ္ဦးေဘးသို႔ ဝိုင္းဝန္းလိုက္ၾကကာ ေထာင္းထုကန္ေက်ာက္ေတာ့သည္။

ထိုသို႔အႏွိပ္စက္ခံရသျဖင့္ လုပ္ႀကံသူႏွစ္ဦး ဖူးေယာင္ၿပဲကြဲၾက၍ နာက်င္မႈဒဏ္ဖိစီးလာမွသာ လုပ္ႀကံသူတို႔သည္ မိမိတို႔ကိုအသက္ခ်မ္းသာေပးပါရန္ အႏူးအၫြတ္ေတာင္းပန္ေတာ့သည္။

ယုဂန္သည္ စစ္သည္တို႔ကို ေဘးသို႔ဖယ္ခိုင္းလိုက္​၏။ ထို႔ေနာက္ ေျမျပင္ေပၚတြင္ လဲက်ေနေသာ၊ လူ႐ုပ္မေပၚေတာ့ေလာက္ေအာင္ ဒဏ္ရာမ်ားစြာႏွင့္ ဖူးေယာင္ေနေသာ လုပ္ႀကံသူႏွစ္ဦးေရွ႕၌ မုဆိုးထိုင္,ထိုင္လိုက္ကာ လုပ္ႀကံသူတစ္ဦးကို ဦးစြန္းဆံထုံးမွ ဆြဲ၍ ေခါင္းေမာ့လိုက္သည္။

သူ႔ကိုျပန္လည္ၾကည့္လာေသာ လုပ္ႀကံသူ​၏မ်က္လုံးမွာ မ်က္ဆန္ကိုပင္မျမင္ရေအာင္ ဖူးေယာင္ကားလ်က္ ပိတ္က်ေနသည္။

" အထုေထာင္းထပ္မခံခ်င္ရင္ မင္းတို႔ကိုခိုင္းတဲ့လူနာမည္ေျပာ။ အာ...မဟုတ္ေသးဘူး။ မင္းတို႔ကအတည္ျပဳေပး႐ုံပဲ။ အမိန႔္ေပးတဲ့သူက တပ္မႉးစိတၱမွန္းငါသိၿပီသား။ မင္းတို႔ကို သူခိုင္းတာ ဟုတ္တယ္မလား"

ထိုအခါမွ လုပ္ႀကံသူသည္ ေခါင္းကို တဆက္ဆက္ညိတ္ကာ

" ဟုတ္...ဟုတ္ပါတယ္ အမတ္မင္း"

ဟု တုန္တုန္ယင္ယင္ႏွင့္ဆိုသည္။

" သူက မင္းတို႔ကိုဘာခိုင္းလဲ။ ငါတို႔ႏွစ္ေယာက္ကို သတ္ပစ္တဲ့လား"

" အမတ္ယုဂန္ႏိုင္ကို မရ,ရတဲ့နည္းနဲ႔ ဖမ္းေခၚလာခဲ့ဖို႔ ေျပာပါတယ္"

" ဘာလို႔ငါ့ကို ဖမ္းခိုင္းတာလဲ"

" ကြၽန္ေတာ္မ်ိဳးတို႔ မသိရပါ ဘုရား"

" ေသာက္ခ်ီးတဲ့မွ ထပ္အ႐ိုက္ခံခ်င္လို႔လား"

" လိမ္ေျပာရင္ ေသြးအန္ရပါေစ အမတ္မင္း။ ကြၽန္ေတာ္မ်ိဳးတို႔က ဖမ္းေခၚဖို႔ အမိန႔္တာဝန္ပဲ သိတဲ့သူေတြပါ ဘုရား။ ဘာအေၾကာင္းေၾကာင့္ ဖမ္းေခၚခိုင္းမွန္း မသိရပါဘူး"

ယုဂန္သည္ လုပ္ႀကံသူ​၏ဆံပင္ကို ဆြဲထားရာမွ လႊတ္ခ်လိုက္ရာ လုပ္ႀကံသူသည္ ေျမႀကီးေပၚသို႔ ပါးႏွင့္ ဘုန္းခနဲျပန္က်သြား​သည္။

ထို႔ေနာက္ ယုဂန္သည္ ခံစားခ်က္ကင္းမဲ့လွေသာ မ်က္ႏွာႏွင့္ မတ္တပ္ျပန္ထ,လိုက္လ်က္

" ဒီႏွစ္ေယာက္ကို မင္းသားပီယံမိတ္ဆီ ေခၚသြားၿပီး အက်ဥ္းခ်လိုက္ပါ။ သူတို႔ရဲ႕ ဒဏ္ရာေတြကိုလည္း ကုသေပးဖို႔ေျပာလိုက္ပါ။ ငါက ကတိတည္ပါတယ္။ အသက္ခ်မ္းသာေပးမယ္လို႔ေျပာထားရင္ တကယ္ခ်မ္းသာေပးမယ့္လူပဲ"

