Unicode
ပန်သျှားတိုင်းပြည်
____________________
ယုဂန်သည် ဆူလခေါင်းဆောင်ကို တိုက်ခိုက်ရန်အတွက် သူ၏ဓားကို ရွှမ်းခနဲမြည်အောင် ဆွဲထုတ်လိုက်၏။
ဆူလလူမျိုးတို့၏ အဂိကလက်နက်မှာ လှံရှည်ဖြစ်လေရာ ဆူလခေါင်းဆောင်သည် သူ၏လက်နက်ဖြစ်သော လှံရှည်ကို အသင့်အနေထားသို့ ကိုင်တွယ်လိုက်လေသည်။ ထို့နောက် ယုဂန်ဆီသို့ တဟုန်ထိုးတိုးလာလျက် လှံရှည်ဖြင့် အဆက်မပြတ်တိုက်ခိုက်တော့သည်။
ယုဂန်သည် ဆူလခေါင်းဆောင်၏ တိုက်ခိုက်မှုကို ခုခံ၍ တစ်ချိန်တည်းတွင် ပြန်လည်ထိုးစစ်ပြုသည်။ ယုဂန်၏ တိုက်ခိုက်ရေးအတတ်သည်လည်းကောင်း၊ မှော်ပညာသည်လည်းကောင်း ဥတ္တရသို့စရောက်ခါစကထက် များစွာ ကောင်းမွန်နေပြီဖြစ်လေရာ ယုဂန်၏ခုခံမှု၊ တိုက်ခိုက်မှုက သွက်လက်၍ အားပြင်းနေပြီ။
ထိုအချိန်တွင် အိမ်၏အလယ်ပြတင်းပေါက်ကို ချိုးဖျက်၍ လူအချို့ ခုန်ပျံကျော်လွှားဝင်လာသည်။
ထိုလူတို့မှာ ယုဂန်တို့၏ လှည်းသားယောင်ဆောင်ထားသော စစ်သည်များဖြစ်သည်။ စစ်သည်ပေါင်း လေးယောက်ခန့်ရှိသည်။
ထိုစစ်သည်တို့သည် ဓားကိုအသင့်ဆွဲကိုင်လျက် ယုဂန်နှင့် မှောင်ခိုကုန်သည်ဘေးတွင် ဝန်းရံလိုက်ကြသည်။
"အမတ်မင်း...သွားပါ...ကျွန်တော်မျိုးတို့ ခုခံပေးထားပါ့မယ်"
ထိုစစ်သည်များသည် အသတ်ကိုပင်စတေးနိုင်သောလူများ ဖြစ်သည်နှင့်အညီ ထိုစကားကိုပြတ်သားစွာဆို၏။
တစ်ဖက်မှ စစ်သည်များရောက်လာသောကြောင့် အိမ်အရှေ့ပေါက်မှ ဆူလစစ်သည်များဟာလည်း မနေသာတော့ဘဲ အိမ်တွင်းသို့ဝင်၍ တိုက်ခိုက်လာတော့သည်။ ကျဉ်းမြောင်းသောအိမ်ထဲတွင် ဆူလနှင့် ဥတ္တရ၏စစ်သည်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ကြကုန်သည်။
ဥတ္တရစစ်သည်တို့သည် မည်မျှပင်တိုက်ရည်ခိုက်ရည်ဝ,စေကာမူ ဆူလတို့မှာ လူအင်အားသာသောကြောင့်၊ ထို့အပြင် ရောက်ရှိနေသောနေရာမှာလည်း ဆူလနယ်မြေဖြစ်သောကြောင့် မတတ်သာဘဲ ထွက်ပြေးရမည့်အခြေအနေသို့သာ ရောက်ရှိနေသည်။ ထို့ကြောင့် ယုဂန်နှင့် စစ်သည်များသည် ခုခံရုံမျှသာအားသုံး၍ အိမ်အပြင်သို့ ထွက်ပြေးကြသည်။
အိမ်အပြင်သို့ရောက်စဉ်တွင် ဆူလစစ်သည်တစ်ဦး လွှတ်ပစ်လိုက်သော လှံကြောင့် ဥတ္တရစစ်သည်တစ်ဦး ကျဆုံးသွားသည်။
ကျန်စစ်သည် သုံးဦး၊ ယုဂန်နှင့် ကြောက်အားလန့်အားထွက်ပြေးလာသော မှောင်ခိုကုန်သည်တို့သည် အသင့်ရောက်ရှိလာသော လှည်းဆီပြေးကြ၏။
သူတို့၏မြင်းလှည်းမှာ နှစ်စီးဖြစ်ပြီး ထိုမြင်းလှည်းနှစ်စီးသည် တရကြမ်းမောင်းလာ၍ သူတို့ရှိရာနေရာသို့ အချိန်ကိုက်ရောက်ရှိလာသည်။ မြင်းလှည်းတစ်စီးစီပေါ်တွင် လှည်းမောင်းသူစစ်သည်တစ်ဦးစီရှိသည်။
ယုဂန်၊ ကုန်သည်နှင့် စစ်သည်သုံးဦးတို့သည် မြင်းလှည်းနှစ်စီးအပေါ် လူခွဲ၍ အလျင်အမြန်တက်လိုက်ကြသည်။ မြင်းလှည်း တရကြမ်းမောင်းထွက်သည်။ အနောက်မှ ဆူလစစ်သည်တို့ ပြေးလိုက်လာ၏။
စစ်သည်သုံးဦးနှင့် ကုန်သည်ပါသောလှည်းသည် ရှေ့မှပြေး၍ ယုဂန်နှင့် စစ်သည်နှစ်ဦးပါသော လှည်းက နောက်မှ လိုက်လေသည်။ သူတို့သည် လှည်းကို တောအုပ်ဘက်သို့ ထိုးဆင်းမောင်းနှင်ကြ၏။
မကြာမီ သူတို့၏အနောက်သို့ ငှက်စီးလာသည့် ဆူလစစ်သည်များ လိုက်လာကြသည်။ ငှက်ဆိုသည်မှာ ဆူလနယ်မြေအနားတွင် ကျက်စားကြသော ငှက်မျိုးဖြစ်ပြီး ငှက်ကုလားအုတ်နှင့်ဆင်တူသည်။ ငှက်ကုလားအုတ်ထက် အကောင်ကိုပိုကြီးကာ ကြီးမားပြီးကောက်ကွေ့သော နှုတ်သီးရှိသည်။ ထိုငှက်များသည် မပျံနိုင်သော်လည်း အပြေးမြန်၍ သခင်ကိုလည်းသိတတ်သော တိရိစ္ဆာန်မျိုးဖြစ်သည်။ ထို့ကြောင့် ဆူလလူမျိုးများနှင့် မန္တာမျိုးနွယ်စုတို့က ယင်းငှက်ကို စီးတော်ယာဉ်အဖြစ် အရင်ကတည်းက အသုံးပြုကြသည်။ ထိုငှက်ကို ငှက်ဘီလူးဟု ခေါ်ဝေါ်သည်။
ထိုသို့သောငှက်ကိုစီး၍လိုက်လာသောကြောင့် ဆူလစစ်သည်တို့သည် လှည်းကို မျက်ခြည်မပြတ်သွားကြ။
ရှေ့ဆုံးမှလာသော ဆူလခေါင်းဆောင်က မီးရှို့သော လှံဖြင့် လှမ်းပစ်သည်။ ယုဂန်တို့၏လှည်းခေါင်မိုးကို သွားစိုက်သည်။ မီးများ စွဲလောင်လာသည်။
စစ်သည်နှစ်ဦးနှင့် ယုဂန်သည် တစ်ဖက်လှည်းပေါ်သို့ ကူးပြောင်းရန် အလျင်အမြန်ပြင်ဆင်ရတော့၏။ လှည်းနှစ်စီးကို ယှဉ်မောင်းလိုက်ကာ သွားနေသောလှည်းပေါ်မှ ပြေးနေသောတခြားလှည်းအပေါ် ခုန်ကူးရန် ကြိုးစားရတော့သည်။
စစ်သည်တစ်ဦးက ပထမဦးစွာခုန်ကူးသွားသည်။ မောင်းနေသောလှည်းပေါ်မှ တစ်ဖက်ပေါ်ခုန်ကူးရခြင်းမှာ မလွယ်ကူသော်လည်း ထိုစစ်သည် အန္တရာယ်ကင်းစွာရောက်ရှိသွားသည်။ ဒုတိယစစ်သည် ထပ်မံခုန်ကူးရန် ဟန်ပြင်သည်။
ထိုအချိန်တွင် ထိုစစ်သည်ရှိရာ တည့်တည့်သို့ လှံတစ်ချောင်း ပြေးဝင်လာသည်။ ထိုစစ်သည်,သည် လှံကိုရှောင်လိုက်၏။ ထိုအခါ လှည်းပေါ်မှ ဒလိမ့်ခေါက်ကွေးပြုတ်ကျလေသည်။
ထိုစစ်သည်,သည် မြေကြီးပေါ်သို့ရောက်သည်နှင့် အလျင်အမြန်ပြန်ထ,ကာ လှည်းအနောက်သို့ပြေးလိုက်သည်။ သို့ရာတွင် လူ၏အပြေးနှုန်းက မြန်ဆန်လွန်းသောလှည်းအနောက်ကို မီအောင် မလိုက်နိုင်ချေ။
ရဲဘော်ရဲဖက်စိတ်ဓာတ် ရှိရမည်မှန်သော်လည်း တာဝန်နှင့် ရဲဘော်ကိုယှဉ်လျှင် တာဝန်ကိုသာရွေးချယ်ရမည်ဖြစ်သော စစ်သည်များသည် လှည်းကိုရပ်ပေးရန်၊ သို့မဟုတ် အရှိန်နှေးလိုက်ရန် လုပ်ဆောင်မည်မဟုတ်။ အကယ်၍ လှည်းကို နှေးလိုက်သဖြင့် ဖမ်းမိသွားပါက သူတို့အားလုံး အကျိုးနည်းကုန်မည်ဖြစ်သည်။ သို့ဆိုလျှင် တာဝန်ကျရှုံးလိမ့်မည်။
"အမတ်မင်း အမြန်ခုန်ကူးပါတော့"
လှည်းပေါ်တွင် နောက်ဆုံးကျန်ခဲ့သူ ယုဂန်ကို တစ်ဖက်လှည်းရှိစစ်သည်က လှမ်းအော်ပြောသည်။
ယုဂန်သည် လှည်းမောင်းသူနေရာတွင် ထိုင်ရင်း အနောက်မှ အသည်းအသန်ပြေးလိုက်နေသော ဥတ္တရစစ်သည်ကို လှည့်ကြည့်မိသည်။ ထိုစစ်သည်မျက်နှာတွင် အသက်ရှင်လိုခြင်းကို ထင်ရှားစွာတွေ့မြင်နေရသည်။
ယုဂန်သည် လှည်းမောင်းသူနေရာမှ ထ,ကာ လှည်းကိုဆွဲ၍မောင်းနေသည့်မြင်းအပေါ် ခဲရာခဲဆစ်တက်လိုက်သည်။ ထို့နောက် မြင်းကိုချိတ်ထားသော လှည်းကို ဖြုတ်ရန်ကြိုးပမ်းသည်။
အနောက်မှ လှည်းကိုယ်ထည်မှာ မီးဟုန်းဟုန်းတောက်နေပြီဖြစ်သည်။
ယုဂန်သည် မြင်း၏ဝမ်းဗိုက်ဘေးတွင် ချိတ်ထားသောအရာကို ဖြည်ချနေသည်။ ထိုတွင် ယုဂန်သည် မြင်းပေါ်၌ တည့်တည့်မထိုင်ဘဲ အောက်ကိုငုံ့ထားရသည်မို့ အန္တရာယ်ရှိသောအနေအထား ဟုဆိုနိုင်သည်။
သို့သော်လည်း အောင်မြင်စွာဖြုတ်ချနိုင်ခဲ့ပြီး မြင်းနှင့် မီးလောင်နေသောလှည်းတို့ အဆက်ပြတ်သွားသည်။ မီးလောင်နေသောလှည်း အနောက်တွင်ကျန်ခဲ့သည်။
ပြီးသည်နှင့် ယုဂန်သည် မြင်းကို အနောက်သို့ချာခနဲလှည့်လိုက်၏။ ယုဂန်၏ဦးတည်ရာမှာ ကျန်ရစ်ခဲ့သည့် စစ်သည်ဆီဖြစ်သည်။
ယုဂန်သည် ထိုစစ်သည်ဆီသွား၍ ထိုစစ်သည်, မြင်းအပေါ်တက်နိုင်ရန် လက်ကမ်းပေးသည်။ ထိုအချိန်တွင် ယုဂန်စီးနေသောမြင်းသာမက စစ်သည်ကပါ မရပ်မနားပြေးနေခြင်းဖြစ်သည်။ ပြေးနေသောလူကို ပြေးနေသောမြင်းအပေါ် ခုန်တက်နိုင်ရန် ကူညီပေးနေခြင်းသာ။
ယုဂန် ကမ်းလင့်သောလက်ကို ထိုစစ်သည်က အမိအရ၊ အတင်းအကြပ်ဆုပ်ကိုင်လိုက်၏။
ထိုအချိန်တွင် ဆူလစစ်သည်တို့သည် ယုဂန်၏မြင်းကို မီရန် အနည်းငယ်သာလိုတော့သည် ဖြစ်သည်။
ဆူလတို့ထံတွင် အဆိပ်လူးမြားချွန်ကို ဝါးပြွန်ထဲထည့်၍ မှုတ်ရသော လက်နက်တစ်မျိုးရှိသေးသည်။ အနောက်မှ လိုက်လာသော ဆူလစစ်သည်တစ်ဦးက ယုဂန်တည့်တည့်ဆီသို့ ထိုလက်နက်ဖြင့် မြားကို မှုတ်လွှတ်လိုက်၏။
အနှီလက်သန်းခန့်အရွယ်ရှိ မြားချွန်က ယုဂန်၏လက်ကို စိုက်ဝင်သည်။ စစ်သည်ကို ဆွဲကိုင်ထားသည့် လက်ဖြစ်သည်။
ယုဂန်သည် စူးအောင့်သောနာကျင်မှုနှင့် အဆိပ်၏ပူပြင်းသောဝေဒနာကို ခံစားလိုက်ရသော်ငြား စစ်သည်ကိုလက်မလွှတ်လိုက်ပါချေ။ သူ၏လက်ဖျံတစ်လျှောက်အကြောစိမ်းများ ရုန်းကြွလာသည်အထိ သူအားတင်းကာ စစ်သည်ကို ဆွဲတင်သည်။
စစ်သည်,သည်လည်း ခုန်တက်လိုက်ရာ ယုဂန်အနောက်သို့ ရောက်ရှိလာသည်။
ထိုအခါမှ ယုဂန် မြင်းကို ဇက်ကုန်ဖွင့်မောင်းသည်။ အရှေ့တွင် မီးလောင်၍ကျန်ခဲ့သောလှည်းရှိသည်။ ယုဂန် မြင်း၏ဇက်ကိုဆွဲလိုက်ရာ မြင်းသည် မီးလောင်နေသောလှည်းအပေါ်မှ လွှားခနဲ ခုန်ပျံ၏။
သာမန်မဟုတ်သော သိန္ဓောမြင်းဖြစ်သောကြောင့် လှည်းကို အသာလေးကျော်လွှားနိုင်လေသည်။
ထို့နောက် မြင်းခွာတစ်ချက် မြေသို့ပေါက်သည်နှင့် မီးလောင်နေသောလှည်း၏ ဘေးတစ်ဖက်တစ်ချက်တစ်လျှောက် မီးတန်းကြီးဖြစ်ကာ ဆူလစစ်သည်တို့ရန်မှ ကာဆီးလိုက်လေသည်။
သိန္ဓောမြင်း၏အစွမ်းတစ်ခုမှာ ခွာတစ်ချက်ပေါက်သည်နှင့် ရှိပြီးသားမီးတောက်ကို တိုးပွားစေနိုင်ခြင်းဖြစ်သည်။
ဤသို့နှင့် ယုဂန်နှင့်စစ်သည်တစ်ဦးပါသော မြင်းသည် တောအုပ်အစပ်သို့ ဝင်ရောက်သွားလေသည်။
***********************************
"ရပြီ အမတ်မင်း"
မှောင်ခိုကုန်သည်,၏စကားအဆုံးတွင် ယုဂန်သည် ထုံကျင်ကာ ခံစားချက်မဲ့နေပြီဖြစ်သော သူ၏လက်ကို ငုံ့ကြည့်သည်။
ဤဒေသ၌ကျင်လည်နေသည်မှာ ကြာပြီဖြစ်၍ ဆူလတို့၏လက်နက်အကြောင်း သိရှိသောကုန်သည်က ယုဂန်၏လက်ကို အဝတ်စဖြင့်စည်းကျပ်ပေးထားသည်။ ဆေးစည်းပေးထားခြင်းတော့မဟုတ်။ ဆေးကား ဤနေရာတွင် မရှိ။
အရေးပေါ်အခြေအနေအရ အဆိပ်ပျံ့မည်စိုးသဖြင့် လက်မောင်းရင်း၌သာ အဝတ်ဖြင့်တင်းတင်းစည်းထားခြင်းဖြစ်သည်။ သွေးမလျှောက်သောကြောင့် ယင်းလက်တစ်ဖက်မှာ ခရမ်းရောင်ပင် သန်းချင်နေပြီ။
"လက်ဖြတ်ရမှာတော့ မဟုတ်ပါဘူးနော်"
မေးသာမေးရသော်လည်း ကုန်သည် ခေါင်းညိတ်ပြမည်ကို စိုးရိမ်နေရပြန်သည်။ ဤသည်ကား သူ၏ညာလက်ဖြစ်သည်။ ညာသန်ဖြစ်သည်မို့ ညာဘက်လက်မရှိလျှင် ခက်ခဲပေလိမ့်မည်။
"အခြေအနေက အဲ့လောက်ထိ မဆိုးဝါးလောက်ဘူးလို့ မျှော်လင့်ရတာပဲ...အမတ်မင်း"
ကုန်သည်၏စကားက သိပ်တော့အားတက်စရာ မကောင်းလှ။
ယုဂန် သက်ပြင်းချ၍ ထိုအတိုင်းသာငူငူကြီးဆက်ထိုင်နေသည်။
ထိုအချိန်တွင် သူတို့စတည်းချနေရာအရပ်သို့ မင်းသားအရုဏ ရောက်ရှိလာသည်။ သူတို့သည် လူစုကွဲသွားပါက အချင်းချင်းပြန်လည်ရှာဖွေနိုင်ရန် မှော်ကျောက်တုံးတစ်တုံးစီ ယူဆောင်ထားသည်ဖြစ်သည်။ ထိုကျောက်တုံးက တုန်ခါခြင်းအားဖြင့် တခြားလူများရှိရာဆီသို့ ညွှန်ပြပေးလိမ့်မည်ဖြစ်သည်။
ထိုမှော်ကျောက်ကြောင့်ပင် အရုဏ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
"ယုဂန်..."
