အခန်း ၁၅ - မနေချင်တဲ့ မိသားစုတွေ့ဆုံပွဲ

5.6K 884 21
                                    

ဝမ်ယုတုန်ရဲ့အဖေ ဥက္ကဌ၀မ်က ဘီလီယမ်နဲ့ချီပြီးချမ်းသာတဲ့ သူဌေးကြီးဖြစ်ပေမယ့် ပညာကတော့ မူလတန်းအဆင့်သာရှိသည်။ စီးပွားရေးလောကမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာ ကြာနေပေမယ့် သူ့ရဲ့ကြမ်းတမ်းတဲ့စရိုက်က တစ်ခါတစ်ခါ ပေါ်လာတတ်သည်။ ဥက္ကဌ၀မ်က အသက်တော်တော်ကြီးမှ အိမ်ထောင်ကျသည်။ သူ့ဇနီးက အရမ်းချောတဲ့ စူပါမော်ဒန်လေး။ ပြီးတော့ ၀မ်ယုတုန်လိုမျိုး အရမ်းချောတဲ့ သားလေးတစ်ယောက် ဖွားမြင်လာသည်။ အသက်ကြီးမှ ရတဲ့ကလေးဖြစ်တဲ့အပြင် အမေနဲ့လည်းအရမ်းတူတာမို့ ဥက္ကဌ၀မ်က ၀မ်ယုတုန်ကို အရမ်းချစ်သည်။

ဝမ်မိသားစုအခြေအနေက မဆိုးဘူးဆိုပေမယ့် သူတို့အသိုင်းအ၀ိုင်းက မမြင့်မား။ အခုမျိုးဆက်ကျမှ ချမ်းသာလာတဲ့လူတွေက ဆွေစဉ်မျိုးဆက်ချမ်းသာလာတဲ့ လူတွေလို အဆက်အသွယ်၊ အသိုင်းအ၀ိုင်း မကောင်း။ ၀မ်ယုတုန်က သူဌေးသားဆိုပေမယ့် လူတိုင်းနီးပါးက သူ့အဖေက အခုမှချမ်းသာလာတယ်ဆိုတာကို သိသည်။ တစ်ခုခုဆိုတိုင်း ကျောထောက်နောက်ခံကောင်းတဲ့ အထက်တန်းလွှာတွေကို သွားဖားနေရသည်။ ဒါကြောင့် ယန်မိသားစုလိုမျိုး သစ်ပင်ကြီးကြီးကို တက်နိုင်ဖို့လိုသည်။

အစကတော့ ၀မ်မိသားစုဆိုတာမျိုးက ယန်မိသားစုနဲ့ ထမင်းတစ်ဝိုင်းထဲစားရရင်တောင် ကျေနပ်ပါပြီလို့သာ စိတ်ကူးယဉ်ရတဲ့လူတွေ ဖြစ်သည်။ ဆွေမျိုးတော်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲကြ။ ဒါပေမယ့် ၀မ်ယုတုန်လိုမျိုး သားလေးတစ်ယောက်ကို မွေးလိုက်နိုင်သည်။ ၀မ်ယုတုန်က သူ့ဘ၀ရဲ့ကြယ်ပွင့်လေး၊ ဆောင်းနက်တဲ့ ညတွေထဲက လမင်းလေးလိုမျိုးဖြစ်သည်။ ထိပ်တန်းစီးပွားရေးပညာသင်ကျောင်းကနေ ကျောင်းပြီးတော့ စီးပွားရေးလောကထဲကို မသွားဘဲ နာမည်ကျော်မင်းသားဖြစ်ချင်တယ်လို့ ပြောသည်။ ဥက္ကဌ၀မ်က သူ့သားနဲ့လိုက်မယ့်ဇာတ်မျိုးကို ရိုက်ဖို့ ငွေသန်းနဲ့ချီပုံအောထည့်သည်။ ခန့်မှန်းထားတဲ့အတိုင်းပဲ အဲ့ဒီကားက ပေါက်သွားပြီး ၀မ်ယုတုန် နာမည်ကြီးလာသည်။ သူနာမည်ကြီးလာတာက ၀မ်းသာစရာအကောင်းဆုံး ကိစ္စမဟုတ်သေး။ ယန်သခင်မလေးက အဲ့ဒီ့ဇာတ်ကားကို စွဲလန်းပြီး ၀မ်ယုတုန်ကို ကြိုက်သွားသည်။ ဒါကြောင့် ၀မ်ယုတုန်က ကြိုးစားပန်းစားလိုက်တဲ့အခါ သူတို့တွေ ချစ်သူဖြစ်သွားကြသည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now