ဟုဆိုသည္​။

မင္းသားဧကသူသည္ ေဘးအစြန္မွေန၍ ယုဂန္ႏိုင္ဆီ မသိမသာေစာင္းၾကည့္ေနသည္။ သူသည္ အ႐ုဏအား တကူးတကတိုင္ပင္စရာမလိုပါဘဲ အမိန႔္တို႔ကို လိုသလိုကိုယ္တိုင္ခ်မွတ္ပစ္ႏိုင္သည့္ ယုဂန္ကိုၾကည့္ရင္း အမတ္ယုဂန္မွာ မည္မွ် လုပ္ပိုင္ခြင့္ရရွိထားေၾကာင္း စဥ္းစားေနမိသည္​။

ခါတိုင္း မင္းသားတို႔​၏ၾကင္ယာေတာ္ဟူသည္ ေတာ္ဝင္မ်ိဳးႏြယ္မွ မဟုတ္ပါလွ်င္ ထိုမွ်အာဏာမရွိလွ။ မင္းသားတို႔​၏အရိပ္ေအာက္တြင္သာ ေနရစၿမဲျဖစ္ၿပီး မင္းသားတို႔ဟာလည္း သူတို႔​၏ၾကင္ယာေတာ္ သူတို႔ထက္ပို၍ ဩဇာႀကီးမည္ကို မာနတရားအရ မႏွစ္ၿမိဳ႕ၾကေခ်။

သို႔ရာတြင္ မင္းသားအ႐ုဏမွာမူ သူ​၏ၾကင္ယာေတာ္ကို သူႏွင့္တန္းတူနီးပါးရွိ အာဏာကိုေပးအပ္ထားသည္။ ဤသည္မွာ ယုံၾကည္မႈဟုဆိုရမည္လား။ သို႔မဟုတ္ ၾကင္ယာေတာ္ကို အလြန္တရာခ်စ္ျမတ္ႏိုးသျဖင့္ လုပ္ပိုင္ခြင့္အစုံ ေပးအပ္ထားျခင္းေပလား။

မည္သို႔ပင္ဆိုေစကာမူ အမတ္ယုဂန္သည္လည္း မင္းသားအ႐ုဏ​၏ယုံၾကည္မႈခပ္သိမ္းကို ရယူထိုက္ေသာအရည္အခ်င္းရွိသည္။ ဥပမာ ယခုလို ကိုယ့္ကိုလုပ္ႀကံမည့္သူအား ႀကိဳတင္သိရွိေနျခင္းပါပင္။

အမတ္ယုဂန္ႏိုင္သည္ မတ္တပ္ျပန္ရပ္ၿပီးေနာက္ မင္းသားအ႐ုဏနားသို႔သြားသည္။ သူသည္ လုပ္ႀကံသူႏွစ္ဦးကို လက္ပိုက္ၾကည့္ရင္း

" အခုေလာက္ဆို လြတ္သြားတဲ့လုပ္ႀကံသူေတြက တပ္မႉးစိတၱကို လုပ္ႀကံမႈက်ရႈံးေၾကာင္း သြားေျပာေနေလာက္ၿပီ။ တပ္မႉးစိတၱက ေသခ်ာေပါက္ထြက္ေျပးမွာပဲ"

ဟု အသံအနိမ့္အျမင့္မပါစြာဆို​သည္။

အ႐ုဏ ယုဂန္ဘက္သို႔ လွည့္ၾကည့္သည္။ သူသည္ သူ,မသိေအာင္ လွ်ိဳ႕ဝွက္ႀကံစည္ထားေသာ ယုဂန္​၏အႀကံမ်ားစြာကို အံ့အားမသင့္ဟုဆိုလွ်င္ လိမ္ညာရာေရာက္ေပလိမ့္မည္။

ပထမ၊ ယုဂန္​၏ ရာဓဇတိုင္းႏွင့္ဆက္သြယ္ေသာ အႀကံအစည္။ ဒုတိယ၊ ယုဂန္​၏ သစၥာေဖာက္ကိုေဖာ္ထုတ္ေသာ အႀကံအစည္။

ဆိုရပါက ထိုအႀကံအစည္အားလူံးကို အ႐ုဏမေန႔တေန႔ကမွ သိရွိခဲ့ရျခင္းျဖစ္သည္။ သို႔ဆိုလွ်င္ ယုဂန္ကေရာ မည္သည့္အခ်ိန္ကတည္းက ယင္းအႀကံအစည္တို႔ကို စတင္ခ်မွတ္ေနခဲ့ပါသနည္း။

ထိုသို႔ အ႐ုဏအေမးရွိေသာ္ ယုဂန္ကျပန္ေျဖဖူးသည္။

" ေမာင္ ရွင္ေထြးကို ကိုယ္ဝန္ရေအာင္လုပ္လိုက္တယ္ ဆိုတဲ့ကိစၥၿပီးကတည္းကပဲ"