ထိုနေရာသို့ ရောက်ရောက်ခြင်း အရုဏသည် သစ်ပင်ကြီးတစ်ပင်၏အမြစ်ပေါ်တွင် မှိုင်မှိုင်တွေတွေထိုင်နေသောယုဂန်ဆီ စိုးရိမ်တကြီးပြေးလာသည်။
" ယုဂန်လက်က ဘာဖြစ်ထားတာလဲ"
" မောင် စာရင်းရခဲ့သလား"
ထိုစကားနှစ်ခွန်းကို သူတို့ပြိုင်တူပြောမိလိုက်ကြသည်။
"စာရင်းကို ထားပါဦး...ယုဂန်လက်က ဘယ်လိုဖြစ်တာလဲ မောင့်အရင်ပြောစမ်းပါ...အဆိပ်မိတာလား..."
"ဟုတ်တယ်...ဆူလစစ်သည်တွေရဲ့ အဆိပ်လူးမြားချွန်စိုက်သွားတာ"
အရုဏသည် ယုဂန်၏ ခရမ်းရောင်သွေးနေပြီဖြစ်သော လက်ကို ဂရုတစိုက်ကိုင်ကြည့်သည်။
"တောထဲမှာ အဆိပ်ကိုယာယီပဲဖြစ်ဖြစ် တားနိုင်မယ့် သစ်ဥသစ်ဖုတွေတော့ ရှိနိုင်လောက်မှာပါ...မောင်သွားရှာလိုက်မယ်"
"ညဘက်ကြီး တောထဲမှာ မှောင်မည်းနေမှာလေ မောင်ရယ်...ဒီတောက တိရိစ္ဆာန်တွေပေါတယ်လို့ပြောတယ်...အန္တရာယ်များတယ်"
" ဘာမှ မဖြစ်ပါဘူး...မောင်မြန်မြန်ရှာပြီး ပြန်လာခဲ့မယ်"
အရုဏ၏စကားကို ကြားသည်နှင့် ယုဂန်ကယ်တင်ခဲ့သော စစ်သည်က ထ,ပြောလာသည်။
" အမတ်မင်းက ကျွန်တော်မျိုးကိုကယ်တင်ရင်း ဖြစ်သွားရတာပါ...ဒါကြောင့် ကျွန်တော်မျိုးလည်း သစ်သီးသစ်ဖုတွေ ကူညီပြီးရှာဖွေပါ့မယ်...အမတ်မင်းရဲ့ကျေးဇူးက ကျွန်တော့်ဆီတင်နေပါပြီ...ကျေးဇူးရှင်အတွက် ကျွန်တော် ဘာပဲလုပ်ရ လုပ်ရပါ"
ထို့ကြောင့် အရုဏ၊ ထိုစစ်သည်နှင့် တခြားစစ်သည်တစ်ဦးတို့သည် သစ်သီးသစ်ဥရှာရန် တောနက်ထဲသို့ ထွက်သွားကြသည်။
အတန်ကြာသော် စစ်သည်တစ်ဦးတည်းသာ ပြန်ရောက်လာသည်။
" အမတ်မင်း...တောထဲမှာ လူအချို့ စခန်းချခဲ့တဲ့တဲအိမ်တွေ တွေ့ရတယ်ဗျို့...အမတ်မင်းတို့ အဲ့ဒီ့ကိုလိုက်ခဲ့ဖို့ ကျွန်တော် လာခေါ်တာပါ"
*********************************
တောအုပ်နက်နက်ထဲတွင် လူအချို့စခန်းချခဲ့သည်ဟု ယူဆရသော တဲအိမ်များကို တွေ့ရသည်။ တဲအိမ်ပေါင်း အလုံးငါးဆယ်ခန့်ရှိသည်။ ထိုအိမ်များသည် တောထဲရှိသစ်ပင်များ၊ ဝါးပင်များကို အသုံးပြု၍ တောထဲမှအပင်တို့၏အရွက်ကိုပင် အမိုးပြုလုပ်ထားသော လက်လုပ်အိမ်မျိုးဖြစ်သည်။ ရာသီဥတုဒဏ်ကို ခံနိုင်သော၊ လုံခြုံသောအိမ်မျိုး မဟုတ်သော်ငြား ကျောတစ်ခင်းစာ လဲလျောင်းနိုင်ရန်တော့ အဆင်ပြေလေသည်။
အိမ်ထဲရှိ လူအသုံးအဆောင်များ ဖုန်တက်နေသည်ကို ကြည့်၍လည်းကောင်း၊ အိမ်အမိုးတွင် ပင့်ကူမျှင်များ ရစ်သိုင်းနေသည်ကိုကြည့်၍လည်းကောင်း၊ ပုရွက်ဆိတ်၊ အင်းဆက်၊ မြွေ၊ ဖား စသည်အပြင် တောတွင်းသတ္တဝါငယ်အချို့ ခိုလှုံနေသည်ကို တွေ့ရ၍လည်းကောင်း ဤအိမ်များ စွန့်ပစ်ခြင်းခံရသည်မှာ ကြာညောင်းပြီဖြစ်ကြောင်း သိနိုင်သည်။
ထိုအိမ်များကိုတွေ့မှ အရုဏနှင့်ယုဂန်သည် လွန်ခဲ့သောသုံးနှစ်ကျော် လေးနှစ်က အရီးတော်၏စစ်တပ်သည် ဆူလနယ်မြေအနီးရှိ တောအုပ်ထဲ၌ ခိုအောင်းဖူးကြောင်း ပြန်လည်သတိရမိသည်။ ဤအိမ်များက ထိုစစ်တပ်နေခဲ့သော အိမ်များဖြစ်ရမည်။
သူတို့သည် ထိုတဲအိမ်များ၌သာ နားခိုလိုက်ကြ၏။ သူတို့၏မြင်းများကိုတော့ ရှုပ်ထွေးသောတောနက်ထဲထိ မခေါ်လာနိုင်သောကြောင့် တောအစပ်နားတွင်ထားခဲ့သည်။ သခင်သိသော မြင်းများမို့ ထိုနေရာတွင် မလွဲမသွေစောင့်ဆိုင်းနေလိမ့်မည်။
အရုဏသည် သူရှာဖွေတွေ့ရှိခဲ့သော သစ်သီးသစ်ဥများဖြင့် သူ တတ်ကျွမ်းသမျှဆေးကို ဖော်စပ်ကာ ယုဂန်၏လက်ကို လိမ်းကျံပေးထားသည်။ အရုဏသည် ပီယံမိတ်ကဲ့သို့ ဆေးအတတ်၌ ကျွမ်းကျင်သူမဟုတ်သောကြောင့် သူဖော်စပ်သောဆေးမှာ အဆိပ်ကို အရှင်းတော့မပျောက်ကင်းစေနိုင်ပေ။ ပျံ့နှံ့မှုနှင့် အဆိပ်ပြင်းအားကိုသာ ထိန်းချုပ်ထားနိုင်လိမ့်မည်။
ထိုညက သူတို့သည် အချင်းချင်းဖြစ်ခဲ့သမျှ အကြောင်းအရာတို့ကို ပြန်ပြောပြပြီး ရှေ့ဆက်ရမည့်အလုပ်ကို စဉ်းစားကျသည်။
နောက်ဆုံးတွင် ပန်သျှားတော်ဝင်တံဆိပ်ကြောင့် ပန်သျှားနိုင်ငံသို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။
*******************************
ယခုရောက်ရှိနေသောနေရာနှင့် ပန်သျှားတိုင်းပြည်သည် အကွာအဝေးနီးသောကြောင့် တစ်ရက်မျှသွားပြီးချိန်တွင် ပန်သျှားတိုင်းပြည်သို့ရောက်ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ယုဂန်သည် ပန်သျှားသို့လာသည့်လမ်း၌ သမားတော်တစ်ဦးနှင့် ကြုံဆုံခဲ့သည်။ ထို့ကြောင့် သူ၏လက်ကို ကုသနိုင်ခဲ့ပြီး စိုးရိမ်ရသောအခြေအနေမှ လွတ်မြောက်ခဲ့သည်။ သို့ရာတွင် လက်မှာ အလုံးစုံမကောင်းသေးသည်ဖြစ်ရာ ယခုထက်ထိ လှုပ်ရှား၍မရသေးပေ။ လက်ကျိုးထားသောသူကဲ့သို့ သူ၏ညာလက်ကို လည်ပင်း၌ ကြိုးစည်းထားရသည်။
ပန်သျှားတိုင်းပြည်တွင်းသို့ရောက်လျှင် ယုဂန် များစွာ အံ့အားသင့်ရ၏။ ပန်သျှားတိုင်းပြည်သည် စိုက်ပျိုးရေးထက် စက်မှုလက်မှုကို ဦးစားပေးသောနိုင်ငံဖြစ်လေရာ သူတို့၏နယ်စပ်မြို့ကပင် အလွန်တရာစက်မှုဖွံ့ဖြိုး၍ ခေတ်ရှေ့ပြေးနေလေသည်။
သူတို့သည် မှော်အစွမ်းနှင့် စက်မှုကိုပေါင်းစည်းထားကြပြီး မြင်းနှင့်နွားမပါဘဲ ပြေးနိုင်သောလှည်းများ၊ အဝေးမှလူအချင်းချင်း ဆက်သွယ်နိုင်သော လက်စွပ်များကို ဖန်တီးထားသည်။ ယင်းအရာများသည် သိပ္ပံပညာဆိုသည်ထက် မှော်အစွမ်းကို ထပ်ဆင့်တီထွင်ထားခြင်းဟုဆိုလျှင် ပိုမိုမှန်ကန်လိမ့်မည်။
သူတို့သည် နယ်စပ်မြို့တွင် တစ်ညနားပြီးမှ ပန်သျှား၏မင်းနေပြည်တော်ဆီ ခရီးဆက်သည်။ မရပ်မနားသွားခြင်းကြောင့် နေ့လယ်ကျော်ကျော်မျှတွင် မင်းနေပြည်တော်ဆီ ရောက်ရှိသည်။
ယုဂန်သည် ပန်သျှားမင်းနေပြည်တော်သို့ရောက်လျှင် ပိုမိုကာ အံ့အားသင့်ရလေ၏။ ပန်သျှားသည် စက္ကောမအတတ်ကို ချီးမြှောက်သောနိုင်ငံဖြစ်လေရာ မြို့၏နေရာတိုင်းနီးပါးတွင် စက်ပစ္စည်းများ၊ မှော်ယန္တရားများကို တွေ့ရသည်။ ကြားရသလောက် ဓားစက်၊ လှံစက်၊ လက်နက်စက်များသည် ပန်သျှားမှ စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး ပန်သျှားနန်းတော်ထဲတွင် လူကိုအပိုင်းပိုင်းဖြတ်နိုင်သော စက်ယန္တရားများပင် ရှိသည်ဟုဆိုသည်။
ပန်သျှားသည် စက္ကောမအတတ်ထွန်းကားသောနိုင်ငံ စင်စစ်ဖြစ်၏။ ယုဂန်သည် ပန်သျှားမှမပြန်ခင် ထိုအကြောင်းအရာတို့ကို ရသလောက်လေ့လာသွားမည်ဟု တေးထားလေသည်။
မင်းနေပြည်တော်သို့ရောက်လျှင် အရုဏမှ ဦးဆောင်၍ ပန်သျှားနန်းမြို့ရိုးရှေ့သို့သွားသည်။ မြို့တံခါးစောင့်ရဲမက်ကို ဥတ္တရနိုင်ငံ၏မင်းသားနှင့် အမတ်တစ်ဦး လာရောက်ကြောင်း ဥတ္တရတော်ဝင်တံဆိပ်ပြားပြသ,၍ ဘုရင်မဆီ လျှောက်တင်ခိုင်းလိုက်သည်။
ပန်သျှားသည် ယခင်ပြည့်ရှင်မင်း နတ်ရွာစံပြီးသည်မှာ မကြာသေးဘဲ သူ၏သမီးတော် နန်းတက်သည်မှာလည်း တစ်နှစ်ကျော်ကျော်မျှသာရှိသေးသည်။ ထက်မြက်၍ရဲရင့်သည်ဟု သတင်းမွှေးသော ပန်သျှား၏ဘုရင်မအသစ် နာရဏီသည် အသက်တော်၃၀မျှသာရှိသေးသည် ဟူသောသတင်းမှအပ သူမနှင့်ပတ်သက်၍ အရုဏ သေချာမသိပေ။
ခဏကြာသော် ဘုရင်မမှ ဝင်ခွင့်ပြုလိုက်ကြောင်း ပြောကာ အရုဏနှင့်ယုဂန်တို့ကို နန်းတွင်းမှလူတစ်ဦးက ဧည့်ဝတ်ကျေပွန်စွာ လာရောက်ကြိုဆိုသည်။
ထိုလူသည် အရုဏနှင့်ယုဂန်ကို တည်းခိုနားနေရန် နန်းဆောင်များဆီ လိုက်လံပို့ဆောင်ပေးသည်။ ပန်သျှားပြည်၏ဘုရင်မနာရဏီမှာ အလုပ်များနေသောကြောင့် ယခုချက်ချင်းမတွေ့နိုင်သေးကြောင်း၊ ညနေရောက်မှသာ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း ထိုလူကပြောကြားသွားသည်။
ထို့ကြောင့် အရုဏနှင့်ယုဂန်တို့သည် နန်းဆောင်တွင်သာ ခေတ္တနားရင်း စောင့်ဆိုင်းလိုက်ကြသည်။
ညနေစောင်းအချိန်ရောက်သော် နေ့လယ်ကလူကပင် ဘုရင်မနှင့်တွေ့ဆုံနိုင်ပြီဖြစ်ကြောင်း လာရောက်ခေါ်ဆိုသည်။
အရုဏနှင့်ယုဂန်သည်လည်း ထိုလူခေါ်ဆောင်ရာသို့ ထပ်မံ၍လိုက်သွားကြသည်။
သူတို့သည် ပန်သျှားဘုရင်မနာရဏီ ဧည့်သည်တွေ့ဆုံလေ့ရှိရာ နန်းဆောင်ဆီသို့ရောက်ရှိသွားသည်။ သူတို့နန်းဆောင်တွင်းသို့ ဝင်ဝင်လိုက်ချင်းပင် အခန်းအလယ်ရှိ ရွှေကနုတ်ဖော်ထိုင်ခုံ၌ တည်တံ့စွာ၊ အသရေတင့်စွာ ထိုင်နေသော ဘုရင်မကို တွေ့လိုက်ရသည်။
ဘုရင်မသည် ဆံထုံးကိုမြင့်မြင့်ထုံးကာ ရွှေမကိုဋ်ကို ဆင်မြန်းထားသည်။ ဘုရင်မပီသစွာ သူမ၏မျက်နှာမှာချီလျက် ကိုယ်ဟန်အနေအထားနှင့် ခါးဟာလည်း မတ်နေသည်။
ရှင်းလင်းသောနဖူး၊ စူးစူးရဲရဲမဟုတ်သော်ငြား ပြက်ပြက်ထင်သောမျက်လုံး၊ ထူထဲသောမျက်ခုံး။ နှာတံမြင့်မြင့်
သူမ၏ ဖူးစွင့်သော နှုတ်ခမ်းလွှာထူထူက အဓိပ္ပါယ်ရှိကာ တိကျပြတ်သားသော စကားလုံးများကိုသာ ဆိုမည်ဟုထင်မှတ်ရသည်။ သူမကို ထူးခြားစေသောအရာဟုဆိုလျှင် လေးထောင့်ဆန်ဆန်နှင့် အချိုးအဆစ်ပြေပြစ်သော မေးရိုးသာဖြစ်သည်။
ထိုသို့သောမေးရိုးနှင့် သူမ၏ ဝံ့ချီသောမျက်နှာအမူအရာကို ယှဉ်တွဲသော် သူမသည် အမျိုးသမီးတစ်ဦးအနေဖြင့် ခန့်ညားလွန်းနေသည်။
သိမ်မွေ့စွာလှပခြင်းမဟုတ်ဘဲ စူးရှစွာအသရေတင့်ခြင်းမျိုးဖြစ်သည်။ နူးညံ့သောအသွင်ကိုမဆောင်ဘဲ ပြတ်သားသောဆွဲဆောင်မှုတစ်မျိုးဖြစ်သည်။
ဩဇာရှိသောရုပ်မျိုးဖြစ်သည်။ ယုဂန်သည် ဘုရင့်မယ်တော်ကြီးပဉ္စမာယာကိုပင် မဆီမဆိုင်သွား၍တွေးတောမိသေးသည်။
ဘုရင်မနာရဏီ၏ ရုပ်သွင်ကိုမြင်သည်နှင့် အရုဏသည် မမျှော်မှန်းထားသောအရာကို တွေ့လိုက်ရသည့်နှယ် အစိမ်းရောင်မျက်ဝန်းတို့ ဆတ်ခနဲကျယ်သွားသည်။
ဘုရင်မ နာရဏီ၏ ထို့သို့သောမျက်လုံး၊ နှုတ်ခမ်းနှင့် မေးရိုးကို သူသေသေချာချာတွေ့မြင်ခဲ့သည်။
ဘုရင်မနာရဏီသည် ဆူလနယ်မြေ၌ သူတွေ့ခဲ့သော အမျိုးသမီးသာ။ သူနှင့်အပြိုင် စာရင်းစာအုပ်ကို လုယူခဲ့သောအမျိုးသမီးဖြစ်သည်။
ဘုရင်မနာရဏီသည်လည်း အရုဏ၏အစိမ်းရောင်မျက်ဝန်းများကို မြင်သော် ပြန်၍အမှတ်ရသွားပုံရသည်။ သူမသည် သိသာသောအမူအရာမပြသော်ငြား မမျှော်လင့်ထား၍ အံ့ဩသွားသည်မှာ အမှန်။
" မင်းသားအရုဏ...ကျွန်ုပ်တို့ မျှော်လင့်ဘဲ နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံတာပဲ"
သူမ၏အသံသည် ပြတ်သား၍တည်ကြည်လွန်းလှသည်။
သူမ၏နှုတ်ခမ်းသည် အလုံးစုံပြုံးသွားခြင်းမဟုတ်သော်ငြား ဖော်ရွေပျူငှာသောအသွင်ဖြင့် နှုတ်ခမ်းစွန်းတို့ကွေးညွတ်နေသည်။
သူမထံတွင် ကြောက်စရာကောင်းသော၊ အေးစက်သော အရောင်အဝါတို့မရှိနေ။ သို့ရာတွင် တစ်ဖက်သားကိုရှိန်ရှဲစေနိုင်သော၊ သူမသည် တိုင်းပြည်၏ဘုရင်မဖြစ်ကြောင်း အလိုလိုဖော်ကြူးနေသော အရှိန်အဝါတို့လွှမ်းခြုံနေသည်။
အရုဏ သူမကိုဂါရဝပြုလိုက်သည်။
" ပန်သျှားတိုင်းပြည်ရဲ့အရှင်သခင်မမှန်း မသိခဲ့တာကြောင့် ရိုင်းရိုင်းပျပျတိုက်ခိုက်မိခဲ့ပါတယ်...ခွင့်လွှတ်ပါ..."
