အပိုင်း ၈

3.7K 642 45
                                    

အိမ်ကပြေးခဲ့တယ်။ ကျောင်းကပြေးခဲ့တယ်။ အခုတစ်ခေါက် အလုပ်ကနေ ကျွန်တော် ထွက်ပြေးမှဖြစ်တော့မယ်။ ဒါပေမဲ့ ထွက်ပြေးဖို့တောင် ကျွန်တော့်လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘူးလေ။ ဒီဟိုတယ်ကြီးကနေ တောင်အောက်ရောက်တဲ့အထိ လေးဆယ့်ငါးမိနစ်လောက် ဆိုင်ကယ်ကယ်ရီနဲ့သွားရတာမို့ ဆိုင်ကယ်ကယ်ရီခတောင် ကျွန်တော့်လက်ထဲမှာ ပိုက်ဆံမရှိဘူး။ လစာရတဲ့အချိန်ထိ တစ်လပြည့်အောင် ကြိတ်မှိတ်စောင့်ခဲ့ရတယ်။ အဲ့ဒီ့လူဟိုတယ်မှာမရှိတဲ့အချိန် ရန်ကုန်မှာ သင်တန်းတက်ချင်တယ်ဆိုပြီး မန်နေဂျာကို ကျွန်တော် ခွင့်တောင်းဖြစ်တယ်။

လခကိုစုမယ်။ သင်တန်းတွေတက်ရင်း ဘဝအနာဂတ်အတွက် ပြင်ဆင်မယ်ဆိုပြီး အားခဲခဲ့တဲ့ကျွန်တော်။ အိပ်မက်တွေတစ်ပွေ့ကြီးနဲ့ ဒီဟိုတယ်ကြီးကိုရောက်လာခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ပဲ ကျွန်တော်လှည့်ထွက်ခဲ့ရပြန်တယ်။ ဒါပေမဲ့ အရှုံးပေးဖို့ကျွန်တော် မစဥ်းစားချင်ဘူး။ လဲပြိုသွားဖို့ ကျွန်တော်စိတ်မလျှော့ချင်ဘူး။ နောက်ပြီး မျက်နှာအောက်ချပြီး အိမ်မပြန်ချင်ဘူး။ ရန်ကုန်မြေကို တရွေ့ရွေ့ပြေးနေတဲ့ အဝေးပြေးကားကြီးပေါ်မှာ ကျွန်တော် တစ်ယောက်တည်း။

"အဖော်မပါဘူးလား သားရဲ့"

ဘေးနားထိုင်တဲ့ အဒေါ်ကြီးက မကြာမကြာလှမ်းကြည့်ရင်း မေးတယ်။ ကျွန်တော်က အသက် ၁၉ နှစ် ထဲဝင်ပြီဆိုပေမယ့် လူပုံစံက ၁၅ နှစ်၊ ၁၆ နှစ်အရွယ်က မတက်ဘူးလေ။ ရှမ်းကပြားတစ်ယောက်လို ဖြူနုတဲ့အသားအရည်ရယ်၊ ကလေးပုံမပျောက်သေးတဲ့ မျက်နှာပုံစံကြောင့် သူ စိတ်ပူနေတာဖြစ်မယ်။

"ရန်ကုန်မှာဆွေမျိုးတွေရှိလား"

"သင်တန်းတက်ဖို့အဒေါ်"

"ဘာသင်တန်းလဲ"

"ဟိုတယ်သင်တန်းခင်ဗျ"

ကျွန်တော် သင်တန်းတွေတက်ပြီး ဘဝတိုးတက်လာအောင် ကြိုးစားကြည့်ချင်သေးတယ်။ ဒါပေမဲ့ တစ်နေ့စာအတွက်တစ်နေ့ ပူပန်နေရတဲ့ဘဝမှာ အနာဂတ်ကိုစဥ်းစားရတာ မှိန်ဖျော့ဖျော့ပါပဲ။ သင်တန်းတက်ဖို့ ပိုက်ဆံပေးပြီးချိန်မှာ ကျွန်တော့်လက်ထဲမှာ စားစရိတ်တောင် မကျန်တော့ဘူး။ တစ်နေ့တစ်နပ် မှန်မှန်စားဖို့ မလွယ်တော့ဘူး။ ခေါက်ဆွဲပြုတ်တောင် မသောက်နိုင်တဲ့ အခြေအနေမှာ အဆောင်အတူနေတဲ့ သူငယ်ချင်းတွေက သူတို့စားသမျှ ဝေမျှကျွေးခဲ့လို့သာ။

ရေလိုအေး၍ ပန်းလိုမွှေးစေWhere stories live. Discover now