ဟူသတဲ့။

ထိုအခ်ိန္ကစ၍ ယုဂန္သည္ ရွင္ေထြးကို သံသယဝင္ခဲ့သည္။

ယုဂန္သည္ ထိုကိစၥျဖစ္ျဖစ္ခ်င္း၌ ေသြးပူေနေသာေၾကာင့္လည္းေကာင္း၊ ႐ုတ္တရက္ အမွားအမွန္ခြဲျခားႏိုင္စြမ္း ေဝဝါးသြား၍လည္းေကာင္း အ႐ုဏအေပၚ စိတ္ပ်က္ျခင္း၊ မယုံၾကည္ျခင္းတို႔ျဖစ္ကာ မ်ားစြာစိတ္ဆင္းရဲခဲ့သည္။ သို႔ရာတြင္ အ႐ုဏ​၏ေတာင္းပန္မႈအၿပီး၌ ႏွစ္မ်ားစြာတြဲၿပီးမွ လက္ထပ္ခဲ့သူ ခင္ပြန္းသည္ကို ယခုမွေတြ႕ၿပီး သက္ေသမရွိ,စြပ္စြဲေသာ မိန္းကေလးတစ္ဦးထက္ ပိုမိုယုံၾကည္ၾကည့္လိုက္ရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။ ထို႔ထက္ အ႐ုဏ​၏ကိုယ္က်င့္တရားကို သူအသိဆုံးျဖစ္သျဖင့္ အ႐ုဏထိုသို႔ျပဳလုပ္မည္မဟုတ္ေၾကာင္း စိတ္တြင္းမွ ခိုင္မာစြာသိရွိေနေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။

ဤသို႔ႏွင့္ ယုဂန္သည္ ရွင္ေထြးကိုေစာင့္ၾကည့္ရန္ လူလႊတ္ထားခဲ့​သည္။

သိပ္မၾကာလိုက္ပါေခ်။ ရွင္ေထြးႏွင့္ပတ္သက္ၿပီး အေၾကာင္းအရာႏွစ္ခုကို စုံစမ္းသိရွိလာရသည္။ ပထမအေၾကာင္းအရာမွာ ရွင္ေထြးသည္ တပ္မႉးစိတၱႏွင့္ဆက္သြယ္ေနျခင္းျဖစ္ၿပီး ဒုတိယအေၾကာင္းအရာမွာမူ ရွင္ေထြးမွာ မယ္ေတာ္ႀကီးပၪၥမာယာဘက္သို႔ ေရာက္ရွိေနျခင္းျဖစ္သည္။

မွန္သည္။ ရွင္ေထြးသည္ မယ္ေတာ္ႀကီးပၪၥမာယာႏွင့္ တိတ္တဆိတ္ဆက္သြယ္ေနခဲ့သည္။

ရွင္ေထြးသည္ လူလစ္ေသာအခ်ိန္ကို ေစာင့္ဆိုင္းကာ ေတာအုပ္ထဲတြင္ လူတစ္ဦးႏွင့္အခ်ိန္းအခ်က္ျပဳသည္ကို ယုဂန္​၏လူေတြ႕ရွိခဲ့​၏။ ထိုအခါ ယုဂန္​၏လူသည္ ဆက္လက္စုံစမ္းေလရာ ရွင္ေထြးႏွင့္ဆက္သြယ္ေသာသူမွာ မယ္ေတာ္ႀကီးမွလႊတ္ထားသည့္ အေထာက္ေတာ္တစ္ဦးျဖစ္ေၾကာင္း သိရွိလိုက္ရသည္။

ရွင္ေထြးႏွင့္မယ္ေတာ္ႀကီးမွာ ပူးေပါင္းေနခဲ့သည္​။ မည္သည့္အခ်ိန္က စတင္ခဲ့မွန္းမသိေသာ္လည္း ရွင္ေထြးဟာ မယ္ေတာ္ႀကီး​၏ဘက္မွ သူလွ်ိဳျဖစ္ေနခဲ့သည္။ ထို႔ေၾကာင့္ ဤကိုယ္ဝန္ကိစၥဟာလည္း မယ္ေတာ္ႀကီးဘက္မွ ေစခိုင္းခ်က္တစ္ခုျဖစ္ႏိုင္ေၾကာင္း ယုဂန္ဆင္ျခင္မိသည္။

သို႔ဆိုလွ်င္ မယ္ေတာ္ႀကီးသည္ အဘယ္ေၾကာင့္ ကိုယ္ဝန္ကိစၥႏွင့္မွ စြပ္စြဲခိုင္းရပါသနည္း။

ျဖစ္ႏိုင္ေခ်ရွိေသာအရာမွာ မိမိႏွင့္ေမာင္ကို ေသြးကြဲေစခ်င္ေသာ အေၾကာင္းျပခ်က္ျဖစ္ႏိုင္သည္။ ေမာင့္​၏အားနည္းခ်က္မွာ သူမွန္း မယ္ေတာ္ႀကီးေကာင္းေကာင္းသိ​၏။ ထို႔ေၾကာင့္ ေမာင့္​၏အားနည္းခ်က္ကို ကိုင္တြယ္ရန္အတြက္ သူမက ရွင္ေထြးကို တာဝန္ေပးခဲ့ပုံရသည္။