သူမ မျက်ခုံးအတန်ငယ်ပင့်၍ မသိသာစွာပြုံးသည်။
" တောင်းပန်ဖို့မလိုအပ်ပါဘူး...မင်းသားအရုဏက သိပ်ကိုလက်ရေးကောင်းကြောင်း၊ အစွမ်းရှိကြောင်း ကျွန်ုပ် ခဏခဏကြားမိပါတယ်...ဒီလိုမျိုး ထိပ်တိုက်တွေ့မိတော့ မင်းသားအရုဏရဲ့ စွမ်းရည်ကို မချီးကျူးဘဲမနေနိုင်ပါဘူး"
"ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ်...အရှင်မ"
" နန်းတော်အထိ ရောက်လာရတာ ဘယ်အကြောင်းအထူးများရှိလို့ပါလဲ...ဆူလစစ်သည်စာရင်းကြောင့်ပါပဲလား...အရှင့်သား"
" စာရင်းဆိုတာထက် အရှင်မ အဲ့သည့်ကိုရောက်ခဲ့တဲ့အကြောင်းအရင်းကို ပိုပြီးသိချင်မိပါတယ်....ဆူလနယ်မြေဟာ ပုန်ကန်နယ်မြေဆိုပေမဲ့ ဥတ္တရရဲ့ပိုင်နက်ဖြစ်ပါတယ်...ဥတ္တရပိုင်နက်ထဲကို ပန်သျှားပြည်ရဲ့အရှင်မက အဘယ်ကြောင့် အသိမပေးပါဘဲနဲ့ ရောက်ရှိနေပါသလဲ"
အရုဏ၏အသံသည် ဒေါသပါ,သောအသံမဟုတ်သော်ငြား တင်းမာ၏။ ဘုရင်မနာရဏီ၏ တစ်ဖက်လူကို ရှိန်ရှဲသွားစေနိုင်သောအရှိန်အဝါမှာ အရုဏအပေါ် သက်ရောက်ပုံမရချေ။
"ဥတ္တရပြည့်ရှင်ကို အသိမပေးဘဲ ဥတ္တရပိုင်နက်အတွင်းဝင်ရောက်မိတာဟာ လက်မခံနိုင်စရာကိစ္စရပ်မှန်း ကျွန်ုပ်သိပါတယ်...ဒါဟာ ဥတ္တရပြည့်ရှင်ကို မရိုမသေပြုမူတာမျိုးမဟုတ်ပါဘူး...ဥတ္တရတိုင်းပြည်နဲ့ပန်သျှားကြားမှာ ငြိမ်းချမ်းရေးပျက်ပြားထားပေမဲ့ သည်လိုကျူးကျော်ဝင်ရောက်တာမျိုးကို ကျွန်ုပ်တမင်ပြုလုပ်တာ မဟုတ်ပါဘူး...အရေးကြီးတဲ့ကိစ္စတစ်ရပ်ကြောင့် ဥတ္တရပြည့်ရှင်ကို အသိမပေးဘဲ ဝင်ရောက်ရတဲ့ပြဿနာဖြစ်သွားပါတယ်...ကျွန်ုပ်ရဲ့ အကြောင်းပြချက်ကိုကြားရင် အရှင့်သားနားလည်နိုင်ပြီး ဥတ္တရပြည့်ရှင်လည်း ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
ထိုစကားကြောင့် အရုဏနှင့်ယုဂန်သည် ပန်သျှားဘုရင်မနာရဏီ၏ ရှင်းလင်းပြောပြချက်ကို ဆက်လက်နားထောင်ဖြစ်သည်။
သူမ၏ပြောကြားချက်အရ ဆူလနယ်မြေ၏ မှောင်ခိုပစ္စည်းထုတ်လုပ်မှုမှာ ပို၍ကျယ်ပြန့်လာသောကြောင့် ပန်သျှားတိုင်းပြည်အတွင်း၌ပါ တွင်ကျယ်နေလေပြီ။ သတိထားရမည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူမအနေနှင့် ဆူလမှ ပန်သျှားသို့ဝင်သောမှောင်ခိုလမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် ကြိုးစားရတော့မည်။
ထိုသို့ဖြတ်တောက်ပစ်ရန် ကြိုးစားရာတွင် သူမသည် ဆူလ၏မှောင်ခိုထုတ်လုပ်မှုကိုပါ တစ်ပါတည်းရပ်ဆိုင်းချင်သည်။ ဤရပ်ဆိုင်းမှုက သူမ၏နိုင်ငံအတွက်သာမက၊ ဥတ္တရနိုင်ငံ၊ မှောင်ခိုပျံ့နှံ့နေသောဒေသများနှင့် နောက်ဆုံး ဆူလလူမျိုးများအတွက်ပါ ကောင်းကျိုးသက်ရောက်ပေလိမ့်မည်ဟု သူမယုံကြည်သည်။
"ဆူလလူမျိုးတွေက ဖိနိုပ်ခံရတဲ့အတွက် ပုန်ကန်တယ်...သူတို့စိတ်ဟာ ရိုးရှင်းပါလျက်နဲ့ မိုက်မဲတဲ့ ဆူလခေါင်းဆောင်ကြောင့် အမှောင်ထုထဲရောက်ရှိသွားကြသူတွေပါ...မှောင်ခိုရောင်းဝယ်ရေးမှာဆိုရင်လည်း မတရားခံအမြတ်ထုတ်ခံနေရသူတွေပါ...သူတို့တွေဟာလည်း ကယ်တင်ခံရဖို့ထိုက်တန်တယ်လို့ ကျွန်ုပ်ယူဆတယ်...သို့ပေမဲ့ ခုနကဆိုတဲ့အတိုင်း ဆူလနယ်မြေက ဥတ္တရပိုင်နက်ဖြစ်တယ်...ဆူလလူမျိုးအချင်းချင်း ချောက်ထဲဆွဲချနေတဲ့ ဆူလခေါင်းဆောင်ကို ဖြုတ်ချပြီး ဆူလနယ်မြေကို အသစ်ဖန်တီးဖို့ဆိုရင် ဥတ္တရနိုင်ငံလည်း လုပ်ဆောင်ချက်လည်း လိုအပ်ပါတယ်...ကျွန်ုပ်က ဆူလရဲ့စစ်အင်အားကိုသိရရင် ဥတ္တရပြည့်ရှင်ဆီ သဝဏ်ပါးပြီး ဆွေးနွေးဆောင်ရွက်မယ် စဉ်းစားထားပါတယ်...ကျွန်ုပ်ရဲ့လိုအပ်ချက်လို့ ဆိုနိုင်ပါတယ်...စိတ်လောစွာနဲ့ ဆူလနယ်မြေထဲကို ကိုယ်တိုင်သွားရောက်ပြီး ဥတ္တရပြည့်ရှင်ဆီ အရင်အသိပေးဖို့ မေ့လျော့သွားခဲ့ပါတယ်...သို့ပေမဲ့ အခြေအနေကလည်း စိတ်လောမှ ရနိုင်မယ့်အခြအနေဆိုတာ အရှင့်သားတို့ နားလည်စေလိုပါတယ်"
" အရှင်မ..."
ယုဂန် ခေါ်လိုက်သဖြင့် ဘုရင်မနာရဏီက သူ့ဘက်ကိုလှည့်ကြည့်သည်။
" အရှင်မရဲ့ဖခမည်းတော် နတ်ရွာမစံခင်က ဥတ္တရတော်ဝင်မိသားစုက ဆူလလူမျိုးတွေကို မကြည့်ရှုလို့ ဆူလလူမျိုးတွေ ပုန်ကန်တာပါဆိုတဲ့ စွပ်စွဲချက်နဲ့ ဥတ္တရနဲ့စီးပွားရေးကုန်သွယ်မှု ဖြတ်တောက်ပစ်ခဲ့ပါတယ်...အရှင်မလက်ထက်မှာ အခုလိုပြန်လည်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဥတ္တရကို အရှင်မတောင်းဆိုချင်တဲ့ကိစ္စများ ရှိပါသေးသလား"
နိုင်ငံရေးတွင် အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူမရှိဟူသော စကားရှိမှန်း ယုဂန်သိသည်။ ဘုရင်မနာရဏီသည် ယခုအခါ တစ်စုံတစ်ရာသောအလိုရှိမှုကြောင့် ဥတ္တရနှင့်ပြန်လည်သင့်မြတ်ချင်ပုံရသည်။
" ပန်သျှားနိုင်ငံတွင်းမှာ ဆူလပြည်နယ်ရှိပါတယ်...ကျွန်ုပ်တို့ တိုင်းပြည်အတွက်၊ တော်ဝင်မိသားစုအတွက် အားထားရတဲ့ လူမျိုးစုပါ...ပန်သျှားမှာ ဆူလစစ်တပ်ဆိုပြီ သပ်သပ်ရှိသည်အထိ အားထားရပါတယ်...အားထားရတဲ့မျိုးနွယ်စုကို ကျွန်ုပ်တို့ဘက်ကလည်း ပြန်ပြီးကျေးဇူးပြုပါတယ်...ပန်သျှားက ဆူလတွေဟာ ဥတ္တရဆူလတွေကို သူတို့လိုမျိုး နေစေချင်ပါတယ်...ကျွန်ုပ်ဘက်က ဥတ္တရကိုတောင်းဆိုချင်တာဟာ ဆူလလူမျိုးတွေကို ကြည့်ရှုစောင့်ရှောက်ပေးပြီး ပြန်လည်ထူထောင်ပေးဖို့ပါပဲ"
ဆူလလူမျိုးများကို အကြောင်းပြုပြီး ပန်သျှားနှင့် ဥတ္တရကို ဘုရင်မနာရဏီက ပြန်လည်သင့်မြတ်စေချင်ပုံရသည်။
သူမ၏အမှန်တကယ်အလိုရှိမှုကတော့ နိုင်ငံနှစ်နိုင်ငံသင့်မြတ်ခြင်း၏ နောက်ဆက်တွဲအရာများသာဖြစ်ရမည်။
(၁) ဆူလနယ်မြေကို သူမသိမ်းပိုက်လိုလျှင် စစ်ရေးအတွက် ငွေကြေးများစွာကုန်ကျလိမ့်မည်။ ရမည့်အကျိုးအမြတ်နှင့် ထွက်ငွေမကိုက်လောက်သောကြောင့် သူမ,မလုပ်ချင်ပေ။ သို့ရာတွင် ဆူလ၏မှောင်ခိုကြောင့် သူမ၏ပြည်သူများ ထိပါးနေသည်။ ထို့ကြောင့် မှောင်ခိုကုန်သွယ်မှုလည်း ရပ်တန့်အောင်၊ သူမစိုက်ထုတ်ရသောအရင်းလည်းမများအောင် ဥတ္တရနှင့် ပူးပေါင်းဆောင်ရွက်လိုသည်။ (၂) ငယ်ရွယ်သောဘုရင်မသည် စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့် သူမ၏နောက်ကျောတွင် စစ်ရေးကောင်းသော ဥတ္တရနိုင်ငံကို အခံထားချင်လိမ့်မည်။ (၃) ဥတ္တရနှင့်ပန်သျှား စီးပွားရေးပြန်လည်ကုန်သွယ်ချင်သည်။ ဤသည်က သူမတိုင်းပြည်၏ ဝင်ငွေနှင့်ထွက်ငွေကို အကျိုးတစ်စုံတစ်ရာသက်ရောက်လိမ့်မည်။
ယုဂန်သည် ဘုရင်မနာရဏီတွေးတောနေမည့် အကြောင်းအရာများကို မှန်းဆကြည့်ရင်း သူမသည် ထက်မြက်သောသူဖြစ်ကြောင်း လက်ခံလာသည်။
ဘုရင်မနာရဏီက ဥတ္တရပြည်သည် ဆူလကြောင့် ခေါင်းကိုက်နေရမှန်းသိ၏။ ထို့ကြောင့် ဤအချက်ကိုနင်းကာ ဥတ္တရနှင့်သင့်မြတ်မှုကို အရယူနေသည်။
" အရှင်မရဲ့ နတ်ရွာစံသူခမည်းတော်က ဥတ္တရကိုအထင်အမြင်လွဲမှားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်...တကယ်တမ်း ဥတ္တရက ဆူလတွေကိုဖိနှိပ်တာ မဟုတ်ဘဲ ကြားလူက နှောင့်ယှက်ခဲ့တာပါ"
ယုဂန်၏စကားကြောင့် ဘုရင်နာရဏီ အံ့ဩသွားဟန်ရှိသည်။
" ဘယ်သူက နှောင့်ယှက်တာပါလဲ"
" နတ်ရွာစံသူ ခေမာမင်းကြီးကိုပုန်ကန်ဖို့ကြိုးစားခဲ့တဲ့ အရီးတော် မဟာသီဒါနဲ့ သျှသိမြို့စားဟောင်းဦးဒေဝပါ"
သူတို့၏ ကျန်ရှိသောစကားဝိုင်းသည် ဥတ္တရနှင့်ဆူလတို့ ကွဲကွာသွားပုံကို ဇာတ်ရည်လည်အောင် ပြောပြ၊ ရှင်းပြခြင်းဖြစ်လေသည်။
အစက ဆိုရပါလျှင် အရီးတော်မဟာသီဒါသည် ခေမာမင်းကြီးကို ပုန်ကန်ရန်အတွက် စစ်တပ်လိုသည်။ စစ်တပ်တည်ထောင်ရန် ငွေကြေးလိုအပ်သည်။ ငွေကြေးရနိုင်ရန်နည်းလမ်းကို ဆူလနယ်မြေတွင် ရှာတွေ့ခဲ့သည်။
ဆူလနယ်မြေတွင် မှောင်ခိုထုတ်လုပ်ရန် သူမအကြံရသည်။ ထိုနယ်မြေတွင်ပဲ သူမစစ်တပ်ကို ဖွက်ထားရန် စဉ်းစားမိသည်။ ထိုသို့ပြုလုပ်နိုင်ရန် ဆူလနယ်မြေကို သီးသန့်ဖြစ်သွားအောင် သူမက ကြိုးစားလုပ်ဆောင်တော့သည်။
သူမနှင့် ဦးဒေဝသည် ဥတ္တရဗဟိုအုပ်ချုပ်ရေးနှင့် ဆူလနယ်မြေတို့ကြား မသိမသာဝင်၍ခလောက်ဆန်ကာ ဖြည်းဖြည်းချင်း သွေးခွဲရန်တိုက်ပေးလာသည်။
ဤတွင် တော်ဝင်မိသားစုနှင့် အနီးကပ်ဆုံးဖြစ်သည့် မန္တာမျိုးနွယ်စုသည် နဂိုတည်းက ဆူလတို့အပေါ် သွေးကြွေးများကြောင့် မျက်မုန်းကျိုးနေသည်ဖြစ်ရာ အလွယ်တကူသွေးကွဲသွားလေသည်။ မန္တာတို့က ဆူလလူမျိုးကို ခါးခါးသီးသီးဖြစ်ကာ ဆူလမကောင်းကြောင်း သာ၍ပြောလေသည်။ မန္တာတို့က ဆူလတို့သည် နဂိုကတည်းက ရန်လို၍ရက်စက်တတ်သူများ ဖြစ်ကြောင်းပြောသည်။
မန္တာတို့၏စကားများ ပြည့်လျှံလာလေရာ ဥတ္တရနိုင်ငံ၏လူမျိုးတိုင်းက ဆူလလူမျိုးတိုင်းကို နှာရှုံ့ချင်လာသည်။
ဆူလတို့သည် ပုန်ကန်ရန်၊ လက်နက်များစုစည်းနေပြီဖြစ်ကြောင်း ကောလဟာလတို့ ဘယ်ကမှန်းမသိထွက်ပေါ်လာသည်။ အရီးတော်၏စစ်သည်အချို့က ဆူလများအယောင်ဆောင်၍ မန္တာမျိုးနွယ်စု၏ရွာအချို့ကို ဝင်တိုက်ပြသည်။ ရွာကိုမီးရှို့သည်။ ပစ္စည်းများယူဆောင်သွားသည်။
ထိုအခါ မန္တာတို့က ပို၍နာကျည်းလာသည်။ ဆူလမျိုးနွယ်နှင့် ပတ်သက်၍ မန္တာတို့၏တိုင်ကြားမှုက ပို၍ပို၍များပြားလာသည်။
