အခန်း ၅၂ - ၀မ်ယုတုန်ရဲ့ စတန့်သမား ထပ်လုပ်ရန်

5.5K 1K 25
                                    

"ဆေးစစ်ချက် အဖြေသိရဖို့က ရက်နည်းနည်းကြာဦးမယ်။ မင်းအမေကို အိမ်ပြန်ခေါ်သွားလို့ရပြီ။ ဒါပေမယ့် ငါ့အတွေ့အကြုံအရပြောရရင်တော့ ကျောက်ကပ်မကောင်းတာ ဖြစ်လိမ့်မယ်။" ဆရာဝန်က မျက်မှန်ပင့်တင်လိုက်ပြီး ကျိုရှီအန်းကို ဆေးစာအုပ်ပေးသည်။

ကျိုရှီအန်း တုန်ယင်နေတဲ့လက်နဲ့လှမ်းယူရင်း ခပ်တိုးတိုးမေးသည်၊ "ဆရာ၊ ကင်ဆာများ ဖြစ်နေမလား။"

"အဆိုးဘက်ကိုပဲ အရင်မတွေးပါနဲ့ဦး၊ အခုအချိန်မှာ သေချာပြောလို့မရသေးဘူး၊ ဆေးစစ်ချက်အဖြေကို စောင့်ကြည့်ရမယ်။ အဖြေအဲ့လိုထွက်လာရင်တော့ မင်းကို ဆေးရုံကြီးတွေကိုသွားပြီး နောက်တစ်ခေါက် ထပ်စစ်ဖို့ အကြံပေးချင်တယ်။ ဒါပေမယ့် သားဖြစ်တဲ့ မင်းကလည်း လစ်ဟင်းတာပါတယ်၊ ကိုယ့်အမေမျက်နှာ ပုံမှန်မဟုတ်တာကို သတိမထားမိဘူးလား။ သူ့အသက်အရွယ်လောက်ဆို အသားအ၀ါရောင်ဖြစ်တာမျိုး ရှိတာတော့ ဟုတ်တယ်၊ ဒါပေမယ့် မင်းအမေလောက် မ၀ါဘူးလေ။ ဒါ ပုံမှန်အရောင်မဟုတ်ဘူး၊ ကျန်းမာရေးမကောင်းလို့ ဖြစ်တာ။"

ကျိုရှီအန်း ခေါင်းငိုက်ကျသွားသည်၊ မမြင်ရတဲ့ ကျောက်တုံးကြီးတစ်တုံး သူ့ပုခုံးပေါ်ကို ဖိထားသလိုမျိုး သူခံစားရသည်၊ ခေါင်းတောင် မမော့နိုင်တော့။

ဘယ်လိုဖြစ်ရတာလဲ။

ကျောက်ကပ်နဲ့ဆိုင်တဲ့ ရောဂါလား။ ဘာများဖြစ်မလဲ။ ကျောက်ကပ်ရောင်တာလား၊ သွေးချိုလား၊ ဆီးချိုလား၊ ကျောက်ကပ်ပျက်တာလား၊ ကျောက်ကပ်ကင်ဆာလား။ ကျိုရှီအန်းသိတဲ့ ကျောက်ကပ်ရောဂါ နည်းနည်းလေးပဲရှိသည်၊ ဒါပေမယ့် အဲ့ဒါအကုန်လုံးက ကြောက်ရွံ့တုန်လှုပ်စရာကောင်းသည်။

ချန်ယင်း၊ လူလတ်ပိုင်းအရွယ်မှာပဲ ခင်ပွန်းကို ဆုံးရှုံးခဲ့ရသည်၊ အရွယ်ရောက်နေတဲ့ သားကလည်း သစ်ပင်လူသားဖြစ်ပြီး ဆေးရုံမှာ နှစ်နှစ်တောင် လဲနေခဲ့တယ်။ သူမရဲ့ စိတ်ဓါတ်ကို ဘယ်အချိန်နိုးလာမလဲ မသိတဲ့ သားအတွက်နဲ့ အားတင်းထားခဲ့သည်၊ ဒါပေမယ့် အခုသူမသားနိုးလာချိန်မှာ သူမ လဲကျသွားခဲ့သည်။

ပြီးတော့ သူမသားရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခြားလူတစ်ယောက် အသက်ရှင်နေတာကို သူမ ဘယ်တော့မှ သိတော့မှာ မဟုတ်။ သိမသိက ကျိုရှီအန်းရဲ့ ရွေးချယ်မှုပေါ်မှာ ဆိုင်တယ်ဆိုပေမယ့် သူ အမြဲတမ်း ချန်ယင်းအပေါ် အပြစ်လုပ်ထားသလို ခံစားရပြီး ရင်နာရတာကြောင့် သူမသား သေသွားပြီဆိုတာကို သူမကို ဘယ်တော့မှ အသိပေးမှာမဟုတ်။ သူ နိုးထလာပြီးနောက် ဝေခွဲမရတာတွေ အများကြီးရှိသည်။ သူ သေချာတဲ့ တစ်ခုတည်းသောအရာကတော့ ဘ၀က ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ဘယ်လောက်ပဲ ကြမ်းတမ်းပစေ သူအမြဲတမ်း ချန်ယင်းရဲ့ သားအဖြစ်နဲ့ပဲ သူတို့ထဲက တစ်ယောက်ယောက်သေသွားတဲ့အချိန်အထိ နေမယ်ဆိုတာကို ဖြစ်သည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now