ဒီအခ်က္ထိ မယ္ေတာ္ႀကီးဘက္မွ ရွင္း​၏။ သို႔ရာတြင္ လာရႈပ္ေသာကိစၥမွာ တပ္မႉးစိတၱျဖစ္သည္။

တပ္မႉးစိတၱဟာေရာ အဘယ္ေၾကာင့္ ရွင္ေထြးကို ကူညီေပးေနရပါသနည္း။

တပ္မႉးစိတၱကိုပါ ယုဂန္သည္ လူလႊတ္စုံစမ္းရန္ႀကိဳးပမ္းေသာ္လည္း မ်ားစြာလွ်ိဳ႕ဝွက္တတ္ေသာ တပ္မႉးစိတၱမွာ မူမမွန္ေသာ ေျခရာလက္ရာေတာင္ရွာမေတြ႕ပါေခ်။ သူသည္ ရွင္ေထြးကိုေတာ့ မင္းသားအ႐ုဏ​၏ၾကင္ယာေတာ္ကို သူမ ျဖစ္ေစခ်င္သျဖင့္ ကူညီသည္ဟုဆိုထားသည္။ သို႔ရာတြင္ တပ္မႉးစိတၱ​၏အႀကံမွာ ထိုထက္မ်ားစြာရႈပ္ေထြးေၾကာင္း ယုဂန္ရိပ္မွန္းမိသည္။

အစက တပ္မႉးစိတၱကို မယ္ေတာ္ႀကီးဘက္မွဟု ထင္မွတ္မိ​၏။ သို႔ရာတြင္ ေနာင္မွ တပ္မႉးစိတၱသည္ မယ္ေတာ္ႀကီးဘက္လည္း မဟုတ္၊ ရွင္ေထြးဘက္လည္း မဟုတ္ဘဲ တစ္ဦးတည္း တစ္ဂိုဏ္းလႈပ္ရွားေနေၾကာင္း သိခဲ့ရသည္။

မယ္ေတာ္ႀကီးသည္ ရွင္ေထြးကို သူလွ်ိဳထား​၏။ သို႔ရာတြင္ ယုဂန္တို႔ဘက္တြင္လည္း နန္းတြင္း၌ သူလွ်ိဳတစ္ဦး ရွိသည္။

ထိုသူမွာ မင္းသား သုဒီပါ သာ။

သုဒီပါသည္ ပီယံမိတ္ႏွင့္အတူ အ႐ုဏ​၏အရိပ္ေအာက္ခိုလႈံရန္ ဆႏၵရွိခဲ့သည္။ သို႔ရာတြင္ ပီယံမိတ္မွာမူ ပို၍ေကာင္းေသာ အႀကံရွိခဲ့​၏။ သူသည္ သုဒီပါကို နန္းတြင္းသူလွ်ိဳအျဖစ္ထားခဲ့ကာ သူတစ္ဦးတည္းသာ အ႐ုဏဆီသို႔ ေပၚတင္ခိုဝင္ခဲ့သည္။

သို႔ပါ၍ သူလွ်ိဳျဖစ္ေသာ မင္းသားသုဒီပါ​၏စုံစမ္းခ်က္အရ မယ္ေတာ္ႀကီးသည္ တပ္မႉးစိတၱႏွင့္ အဆက္အသြယ္အလုံးစုံမရွိေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္။

ထိုအခါ ကြင္းစက္တစ္ခုသာ လစ္လပ္ေတာ့သည္။

တပ္မႉးစိတၱသည္ မည္သူ႔အတြက္ အလုပ္,လုပ္ေပးေနပါသနည္း။

ရွင္ေထြးကို အခ်ိဳသပ္ကာ ကူညီေပးေနမႈအရ တပ္မႉးစိတၱမွာလည္း ယုဂန္ႏွင့္အ႐ုဏတို႔​၏ေသြးကြဲမႈကို အလိုရွိေနေၾကာင္း သိႏိုင္သည္။ သို႔ရာတြင္ အဘယ္ေၾကာင့္ ေသြးခြဲခ်င္ေနရပါသနည္း။

အာဏာႏွင့္မသက္ဆိုင္ဘဲ သူတို႔အၾကင္လင္မယားကို ကြဲေစခ်င္လွ်င္ အေၾကာင္းျပခ်က္မွာ ႏွစ္ခုသာျဖစ္ႏိုင္သည္။ ယင္းတို႔မွာ အ႐ုဏ​၏အသည္းႏွလုံးကို ေၾကကြဲေစၿပီး အားယုတ္သြားေစရန္၊ သို႔မဟုတ္ ယုဂန္ကို အင္အားႀကီးေသာအ႐ုဏေဘးမွ ကြဲထြက္သြားေစရန္။