ဥတ္တရဗဟိုအုပ်ချုပ်ရေးက ထိုကိစ္စကိုရှင်းရန် တပ်လွှတ်ပေးသည်။ ထိုတပ်က ဆူလလူမျိုးအစစ်များကို အထင်လွဲပြီး နှိပ်ကွပ်သည်။ ထိုအခါ ဘုမသိဘမသိ ခံလိုက်ရသော ဆူလတို့က ဥတ္တရပြည့်ရှင်အပေါ် ဒေါသများတိုးပွားလာသည်။
ဤသို့နှင့် သွေးကွဲမှုများ ရက်ဆက်လာသောအခါ ဆူလလူမျိုးတို့၏ ပုန်ကန်ခြင်း ဖြစ်လာသည်။
ဥတ္တရဗဟိုအုပ်ချုပ်ရေးက ဆူလ၏ကုန်သွယ်မှုအစုစုကို ဖြတ်တောက်၍ ပုန်ကန်ခြင်းကို ဖိနိုပ်သည်။ တစ်ဖက်တွင် အရီးတော်၏လူသည် ဆူလခေါင်းဆောင်ကို ချဉ်းကပ်ကာ ရှေ့ဆက်တိုးရန် မြှောက်ပေးသည်။
အရီးတော်၏လူက နယ်မြေကိုသီးသန့်ပြုလုပ်လိုက်သင့်ကြောင်း၊ မှောင်ခိုပစ္စည်းထုတ်လုပ်ကာ စစ်တပ်အတွက် ငွေအင်အားဖြည့်လိုက်သင့်ကြောင်း၊ စစ်တပ်ခိုင်လျှင် ဥတ္တရကို အလုံးစုံပုန်ကန်၍ရနိုင်ပြီဖြစ်ကြောင်း စသဖြင့်ပြောသည်။
ဆူလခေါင်းဆောင်သည် တုံးအသောလူဖြစ်၏။ ထို့ကြောင့် အရီးတော်၏လူ ပြောသည့်အတိုင်းဆောင်ရွက်လေသည်။
လူတစ်ယောက်၏ မှားယွင်းသော၊ တုံးအသော ရွေးချယ်မှုက ဆူလလူမျိုးတိုင်းကို အမှောင်ထုဆီဆွဲခေါ်သွားလေသည်။ မှောင်ခိုမှရသော ငွေပမာဏအမြောက်အမြားကို အရီးတော်၏လူက ရယူ၍ အရီးတော်၏စစ်တပ်ဆီ ဖြည့်စည်းသည်။ ထိုသို့ လှည့်ပတ်နေမှန်းလည်း တုံးအသော ဆူလခေါင်းဆောင်က မသိပါချေ။
သူ၏လူမျိုးများ ငတ်ပြတ်နေခြင်းကိုလည်း မကိုင်တွယ် မဖြေရှင်းပေးနိုင်ပါချေ။
ယုဂန်သည် တုံးအသော ခေါင်းဆောင်ခိုင်းတိုင်း ဆူလပြည်သူများက ပြလုပ်ရလေသလားဟု အပြစ်တင်မိသေးသည်။ သူတို့ထံတွင် ခေါင်းဆောင်၏အမှားကို မြင်ရန် ဦးနှောက်မရှိရော့လေသလား။
နောင်တွင်မှ ဤသည်ပဒေသရာဇ်စနစ်ဖြစ်နေ၍လည်းကောင်း၊ လူတိုင်းသည် မိမိ၏ထင်မြင်ချက်ကို မချပြရဲ၍ ( ချပြ၍ရမှန်း မသိသဖြင့်) လူအများမိုးခါးရေ သောက်လျှင် အကုန်လိုက်သောက်ကြကြောင်း တွေးမိလေသည်။ ထို့ကြောင့် ဆူလလူမျိုးများကို မသိရကောင်းလား ဟု အပြစ်မဖို့နိုင်။
ယခုကိစ္စတွင် သေချာသောအရာမှာတော့ အရီးတော်မဟာသီဒါ၏ အပြစ်သာ ဖြစ်သည်။
ယုဂန်သည် ဤဖြစ်ရပ်မှန်ကို အတော်လေးစုံစမ်းပြီး စဉ်းစားယူခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဟီရရှိ မည်သူ့ကိုမေးမေး၊ ဆူလတို့က နယ်မြေကိုယူ၍ ပန်သျှားသို့ပြန်လိုသောကြောင့် ပုန်ကန်သည်ဟုသာဖြေသည်။
သူတို့အမြင်တွင် ဆူလလူမျိုးတို့၏အမှားသာဖြစ်သည်။
ဆိုရလျှင် ဆူလလူမျိုးတို့သည် မကောင်းသောလူမျိုးများအဖြစ် stereotype သတ်မှတ်ခံထားရခြင်းဖြစ်ကာ ဆူလဟု ဆိုသည်နှင့် တခြားလူမျိုးများက မကောင်းဘက်က မြင်ကြသည်။
မန္တာလူမျိုးများက သွေးကြွေးကြောင့် ဆူလကို မုန်းသော်လည်း ဥတ္တရ၏ကျန်လူမျိုးများက အဘယ်ကြောင့် ဆူလကိုမုန်းတီးနေမှန်းမသိပါ။
စဉ်းစားကြည့်လျှင် အကြောင်းအရင်းမရှိပေ။ အသားနီသောကြောင့် ခွဲခြားခံရသည်နှင့်တူသည်။ ဆူလတို့က ဥတ္တရ၏အလှအပစံနှုန်းနှင့် အလွန်တရာကွာခြားလွန်းသည်။
ချောမောသောရုပ်ရှည်၏ ပ,စားပေးခံရခြင်းနှင့် ရုပ်ဆိုးသူ၏ ခွဲခြားခံရခြင်းမှာ မဖြစ်နိုင်ဘူးဟုထင်ရသော်ငြား
အမှန်တကယ်ပင်ဖြစ်နေသည်။
မကောင်းဘက်က မြင်လျှင်၊ မိမိ၏အမြင်၌ အမုန်းခံနေလျှင် အမှန်တရားသည် သူတို့ရှေ့၌ပင် ပျောက်ဆုံးတတ်ကြ၏။
ထို့ကြောင့် အစစ်အမှန်အကြောင်းအရင်းကို မည်သူကမှ မမြင်ကြတော့ဘဲ အရီးတော်၏သွေးခွဲခြင်းမှာ အလွယ်တကူအောင်မြင်ခဲ့သည်။
နာရဏီ၏ဖခမည်းတော် ဘုရင်လက်ထက်တွင် ဥတ္တရက ဆူလများကို ဖိနိုပ်သဖြင့် ပုန်ကန်သည်ဟု အထင်လွဲကာ ကုန်သွယ်ရေးဖြတ်တောက်ခဲ့သည်။
ဤသည်မှာ ရှုပ်ထွေးပွေလီလှသော ဆူလပြဿနာအကုန်ပင်ဖြစ်သည်။
ယုဂန်ကမူ ဆူလတို့ ပန်သျှားပြန်လို၍၊ နယ်မြေယူသွားလို၍ ပုန်ကန်သည်ဟူသော စကားမှာ အခြေအမြစ်မရှိမှန်း အရင်တွေးတောမိသည်။ ထိုသို့ လူမျိုးစွဲ ဘာစွဲ ညာစွဲ ကင်းလွတ်၍လည်းကောင်း၊ အထင်အမြင်ထက် သတင်းအချက်အလက်ကို ဦးစားပေး၍လည်းကောင်း ယုဂန် စုံစမ်းစစ်ဆေးခဲ့ရာ နောက်ဆုံးတွင် ဆူလနှင့် ဥတ္တရ၏သွေးကွဲခြင်းဖြစ်စဉ်ကို တိတိပပသိလာရတော့သည်။
ယနေ့အချိန်တွင်တော့ ပန်သျှားနှင့်ဥတ္တရကြား နားလည်မှုလွဲမှားခြင်းကို ဖြေရှင်းနိုင်ခဲ့သည်။
အရုဏ၊ ယုဂန်နှင့် ဘုရင်မနာရဏီတို့ အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
***************************************
ပန်သျှားဘုရင်မနာရဏီနှင့် တွေ့ဆုံဆွေးနွေးပြီးသည့်နောက်တွင် အရုဏနှင့်ယုဂန်သည် မိမိတို့၏နန်းဆောင်များရှိရာသို့ ပြန်လာခဲ့ကြ၏။
အတူတူယှဉ်တွဲလမ်းလျှောက်နေခိုက် အရုဏက ယုဂန်၏လက်ကို မသိမသာလှမ်းကိုင်၍မေးသည်။
" မောင် ယုဂန်အခန်းကိုလာခဲ့ရမလား..."
"လာပြီး ဘာလုပ်မလို့လဲ"
" မောင့်ချစ်သူအခန်းကိုလာတာ မောင်က တခြားဘာလုပ်ရဦးမတဲ့လဲ"
ယုဂန် အရုဏကို မျက်လုံးထောင့်ကပ်ကြည့်သည်။
"သူများနန်းတော်ထဲရောက်နေတာကို ဘယ်လိုလုပ်ဖြစ်မှာတုန်း"
ယုဂန် စကားကြောင့် အရုဏသိပ်ကျေနပ်ပုံမရပေ။ သူက ဆူပုတ်ပုတ်ဖြင့်ဆိုသည်။
" မောင်တို့ချည်းပဲ သီးသန့်အချိန်မရတာ ဘယ်လောက်ကြာပြီလဲ"
ပြောပြောဆိုဆိုနှင့် အရုဏက ယုဂန်၏လည်ပင်းအနောက်နားကို လက်မဖြင့်ပွတ်သည်။ ဆက်ဆံနေသည့်အတောအတွင်း အရုဏ ထိုနေရာကိုနမ်းလျှင် အနှစ်သက်ဆုံးဖြစ်ကြောင်း ယုဂန်က ပြောပြဖူးသည်။
" ဒီနေရာကိုတောင် မနမ်းရတာကြာပြီ"
ယုဂန် ကြက်သီးထ,သွားသောကြောင့် ဇက်ကိုပုလိုက်မိသည်။
" မောင်...ငြိမ်ငြိမ်နေစမ်း...ကျွန်တော့်လက်က ကောင်းသေးတာ မဟုတ်ဘူးနော်"
"အဲ့တာကြောင့် ယုဂန်ကိုကူညီဖို့ မောင်အနားမှာရှိသင့်တာပေါ့...မဟုတ်ဘူးလား...အချစ်ရဲ့"
"ဘာကူညီမှာတုန်း"
" ယုဂန် မျက်နှာသစ်တာ၊ အဝတ်အစားလဲတာ၊ ထမင်းစားတာအဆုံး မောင် ကူညီရမှာပေါ့"
" အရင်ဆုံး ဟိုကိုသွားကူလိုက်ပါလား....ဟိုမှာ တော်တော်အခက်အခဲဖြစ်နေပုံပဲ"
ယုဂန် တစ်နေရာကိုမေးဆတ်ပြရင်းပြောသည်။ ယုဂန် ဆိုလိုသည့် နေရာကို အရုဏ,လှည့်ကြည့်သည်။
ထိုနေရာတွင် သစ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်ပင်၏ခပ်မြင့်မြင့်အကိုင်းဖျားပေါ်တွင် ပဝါစတစ်စ တွယ်ငြိနေသည်။ သစ်ပင်အောက်တွင် မိန်းကလေးတစ်ဦးရှိပြီး သူမက ပဝါစကိုယူရန် ကြိုးပမ်းနေသည်။ သို့ရာတွင် သူမအရပ်နှင့် မမီသဖြင့် ခုန်ဆွခုန်ဆွဖြစ်နေသည်။
"သူ့ဟာသူ ယူပ,စေ"
အရုဏက မသိကျေးကျွံပြု၍ လှည့်ထွက်သွားမည်ပြုသည်။
" မောင်ကလည်း သွားကူညီပေးလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ... မောင့်အရပ်နဲ့မှ ပဝါက မီမှာ"
ယုဂန်၏တိုက်တွန်းမှုကြောင့် အရုဏ ထိုမိန်းကလေးအနားသို့ လျှောက်သွားသည်။
သူက မိန်းကလေး၏ဘေးနားတွင် မပြောမဆိုနှင့်ရပ်လိုက်သောကြောင့် မိန်းကလေးလန့်သွားကာ သူ့ကိုမော့ကြည့်လာသည်။
မျက်လုံးဝိုင်းဝိုင်း၊ နှာတံမြင့်မြင့်၊ ဖူးဖူးမြမြရှိသောနှုတ်ခမ်းတို့နှင့် မိန်းမချောလေးတစ်ဦးဖြစ်သည်။
" ကျွန်ုပ် ယူပေးပါ့မယ်"
အရုဏ ထိုစကားမျှသာဆို၍ ပဝါစကိုလှမ်းယူလိုက်သည်။ ထို့နောက် မိန်းကလေးဆီ ပဝါစကို ပေးသည်။
ထိုမိန်းကလေးက ပဝါစကို ပြန်မယူသေးဘဲ သူ့ကို မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်နေသည်။ ထူးဆန်းအံ့ဩနေပုံပင်။
အရုဏ ထိုမိန်းကလေးကို အကဲခတ်မိသည်။
ထိုမိန်းကလေးသည် တောက်ပြောင်ကာတန်ဖိုးကြီးသော အဝတ်များကို ဝတ်ဆင်ထားသောကြောင့် တော်ဝင်မျိုးနွယ်၊ သို့မဟုတ် အထက်တန်းလွှာတစ်ဦးဖြစ်ရမည်။ သူ့ကို အံ့ဩစွာစိုက်ကြည့်နေခြင်းမှာလည်း မမြင်ဖူးသောလူတစ်ဦးကို နန်းတွင်းထဲ၌ တွေ့မြင်လိုက်ရခြင်းကြောင့်ဖြစ်နိုင်သည်။
ထို့ကြောင့် အရုဏ ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်သည်။
" ဥတ္တရတိုင်းပြည်ရဲ့မင်းသား အရုဏပါ...သူက ဥတ္တရတိုင်းပြည်ရဲ့အမတ်မင်း ယုဂန်နိုင်ပါ"
အရုဏသည် ခပ်လှမ်းလှမ်းတွင်ရပ်နေသော ယုဂန်ကိုပါ ညွှန်ပြ၍ တကူးတကကြီး မိတ်ဆက်ပေးလိုက်သောကြောင့် ယုဂန် မနေသာတော့ဘဲ မိန်းကလေးအနားသို့ လျှောက်လာရတော့သည်။
ထိုအခါမှ မိန်းကလေးသည် ဦးခေါင်းကိုညွှတ်၍ ယဉ်ကျေးဖော်ရွေစွာ ပြန်လည်နှုတ်ဆက်လာသည်။
" ပန်သျှားတိုင်းပြည်ရဲ့မင်းသမီး ရှင်နော်ဇာပါ..."
"ပန်သျှားပြည်ရဲ့ မင်းသမီးကို ဂါဝရပြုပါတယ်"
ယုဂန် လောကွတ်ချော်နေခိုက်တွင် အရုဏက
" ကျွန်ုပ်တို့ကို သွားခွင့်ပြုပါဦး"
စကားစမြန်မြန်ဖြတ်ကာ ထွက်သွားရန် ဟန်ပြင်လေသည်။ တစ်ဆက်တည်းပင် မင်းသမီးရှင်နော်ဇာ လက်ထဲသို့ ပဝါစကမ်းပေးလေသည်။
" ပဝါ..."
မင်းသမီးသည် အရုဏကို ဝိုင်းစက်ကာ တောက်ပသောမျက်ဝန်းများဖြင့် မော့ကြည့်၏။ ထို့နောက် သူမ၏ပါးလေးနှစ်ဖက် ရဲတက်သွားကာ အလျင်အမြန်ခေါင်းပြန်ငုံ့သွားသည်။
" ကျေးဇူးတင်ပါတယ်"
သူမ အရုဏလက်ထဲမှ ပဝါစကို မဝံ့မရဲဖြင့်ပြန်ယူသွားသည်။
ပြီးသည်နှင့် အရုဏနှင့် ယုဂန်သည် မင်းသမီးရှင်နော်ဇာရှေ့မှ လှည့်ထွက်လာခဲ့သည်။
မင်းသမီးရှင်နော်ဇာကမူ ပဝါစကိုရင်တွင်ပိုက်လျက် အရုဏ၏နောက်ကျောကို လှမ်းကြည့်ရင်း ကျန်ရစ်ခဲ့သည်။
********************************************
17.1.2022
(Monday )
.
.
.
