အပိုင်း(၂၈)

Start from the beginning
                                    

           ထူးထူးဆန်းဆန်း အိပ်မက်ထဲမှာ တွေ့ဖို့လာပြောတာနဲ့တင်မယုံနိုင်ဖြစ်ရတဲ့အထဲ နိုးနိုးချင်း အဝါရောင်လိပ်ပြာတစ်ကောင်ကိုဖြတ်ခနဲမြင်ပြီးပျောက်သွားတာကြောင့် ကယောင်ကတမ်းမက်တဲ့အိပ်မက် မဟုတ်ဘဲ တိတိကျကျနဲ့သေချာတဲ့အိပ်မက်မှန်း သိတယ်။ အထွန့်တက်မနေဘဲ ချိန်းတဲ့ဆိုင်ကိုပဲ စောစောစီးစီးဦးနှင့်အောင်သွားထားလိုက်တယ်။ မှာစရာများကို ဖွယ်ဖွယ်ရာရာကြိုမှာထားပြီး မှန်ပြတင်းများမှတဆင့် အပြင်ဘက်ကို ငေးမျှော်လိုက် ပြန်ထိုင်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ပန်းကန်တွေ စားပွဲမှာလာချလို့တောင် ဝင်တိုက်မလိုဖြစ်မိပြီး စပ်ဖြီးဖြီးနဲ့ ထောင့်မှာဝင်ကပ်ကာ မျှော်ကြည့်မိနေတယ်။
           ဆိုင်ရဲ့ အတွင်းအပြင်မှာ စိမ်းစိုနေတဲ့ အပင်ပုလေးတွေ၊ အပင်အိုးလေးတွေနဲ့ အလှဆင်ထားတယ်။ တံခါးဝနားမှာ ရေဝါးရွက်လေးတွေ တွဲလောင်းကျနေပြီး လိပ်ခွံလေးနဲ့တူတဲ့အပင်လေးတွေလည်း တွဲခိုနေတာ ရှိတယ်။ သပြေဘွန်ဆိုင်းတွေ၊ နှင်းဆီဘွန်ဆိုင်းတွေက စားပွဲတစ်ခုဆီမှာ တစ်အိုးကျ အလှဆင်ပြသ ထားတယ်။
           အစိမ်းရောင်အပင်တွေကြားမှာ အမည်းရောင်နဲ့ကောင်မလေးကို သူတွေ့တော့..
           "လာမယ်လို့ထင်သားပဲ၊ အိပ်မက်က ထူးဆန်းတည်းက မဏ္ဏိပို့လိုက်တယ်ဆိုတာ ကိုယ်သိတယ်"
           စားပွဲနားကို ရှာစရာမလိုဘဲ ခဏအတွင်း ရောက်လာတယ်။
           "စောရောက်နေသားပဲ.."
           အနားရောက်လာတော့ သူ့ရဲ့ အလိုက်သင့် ထိုင်ခုံကို ဆွဲထုတ်ပေးတဲ့နေရာမှာပဲ သူမဝင်ထိုင်လိုက်တယ်။ စားပွဲပေါ်က ဟင်းပွဲများကို ဝေ့ဝိုက်အကဲခတ်ကြည့်လိုက်တာကို သူမြင်တော့
           "ကြိုက်ရဲ့လားဗျ" ဆိုပြီး မေးတယ်။
           ခေါင်းညိတ်ပြတဲ့ သူမနှင့်အတူ ခေါင်းထက်မှာ လှုပ်ရမ်းသွားတဲ့အရာလေးကို သတိထားမိလိုက်တယ်။ မြင်လိုက်ချင်းမှာတင် သူကိုယ်တိုင်စည်းနှောင်ပေးခဲ့တဲ့ napkinလေးမှန်း တန်းသိတာကြောင့် ကြိတ်ကာ တိတ်တခိုးပြုံးရသေးတယ်။
           "တို့ပြောစရာရှိလို့"
           "အရင်စားကြမလား.."
           "အင်း"
           "ခရုဟင်းချိုသောက်တယ်မလား၊ ကိုယ်ထည့်ပေးမယ်နော်"
           သူက စားပွဲအလယ်က ပန်းကန်လုံးကြီးထဲမှ ပန်းကန်လုံးလေးထဲကို ခပ်ထည့်ပေးတယ်။ တည်တည်ကြည်ကြည်နဲ့  အေးအေးဆေးဆေးနိုင်လှတဲ့ သူ့ကို သူမအကြောင်းတွေ ဘယ်လိုပြောရမလဲ။ နောက်ဆုံး ဆုပ်ကိုင်ထားမိတဲ့ ကြိုးက ဘယ်အချိန်မှာ ရစ်တွယ်နှောင်ဖွဲ့ခဲ့မှန်းမသိလိုက်တဲ့အပြင် ရုန်းထွက်ဖို့လည်းခက်ခဲနေရတယ်။
