" ဟုတ်ကဲ့ ရပါတယ် အစ်ကို "

ကောင်မလေးက မြန်မာလူမျိုးဖြစ်ပေမယ့် ကောင်လေးကတော့ ထိုင်းလူမျိုးလား မြန်မာလူမျိုးလား မသိ။ ငြိမ်နေကာ မိမိသက်ဆိုင်သူကို ကြာပစ်နေသည်ကြောင့် ခြွေဟက်ခနဲရယ်လိုက်သည်။ လက်စသက်တော့ ဒင်းက ဂေးကိုး ။

ရိပ်ထင်က ထိုကောင်မလေးနောက်လိုက်၍ ရေမွှေးလိုက်ဝယ်ပေးသည်။ ဈေးအသင့်တင့်ရှိသည့် ရေမွှေးဖြစ်တာမို့ လျော်ကြေးတော့ သိပ်မများပေ။ တစ်ချိန်လုံးငြိမ်ကာ ရိပ်ထင်အား စိုက်ကြည့်နေသည့် ကောင်လေးကြောင့် ခြွေ့ မျက်ခုံးများက တဖြည်းဖြည်းပိုကျုံ့လာခဲ့သည်။ သို့ပေမယ့် ခြွေ့ မျက်နှာက သိသိသာသာပင် ပျက်မနေပဲ ။ အရင်ပုံစံအတိုင်းသာ အေးစက်နေသည့် မျက်နှာသေနှင့်ရှိသည်။

" ကျေးဇူးတင်ပါတယ်ရှင် "

" ဟို တီးနဲ့မုန့်လိုက်စားပါလား အစ်ကို "

ဆိုင်ထဲကထွက်လို့ ပြန်ခါနီးကြမှ မပီကလာအသံဖြင့်ထွက်လာသည့် မြန်မာစကားက ဟိုကောင်လေးထံမှဖြစ်သည်။ ထိုင်းဗမာကပြားဖြစ်မည်ထင်သည်။ ကောင်လေးစကားကြောင့် ရိပ်ထင်က ခြွေ့အား ပြန်ကြည့်သည်။ အေးစက်စူးရှသည့် အကြည့်တို့ကြောင့် ရိပ်ထင် အူမြူးသွားသည်။ ခြွေသူ့ကို သဝန်တိုနေပြီ။

" အင်း ကောင်းတာပေါ့ဗျာ တောင်းပန်တဲ့အနေနဲ့ အစ်ကိုကျွေးပါ့မယ် "

ဘာရယ်မဟုတ်ဘူး ချစ်သူရဲ့ သဝန်တိုခဲတဲ့ မျက်နှာလေးကို ကြာကြာမြင်ချင်၍ ရိပ်ထင် သဘောတူလိုက်သည်။ထိုအခါ ကောင်လေးသည် ပျော်သွားသလို သူဆိုင်ကောင်းကောင်းသိတယ်ဟုဆိုကာ ရိပ်ထင် လက်မောင်းအား ဆက်ခနဲဆွဲ၍ ရှေ့မှ ဦးဆောင်ထွက်သွားသည်။ အတင့်ရဲသော ကောင်လေးလက်ထဲတွင်ပါသွားသော ရိပ်ထင်က ယက်ကန်ယက်ကန်နှင့် နောက်၌ ကျန်ခဲ့သော ခြွေ့အား လှည့်ကြည့်၍ လိုက်ပါသွားရသည်။ ခြွေက စိတ်ထဲတွင် ဒေါသများ အချောင်းချောင်းထွက်နေသည်မှာ နားရွက်ဖျားတွေရဲလာ၍ အံကြိတ်လိုက်သည်။ သို့ပေမယ့် သူ့ဘေး၌ အခုထိရပ်နေသည့် ကောင်မလေးကိုကြည့်ကာ ဟက်ခနဲ ရယ်လိုက်ပြီး

" သွားကြရအောင်လေ "

" ဟုတ် ဟုတ်ကဲ့ "

ကောင်မလေးမှာ ညင်သာလှသည့် အသံချိုချိုလေးနှင့် အေးစက်စက်မျက်နှာဘေးမဟုတ်တော့ဘဲ နူးညံ့လွန်းသည့် အပြုံးတွေကြောင့် ရှက်ရိပ်သန်းသွားသည်။သေချာတာတော့ ကောင်မလေးဟာ ခြွေ့ အပြုံးတွေအောက် ကျရှုံးသွားလေပြီ။

ခြွေ (ခြွေ) (Completed) Where stories live. Discover now