Zawgyi
ပန္သွ်ားတိုင္းျပည္
____________________
ယုဂန္သည္ ဆူလေခါင္းေဆာင္ကို တိုက္ခိုက္ရန္အတြက္ သူ၏ဓားကို ႐ႊမ္းခနဲျမည္ေအာင္ ဆြဲထုတ္လိုက္၏။
ဆူလလူမ်ိဳးတို႔၏ အဂိကလက္နက္မွာ လွံရွည္ျဖစ္ေလရာ ဆူလေခါင္းေဆာင္သည္ သူ၏လက္နက္ျဖစ္ေသာ လွံရွည္ကို အသင့္အေနထားသို႔ ကိုင္တြယ္လိုက္ေလသည္။ ထို႔ေနာက္ ယုဂန္ဆီသို႔ တဟုန္ထိုးတိုးလာလ်က္ လွံရွည္ျဖင့္ အဆက္မျပတ္တိုက္ခိုက္ေတာ့သည္။
ယုဂန္သည္ ဆူလေခါင္းေဆာင္၏ တိုက္ခိုက္မႈကို ခုခံ၍ တစ္ခ်ိန္တည္းတြင္ ျပန္လည္ထိုးစစ္ျပဳသည္။ ယုဂန္၏ တိုက္ခိုက္ေရးအတတ္သည္လည္းေကာင္း၊ ေမွာ္ပညာသည္လည္းေကာင္း ဥတၱရသို႔စေရာက္ခါစကထက္ မ်ားစြာ ေကာင္းမြန္ေနၿပီျဖစ္ေလရာ ယုဂန္၏ခုခံမႈ၊ တိုက္ခိုက္မႈက သြက္လက္၍ အားျပင္းေနၿပီ။
ထိုအခ်ိန္တြင္ အိမ္၏အလယ္ျပတင္းေပါက္ကို ခ်ိဳးဖ်က္၍ လူအခ်ိဳ႕ ခုန္ပ်ံေက်ာ္လႊားဝင္လာသည္။
ထိုလူတို႔မွာ ယုဂန္တို႔၏ လွည္းသားေယာင္ေဆာင္ထားေသာ စစ္သည္မ်ားျဖစ္သည္။ စစ္သည္ေပါင္း ေလးေယာက္ခန႔္ရွိသည္။
ထိုစစ္သည္တို႔သည္ ဓားကိုအသင့္ဆြဲကိုင္လ်က္ ယုဂန္ႏွင့္ ေမွာင္ခိုကုန္သည္ေဘးတြင္ ဝန္းရံလိုက္ၾကသည္။
"အမတ္မင္း...သြားပါ...ကြၽန္ေတာ္မ်ိဳးတို႔ ခုခံေပးထားပါ့မယ္"
ထိုစစ္သည္မ်ားသည္ အသတ္ကိုပင္စေတးႏိုင္ေသာလူမ်ား ျဖစ္သည္ႏွင့္အညီ ထိုစကားကိုျပတ္သားစြာဆို၏။
တစ္ဖက္မွ စစ္သည္မ်ားေရာက္လာေသာေၾကာင့္ အိမ္အေရွ႕ေပါက္မွ ဆူလစစ္သည္မ်ားဟာလည္း မေနသာေတာ့ဘဲ အိမ္တြင္းသို႔ဝင္၍ တိုက္ခိုက္လာေတာ့သည္။ က်ဥ္းေျမာင္းေသာအိမ္ထဲတြင္ ဆူလႏွင့္ ဥတၱရ၏စစ္သည္တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ၾကကုန္သည္။
ဥတၱရစစ္သည္တို႔သည္ မည္မွ်ပင္တိုက္ရည္ခိုက္ရည္ဝ,ေစကာမူ ဆူလတို႔မွာ လူအင္အားသာေသာေၾကာင့္၊ ထို႔အျပင္ ေရာက္ရွိေနေသာေနရာမွာလည္း ဆူလနယ္ေျမျဖစ္ေသာေၾကာင့္ မတတ္သာဘဲ ထြက္ေျပးရမည့္အေျခအေနသို႔သာ ေရာက္ရွိေနသည္။ ထို႔ေၾကာင့္ ယုဂန္ႏွင့္ စစ္သည္မ်ားသည္ ခုခံ႐ုံမွ်သာအားသုံး၍ အိမ္အျပင္သို႔ ထြက္ေျပးၾကသည္။
အိမ္အျပင္သို႔ေရာက္စဥ္တြင္ ဆူလစစ္သည္တစ္ဦး လႊတ္ပစ္လိုက္ေသာ လွံေၾကာင့္ ဥတၱရစစ္သည္တစ္ဦး က်ဆုံးသြားသည္။
က်န္စစ္သည္ သုံးဦး၊ ယုဂန္ႏွင့္ ေၾကာက္အားလန႔္အားထြက္ေျပးလာေသာ ေမွာင္ခိုကုန္သည္တို႔သည္ အသင့္ေရာက္ရွိလာေသာ လွည္းဆီေျပးၾက၏။
သူတို႔၏ျမင္းလွည္းမွာ ႏွစ္စီးျဖစ္ၿပီး ထိုျမင္းလွည္းႏွစ္စီးသည္ တရၾကမ္းေမာင္းလာ၍ သူတို႔ရွိရာေနရာသို႔ အခ်ိန္ကိုက္ေရာက္ရွိလာသည္။ ျမင္းလွည္းတစ္စီးစီေပၚတြင္ လွည္းေမာင္းသူစစ္သည္တစ္ဦးစီရွိသည္။
ယုဂန္၊ ကုန္သည္ႏွင့္ စစ္သည္သုံးဦးတို႔သည္ ျမင္းလွည္းႏွစ္စီးအေပၚ လူခြဲ၍ အလ်င္အျမန္တက္လိုက္ၾကသည္။ ျမင္းလွည္း တရၾကမ္းေမာင္းထြက္သည္။ အေနာက္မွ ဆူလစစ္သည္တို႔ ေျပးလိုက္လာ၏။
စစ္သည္သုံးဦးႏွင့္ ကုန္သည္ပါေသာလွည္းသည္ ေရွ႕မွေျပး၍ ယုဂန္ႏွင့္ စစ္သည္ႏွစ္ဦးပါေသာ လွည္းက ေနာက္မွ လိုက္ေလသည္။ သူတို႔သည္ လွည္းကို ေတာအုပ္ဘက္သို႔ ထိုးဆင္းေမာင္းႏွင္ၾက၏။
မၾကာမီ သူတို႔၏အေနာက္သို႔ ငွက္စီးလာသည့္ ဆူလစစ္သည္မ်ား လိုက္လာၾကသည္။ ငွက္ဆိုသည္မွာ ဆူလနယ္ေျမအနားတြင္ က်က္စားၾကေသာ ငွက္မ်ိဳးျဖစ္ၿပီး ငွက္ကုလားအုတ္ႏွင့္ဆင္တူသည္။ ငွက္ကုလားအုတ္ထက္ အေကာင္ကိုပိုႀကီးကာ ႀကီးမားၿပီးေကာက္ေကြ႕ေသာ ႏႈတ္သီးရွိသည္။ ထိုငွက္မ်ားသည္ မပ်ံႏိုင္ေသာ္လည္း အေျပးျမန္၍ သခင္ကိုလည္းသိတတ္ေသာ တိရိစာၦန္မ်ိဳးျဖစ္သည္။ ထို႔ေၾကာင့္ ဆူလလူမ်ိဳးမ်ားႏွင့္ မႏၲာမ်ိဳးႏြယ္စုတို႔က ယင္းငွက္ကို စီးေတာ္ယာဥ္အျဖစ္ အရင္ကတည္းက အသုံးျပဳၾကသည္။ ထိုငွက္ကို ငွက္ဘီလူးဟု ေခၚေဝၚသည္။
ထိုသို႔ေသာငွက္ကိုစီး၍လိုက္လာေသာေၾကာင့္ ဆူလစစ္သည္တို႔သည္ လွည္းကို မ်က္ျခည္မျပတ္သြားၾက။
ေရွ႕ဆုံးမွလာေသာ ဆူလေခါင္းေဆာင္က မီးရႈိ႕ေသာ လွံျဖင့္ လွမ္းပစ္သည္။ ယုဂန္တို႔၏လွည္းေခါင္မိုးကို သြားစိုက္သည္။ မီးမ်ား စြဲေလာင္လာသည္။
စစ္သည္ႏွစ္ဦးႏွင့္ ယုဂန္သည္ တစ္ဖက္လွည္းေပၚသို႔ ကူးေျပာင္းရန္ အလ်င္အျမန္ျပင္ဆင္ရေတာ့၏။ လွည္းႏွစ္စီးကို ယွဥ္ေမာင္းလိုက္ကာ သြားေနေသာလွည္းေပၚမွ ေျပးေနေသာတျခားလွည္းအေပၚ ခုန္ကူးရန္ ႀကိဳးစားရေတာ့သည္။
စစ္သည္တစ္ဦးက ပထမဦးစြာခုန္ကူးသြားသည္။ ေမာင္းေနေသာလွည္းေပၚမွ တစ္ဖက္ေပၚခုန္ကူးရျခင္းမွာ မလြယ္ကူေသာ္လည္း ထိုစစ္သည္ အႏၲရာယ္ကင္းစြာေရာက္ရွိသြားသည္။ ဒုတိယစစ္သည္ ထပ္မံခုန္ကူးရန္ ဟန္ျပင္သည္။
ထိုအခ်ိန္တြင္ ထိုစစ္သည္ရွိရာ တည့္တည့္သို႔ လွံတစ္ေခ်ာင္း ေျပးဝင္လာသည္။ ထိုစစ္သည္,သည္ လွံကိုေရွာင္လိုက္၏။ ထိုအခါ လွည္းေပၚမွ ဒလိမ့္ေခါက္ေကြးျပဳတ္က်ေလသည္။
ထိုစစ္သည္,သည္ ေျမႀကီးေပၚသို႔ေရာက္သည္ႏွင့္ အလ်င္အျမန္ျပန္ထ,ကာ လွည္းအေနာက္သို႔ေျပးလိုက္သည္။ သို႔ရာတြင္ လူ၏အေျပးႏႈန္းက ျမန္ဆန္လြန္းေသာလွည္းအေနာက္ကို မီေအာင္ မလိုက္ႏိုင္ေခ်။
ရဲေဘာ္ရဲဖက္စိတ္ဓာတ္ ရွိရမည္မွန္ေသာ္လည္း တာဝန္ႏွင့္ ရဲေဘာ္ကိုယွဥ္လွ်င္ တာဝန္ကိုသာေ႐ြးခ်ယ္ရမည္ျဖစ္ေသာ စစ္သည္မ်ားသည္ လွည္းကိုရပ္ေပးရန္၊ သို႔မဟုတ္ အရွိန္ေႏွးလိုက္ရန္ လုပ္ေဆာင္မည္မဟုတ္။ အကယ္၍ လွည္းကို ေႏွးလိုက္သျဖင့္ ဖမ္းမိသြားပါက သူတို႔အားလုံး အက်ိဳးနည္းကုန္မည္ျဖစ္သည္။ သို႔ဆိုလွ်င္ တာဝန္က်ရႈံးလိမ့္မည္။
"အမတ္မင္း အျမန္ခုန္ကူးပါေတာ့"
လွည္းေပၚတြင္ ေနာက္ဆုံးက်န္ခဲ့သူ ယုဂန္ကို တစ္ဖက္လွည္းရွိစစ္သည္က လွမ္းေအာ္ေျပာသည္။
ယုဂန္သည္ လွည္းေမာင္းသူေနရာတြင္ ထိုင္ရင္း အေနာက္မွ အသည္းအသန္ေျပးလိုက္ေနေသာ ဥတၱရစစ္သည္ကို လွည့္ၾကည့္မိသည္။ ထိုစစ္သည္မ်က္ႏွာတြင္ အသက္ရွင္လိုျခင္းကို ထင္ရွားစြာေတြ႕ျမင္ေနရသည္။
ယုဂန္သည္ လွည္းေမာင္းသူေနရာမွ ထ,ကာ လွည္းကိုဆြဲ၍ေမာင္းေနသည့္ျမင္းအေပၚ ခဲရာခဲဆစ္တက္လိုက္သည္။ ထို႔ေနာက္ ျမင္းကိုခ်ိတ္ထားေသာ လွည္းကို ျဖဳတ္ရန္ႀကိဳးပမ္းသည္။
အေနာက္မွ လွည္းကိုယ္ထည္မွာ မီးဟုန္းဟုန္းေတာက္ေနၿပီျဖစ္သည္။
ယုဂန္သည္ ျမင္း၏ဝမ္းဗိုက္ေဘးတြင္ ခ်ိတ္ထားေသာအရာကို ျဖည္ခ်ေနသည္။ ထိုတြင္ ယုဂန္သည္ ျမင္းေပၚ၌ တည့္တည့္မထိုင္ဘဲ ေအာက္ကိုငုံ႔ထားရသည္မို႔ အႏၲရာယ္ရွိေသာအေနအထား ဟုဆိုႏိုင္သည္။
သို႔ေသာ္လည္း ေအာင္ျမင္စြာျဖဳတ္ခ်ႏိုင္ခဲ့ၿပီး ျမင္းႏွင့္ မီးေလာင္ေနေသာလွည္းတို႔ အဆက္ျပတ္သြားသည္။ မီးေလာင္ေနေသာလွည္း အေနာက္တြင္က်န္ခဲ့သည္။
ၿပီးသည္ႏွင့္ ယုဂန္သည္ ျမင္းကို အေနာက္သို႔ခ်ာခနဲလွည့္လိုက္၏။ ယုဂန္၏ဦးတည္ရာမွာ က်န္ရစ္ခဲ့သည့္ စစ္သည္ဆီျဖစ္သည္။
ယုဂန္သည္ ထိုစစ္သည္ဆီသြား၍ ထိုစစ္သည္, ျမင္းအေပၚတက္ႏိုင္ရန္ လက္ကမ္းေပးသည္။ ထိုအခ်ိန္တြင္ ယုဂန္စီးေနေသာျမင္းသာမက စစ္သည္ကပါ မရပ္မနားေျပးေနျခင္းျဖစ္သည္။ ေျပးေနေသာလူကို ေျပးေနေသာျမင္းအေပၚ ခုန္တက္ႏိုင္ရန္ ကူညီေပးေနျခင္းသာ။
ယုဂန္ ကမ္းလင့္ေသာလက္ကို ထိုစစ္သည္က အမိအရ၊ အတင္းအၾကပ္ဆုပ္ကိုင္လိုက္၏။
ထိုအခ်ိန္တြင္ ဆူလစစ္သည္တို႔သည္ ယုဂန္၏ျမင္းကို မီရန္ အနည္းငယ္သာလိုေတာ့သည္ ျဖစ္သည္။
ဆူလတို႔ထံတြင္ အဆိပ္လူးျမားခြၽန္ကို ဝါးႁပြန္ထဲထည့္၍ မႈတ္ရေသာ လက္နက္တစ္မ်ိဳးရွိေသးသည္။ အေနာက္မွ လိုက္လာေသာ ဆူလစစ္သည္တစ္ဦးက ယုဂန္တည့္တည့္ဆီသို႔ ထိုလက္နက္ျဖင့္ ျမားကို မႈတ္လႊတ္လိုက္၏။
အႏွီလက္သန္းခန႔္အ႐ြယ္ရွိ ျမားခြၽန္က ယုဂန္၏လက္ကို စိုက္ဝင္သည္။ စစ္သည္ကို ဆြဲကိုင္ထားသည့္ လက္ျဖစ္သည္။
ယုဂန္သည္ စူးေအာင့္ေသာနာက်င္မႈႏွင့္ အဆိပ္၏ပူျပင္းေသာေဝဒနာကို ခံစားလိုက္ရေသာ္ျငား စစ္သည္ကိုလက္မလႊတ္လိုက္ပါေခ်။ သူ၏လက္ဖ်ံတစ္ေလွ်ာက္အေၾကာစိမ္းမ်ား ႐ုန္းႂကြလာသည္အထိ သူအားတင္းကာ စစ္သည္ကို ဆြဲတင္သည္။
စစ္သည္,သည္လည္း ခုန္တက္လိုက္ရာ ယုဂန္အေနာက္သို႔ ေရာက္ရွိလာသည္။
ထိုအခါမွ ယုဂန္ ျမင္းကို ဇက္ကုန္ဖြင့္ေမာင္းသည္။ အေရွ႕တြင္ မီးေလာင္၍က်န္ခဲ့ေသာလွည္းရွိသည္။ ယုဂန္ ျမင္း၏ဇက္ကိုဆြဲလိုက္ရာ ျမင္းသည္ မီးေလာင္ေနေသာလွည္းအေပၚမွ လႊားခနဲ ခုန္ပ်ံ၏။
သာမန္မဟုတ္ေသာ သိေႏၶာျမင္းျဖစ္ေသာေၾကာင့္ လွည္းကို အသာေလးေက်ာ္လႊားႏိုင္ေလသည္။
ထို႔ေနာက္ ျမင္းခြာတစ္ခ်က္ ေျမသို႔ေပါက္သည္ႏွင့္ မီးေလာင္ေနေသာလွည္း၏ ေဘးတစ္ဖက္တစ္ခ်က္တစ္ေလွ်ာက္ မီးတန္းႀကီးျဖစ္ကာ ဆူလစစ္သည္တို႔ရန္မွ ကာဆီးလိုက္ေလသည္။
သိေႏၶာျမင္း၏အစြမ္းတစ္ခုမွာ ခြာတစ္ခ်က္ေပါက္သည္ႏွင့္ ရွိၿပီးသားမီးေတာက္ကို တိုးပြားေစႏိုင္ျခင္းျဖစ္သည္။
ဤသို႔ႏွင့္ ယုဂန္ႏွင့္စစ္သည္တစ္ဦးပါေသာ ျမင္းသည္ ေတာအုပ္အစပ္သို႔ ဝင္ေရာက္သြားေလသည္။
***********************************
"ရၿပီ အမတ္မင္း"
ေမွာင္ခိုကုန္သည္,၏စကားအဆုံးတြင္ ယုဂန္သည္ ထုံက်င္ကာ ခံစားခ်က္မဲ့ေနၿပီျဖစ္ေသာ သူ၏လက္ကို ငုံ႔ၾကည့္သည္။
ဤေဒသ၌က်င္လည္ေနသည္မွာ ၾကာၿပီျဖစ္၍ ဆူလတို႔၏လက္နက္အေၾကာင္း သိရွိေသာကုန္သည္က ယုဂန္၏လက္ကို အဝတ္စျဖင့္စည္းက်ပ္ေပးထားသည္။ ေဆးစည္းေပးထားျခင္းေတာ့မဟုတ္။ ေဆးကား ဤေနရာတြင္ မရွိ။
အေရးေပၚအေျခအေနအရ အဆိပ္ပ်ံ႕မည္စိုးသျဖင့္ လက္ေမာင္းရင္း၌သာ အဝတ္ျဖင့္တင္းတင္းစည္းထားျခင္းျဖစ္သည္။ ေသြးမေလွ်ာက္ေသာေၾကာင့္ ယင္းလက္တစ္ဖက္မွာ ခရမ္းေရာင္ပင္ သန္းခ်င္ေနၿပီ။
"လက္ျဖတ္ရမွာေတာ့ မဟုတ္ပါဘူးေနာ္"
ေမးသာေမးရေသာ္လည္း ကုန္သည္ ေခါင္းညိတ္ျပမည္ကို စိုးရိမ္ေနရျပန္သည္။ ဤသည္ကား သူ၏ညာလက္ျဖစ္သည္။ ညာသန္ျဖစ္သည္မို႔ ညာဘက္လက္မရွိလွ်င္ ခက္ခဲေပလိမ့္မည္။
"အေျခအေနက အဲ့ေလာက္ထိ မဆိုးဝါးေလာက္ဘူးလို႔ ေမွ်ာ္လင့္ရတာပဲ...အမတ္မင္း"
ကုန္သည္၏စကားက သိပ္ေတာ့အားတက္စရာ မေကာင္းလွ။
ယုဂန္ သက္ျပင္းခ်၍ ထိုအတိုင္းသာငူငူႀကီးဆက္ထိုင္ေနသည္။
ထိုအခ်ိန္တြင္ သူတို႔စတည္းခ်ေနရာအရပ္သို႔ မင္းသားအ႐ုဏ ေရာက္ရွိလာသည္။ သူတို႔သည္ လူစုကြဲသြားပါက အခ်င္းခ်င္းျပန္လည္ရွာေဖြႏိုင္ရန္ ေမွာ္ေက်ာက္တုံးတစ္တုံးစီ ယူေဆာင္ထားသည္ျဖစ္သည္။ ထိုေက်ာက္တုံးက တုန္ခါျခင္းအားျဖင့္ တျခားလူမ်ားရွိရာဆီသို႔ ၫႊန္ျပေပးလိမ့္မည္ျဖစ္သည္။
ထိုေမွာ္ေက်ာက္ေၾကာင့္ပင္ အ႐ုဏ ဤေနရာသို႔ ေရာက္ရွိလာျခင္းျဖစ္သည္။
"ယုဂန္..."
ထိုေနရာသို႔ ေရာက္ေရာက္ျခင္း အ႐ုဏသည္ သစ္ပင္ႀကီးတစ္ပင္၏အျမစ္ေပၚတြင္ မႈိင္မႈိင္ေတြေတြထိုင္ေနေသာယုဂန္ဆီ စိုးရိမ္တႀကီးေျပးလာသည္။
" ယုဂန္လက္က ဘာျဖစ္ထားတာလဲ"
" ေမာင္ စာရင္းရခဲ့သလား"
ထိုစကားႏွစ္ခြန္းကို သူတို႔ၿပိဳင္တူေျပာမိလိုက္ၾကသည္။
"စာရင္းကို ထားပါဦး...ယုဂန္လက္က ဘယ္လိုျဖစ္တာလဲ ေမာင့္အရင္ေျပာစမ္းပါ...အဆိပ္မိတာလား..."