ယခုေတာ့ လုပ္ႀကံသူ​၏ဖြင့္ေျပာခ်က္အရ အေၾကာင္းရင္းအစစ္ကို သိရပါေပၿပီ။ တပ္မႉးစိတၱသည္ သူ႔ကိုဖမ္းေခၚခ်င္ေသာေၾကာင့္၊ မင္းသားအ႐ုဏနားသူရွိလွ်င္ လုံၿခဳံေရးအျပည့္ႏွင့္ျဖစ္ေနသျဖင့္ သူ႔ကို အ႐ုဏနားမွအရင္ ခြဲထုတ္ျခင္းျဖစ္သည္။

ယုဂန္ ေခတၱမွ်စဥ္းစားသြားသည္။

သူ႔ကိုဖမ္းေခၚခ်င္ေသာ သူမ်ားသည္ ေနရာတိုင္းအျပည့္ျဖစ္ေန​၏။

မ်က္တစ္လုံးရွင္၊ ၿမိဳ႕စား႐ြဲထေခါင္ႏူး၊ စုန္းမကိဏီ။ ထို႔အျပင္  သူတို႔ႏွင့္ပူးတြဲပုန္ကန္ခဲ့ေသာ မင္းေယာဇာဟာလည္း သူ႔ကိုဖမ္းေခၚမည့္အႀကံကို ေထာက္ခံခဲ့ပုံရသည္။

သူတို႔ ဖမ္းေခၚခ်င္သည့္အေၾကာင္းျပခ်က္မွာ ယုဂန္သည္ နဂါးမ်က္ရွင္ကို ရယူေပးႏိုင္လိမ့္မည္ဟူေသာ ထင္ျမင္ခ်က္ႏွင့္သာ။

တပ္မႉးစိတၱသည္လည္း ထိုရည္႐ြယ္ခ်က္ႏွင့္ျဖစ္ႏိုင္သည္။ သို႔ေသာ္လည္း ဤကားထင္ျမင္ခ်က္ျဖစ္သျဖင့္ အတိအက်ေျပာမရေခ်။

အကယ္၍ နဂါးမ်က္ရွင္ကိစၥႏွင့္သာဆိုပါက တပ္မႉးစိတၱသည္လည္း နဂါးမ်က္ရွင္ကိုလိုခ်င္ေနသျဖင့္ ႀကီးမားေသာအႀကံအစည္ရွိႏိုင္သည္။ တပ္မႉးစိတၱကိစၥကို ထပ္ၿပီး နက္နက္နဲနဲစုံစမ္းရန္ လိုအပ္လွေပသည္။

" ေမာင္တို႔ ညမေရာက္ခင္ ရာဓဇတိုင္းထဲ ဝင္မွျဖစ္မယ္ ယုဂန္။ တပ္မႉးစိတၱကို လိုက္ရွာဖို႔ေတာ့ ေမာင္စီစဥ္လိုက္မယ္"

ေမာင့္အသံၾကားမွ ယုဂန္အေတြးႏြံထဲမွ လြတ္ေျမာက္လာသည္။ သူ ေမာင့္စကားကိုေခါင္းညိတ္လိုက္ရင္း ရာဓဇစစ္သည္မ်ားႏွင့္အတူ ရာဓဇတိုင္းသို႔သြားရန္ စီစဥ္ေဆာင္႐ြက္ေတာ့သည္​။

ဤသို႔ႏွင့္ အ႐ုဏႏွင့္ယုဂန္သည္ စစ္သည္တို႔ႏွင့္အတူ ရာဓဇတိုင္းဆီထြက္ခြာသြားကာ ဧကသူမွာမူ အ႐ုဏ​၏အမိန႔္အတိုင္း ပီယံမိတ္ဆီသို႔ ကိုယ္ရံေတာ္ငါးေယာက္ႏွင့္သာ ထြက္ခြာလာခဲ့သည္။

ထို႔ေနာက္ ပီယံမိတ္ကို ေတာစပ္တြင္ရွာေဖြေတြ႕ရွိခဲ့သည္။

ဧကသူသည္ အထက္ပါအေၾကာင္းအရာမ်ားကို ပီယံ့ဆီသို႔ လ်င္ျမန္စြာရွင္းျပၿပီးသည့္ေနာက္တြင္ အ႐ုဏေပးလိုက္သည့္ သဝဏ္လႊာကို ပီယံ့မိတ္ဆီ တ႐ိုတေသကမ္းေပးသည္။

" ဒီမွာ အရွင့္သားအ႐ုဏ ေပးအပ္လိုက္တဲ့သဝဏ္လႊာပါ"

ပီယံ သဝဏ္လႊာကို ယူ၍ ဖြင့္ၾကည့္သည္။ ထိုသဝဏ္လႊာထဲတြင္ ရွင္ေထြး​၏အေၾကာင္း၊ တပ္မႉးစိတၱ​၏အေၾကာင္း၊ ယုဂန္​၏အႀကံအစည္အေၾကာင္း အျပည့္အဝရွင္းျပထားကာ ေနာက္ဆုံးအပိုဒ္တြင္မူ မင္းသားဧကသူႏွင့္ပတ္သက္ၿပီး ေရးသားထားသည္။

