Rachel က ပြောလည်းပြော၊ David ရင်ဘတ်ကိုလည်း တအုန်းအုန်း ထုမိသည်။
David က သူမကို လုံးဝ မတားဘဲ ဆွေးမြေ့နေသော မျက်ဝန်းတွေနှင့်သာ ငေးကြည့်နေသည်။

အတန်ကြာမှ Rachel မောလာသဖြင့် ဘေးရှိ ခုံတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။

ထိုအခါမှ David က လေသံတိုးတိုးလေးနှင့် ပြောသည်။

"ဒီလိုလုပ်ဖို့ လိုကို လိုတယ် ဆိုတာ နင်သိနေပါတယ် Rachel”

Rachel သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်မိသည်။

ဘယ်လောက်ပဲ ငြင်းဆန်နေနေ အတွင်းစိတ်ထဲမှာတော​့
သူမ နားလည်နေပါသည်။

David မသိမသာ ခေါင်းမော့ရင်း ဝဲတက်လာသော မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်သည်။
ပြီးမှ သူမ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ကာ စပြောသည်။

"ကဲ အဲ့တော့ ပထမဦးဆုံး အနေနဲ့ ငါမှာချင်တာက
မြို့ထဲက မိန်းကလေးတွေကို ပြောပေးပါ။
ငါ သေသွားတာကို အရမ်းကြီး မ​ကြေကွဲကြပါနဲ့လို့။
ငါ သူတို့ အားလုံးကို ညီတူညီမျှ ချစ်ခဲ့ပါတယ်လို့။”

ဒီလောက် အရေးကြီးသည့်အချိန်မှ မဟုတ်ကဟုတ်ကကို အရင် စပြောသဖြင့် Rachel အားပါးတရ မျက်စောင်းထိုးလိုက်မိသည်။

ထိုအခါမှ David က ရယ်ကျဲကျဲနှင့် ခေါင်းကုတ်သည်။

"အိုကေ အိုကေ
အတည်ပြောမယ်။
ပထမဆုံး Alex
သူ ငါ့ကို အမြဲ ဆရာလုပ် ဆူပူနေတတ်ပေမယ့် ငါ သူ့စေတနာကို နားလည်ပါတယ်လို့၊
အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့တဲ့အတွက်လည်း ငါ တကယ်ကို ကျေးဇူးတင်ပါတယ်လို့၊
အစ်ကိုကြီးကို အရမ်းချစ်ပေမယ့် ငါ သေတဲ့အထိ သူ့ ဒီဇိုင်းပြောင်းတာကို မြင်ခွင့်မရလိုက်တာကိုတော့ တကယ် စိတ်မကောင်းပါဘူးလို့ ပြောပေး။”

ဒီတစ်ခါတော့ Rachel ပါ ခွိခနဲ ရယ်မိသွားသည်။

"ပြီးတော့ နင့် သူငယ်ချင်း ဘဝင်ရူးမ။
ငါ သူ့ကို အ​ကြောင်းပြချက် မရှိ အမြင်ကပ်တာပါလို့။
အင်း ငါလို ခန့်ညားချောမောတဲ့ လူကို ကျော်ပြီး ဟို အရိုင်းအစိုင်း Werewolf ကောင်ကို ကြိုက်နေလို့ ဆိုတာကတော့ ဖြစ်နိုင်ခြေ အများဆုံးပဲ။
အဲ့တာ သူ သိချင်နေမှာစိုးလို့ နင်ပဲ ပြောပြပေးလိုက်။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Tempat cerita menjadi hidup. Temukan sekarang