"ဟုတ္တယ္...ဆူလစစ္သည္ေတြရဲ႕ အဆိပ္လူးျမားခြၽန္စိုက္သြားတာ"
အ႐ုဏသည္ ယုဂန္၏ ခရမ္းေရာင္ေသြးေနၿပီျဖစ္ေသာ လက္ကို ဂ႐ုတစိုက္ကိုင္ၾကည့္သည္။
"ေတာထဲမွာ အဆိပ္ကိုယာယီပဲျဖစ္ျဖစ္ တားႏိုင္မယ့္ သစ္ဥသစ္ဖုေတြေတာ့ ရွိႏိုင္ေလာက္မွာပါ...ေမာင္သြားရွာလိုက္မယ္"
"ညဘက္ႀကီး ေတာထဲမွာ ေမွာင္မည္းေနမွာေလ ေမာင္ရယ္...ဒီေတာက တိရိစာၦန္ေတြေပါတယ္လို႔ေျပာတယ္...အႏၲရာယ္မ်ားတယ္"
" ဘာမွ မျဖစ္ပါဘူး...ေမာင္ျမန္ျမန္ရွာၿပီး ျပန္လာခဲ့မယ္"
အ႐ုဏ၏စကားကို ၾကားသည္ႏွင့္ ယုဂန္ကယ္တင္ခဲ့ေသာ စစ္သည္က ထ,ေျပာလာသည္။
" အမတ္မင္းက ကြၽန္ေတာ္မ်ိဳးကိုကယ္တင္ရင္း ျဖစ္သြားရတာပါ...ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳးလည္း သစ္သီးသစ္ဖုေတြ ကူညီၿပီးရွာေဖြပါ့မယ္...အမတ္မင္းရဲ႕ေက်းဇူးက ကြၽန္ေတာ့္ဆီတင္ေနပါၿပီ...ေက်းဇူးရွင္အတြက္ ကြၽန္ေတာ္ ဘာပဲလုပ္ရ လုပ္ရပါ"
ထို႔ေၾကာင့္ အ႐ုဏ၊ ထိုစစ္သည္ႏွင့္ တျခားစစ္သည္တစ္ဦးတို႔သည္ သစ္သီးသစ္ဥရွာရန္ ေတာနက္ထဲသို႔ ထြက္သြားၾကသည္။
အတန္ၾကာေသာ္ စစ္သည္တစ္ဦးတည္းသာ ျပန္ေရာက္လာသည္။
" အမတ္မင္း...ေတာထဲမွာ လူအခ်ိဳ႕ စခန္းခ်ခဲ့တဲ့တဲအိမ္ေတြ ေတြ႕ရတယ္ဗ်ိဳ႕...အမတ္မင္းတို႔ အဲ့ဒီ့ကိုလိုက္ခဲ့ဖို႔ ကြၽန္ေတာ္ လာေခၚတာပါ"
*********************************
ေတာအုပ္နက္နက္ထဲတြင္ လူအခ်ိဳ႕စခန္းခ်ခဲ့သည္ဟု ယူဆရေသာ တဲအိမ္မ်ားကို ေတြ႕ရသည္။ တဲအိမ္ေပါင္း အလုံးငါးဆယ္ခန႔္ရွိသည္။ ထိုအိမ္မ်ားသည္ ေတာထဲရွိသစ္ပင္မ်ား၊ ဝါးပင္မ်ားကို အသုံးျပဳ၍ ေတာထဲမွအပင္တို႔၏အ႐ြက္ကိုပင္ အမိုးျပဳလုပ္ထားေသာ လက္လုပ္အိမ္မ်ိဳးျဖစ္သည္။ ရာသီဥတုဒဏ္ကို ခံႏိုင္ေသာ၊ လုံၿခဳံေသာအိမ္မ်ိဳး မဟုတ္ေသာ္ျငား ေက်ာတစ္ခင္းစာ လဲေလ်ာင္းႏိုင္ရန္ေတာ့ အဆင္ေျပေလသည္။
အိမ္ထဲရွိ လူအသုံးအေဆာင္မ်ား ဖုန္တက္ေနသည္ကို ၾကည့္၍လည္းေကာင္း၊ အိမ္အမိုးတြင္ ပင့္ကူမွ်င္မ်ား ရစ္သိုင္းေနသည္ကိုၾကည့္၍လည္းေကာင္း၊ ပု႐ြက္ဆိတ္၊ အင္းဆက္၊ ေႁမြ၊ ဖား စသည္အျပင္ ေတာတြင္းသတၱဝါငယ္အခ်ိဳ႕ ခိုလႈံေနသည္ကို ေတြ႕ရ၍လည္းေကာင္း ဤအိမ္မ်ား စြန႔္ပစ္ျခင္းခံရသည္မွာ ၾကာေညာင္းၿပီျဖစ္ေၾကာင္း သိႏိုင္သည္။
ထိုအိမ္မ်ားကိုေတြ႕မွ အ႐ုဏႏွင့္ယုဂန္သည္ လြန္ခဲ့ေသာသုံးႏွစ္ေက်ာ္ ေလးႏွစ္က အရီးေတာ္၏စစ္တပ္သည္ ဆူလနယ္ေျမအနီးရွိ ေတာအုပ္ထဲ၌ ခိုေအာင္းဖူးေၾကာင္း ျပန္လည္သတိရမိသည္။ ဤအိမ္မ်ားက ထိုစစ္တပ္ေနခဲ့ေသာ အိမ္မ်ားျဖစ္ရမည္။
သူတို႔သည္ ထိုတဲအိမ္မ်ား၌သာ နားခိုလိုက္ၾက၏။ သူတို႔၏ျမင္းမ်ားကိုေတာ့ ရႈပ္ေထြးေသာေတာနက္ထဲထိ မေခၚလာႏိုင္ေသာေၾကာင့္ ေတာအစပ္နားတြင္ထားခဲ့သည္။ သခင္သိေသာ ျမင္းမ်ားမို႔ ထိုေနရာတြင္ မလြဲမေသြေစာင့္ဆိုင္းေနလိမ့္မည္။
အ႐ုဏသည္ သူရွာေဖြေတြ႕ရွိခဲ့ေသာ သစ္သီးသစ္ဥမ်ားျဖင့္ သူ တတ္ကြၽမ္းသမွ်ေဆးကို ေဖာ္စပ္ကာ ယုဂန္၏လက္ကို လိမ္းက်ံေပးထားသည္။ အ႐ုဏသည္ ပီယံမိတ္ကဲ့သို႔ ေဆးအတတ္၌ ကြၽမ္းက်င္သူမဟုတ္ေသာေၾကာင့္ သူေဖာ္စပ္ေသာေဆးမွာ အဆိပ္ကို အရွင္းေတာ့မေပ်ာက္ကင္းေစႏိုင္ေပ။ ပ်ံ႕ႏွံ႔မႈႏွင့္ အဆိပ္ျပင္းအားကိုသာ ထိန္းခ်ဳပ္ထားႏိုင္လိမ့္မည္။
ထိုညက သူတို႔သည္ အခ်င္းခ်င္းျဖစ္ခဲ့သမွ် အေၾကာင္းအရာတို႔ကို ျပန္ေျပာျပၿပီး ေရွ႕ဆက္ရမည့္အလုပ္ကို စဥ္းစားက်သည္။
ေနာက္ဆုံးတြင္ ပန္သွ်ားေတာ္ဝင္တံဆိပ္ေၾကာင့္ ပန္သွ်ားႏိုင္ငံသို႔ သြားရန္ ဆုံးျဖတ္လိုက္ၾကသည္။
*******************************
ယခုေရာက္ရွိေနေသာေနရာႏွင့္ ပန္သွ်ားတိုင္းျပည္သည္ အကြာအေဝးနီးေသာေၾကာင့္ တစ္ရက္မွ်သြားၿပီးခ်ိန္တြင္ ပန္သွ်ားတိုင္းျပည္သို႔ေရာက္ရွိသည္။
ကံေကာင္းေထာက္မစြာျဖင့္ ယုဂန္သည္ ပန္သွ်ားသို႔လာသည့္လမ္း၌ သမားေတာ္တစ္ဦးႏွင့္ ႀကဳံဆုံခဲ့သည္။ ထို႔ေၾကာင့္ သူ၏လက္ကို ကုသႏိုင္ခဲ့ၿပီး စိုးရိမ္ရေသာအေျခအေနမွ လြတ္ေျမာက္ခဲ့သည္။ သို႔ရာတြင္ လက္မွာ အလုံးစုံမေကာင္းေသးသည္ျဖစ္ရာ ယခုထက္ထိ လႈပ္ရွား၍မရေသးေပ။ လက္က်ိဳးထားေသာသူကဲ့သို႔ သူ၏ညာလက္ကို လည္ပင္း၌ ႀကိဳးစည္းထားရသည္။
ပန္သွ်ားတိုင္းျပည္တြင္းသို႔ေရာက္လွ်င္ ယုဂန္ မ်ားစြာ အံ့အားသင့္ရ၏။ ပန္သွ်ားတိုင္းျပည္သည္ စိုက္ပ်ိဳးေရးထက္ စက္မႈလက္မႈကို ဦးစားေပးေသာႏိုင္ငံျဖစ္ေလရာ သူတို႔၏နယ္စပ္ၿမိဳ႕ကပင္ အလြန္တရာစက္မႈဖြံ႕ၿဖိဳး၍ ေခတ္ေရွ႕ေျပးေနေလသည္။
သူတို႔သည္ ေမွာ္အစြမ္းႏွင့္ စက္မႈကိုေပါင္းစည္းထားၾကၿပီး ျမင္းႏွင့္ႏြားမပါဘဲ ေျပးႏိုင္ေသာလွည္းမ်ား၊ အေဝးမွလူအခ်င္းခ်င္း ဆက္သြယ္ႏိုင္ေသာ လက္စြပ္မ်ားကို ဖန္တီးထားသည္။ ယင္းအရာမ်ားသည္ သိပၸံပညာဆိုသည္ထက္ ေမွာ္အစြမ္းကို ထပ္ဆင့္တီထြင္ထားျခင္းဟုဆိုလွ်င္ ပိုမိုမွန္ကန္လိမ့္မည္။
သူတို႔သည္ နယ္စပ္ၿမိဳ႕တြင္ တစ္ညနားၿပီးမွ ပန္သွ်ား၏မင္းေနျပည္ေတာ္ဆီ ခရီးဆက္သည္။ မရပ္မနားသြားျခင္းေၾကာင့္ ေန႔လယ္ေက်ာ္ေက်ာ္မွ်တြင္ မင္းေနျပည္ေတာ္ဆီ ေရာက္ရွိသည္။
ယုဂန္သည္ ပန္သွ်ားမင္းေနျပည္ေတာ္သို႔ေရာက္လွ်င္ ပိုမိုကာ အံ့အားသင့္ရေလ၏။ ပန္သွ်ားသည္ စေကၠာမအတတ္ကို ခ်ီးေျမႇာက္ေသာႏိုင္ငံျဖစ္ေလရာ ၿမိဳ႕၏ေနရာတိုင္းနီးပါးတြင္ စက္ပစၥည္းမ်ား၊ ေမွာ္ယႏၲရားမ်ားကို ေတြ႕ရသည္။ ၾကားရသေလာက္ ဓားစက္၊ လွံစက္၊ လက္နက္စက္မ်ားသည္ ပန္သွ်ားမွ စတင္တီထြင္ခဲ့ျခင္းျဖစ္ၿပီး ပန္သွ်ားနန္းေတာ္ထဲတြင္ လူကိုအပိုင္းပိုင္းျဖတ္ႏိုင္ေသာ စက္ယႏၲရားမ်ားပင္ ရွိသည္ဟုဆိုသည္။
ပန္သွ်ားသည္ စေကၠာမအတတ္ထြန္းကားေသာႏိုင္ငံ စင္စစ္ျဖစ္၏။ ယုဂန္သည္ ပန္သွ်ားမွမျပန္ခင္ ထိုအေၾကာင္းအရာတို႔ကို ရသေလာက္ေလ့လာသြားမည္ဟု ေတးထားေလသည္။
မင္းေနျပည္ေတာ္သို႔ေရာက္လွ်င္ အ႐ုဏမွ ဦးေဆာင္၍ ပန္သွ်ားနန္းၿမိဳ႕႐ိုးေရွ႕သို႔သြားသည္။ ၿမိဳ႕တံခါးေစာင့္ရဲမက္ကို ဥတၱရႏိုင္ငံ၏မင္းသားႏွင့္ အမတ္တစ္ဦး လာေရာက္ေၾကာင္း ဥတၱရေတာ္ဝင္တံဆိပ္ျပားျပသ,၍ ဘုရင္မဆီ ေလွ်ာက္တင္ခိုင္းလိုက္သည္။
ပန္သွ်ားသည္ ယခင္ျပည့္ရွင္မင္း နတ္႐ြာစံၿပီးသည္မွာ မၾကာေသးဘဲ သူ၏သမီးေတာ္ နန္းတက္သည္မွာလည္း တစ္ႏွစ္ေက်ာ္ေက်ာ္မွ်သာရွိေသးသည္။ ထက္ျမက္၍ရဲရင့္သည္ဟု သတင္းေမႊးေသာ ပန္သွ်ား၏ဘုရင္မအသစ္ နာရဏီသည္ အသက္ေတာ္၃၀မွ်သာရွိေသးသည္ ဟူေသာသတင္းမွအပ သူမႏွင့္ပတ္သက္၍ အ႐ုဏ ေသခ်ာမသိေပ။
ခဏၾကာေသာ္ ဘုရင္မမွ ဝင္ခြင့္ျပဳလိုက္ေၾကာင္း ေျပာကာ အ႐ုဏႏွင့္ယုဂန္တို႔ကို နန္းတြင္းမွလူတစ္ဦးက ဧည့္ဝတ္ေက်ပြန္စြာ လာေရာက္ႀကိဳဆိုသည္။
ထိုလူသည္ အ႐ုဏႏွင့္ယုဂန္ကို တည္းခိုနားေနရန္ နန္းေဆာင္မ်ားဆီ လိုက္လံပို႔ေဆာင္ေပးသည္။ ပန္သွ်ားျပည္၏ဘုရင္မနာရဏီမွာ အလုပ္မ်ားေနေသာေၾကာင့္ ယခုခ်က္ခ်င္းမေတြ႕ႏိုင္ေသးေၾကာင္း၊ ညေနေရာက္မွသာ ေတြ႕ဆုံႏိုင္မည္ျဖစ္ေၾကာင္း ထိုလူကေျပာၾကားသြားသည္။
ထို႔ေၾကာင့္ အ႐ုဏႏွင့္ယုဂန္တို႔သည္ နန္းေဆာင္တြင္သာ ေခတၱနားရင္း ေစာင့္ဆိုင္းလိုက္ၾကသည္။
ညေနေစာင္းအခ်ိန္ေရာက္ေသာ္ ေန႔လယ္ကလူကပင္ ဘုရင္မႏွင့္ေတြ႕ဆုံႏိုင္ၿပီျဖစ္ေၾကာင္း လာေရာက္ေခၚဆိုသည္။
အ႐ုဏႏွင့္ယုဂန္သည္လည္း ထိုလူေခၚေဆာင္ရာသို႔ ထပ္မံ၍လိုက္သြားၾကသည္။
သူတို႔သည္ ပန္သွ်ားဘုရင္မနာရဏီ ဧည့္သည္ေတြ႕ဆုံေလ့ရွိရာ နန္းေဆာင္ဆီသို႔ေရာက္ရွိသြားသည္။ သူတို႔နန္းေဆာင္တြင္းသို႔ ဝင္ဝင္လိုက္ခ်င္းပင္ အခန္းအလယ္ရွိ ေ႐ႊကႏုတ္ေဖာ္ထိုင္ခုံ၌ တည္တံ့စြာ၊ အသေရတင့္စြာ ထိုင္ေနေသာ ဘုရင္မကို ေတြ႕လိုက္ရသည္။
ဘုရင္မသည္ ဆံထုံးကိုျမင့္ျမင့္ထုံးကာ ေ႐ႊမကိုဋ္ကို ဆင္ျမန္းထားသည္။ ဘုရင္မပီသစြာ သူမ၏မ်က္ႏွာမွာခ်ီလ်က္ ကိုယ္ဟန္အေနအထားႏွင့္ ခါးဟာလည္း မတ္ေနသည္။
ရွင္းလင္းေသာနဖူး၊ စူးစူးရဲရဲမဟုတ္ေသာ္ျငား ျပက္ျပက္ထင္ေသာမ်က္လုံး၊ ထူထဲေသာမ်က္ခုံး။ ႏွာတံျမင့္ျမင့္
သူမ၏ ဖူးစြင့္ေသာ ႏႈတ္ခမ္းလႊာထူထူက အဓိပၸါယ္ရွိကာ တိက်ျပတ္သားေသာ စကားလုံးမ်ားကိုသာ ဆိုမည္ဟုထင္မွတ္ရသည္။ သူမကို ထူးျခားေစေသာအရာဟုဆိုလွ်င္ ေလးေထာင့္ဆန္ဆန္ႏွင့္ အခ်ိဳးအဆစ္ေျပျပစ္ေသာ ေမး႐ိုးသာျဖစ္သည္။
ထိုသို႔ေသာေမး႐ိုးႏွင့္ သူမ၏ ဝံ့ခ်ီေသာမ်က္ႏွာအမူအရာကို ယွဥ္တြဲေသာ္ သူမသည္ အမ်ိဳးသမီးတစ္ဦးအေနျဖင့္ ခန႔္ညားလြန္းေနသည္။
သိမ္ေမြ႕စြာလွပျခင္းမဟုတ္ဘဲ စူးရွစြာအသေရတင့္ျခင္းမ်ိဳးျဖစ္သည္။ ႏူးညံ့ေသာအသြင္ကိုမေဆာင္ဘဲ ျပတ္သားေသာဆြဲေဆာင္မႈတစ္မ်ိဳးျဖစ္သည္။
ဩဇာရွိေသာ႐ုပ္မ်ိဳးျဖစ္သည္။ ယုဂန္သည္ ဘုရင့္မယ္ေတာ္ႀကီးပၪၥမာယာကိုပင္ မဆီမဆိုင္သြား၍ေတြးေတာမိေသးသည္။
ဘုရင္မနာရဏီ၏ ႐ုပ္သြင္ကိုျမင္သည္ႏွင့္ အ႐ုဏသည္ မေမွ်ာ္မွန္းထားေသာအရာကို ေတြ႕လိုက္ရသည့္ႏွယ္ အစိမ္းေရာင္မ်က္ဝန္းတို႔ ဆတ္ခနဲက်ယ္သြားသည္။
ဘုရင္မ နာရဏီ၏ ထို႔သို႔ေသာမ်က္လုံး၊ ႏႈတ္ခမ္းႏွင့္ ေမး႐ိုးကို သူေသေသခ်ာခ်ာေတြ႕ျမင္ခဲ့သည္။
ဘုရင္မနာရဏီသည္ ဆူလနယ္ေျမ၌ သူေတြ႕ခဲ့ေသာ အမ်ိဳးသမီးသာ။ သူႏွင့္အၿပိဳင္ စာရင္းစာအုပ္ကို လုယူခဲ့ေသာအမ်ိဳးသမီးျဖစ္သည္။
ဘုရင္မနာရဏီသည္လည္း အ႐ုဏ၏အစိမ္းေရာင္မ်က္ဝန္းမ်ားကို ျမင္ေသာ္ ျပန္၍အမွတ္ရသြားပုံရသည္။ သူမသည္ သိသာေသာအမူအရာမျပေသာ္ျငား မေမွ်ာ္လင့္ထား၍ အံ့ဩသြားသည္မွာ အမွန္။
" မင္းသားအ႐ုဏ...ကြၽန္ုပ္တို႔ ေမွ်ာ္လင့္ဘဲ ေနာက္တစ္ႀကိမ္ထပ္မံေတြ႕ဆုံတာပဲ"
သူမ၏အသံသည္ ျပတ္သား၍တည္ၾကည္လြန္းလွသည္။
သူမ၏ႏႈတ္ခမ္းသည္ အလုံးစုံၿပဳံးသြားျခင္းမဟုတ္ေသာ္ျငား ေဖာ္ေ႐ြပ်ဴငွာေသာအသြင္ျဖင့္ ႏႈတ္ခမ္းစြန္းတို႔ေကြးၫြတ္ေနသည္။
သူမထံတြင္ ေၾကာက္စရာေကာင္းေသာ၊ ေအးစက္ေသာ အေရာင္အဝါတို႔မရွိေန။ သို႔ရာတြင္ တစ္ဖက္သားကိုရွိန္ရွဲေစႏိုင္ေသာ၊ သူမသည္ တိုင္းျပည္၏ဘုရင္မျဖစ္ေၾကာင္း အလိုလိုေဖာ္ၾကဴးေနေသာ အရွိန္အဝါတို႔လႊမ္းၿခဳံေနသည္။
အ႐ုဏ သူမကိုဂါရဝျပဳလိုက္သည္။
" ပန္သွ်ားတိုင္းျပည္ရဲ႕အရွင္သခင္မမွန္း မသိခဲ့တာေၾကာင့္ ႐ိုင္း႐ိုင္းပ်ပ်တိုက္ခိုက္မိခဲ့ပါတယ္...ခြင့္လႊတ္ပါ..."