           ပန်းကန်လုံးကို သူမရှေ့က ပန်းကန်ပြားနားမှာ သူချပေးလိုက်တော့
           "တို့တစ်နေရာကို သွားစရာရှိတယ်"
           "အင်..သွားလေ၊ ကိုယ်လိုက်ပို့ရမလား၊ ဒါမှမဟုတ် ကိုယ်အဖော်လိုက်ခဲ့ပေးရမလား"
           "ဘယ်အချိန်ပြန်ရောက်မလဲ မသိဘူး"
           "စောစောတော့ ပြန်လာမယ်မလားဟင်"
           "မသေချာဘူး၊ အဲ့ဒါကြောင့် ဒီတစ်ကြိမ် ရှင့်ကို အသိပေးဖို့..."
          ".........."
          "အသိပေးချင်တာကြောင့်.."
           "အော်...မဏ္ဏိက ထွက်သွားတော့မယ်ပေါ့နော်၊ဒါဆို ကိုယ့်ကို နှုတ် ဆက်ဖို့ အခုလို ချိန်းလိုက်တော့ပေါ့ဟင်"
           မျက်နှာချင်းဆိုင် ပြောနေရင်း သူက ခေါင်းငုံ့ သွားပြီး ပန်းကန်ထဲက စုပုံနေတဲ့ဟင်းများကို သက်သက်စီ ခွဲနေမိတယ်။
           "ဘာကိစ္စကြောင့် သွားရမှာလဲဗျာ"
           "လူတစ်ယောက်ကို ရှာမလို့"
           "အရေးကြီးလို့လားဟင်"
           "မိဘတွေကို သတ်ခဲ့တာ"
           "......"
           "ရှင့်မိဘတွေအကြောင်း ရှင်သိလား"
           သူက သူမကို ပြန်မော့ကြည့်လာပြီး ခေါင်းခါပြတယ်။
           "ရှင်မသိသေးတဲ့ တို့အကြောင်းတွေရှိနေသေးတယ်။ အဲ့ဒါတွေကို တခြားတစ်ယောက်ကို ပြောပြရလိမ့်မယ်လို့ တစ်ခါမှ မတွေးတောခဲ့မိဘူး။ အခုတော့ ရှင့်ကိုလည်း သိစေချင်တယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ပေါ့"
           "ကိုယ်ဝမ်းပမ်းတသာ လက်ခံမိတယ်။ ကိုယ့်ကို မင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခွင့်ပေးပါ"
          "ဒါတွေအားလုံးရဲ့ အစက ပုံပြင်တွေက စတယ်။ ပြီးတော့ ပုံပြင်တွေမှာပဲ အဆုံးသတ်တယ်။ ပုံပြင်တွေထဲမှာအဖြေရှာရတယ်။ ပုံပြင်တစ်ပုဒ်ရှင်နားထောင်ချင်ပါ့မလားမသိဘူး။ အဲ့ပုံပြင်ရဲ့ အစတွေကတော့ အတူတူတွေပဲပေါ့..ပုံပြင်အစက ဒီလိုနိဒါန်းချီတယ်။
          ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာရှိတယ်။ ပြောကြတာတော့ တစ်ရွာလုံးစုန်းပညာတတ်ကြတယ်တဲ့။ အဲ့ဒါကြောင့် လူတွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ကြတယ်။ အဲ့ရွာကလေ စုန်းရွာတဲ့လေ။

ရွှေပေလွှာပေါ်ရေးတဲ့ အနက်ရောင်မင် (Own Creation)Where stories live. Discover now