တိုးတိတ်တိတ်ပြောနေတဲ့ ဒီကောင်လေးကို ကျွန်တော် သနားတယ်။ မိသားစုပြဿနာတွေကြောင့် အခုအချိန်မှာ ကျွန်တော်ဆိုတာ စနက်တံဖြုတ်ထားတဲ့ ဗုံးတစ်လုံးလိုပဲ နည်းနည်းလေးမှ အထိအခိုက်မခံနိုင်သူတစ်ယောက်လို ဖြစ်နေတယ်။ နောက်ပြီး တကယ့်မိန်းကလေးဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီး ထိုင်းကမှာရတဲ့ ဟော်မုန်းဆေးတွေ ကျွန်တော် သောက်နေတယ်။ ဟန်ဆောင်ပြင်ဆင် ဝတ်စားနေရတာမျိုးမဟုတ်ဘဲ တကယ့်မိန်းကလေးတစ်ယောက်လို ပုံစံပြောင်းနေချင်တယ်။ ဒီ့အတွက် ဟော်မုန်းဆေးတွေက မရှိမဖြစ်လေ။ အသံပြောင်းအောင်၊ အမွှေးအမျှင်တွေ နည်းသထက်နည်းလာအောင်၊ ခြေဆစ် လက်ဆစ်တွေ သေးသွယ်လာအောင် ဒီဟော်မုန်းဆေးတွေကို သောက်မှရမှာ။
"နင် သွားအိပ်တော့"
ကောင်လေးကို အတင်းတွန်းထုတ်လိုက်တယ်။ ၂၄ နာရီဖွင့်တဲ့ ဆိုင်တွေမှာ တစ်ညလုံးကောင်တာမှာ နေရတဲ့ သူ ပင်ပန်းနေမှာပဲ။ သူ့လစာတစ်ခုတည်းနဲ့ ကျွန်တော်တို့နှစ်ယောက် စားဖို့နေဖို့ မလောက်နိုင်ဘူး။ အဖွားပေးတဲ့ ဆွဲကြိုးလေးကိုရောင်းပြီး ဒီအိမ်ခန်းလေးကို ငှားဖြစ်ခဲ့တယ်။ ကျွန်တော် အလုပ်ရှာချင်ပေမယ့် သူပဲလုပ်မယ်ဆိုတဲ့ ဒီကောင်လေးကြောင့်ခက်တယ်။ နောက်ပြီး စိတ်ထိခိုက်လွယ်လွန်းနေတဲ့အချိန် အလုပ်တစ်ခုခုမှာ မြဲပါ့မလားဆိုပြီး ကျွန်တော့်ကိုယ်ကျွန်တော်လည်း စိုးရိမ်တယ်။ ဆယ်ပေပတ်လည် အခန်းကျဥ်းလေးဟာ ကျွန်တော့်ဘဝလိုပဲ မှောင်ရိပ်သည်းနေတယ်။
"ငါတို့ ဘုရားသွားရအောင် အသက်"
"နင် တစ်ညလုံးမအိပ်ရသေးဘူး မဟုတ်လား.. သွားအိပ်စမ်းပါ"
"ဘာမှမဖြစ်ဘူး.. လာ"
ကျွန်တော့်လက်ကို ဆွဲထူနေတဲ့သူ။ တကယ့် မိန်းမလှလေးတွေ ပေါတဲ့ကမ္ဘာမှာ ဘာလို့များ ကျွန်တော့်ကိုမှ ချစ်နေရတာလဲ။ ကျွန်တော်နဲ့နေရရင် တော်ပြီဆိုတဲ့ မိုက်ရူးရဲကောင်လေးကို ကျွန်တော့်ကို ထားခဲ့အောင် ဘယ်လိုမောင်းထုတ်ရမလဲ။
"အလှပြင်ပါဦး အသက်ရယ်.. ဒီရုပ်နဲ့တော့ မဖြစ်သေးဘူး.."
မှန်ထဲမှာရိုးတိုးရိပ်တိတ်မြင်နေရတဲ့ မျက်လုံးတွေမို့မောက်နေတဲ့ မျက်နှာ။ ဆံပင်ရှည်ထားချင်လို့ မညှပ်ဖြစ်တော့ခဲ့တာကြာပြီ။ ကျွန်တော့်ဆံပင်တွေ အခုဆို ခါးလယ်လောက်ထိ ရှည်နေပြီ။ နဂိုပိန်သေးပြီး ဖြူနုတဲ့ ကျွန်တော့်အတွက် မိန်းကလေးပုံပြောင်းရတာ မခက်ခဲပါဘူး။ ဒါပေမဲ့ စိတ်ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်မယ့် ဆေးမျိုး မရှိသေးဘူး။ စိတ်မလုံခြုံတာကို ပြောင်းလဲနိုင်မယ့် ဆေးဆိုတာ မရှိသေးဘူး။ ငါ့ကို အခြောက်လို့ ဘယ်သူ ပြောလိုက်မလဲ။ ငါ့ကို လှောင်သလိုမျက်လုံးတွေနဲ့ ကြည့်သွားတာလား။ ငါ့ကို အထင်သေးနေပြီလား။ အပြင်ထွက်တိုင်း ဒီလို မလုံခြုံတဲ့ ခံစားချက်ဆိုးတွေကို ဖွက်ထားဖို့ ခက်တယ်။
YOU ARE READING
ရေလိုအေး၍ ပန်းလိုမွှေးစေ
General Fictionတဖြည်းဖြည်းနဲ့ပျံသန်းရတာ အားနည်းလာတယ် ငါ့ အတောင်နှစ်ဖက်မှာ စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖိနပ်လိုလုပ်စီးတဲ့အခါ အိမ်ပြန်ချိန်တွေပဲ ပါးပါးလာတယ် တသိမ့်သိမ့်ရှိုက်ငိုဖို့နေရာရှာတော့လည်း အမေ့ရင်ခွင်ဟာ ဟိုဘက်ကမ်းက မီးအလင်းရောင်လို မှုန်ပျပျဝေးခဲ့တဲ့ညတွေ ဇာတ်လမ်းမဆ...
အပိုင်း ၁၀
Start from the beginning