သူမ မ်က္ခုံးအတန္ငယ္ပင့္၍ မသိသာစြာၿပဳံးသည္။
" ေတာင္းပန္ဖို႔မလိုအပ္ပါဘူး...မင္းသားအ႐ုဏက သိပ္ကိုလက္ေရးေကာင္းေၾကာင္း၊ အစြမ္းရွိေၾကာင္း ကြၽန္ုပ္ ခဏခဏၾကားမိပါတယ္...ဒီလိုမ်ိဳး ထိပ္တိုက္ေတြ႕မိေတာ့ မင္းသားအ႐ုဏရဲ႕ စြမ္းရည္ကို မခ်ီးက်ဴးဘဲမေနႏိုင္ပါဘူး"
"ခ်ီးေျမႇာက္မႈအတြက္ ေက်းဇူးတင္ပါတယ္...အရွင္မ"
" နန္းေတာ္အထိ ေရာက္လာရတာ ဘယ္အေၾကာင္းအထူးမ်ားရွိလို႔ပါလဲ...ဆူလစစ္သည္စာရင္းေၾကာင့္ပါပဲလား...အရွင့္သား"
" စာရင္းဆိုတာထက္ အရွင္မ အဲ့သည့္ကိုေရာက္ခဲ့တဲ့အေၾကာင္းအရင္းကို ပိုၿပီးသိခ်င္မိပါတယ္....ဆူလနယ္ေျမဟာ ပုန္ကန္နယ္ေျမဆိုေပမဲ့ ဥတၱရရဲ႕ပိုင္နက္ျဖစ္ပါတယ္...ဥတၱရပိုင္နက္ထဲကို ပန္သွ်ားျပည္ရဲ႕အရွင္မက အဘယ္ေၾကာင့္ အသိမေပးပါဘဲနဲ႔ ေရာက္ရွိေနပါသလဲ"
အ႐ုဏ၏အသံသည္ ေဒါသပါ,ေသာအသံမဟုတ္ေသာ္ျငား တင္းမာ၏။ ဘုရင္မနာရဏီ၏ တစ္ဖက္လူကို ရွိန္ရွဲသြားေစႏိုင္ေသာအရွိန္အဝါမွာ အ႐ုဏအေပၚ သက္ေရာက္ပုံမရေခ်။
"ဥတၱရျပည့္ရွင္ကို အသိမေပးဘဲ ဥတၱရပိုင္နက္အတြင္းဝင္ေရာက္မိတာဟာ လက္မခံႏိုင္စရာကိစၥရပ္မွန္း ကြၽန္ုပ္သိပါတယ္...ဒါဟာ ဥတၱရျပည့္ရွင္ကို မ႐ိုမေသျပဳမူတာမ်ိဳးမဟုတ္ပါဘူး...ဥတၱရတိုင္းျပည္နဲ႔ပန္သွ်ားၾကားမွာ ၿငိမ္းခ်မ္းေရးပ်က္ျပားထားေပမဲ့ သည္လိုက်ဴးေက်ာ္ဝင္ေရာက္တာမ်ိဳးကို ကြၽန္ုပ္တမင္ျပဳလုပ္တာ မဟုတ္ပါဘူး...အေရးႀကီးတဲ့ကိစၥတစ္ရပ္ေၾကာင့္ ဥတၱရျပည့္ရွင္ကို အသိမေပးဘဲ ဝင္ေရာက္ရတဲ့ျပႆနာျဖစ္သြားပါတယ္...ကြၽန္ုပ္ရဲ႕ အေၾကာင္းျပခ်က္ကိုၾကားရင္ အရွင့္သားနားလည္ႏိုင္ၿပီး ဥတၱရျပည့္ရွင္လည္း ခြင့္လႊတ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္"
ထိုစကားေၾကာင့္ အ႐ုဏႏွင့္ယုဂန္သည္ ပန္သွ်ားဘုရင္မနာရဏီ၏ ရွင္းလင္းေျပာျပခ်က္ကို ဆက္လက္နားေထာင္ျဖစ္သည္။
သူမ၏ေျပာၾကားခ်က္အရ ဆူလနယ္ေျမ၏ ေမွာင္ခိုပစၥည္းထုတ္လုပ္မႈမွာ ပို၍က်ယ္ျပန႔္လာေသာေၾကာင့္ ပန္သွ်ားတိုင္းျပည္အတြင္း၌ပါ တြင္က်ယ္ေနေလၿပီ။ သတိထားရမည့္အေျခအေနသို႔ ေရာက္ရွိေနၿပီျဖစ္ေသာေၾကာင့္ သူမအေနႏွင့္ ဆူလမွ ပန္သွ်ားသို႔ဝင္ေသာေမွာင္ခိုလမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ပစ္ရန္ ႀကိဳးစားရေတာ့မည္။
ထိုသို႔ျဖတ္ေတာက္ပစ္ရန္ ႀကိဳးစားရာတြင္ သူမသည္ ဆူလ၏ေမွာင္ခိုထုတ္လုပ္မႈကိုပါ တစ္ပါတည္းရပ္ဆိုင္းခ်င္သည္။ ဤရပ္ဆိုင္းမႈက သူမ၏ႏိုင္ငံအတြက္သာမက၊ ဥတၱရႏိုင္ငံ၊ ေမွာင္ခိုပ်ံ႕ႏွံ႔ေနေသာေဒသမ်ားႏွင့္ ေနာက္ဆုံး ဆူလလူမ်ိဳးမ်ားအတြက္ပါ ေကာင္းက်ိဳးသက္ေရာက္ေပလိမ့္မည္ဟု သူမယုံၾကည္သည္။
"ဆူလလူမ်ိဳးေတြက ဖိႏိုပ္ခံရတဲ့အတြက္ ပုန္ကန္တယ္...သူတို႔စိတ္ဟာ ႐ိုးရွင္းပါလ်က္နဲ႔ မိုက္မဲတဲ့ ဆူလေခါင္းေဆာင္ေၾကာင့္ အေမွာင္ထုထဲေရာက္ရွိသြားၾကသူေတြပါ...ေမွာင္ခိုေရာင္းဝယ္ေရးမွာဆိုရင္လည္း မတရားခံအျမတ္ထုတ္ခံေနရသူေတြပါ...သူတို႔ေတြဟာလည္း ကယ္တင္ခံရဖို႔ထိုက္တန္တယ္လို႔ ကြၽန္ုပ္ယူဆတယ္...သို႔ေပမဲ့ ခုနကဆိုတဲ့အတိုင္း ဆူလနယ္ေျမက ဥတၱရပိုင္နက္ျဖစ္တယ္...ဆူလလူမ်ိဳးအခ်င္းခ်င္း ေခ်ာက္ထဲဆြဲခ်ေနတဲ့ ဆူလေခါင္းေဆာင္ကို ျဖဳတ္ခ်ၿပီး ဆူလနယ္ေျမကို အသစ္ဖန္တီးဖို႔ဆိုရင္ ဥတၱရႏိုင္ငံလည္း လုပ္ေဆာင္ခ်က္လည္း လိုအပ္ပါတယ္...ကြၽန္ုပ္က ဆူလရဲ႕စစ္အင္အားကိုသိရရင္ ဥတၱရျပည့္ရွင္ဆီ သဝဏ္ပါးၿပီး ေဆြးေႏြးေဆာင္႐ြက္မယ္ စဥ္းစားထားပါတယ္...ကြၽန္ုပ္ရဲ႕လိုအပ္ခ်က္လို႔ ဆိုႏိုင္ပါတယ္...စိတ္ေလာစြာနဲ႔ ဆူလနယ္ေျမထဲကို ကိုယ္တိုင္သြားေရာက္ၿပီး ဥတၱရျပည့္ရွင္ဆီ အရင္အသိေပးဖို႔ ေမ့ေလ်ာ့သြားခဲ့ပါတယ္...သို႔ေပမဲ့ အေျခအေနကလည္း စိတ္ေလာမွ ရႏိုင္မယ့္အျခအေနဆိုတာ အရွင့္သားတို႔ နားလည္ေစလိုပါတယ္"
" အရွင္မ..."
ယုဂန္ ေခၚလိုက္သျဖင့္ ဘုရင္မနာရဏီက သူ႔ဘက္ကိုလွည့္ၾကည့္သည္။
" အရွင္မရဲ႕ဖခမည္းေတာ္ နတ္႐ြာမစံခင္က ဥတၱရေတာ္ဝင္မိသားစုက ဆူလလူမ်ိဳးေတြကို မၾကည့္ရႈလို႔ ဆူလလူမ်ိဳးေတြ ပုန္ကန္တာပါဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဥတၱရနဲ႔စီးပြားေရးကုန္သြယ္မႈ ျဖတ္ေတာက္ပစ္ခဲ့ပါတယ္...အရွင္မလက္ထက္မွာ အခုလိုျပန္လည္ပူးေပါင္းဖို႔ ဆုံးျဖတ္ခဲ့တဲ့အတြက္ ဥတၱရကို အရွင္မေတာင္းဆိုခ်င္တဲ့ကိစၥမ်ား ရွိပါေသးသလား"
ႏိုင္ငံေရးတြင္ အၿမဲတမ္းမိတ္ေဆြ၊ အၿမဲတမ္းရန္သူမရွိဟူေသာ စကားရွိမွန္း ယုဂန္သိသည္။ ဘုရင္မနာရဏီသည္ ယခုအခါ တစ္စုံတစ္ရာေသာအလိုရွိမႈေၾကာင့္ ဥတၱရႏွင့္ျပန္လည္သင့္ျမတ္ခ်င္ပုံရသည္။
" ပန္သွ်ားႏိုင္ငံတြင္းမွာ ဆူလျပည္နယ္ရွိပါတယ္...ကြၽန္ုပ္တို႔ တိုင္းျပည္အတြက္၊ ေတာ္ဝင္မိသားစုအတြက္ အားထားရတဲ့ လူမ်ိဳးစုပါ...ပန္သွ်ားမွာ ဆူလစစ္တပ္ဆိုၿပီ သပ္သပ္ရွိသည္အထိ အားထားရပါတယ္...အားထားရတဲ့မ်ိဳးႏြယ္စုကို ကြၽန္ုပ္တို႔ဘက္ကလည္း ျပန္ၿပီးေက်းဇူးျပဳပါတယ္...ပန္သွ်ားက ဆူလေတြဟာ ဥတၱရဆူလေတြကို သူတို႔လိုမ်ိဳး ေနေစခ်င္ပါတယ္...ကြၽန္ုပ္ဘက္က ဥတၱရကိုေတာင္းဆိုခ်င္တာဟာ ဆူလလူမ်ိဳးေတြကို ၾကည့္ရႈေစာင့္ေရွာက္ေပးၿပီး ျပန္လည္ထူေထာင္ေပးဖို႔ပါပဲ"
ဆူလလူမ်ိဳးမ်ားကို အေၾကာင္းျပဳၿပီး ပန္သွ်ားႏွင့္ ဥတၱရကို ဘုရင္မနာရဏီက ျပန္လည္သင့္ျမတ္ေစခ်င္ပုံရသည္။
သူမ၏အမွန္တကယ္အလိုရွိမႈကေတာ့ ႏိုင္ငံႏွစ္ႏိုင္ငံသင့္ျမတ္ျခင္း၏ ေနာက္ဆက္တြဲအရာမ်ားသာျဖစ္ရမည္။
(၁) ဆူလနယ္ေျမကို သူမသိမ္းပိုက္လိုလွ်င္ စစ္ေရးအတြက္ ေငြေၾကးမ်ားစြာကုန္က်လိမ့္မည္။ ရမည့္အက်ိဳးအျမတ္ႏွင့္ ထြက္ေငြမကိုက္ေလာက္ေသာေၾကာင့္ သူမ,မလုပ္ခ်င္ေပ။ သို႔ရာတြင္ ဆူလ၏ေမွာင္ခိုေၾကာင့္ သူမ၏ျပည္သူမ်ား ထိပါးေနသည္။ ထို႔ေၾကာင့္ ေမွာင္ခိုကုန္သြယ္မႈလည္း ရပ္တန႔္ေအာင္၊ သူမစိုက္ထုတ္ရေသာအရင္းလည္းမမ်ားေအာင္ ဥတၱရႏွင့္ ပူးေပါင္းေဆာင္႐ြက္လိုသည္။ (၂) ငယ္႐ြယ္ေသာဘုရင္မသည္ စိန္ေခၚမႈေပါင္းမ်ားစြာကို ရင္ဆိုင္ရလိမ့္မည္။ ထို႔ေၾကာင့္ သူမ၏ေနာက္ေက်ာတြင္ စစ္ေရးေကာင္းေသာ ဥတၱရႏိုင္ငံကို အခံထားခ်င္လိမ့္မည္။ (၃) ဥတၱရႏွင့္ပန္သွ်ား စီးပြားေရးျပန္လည္ကုန္သြယ္ခ်င္သည္။ ဤသည္က သူမတိုင္းျပည္၏ ဝင္ေငြႏွင့္ထြက္ေငြကို အက်ိဳးတစ္စုံတစ္ရာသက္ေရာက္လိမ့္မည္။
ယုဂန္သည္ ဘုရင္မနာရဏီေတြးေတာေနမည့္ အေၾကာင္းအရာမ်ားကို မွန္းဆၾကည့္ရင္း သူမသည္ ထက္ျမက္ေသာသူျဖစ္ေၾကာင္း လက္ခံလာသည္။
ဘုရင္မနာရဏီက ဥတၱရျပည္သည္ ဆူလေၾကာင့္ ေခါင္းကိုက္ေနရမွန္းသိ၏။ ထို႔ေၾကာင့္ ဤအခ်က္ကိုနင္းကာ ဥတၱရႏွင့္သင့္ျမတ္မႈကို အရယူေနသည္။
" အရွင္မရဲ႕ နတ္႐ြာစံသူခမည္းေတာ္က ဥတၱရကိုအထင္အျမင္လြဲမွားခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္...တကယ္တမ္း ဥတၱရက ဆူလေတြကိုဖိႏွိပ္တာ မဟုတ္ဘဲ ၾကားလူက ေႏွာင့္ယွက္ခဲ့တာပါ"
ယုဂန္၏စကားေၾကာင့္ ဘုရင္နာရဏီ အံ့ဩသြားဟန္ရွိသည္။
" ဘယ္သူက ေႏွာင့္ယွက္တာပါလဲ"
" နတ္႐ြာစံသူ ေခမာမင္းႀကီးကိုပုန္ကန္ဖို႔ႀကိဳးစားခဲ့တဲ့ အရီးေတာ္ မဟာသီဒါနဲ႔ သွ်သိၿမိဳ႕စားေဟာင္းဦးေဒဝပါ"
သူတို႔၏ က်န္ရွိေသာစကားဝိုင္းသည္ ဥတၱရႏွင့္ဆူလတို႔ ကြဲကြာသြားပုံကို ဇာတ္ရည္လည္ေအာင္ ေျပာျပ၊ ရွင္းျပျခင္းျဖစ္ေလသည္။
အစက ဆိုရပါလွ်င္ အရီးေတာ္မဟာသီဒါသည္ ေခမာမင္းႀကီးကို ပုန္ကန္ရန္အတြက္ စစ္တပ္လိုသည္။ စစ္တပ္တည္ေထာင္ရန္ ေငြေၾကးလိုအပ္သည္။ ေငြေၾကးရႏိုင္ရန္နည္းလမ္းကို ဆူလနယ္ေျမတြင္ ရွာေတြ႕ခဲ့သည္။
ဆူလနယ္ေျမတြင္ ေမွာင္ခိုထုတ္လုပ္ရန္ သူမအႀကံရသည္။ ထိုနယ္ေျမတြင္ပဲ သူမစစ္တပ္ကို ဖြက္ထားရန္ စဥ္းစားမိသည္။ ထိုသို႔ျပဳလုပ္ႏိုင္ရန္ ဆူလနယ္ေျမကို သီးသန႔္ျဖစ္သြားေအာင္ သူမက ႀကိဳးစားလုပ္ေဆာင္ေတာ့သည္။
သူမႏွင့္ ဦးေဒဝသည္ ဥတၱရဗဟိုအုပ္ခ်ဳပ္ေရးႏွင့္ ဆူလနယ္ေျမတို႔ၾကား မသိမသာဝင္၍ခေလာက္ဆန္ကာ ျဖည္းျဖည္းခ်င္း ေသြးခြဲရန္တိုက္ေပးလာသည္။
ဤတြင္ ေတာ္ဝင္မိသားစုႏွင့္ အနီးကပ္ဆုံးျဖစ္သည့္ မႏၲာမ်ိဳးႏြယ္စုသည္ နဂိုတည္းက ဆူလတို႔အေပၚ ေသြးေႂကြးမ်ားေၾကာင့္ မ်က္မုန္းက်ိဳးေနသည္ျဖစ္ရာ အလြယ္တကူေသြးကြဲသြားေလသည္။ မႏၲာတို႔က ဆူလလူမ်ိဳးကို ခါးခါးသီးသီးျဖစ္ကာ ဆူလမေကာင္းေၾကာင္း သာ၍ေျပာေလသည္။ မႏၲာတို႔က ဆူလတို႔သည္ နဂိုကတည္းက ရန္လို၍ရက္စက္တတ္သူမ်ား ျဖစ္ေၾကာင္းေျပာသည္။
မႏၲာတို႔၏စကားမ်ား ျပည့္လွ်ံလာေလရာ ဥတၱရႏိုင္ငံ၏လူမ်ိဳးတိုင္းက ဆူလလူမ်ိဳးတိုင္းကို ႏွာရႈံ႕ခ်င္လာသည္။
ဆူလတို႔သည္ ပုန္ကန္ရန္၊ လက္နက္မ်ားစုစည္းေနၿပီျဖစ္ေၾကာင္း ေကာလဟာလတို႔ ဘယ္ကမွန္းမသိထြက္ေပၚလာသည္။ အရီးေတာ္၏စစ္သည္အခ်ိဳ႕က ဆူလမ်ားအေယာင္ေဆာင္၍ မႏၲာမ်ိဳးႏြယ္စု၏႐ြာအခ်ိဳ႕ကို ဝင္တိုက္ျပသည္။ ႐ြာကိုမီးရႈိ႕သည္။ ပစၥည္းမ်ားယူေဆာင္သြားသည္။
ထိုအခါ မႏၲာတို႔က ပို၍နာက်ည္းလာသည္။ ဆူလမ်ိဳးႏြယ္ႏွင့္ ပတ္သက္၍ မႏၲာတို႔၏တိုင္ၾကားမႈက ပို၍ပို၍မ်ားျပားလာသည္။