ထိုထဲတြင္ မင္းသားဧကသူအား ေစာင့္ေရွာက္ေပးရန္ႏွင့္ မင္းသားမင္းသိဒၶာတ္​၏ေတာင္းဆိုမႈအရ ဉာဏ္ပညာႏွင့္ျပည့္စုံေသာ ပီယံမိတ္မွာ မင္းသားဧကသူကို ေဆးအတတ္၌ျဖစ္ေစ၊ ႏွလုံးရည္၌ျဖစ္ေစ ပညာသင္ေပးေစလိုေၾကာင္း၊ ေနာက္ဆုံး ရာဓဇတိုင္းႏွင့္ဆက္သြယ္မႈမွာ လွ်ိဳ႕ဝွက္ခ်က္ျဖစ္သျဖင့္ မင္းသားဧကသူကို ရာဓဇတိုင္း​၏မင္းသားမွန္း အမ်ားသူငွါ မသိေစခ်င္လိုေၾကာင္း ေရးသားထားသည္။

သို႔ပါ၍ မင္းသားဧကသူကို အ႐ုဏလက္ေအာက္မွ ၿမိဳ႕စား​၏သားတစ္ဦးဟု သတင္းလႊင့္ထားကာ အမည္ကိုလည္း " ဒါ႐ု" ( သစ္တုံး) ဟုေခၚဆိုေပးရန္ အသိေပးထားသည္။

ထိုစာကို ဖတ္ၿပီးသည့္ေနာက္ ပီယံမ်က္ခုံးပင့္လိုက္မိကာ ဧကသူကို လွမ္းၾကည့္သည္။

အစ္ကိုေတာ္ကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ။ ဒါ႐ုဆိုသည့္အမည္ဟာ ဘယ္ေလာက္ေတာင္တဲ့တိုးဆန္လွေသာအမည္ ျဖစ္ပါသနည္း။

မဟုတ္မွလြဲေရာ အမည္အသစ္ေပးခါနီးအခ်ိန္တြင္ ေတာထဲတြင္မို႔ သစ္တုံးကိုျမင္ကာ ဒါ႐ုဟု ေကာက္ေရးေပးလိုက္ျခင္းေပလား​။ 'သစ္တုံး' ဟုမေရးဘဲ 'ဒါ႐ု' ဟု ပါဠိအမည္ ေရးေပးထားသည္ကိုပင္ ေက်းဇူးတင္ရမည္။

' ဒါ႐ု' ဆိုေတာ့လည္း ' ဒါ႐ု' ေပါ့ေလ။

" ခုနက အံ့ဩတႀကီးျဖစ္သြားတာမို႔ ေသခ်ာမႀကိဳဆိုလိုက္ရပါဘူး။ အရွင့္သားအေနနဲ႔ ကြၽန္ုပ္တို႔ဆီမွာ လြတ္လြတ္လပ္လပ္ေနထိုင္ႏိုင္ပါတယ္။ ကြၽန္ုပ္က အရွင့္သား သက္ေတာင့္သက္တာေနထိုင္လို႔ရေအာင္ စီစဥ္ေပးသြားပါ့မယ္"

ပီယံ သဝဏ္လႊာကိုျပန္လိပ္ရင္း ဆိုသည္။ တစ္ဆက္တည္းပင္

" ေနာက္ၿပီး အစ္ကိုေတာ္အ႐ုဏေျပာထားတဲ့အတိုင္း အရွင့္သားကို အခုခ်ိန္ကစၿပီး မကၠၿမိဳ႕စားရဲ႕ဒုတိယေျမာက္သား ဒါ႐ုအျဖစ္ သတင္းလႊင့္ထားပါမယ္။ ေနရာထိုင္ခင္းအေဆာင္ ကြၽန္ုပ္စီမံေပးၿပီး လုပ္ေဆာင္ရမယ့္တာဝန္ေတြကို မနက္ျဖန္က်ရင္ ေျပာျပပါ့မယ္။ ဒီေန႔ေတာ့ ခရီးေဝးကလာရလို႔ အနားယူလိုက္ပါ"

ဟု ေျပာေလရာ ဧကသူသည္ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ လုံးအိတက္သြားသည္အထိ ၿပဳံး၍

" ဟုတ္ကဲ့ပါ အရွင့္သား"

ဟု ဝမ္းေျမာက္ဝမ္းသာဆိုသည္။

ပီယံသည္ တက္ႂကြေသာအရိပ္ေယာင္အျပည့္ႏွင့္ တဖ်ပ္ဖ်ပ္လင္းလက္ေနသည့္ ဧကသူ​၏မ်က္လုံးဝိုင္းဝိုင္းတို႔ကို ၾကည့္ရင္း ခပ္ေရးေရးၿပဳံးလိုက္မိ​သည္။

