Part 35

5K 630 41
                                    

[Zawgyi]

"မနေ့ညကလေ စဉ်းစားမိတာသိလား ... ရုံးပိတ်ရက်လေး အိမ်ပြန်ပြီး သန့်ရှင်းရေးခေါ်ရင် ကောင်းမလားလို့ ... ဒီချိန်ဆို ခြံထဲတောထနေလောက်ပြီ"

"အဲ့တာဆို သွားရအောင်လေ ငယ်ရဲ့ ... အားတုန်းလေး လုပ်ရမှာ ... ခြံကရှင်းပေးမယ့်လူမခေါ်လဲ ကိုယ်တို့နှစ်ယောက်သွားရှင်းလို့ရတာကို"

"ကိုစိုးသိန်းက ရုံးသွားတက်တာလား"

"အင်း ရုံးပိတ်ရက်ပေမယ့် ကိုယ်တို့လို ဌာနတွေကတော့ လူရှိမှ ဖြစ်မှာပေါ့ ငယ်ရ ... ဒီနေ့ စိုးသိန်းရုံးသွားတက်တယ်"

"အဲ့တာဆို သွားကြမယ်လေ ဦးမဟာ ... အိမ်ကိုဒီတိုင်းပစ်ထားခဲ့တာ တော်တော်ကြာနေပြီ"

"အိုကေ ... လာ အနွေးထည်သွားထပ်ဝတ်ရအောင်"

ဧည့်ခန်းထဲမှာ လင်းသွေးက မဟာထူးမြတ် ပုခုံးပေါ်ခေါင်းမှီထိုင်နေရင်းကနေ ထကာ ခေါင်းညိမ့်သည်။ မဟာကလဲ ရုံးမတက်ရတာကြောင့် သေချာဆီလိမ်းပြီး ပုံမသွင်းထားတဲ့ လင်းသွေးငယ်ရဲ့ ဆံပင်လေးတွေထဲ လက်ထည့်ကာဖွသည်။ နှစ်ယောက်သား မတ်တပ်ထရပ်ပြီး အခန်းထဲဝင်လာကာ အနွေးထည်ဝတ်ကြတော့ မဟာဝယ်ပေးထားတဲ့ ဆွယ်တာအဝါလေးဝတ်ထားတဲ့ လင်းသွေးငယ်က အပေါ်ကနေ ကုတ်အင်္ကျီလေးကို ထပ်ဝတ်သည်။ မဟာကလဲ ကုတ်အင်္ကျီအထူတစ်ထည်ထပ်ဝတ်ပြီးတော့ နှစ်ယောက်သား နွေးနွေးထွေးထွေးရှိမယ့် ဖိနပ်လေးကိုယ်စီစီးသည်။ စိုးသိန်းက တစ်ယောက်ထဲ ရုံးတက်တဲ့နေ့ဆို ဆိုင်ကယ်နဲ့ပဲ တက်လေ့ရှိတာကြောင့် အိမ်မှာကားကျန်နေခဲ့သည်။ ကားသော့ဆွဲပြီး အိမ်ကထွက်ခဲ့တော့ မနက် ၁၀ နာရီကျော်နေတာတောင် နေကသိပ်မပွင့်ချင်သေးပဲ ရာသီဥတုက အေးစက်နေသည်။

"ခြံရှင်းတာလေ နှစ်ယောက်ရှင်းမယ်သာပြောတာ ရှင်းဖို့လိုတဲ့ပစ္စည်းတွေလဲ မပါလာဘူး ... အပြင်ထွက်လာတာ ခြံရှင်းဖို့ပါဆို ဒါကို သတိမရဘူး ဦးမဟာ"

"ဘာမှမဖြစ်ပါဘူး ငယ်ရာ ... ခြံရှင်းပေးတဲ့သူတွေရှိပါတယ် ... ပတ်ဝန်းကျင်ကနေ မေးမြန်းပြီး ငှားလိုက်မယ်လေ ... အဲ့လိုရတာပဲကို"

"အွန်း အွန်းးး အဲ့တာဆို ပြီးရော"

စကားဆုံးတာနဲ့ လင်းသွေးက ဝတ်ထားတဲ့ကုတ်အင်္ကျီရဲ့ ရင်ဘတ်လေးကို ဆွဲစေ့ကာ ဘေးက ကားမောင်းနေတဲ့ မဟာ့ရဲ့ ပုခုံးပေါ်လှမ်းမှီသည်။ တကယ်ကို ဇိမ်ကျနေတာကြောင့် လင်းသွေးသဘောကျသည်။ အမှန်ကတော့ မှီနေရတဲ့ပုခုံးက ဦးမဟာရဲ့ ပုခုံးဖြစ်တာကြောင့် သဘောကျတာဆို ပိုမှန်ပါလိမ့်မည်။

Unconditionally [Completed]Where stories live. Discover now