ဥတၱရဗဟိုအုပ္ခ်ဳပ္ေရးက ထိုကိစၥကိုရွင္းရန္ တပ္လႊတ္ေပးသည္။ ထိုတပ္က ဆူလလူမ်ိဳးအစစ္မ်ားကို အထင္လြဲၿပီး ႏွိပ္ကြပ္သည္။ ထိုအခါ ဘုမသိဘမသိ ခံလိုက္ရေသာ ဆူလတို႔က ဥတၱရျပည့္ရွင္အေပၚ ေဒါသမ်ားတိုးပြားလာသည္။
ဤသို႔ႏွင့္ ေသြးကြဲမႈမ်ား ရက္ဆက္လာေသာအခါ ဆူလလူမ်ိဳးတို႔၏ ပုန္ကန္ျခင္း ျဖစ္လာသည္။
ဥတၱရဗဟိုအုပ္ခ်ဳပ္ေရးက ဆူလ၏ကုန္သြယ္မႈအစုစုကို ျဖတ္ေတာက္၍ ပုန္ကန္ျခင္းကို ဖိႏိုပ္သည္။ တစ္ဖက္တြင္ အရီးေတာ္၏လူသည္ ဆူလေခါင္းေဆာင္ကို ခ်ဥ္းကပ္ကာ ေရွ႕ဆက္တိုးရန္ ေျမႇာက္ေပးသည္။
အရီးေတာ္၏လူက နယ္ေျမကိုသီးသန႔္ျပဳလုပ္လိုက္သင့္ေၾကာင္း၊ ေမွာင္ခိုပစၥည္းထုတ္လုပ္ကာ စစ္တပ္အတြက္ ေငြအင္အားျဖည့္လိုက္သင့္ေၾကာင္း၊ စစ္တပ္ခိုင္လွ်င္ ဥတၱရကို အလုံးစုံပုန္ကန္၍ရႏိုင္ၿပီျဖစ္ေၾကာင္း စသျဖင့္ေျပာသည္။
ဆူလေခါင္းေဆာင္သည္ တုံးအေသာလူျဖစ္၏။ ထို႔ေၾကာင့္ အရီးေတာ္၏လူ ေျပာသည့္အတိုင္းေဆာင္႐ြက္ေလသည္။
လူတစ္ေယာက္၏ မွားယြင္းေသာ၊ တုံးအေသာ ေ႐ြးခ်ယ္မႈက ဆူလလူမ်ိဳးတိုင္းကို အေမွာင္ထုဆီဆြဲေခၚသြားေလသည္။ ေမွာင္ခိုမွရေသာ ေငြပမာဏအေျမာက္အျမားကို အရီးေတာ္၏လူက ရယူ၍ အရီးေတာ္၏စစ္တပ္ဆီ ျဖည့္စည္းသည္။ ထိုသို႔ လွည့္ပတ္ေနမွန္းလည္း တုံးအေသာ ဆူလေခါင္းေဆာင္က မသိပါေခ်။
သူ၏လူမ်ိဳးမ်ား ငတ္ျပတ္ေနျခင္းကိုလည္း မကိုင္တြယ္ မေျဖရွင္းေပးႏိုင္ပါေခ်။
ယုဂန္သည္ တုံးအေသာ ေခါင္းေဆာင္ခိုင္းတိုင္း ဆူလျပည္သူမ်ားက ျပလုပ္ရေလသလားဟု အျပစ္တင္မိေသးသည္။ သူတို႔ထံတြင္ ေခါင္းေဆာင္၏အမွားကို ျမင္ရန္ ဦးေႏွာက္မရွိေရာ့ေလသလား။
ေနာင္တြင္မွ ဤသည္ပေဒသရာဇ္စနစ္ျဖစ္ေန၍လည္းေကာင္း၊ လူတိုင္းသည္ မိမိ၏ထင္ျမင္ခ်က္ကို မခ်ျပရဲ၍ ( ခ်ျပ၍ရမွန္း မသိသျဖင့္) လူအမ်ားမိုးခါးေရ ေသာက္လွ်င္ အကုန္လိုက္ေသာက္ၾကေၾကာင္း ေတြးမိေလသည္။ ထို႔ေၾကာင့္ ဆူလလူမ်ိဳးမ်ားကို မသိရေကာင္းလား ဟု အျပစ္မဖို႔ႏိုင္။
ယခုကိစၥတြင္ ေသခ်ာေသာအရာမွာေတာ့ အရီးေတာ္မဟာသီဒါ၏ အျပစ္သာ ျဖစ္သည္။
ယုဂန္သည္ ဤျဖစ္ရပ္မွန္ကို အေတာ္ေလးစုံစမ္းၿပီး စဥ္းစားယူခဲ့ရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဟီရရွိ မည္သူ႔ကိုေမးေမး၊ ဆူလတို႔က နယ္ေျမကိုယူ၍ ပန္သွ်ားသို႔ျပန္လိုေသာေၾကာင့္ ပုန္ကန္သည္ဟုသာေျဖသည္။
သူတို႔အျမင္တြင္ ဆူလလူမ်ိဳးတို႔၏အမွားသာျဖစ္သည္။
ဆိုရလွ်င္ ဆူလလူမ်ိဳးတို႔သည္ မေကာင္းေသာလူမ်ိဳးမ်ားအျဖစ္ stereotype သတ္မွတ္ခံထားရျခင္းျဖစ္ကာ ဆူလဟု ဆိုသည္ႏွင့္ တျခားလူမ်ိဳးမ်ားက မေကာင္းဘက္က ျမင္ၾကသည္။
မႏၲာလူမ်ိဳးမ်ားက ေသြးေႂကြးေၾကာင့္ ဆူလကို မုန္းေသာ္လည္း ဥတၱရ၏က်န္လူမ်ိဳးမ်ားက အဘယ္ေၾကာင့္ ဆူလကိုမုန္းတီးေနမွန္းမသိပါ။
စဥ္းစားၾကည့္လွ်င္ အေၾကာင္းအရင္းမရွိေပ။ အသားနီေသာေၾကာင့္ ခြဲျခားခံရသည္ႏွင့္တူသည္။ ဆူလတို႔က ဥတၱရ၏အလွအပစံႏႈန္းႏွင့္ အလြန္တရာကြာျခားလြန္းသည္။
ေခ်ာေမာေသာ႐ုပ္ရွည္၏ ပ,စားေပးခံရျခင္းႏွင့္ ႐ုပ္ဆိုးသူ၏ ခြဲျခားခံရျခင္းမွာ မျဖစ္ႏိုင္ဘူးဟုထင္ရေသာ္ျငား
အမွန္တကယ္ပင္ျဖစ္ေနသည္။
မေကာင္းဘက္က ျမင္လွ်င္၊ မိမိ၏အျမင္၌ အမုန္းခံေနလွ်င္ အမွန္တရားသည္ သူတို႔ေရွ႕၌ပင္ ေပ်ာက္ဆုံးတတ္ၾက၏။
ထို႔ေၾကာင့္ အစစ္အမွန္အေၾကာင္းအရင္းကို မည္သူကမွ မျမင္ၾကေတာ့ဘဲ အရီးေတာ္၏ေသြးခြဲျခင္းမွာ အလြယ္တကူေအာင္ျမင္ခဲ့သည္။
နာရဏီ၏ဖခမည္းေတာ္ ဘုရင္လက္ထက္တြင္ ဥတၱရက ဆူလမ်ားကို ဖိႏိုပ္သျဖင့္ ပုန္ကန္သည္ဟု အထင္လြဲကာ ကုန္သြယ္ေရးျဖတ္ေတာက္ခဲ့သည္။
ဤသည္မွာ ရႈပ္ေထြးေပြလီလွေသာ ဆူလျပႆနာအကုန္ပင္ျဖစ္သည္။
ယုဂန္ကမူ ဆူလတို႔ ပန္သွ်ားျပန္လို၍၊ နယ္ေျမယူသြားလို၍ ပုန္ကန္သည္ဟူေသာ စကားမွာ အေျခအျမစ္မရွိမွန္း အရင္ေတြးေတာမိသည္။ ထိုသို႔ လူမ်ိဳးစြဲ ဘာစြဲ ညာစြဲ ကင္းလြတ္၍လည္းေကာင္း၊ အထင္အျမင္ထက္ သတင္းအခ်က္အလက္ကို ဦးစားေပး၍လည္းေကာင္း ယုဂန္ စုံစမ္းစစ္ေဆးခဲ့ရာ ေနာက္ဆုံးတြင္ ဆူလႏွင့္ ဥတၱရ၏ေသြးကြဲျခင္းျဖစ္စဥ္ကို တိတိပပသိလာရေတာ့သည္။
ယေန႔အခ်ိန္တြင္ေတာ့ ပန္သွ်ားႏွင့္ဥတၱရၾကား နားလည္မႈလြဲမွားျခင္းကို ေျဖရွင္းႏိုင္ခဲ့သည္။
အ႐ုဏ၊ ယုဂန္ႏွင့္ ဘုရင္မနာရဏီတို႔ ေအာင္ျမင္စြာ ေတြ႕ဆုံေဆြးေႏြးခဲ့သည္ဟု ဆိုရမည္ျဖစ္သည္။
***************************************
ပန္သွ်ားဘုရင္မနာရဏီႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီးသည့္ေနာက္တြင္ အ႐ုဏႏွင့္ယုဂန္သည္ မိမိတို႔၏နန္းေဆာင္မ်ားရွိရာသို႔ ျပန္လာခဲ့ၾက၏။
အတူတူယွဥ္တြဲလမ္းေလွ်ာက္ေနခိုက္ အ႐ုဏက ယုဂန္၏လက္ကို မသိမသာလွမ္းကိုင္၍ေမးသည္။
" ေမာင္ ယုဂန္အခန္းကိုလာခဲ့ရမလား..."
"လာၿပီး ဘာလုပ္မလို႔လဲ"
" ေမာင့္ခ်စ္သူအခန္းကိုလာတာ ေမာင္က တျခားဘာလုပ္ရဦးမတဲ့လဲ"
ယုဂန္ အ႐ုဏကို မ်က္လုံးေထာင့္ကပ္ၾကည့္သည္။
"သူမ်ားနန္းေတာ္ထဲေရာက္ေနတာကို ဘယ္လိုလုပ္ျဖစ္မွာတုန္း"
ယုဂန္ စကားေၾကာင့္ အ႐ုဏသိပ္ေက်နပ္ပုံမရေပ။ သူက ဆူပုတ္ပုတ္ျဖင့္ဆိုသည္။
" ေမာင္တို႔ခ်ည္းပဲ သီးသန႔္အခ်ိန္မရတာ ဘယ္ေလာက္ၾကာၿပီလဲ"
ေျပာေျပာဆိုဆိုႏွင့္ အ႐ုဏက ယုဂန္၏လည္ပင္းအေနာက္နားကို လက္မျဖင့္ပြတ္သည္။ ဆက္ဆံေနသည့္အေတာအတြင္း အ႐ုဏ ထိုေနရာကိုနမ္းလွ်င္ အႏွစ္သက္ဆုံးျဖစ္ေၾကာင္း ယုဂန္က ေျပာျပဖူးသည္။
" ဒီေနရာကိုေတာင္ မနမ္းရတာၾကာၿပီ"
ယုဂန္ ၾကက္သီးထ,သြားေသာေၾကာင့္ ဇက္ကိုပုလိုက္မိသည္။
" ေမာင္...ၿငိမ္ၿငိမ္ေနစမ္း...ကြၽန္ေတာ့္လက္က ေကာင္းေသးတာ မဟုတ္ဘူးေနာ္"
"အဲ့တာေၾကာင့္ ယုဂန္ကိုကူညီဖို႔ ေမာင္အနားမွာရွိသင့္တာေပါ့...မဟုတ္ဘူးလား...အခ်စ္ရဲ႕"
"ဘာကူညီမွာတုန္း"
" ယုဂန္ မ်က္ႏွာသစ္တာ၊ အဝတ္အစားလဲတာ၊ ထမင္းစားတာအဆုံး ေမာင္ ကူညီရမွာေပါ့"
" အရင္ဆုံး ဟိုကိုသြားကူလိုက္ပါလား....ဟိုမွာ ေတာ္ေတာ္အခက္အခဲျဖစ္ေနပုံပဲ"
ယုဂန္ တစ္ေနရာကိုေမးဆတ္ျပရင္းေျပာသည္။ ယုဂန္ ဆိုလိုသည့္ ေနရာကို အ႐ုဏ,လွည့္ၾကည့္သည္။
ထိုေနရာတြင္ သစ္ပင္ႀကီးတစ္ပင္ရွိသည္။ သစ္ပင္၏ခပ္ျမင့္ျမင့္အကိုင္းဖ်ားေပၚတြင္ ပဝါစတစ္စ တြယ္ၿငိေနသည္။ သစ္ပင္ေအာက္တြင္ မိန္းကေလးတစ္ဦးရွိၿပီး သူမက ပဝါစကိုယူရန္ ႀကိဳးပမ္းေနသည္။ သို႔ရာတြင္ သူမအရပ္ႏွင့္ မမီသျဖင့္ ခုန္ဆြခုန္ဆြျဖစ္ေနသည္။
"သူ႔ဟာသူ ယူပ,ေစ"
အ႐ုဏက မသိေက်းကြၽံျပဳ၍ လွည့္ထြက္သြားမည္ျပဳသည္။
" ေမာင္ကလည္း သြားကူညီေပးလိုက္ေတာ့ ဘာျဖစ္မွာမို႔လို႔လဲ... ေမာင့္အရပ္နဲ႔မွ ပဝါက မီမွာ"
ယုဂန္၏တိုက္တြန္းမႈေၾကာင့္ အ႐ုဏ ထိုမိန္းကေလးအနားသို႔ ေလွ်ာက္သြားသည္။
သူက မိန္းကေလး၏ေဘးနားတြင္ မေျပာမဆိုႏွင့္ရပ္လိုက္ေသာေၾကာင့္ မိန္းကေလးလန႔္သြားကာ သူ႔ကိုေမာ့ၾကည့္လာသည္။
မ်က္လုံးဝိုင္းဝိုင္း၊ ႏွာတံျမင့္ျမင့္၊ ဖူးဖူးျမျမရွိေသာႏႈတ္ခမ္းတို႔ႏွင့္ မိန္းမေခ်ာေလးတစ္ဦးျဖစ္သည္။
" ကြၽန္ုပ္ ယူေပးပါ့မယ္"
အ႐ုဏ ထိုစကားမွ်သာဆို၍ ပဝါစကိုလွမ္းယူလိုက္သည္။ ထို႔ေနာက္ မိန္းကေလးဆီ ပဝါစကို ေပးသည္။
ထိုမိန္းကေလးက ပဝါစကို ျပန္မယူေသးဘဲ သူ႔ကို မ်က္လုံးအဝိုင္းသားျဖင့္ ျပန္ၾကည့္ေနသည္။ ထူးဆန္းအံ့ဩေနပုံပင္။
အ႐ုဏ ထိုမိန္းကေလးကို အကဲခတ္မိသည္။
ထိုမိန္းကေလးသည္ ေတာက္ေျပာင္ကာတန္ဖိုးႀကီးေသာ အဝတ္မ်ားကို ဝတ္ဆင္ထားေသာေၾကာင့္ ေတာ္ဝင္မ်ိဳးႏြယ္၊ သို႔မဟုတ္ အထက္တန္းလႊာတစ္ဦးျဖစ္ရမည္။ သူ႔ကို အံ့ဩစြာစိုက္ၾကည့္ေနျခင္းမွာလည္း မျမင္ဖူးေသာလူတစ္ဦးကို နန္းတြင္းထဲ၌ ေတြ႕ျမင္လိုက္ရျခင္းေၾကာင့္ျဖစ္ႏိုင္သည္။
ထို႔ေၾကာင့္ အ႐ုဏ ကိုယ့္ကိုယ္ကိုမိတ္ဆက္လိုက္သည္။
" ဥတၱရတိုင္းျပည္ရဲ႕မင္းသား အ႐ုဏပါ...သူက ဥတၱရတိုင္းျပည္ရဲ႕အမတ္မင္း ယုဂန္ႏိုင္ပါ"
အ႐ုဏသည္ ခပ္လွမ္းလွမ္းတြင္ရပ္ေနေသာ ယုဂန္ကိုပါ ၫႊန္ျပ၍ တကူးတကႀကီး မိတ္ဆက္ေပးလိုက္ေသာေၾကာင့္ ယုဂန္ မေနသာေတာ့ဘဲ မိန္းကေလးအနားသို႔ ေလွ်ာက္လာရေတာ့သည္။
ထိုအခါမွ မိန္းကေလးသည္ ဦးေခါင္းကိုၫႊတ္၍ ယဥ္ေက်းေဖာ္ေ႐ြစြာ ျပန္လည္ႏႈတ္ဆက္လာသည္။
" ပန္သွ်ားတိုင္းျပည္ရဲ႕မင္းသမီး ရွင္ေနာ္ဇာပါ..."
"ပန္သွ်ားျပည္ရဲ႕ မင္းသမီးကို ဂါဝရျပဳပါတယ္"
ယုဂန္ ေလာကြတ္ေခ်ာ္ေနခိုက္တြင္ အ႐ုဏက
" ကြၽန္ုပ္တို႔ကို သြားခြင့္ျပဳပါဦး"
စကားစျမန္ျမန္ျဖတ္ကာ ထြက္သြားရန္ ဟန္ျပင္ေလသည္။ တစ္ဆက္တည္းပင္ မင္းသမီးရွင္ေနာ္ဇာ လက္ထဲသို႔ ပဝါစကမ္းေပးေလသည္။
" ပဝါ..."
မင္းသမီးသည္ အ႐ုဏကို ဝိုင္းစက္ကာ ေတာက္ပေသာမ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကည့္၏။ ထို႔ေနာက္ သူမ၏ပါးေလးႏွစ္ဖက္ ရဲတက္သြားကာ အလ်င္အျမန္ေခါင္းျပန္ငုံ႔သြားသည္။
" ေက်းဇူးတင္ပါတယ္"
သူမ အ႐ုဏလက္ထဲမွ ပဝါစကို မဝံ့မရဲျဖင့္ျပန္ယူသြားသည္။
ၿပီးသည္ႏွင့္ အ႐ုဏႏွင့္ ယုဂန္သည္ မင္းသမီးရွင္ေနာ္ဇာေရွ႕မွ လွည့္ထြက္လာခဲ့သည္။
မင္းသမီးရွင္ေနာ္ဇာကမူ ပဝါစကိုရင္တြင္ပိုက္လ်က္ အ႐ုဏ၏ေနာက္ေက်ာကို လွမ္းၾကည့္ရင္း က်န္ရစ္ခဲ့သည္။
********************************************
17.1.2022
(Monday )