သူသည္ လက္ႏွစ္ဖက္ကိုေနာက္ပစ္လိုက္ရင္း

" ကြၽန္ုပ္တို႔ႏွစ္ေယာက္ၾကား တူညီတာေတြရွိတာပဲ"

ဟု ဆြဲဆြဲငင္ငင္ဆိုသည္။ ထ္ိုစကားေၾကာင့္ ဧကသူ ျပန္ေမးသည္။

" ဘာမ်ားလဲ အရွင့္သား"

" အငယ္ဆုံးမင္းသားျဖစ္ေနတာပါ။ ဒါ့ေၾကာင့္ အစ္ကိုေတာ္ေတြၾကား လြန္ဆြဲရတဲ့ခံစားခ်က္ကို ကိုယ္ခ်င္းစာႏိုင္လိမ့္မယ္ထင္တယ္"

ဧကသူသည္ ေခတၱမွ် အူေၾကာင္ေၾကာင္ျဖစ္ေနရာမွ သေဘာေပါက္သြားသည့္ႏွယ္ ျဖည္းျဖည္းခ်င္းၿပဳံးသြားသည္။ ထိုအခါ သူ​၏မ်က္လုံးဝိုင္းဝိုင္းမွာ ေကြးသြားသကဲ့သို႔ ပါးေဖာင္းေဖာင္းႏွစ္ဖက္မွာလည္း အိတက္သြားသည္။

ခ်စ္စရာေကာင္ေလးပါပင္။

အကယ္၍ သူ႔မွာသာ ညီေတာ္တစ္ပါးရွိလွ်င္ ဒီလိုလုံးလုံးအိအိႏွင့္ လိမ္လိမ္မာမာကေလး ျဖစ္ေစခ်င္သည္။ အခုလည္း ဒီေကာင္ေလးကို ေစာင့္ေရွာက္ရမည္မွာ သူ႔တာဝန္မို႔ ညီေတာ္တစ္ပါး ဘြားခနဲေရာက္ခ်လာသလို ျဖစ္ေနမည္သာ။

ဒီေကာင္ေလးဟာ မပ်င္းမရိဘဲ သင္ယူလိုစိတ္ျမင့္မားသူျဖစ္ဖို႔ေတာ့ သူေမွ်ာ္လင့္သည္။ ေလာေလာဆယ္ေတာ့ ေရဝတီကို ေစာင့္ၾကည့္ဖို႔တာဝန္ ဒီေကာင္ေလးကို ေပးထားမည္ဟု မွန္းထားသည္။

" သြားၾကရေအာင္။ ကြၽန္ုပ္ သင့္အတြက္အေဆာင္ေတာ္စီစဥ္ေပးမယ္"

ပီယံမိတ္သည္ စုတ္တံမ်ားသာသယ္လ်က္ ဆြဲလက္စ,ပိတ္ကားခ်ပ္ကို ထိုတြင္ထားခဲ့သည္။ ေနာက္မွ ရံေ႐ြေတာ္မ်ားကို လာသိမ္းခိုင္းလိုက္မည္။

" အရွင့္သား"

အေရွ႕မွထြက္သြားေသာ ပီယံမိတ္ကို ဧကသူ လွမ္းေခၚလိုက္သျဖင့္ ပီယံ,လွည့္ၾကည့္သည္။

ဧကသူသည္ ႐ႊန္းလဲ့ေတာက္ပေနေသာမ်က္လုံးကေလးမ်ားကို အတန္ငယ္ေကြးသည္အထိ ၿပဳံးေနကာ

"အရွင့္သားက အသံသိပ္ေကာင္းတာပဲ။ ဘာမွအားမစိုက္ဘဲ သီဆိုေနတာေတာင္ အသံက သိပ္ကိုနားေထာင္ေကာင္းတယ္"

ဟု ဆိုသည္။

အသံႏွင့္ပတ္သက္ၿပီး ခ်ီးက်ဴးခံရျခင္းသည္ ပီယံ့အတြက္ ပထမဆုံးအႀကိမ္မဟုတ္သျဖင့္ မည္သို႔ျပန္လည္တုံ႔ျပန္ရမည္ကို ပီယံေကာင္းေကာင္းသိသည္။

ပီယံသည္ စီရီကာ ျဖဴေဖြးေသာသြားတန္းမ်ား ေပၚသည္အထိ လွပခန႔္ညားစြာ ၿပဳံးလိုက္​သည္။ ပီယံ့​​၏႐ုပ္သြင္သည္ ပကတိတည္ၾကည္ေအးခ်မ္းလွေလရာ ထိုသို႔ ႏူးညံ့လွပစြာၿပဳံးလိုက္ေသာအခါ အသေရတင့္မႈအျဖာျဖာႏွင့္ မ်က္စိအၾကည့္မလႊဲႏိုင္ေလာက္ေအာင္ စြဲၿငိေစႏိုင္သည္။

သူသည္ ႏူးညံ့​၏။ ၾကည္လင္​၏။ ေခ်ာေမာ​၏။

ၾကားထားသည့္အတိုင္း ဥတၱရတစ္တိုင္းျပည္လုံးတြင္ အေခ်ာဆုံးေယာက္်ားပ်ိဳဟူသည္မွာ ႏွယ္ႏွယ္ရရ႐ုပ္သြင္ေတာ့ မဟုတ္ေနခဲ့ပါေခ်။

" ေက်းဇူးပါ။ ညီေတာ္လည္း ပင္ကိုအသံေကာင္းပါတယ္။ ကဗ်ာေတးဂီတသာ ဝါသနာပါရင္ ကြၽန္ုပ္နဲ႔အတူတူ သီဆိုေရးစပ္လို႔လည္း ရပါ့"

မဩလြန္းမရွလြန္း၊ သို႔ရာတြင္ အလြန္တရာလည္း မႏူးညံ့ဘဲ ၾကည္လင္ကာ နတ္ဘုရားတစ္ပါးႏွယ္ ခ်ိဳျမေသာအသံသည္ ေႏြဦး​၏ မနက္ခင္းေနျခည္ပမာ ေႏြးေထြးစြာ ထြက္ေပၚလာခဲ့သည္။

ေလျပည္ႏုႏုက သြဲ႕​၏။

ေဗာင္းေတာ္မေပါင္းထားသျဖင့္ ရွင္းသန႔္ေသာ ပီယံမိတ္​၏နဖူးဆံစပ္မွ ဆံႏြယ္မွ်င္မ်ားသည္ ေလျပည္ႏွင့္အတူ တလြင့္လြင့္ ယိမ္းႏြဲ႕ေနသည္။

႐ြက္ဝါမ်ားသည္ တဖြဲဖြဲေႂကြ​၏။ ေနျခည္ေပ်ာက္ကေလး ဖ်ဖ်က ပီယံ့​၏ခန႔္ညားေသာမ်က္ႏွာထက္တြင္ ခပ္စူးစူးက်ေရာက္ေနသည္။

ေလထုမွာ အဆိုပါအမ်ိဳးသား​၏ ၾကည္လင္ႏူးညံ့လွေသာအၿပဳံးေၾကာင့္ ပိုမိုခ်ိဳၿမိန္သြားသေယာင္ရွိ​​သည္။

ဧကသူ ႐ႊန္းလဲ့ၾကည္ႏူးစြာႏွင့္ ၿပဳံးလိုက္မိသည္​။

ဘာေၾကာင့္မွန္းမသိ သူသည္ ႏူးညံ့စြာရင္ခုန္လ်က္ ႐ႊင္လန္းခ်မ္းေျမ့စြာ ေပ်ာ္႐ႊင္သြားမႈကို ခံစားလိုက္ရ​သည္။

သူ႔ေရွ႕မွ မင္းသား ပီယံမိတ္မွာ သူ႔ကိုေက်ာခိုင္းကာ အေရွ႕မွ ဦးစြာထြက္ခြာသြားၿပီျဖစ္သည္။ သို႔ရာတြင္ ဧကသူသည္ ခ်က္ခ်င္းလိုက္မသြားမိဘဲ ပီယံ့မိတ္​၏ ေတာင့္တင္းက်ယ္ေျပာေသာ ေက်ာျပင္ကို ေခတၱေငးၾကည့္မိသည္။

ဒုကၡပါပင္။
သူ ခ်က္ခ်င္းႀကီး သေဘာက်မိသြားၿပီထင္သည္။

*****************************

A/N

ကဲကဲ သုံးပြင့္ဆိုင္ေတာ့ လာၿပီေနာ္ xD
ဧကသူက တကယ္က ၁၇ ပါ။ ၁၈ ျပည့္ဖို႔ တစ္လေက်ာ္ေလာက္လိုပါေသးတယ္။ ကေလးက ျမင္ျမင္ခ်င္း ခ်စ္မိသြားတာပါ xD

( ကေလးလို႔ေတာ့ ေျပာလို႔မရ။ အိုင့္နဲ႔က လပိုင္းေလာက္ပဲငယ္မယ္ 🤣)

ေနာက္တစ္ပိုင္းေတာ့ ဟိုလင္မယား႐ိုတာ ၾကည့္ရမယ္ xD

15.9.2022( Thursday )

Continue Reading

You'll Also Like

345K 24.2K 26
ႏွလံုးသားနယ္ေျမမွလိႈက္လွဲစြာႀကိဳဆိုပါ၏။ နှလုံးသားနယ်မြေမှလှိုက်လှဲစွာကြိုဆိုပါ၏။ For birthday girl♥
29.9K 5K 51
ဘာသာပြန်သူ - စွဲညို့အသင်း
690K 39.9K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
2.5M 281K 106
Start Date : 4.9.2020 End Date : 24.11.2021 သူဟာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ ။ မှော်စွမ်းအင်တွေ၊ parallel worldတွေကို ယုံကြည်တဲ့ကောင်လေးတစ်ယေ...