part 43(z+u)

16.8K 1.7K 97
                                    

Part 43

လေအေးပေးစက်၏ အေးစက်စက်အငွေ့ဓာတ်ကြောင့် နံဘေး၌ ရှိသော ကိုယ်လုံးလေးအား ထွေးဖက်ရန် လက်ဆန့်တန်းကာ စမ်းလိုက်မိသည်။သို့သော် အေးစက်လစ်ဟာနေသော အထိအတွေ့ကြောင့် နိုးတစ်ဝက်ဖြစ်နေသော ရိပ်ထင်၏မျက်လုံးများပွင့်လာကာ ဘေးဘက်သို့ စောင်းကြည့်လိုက်သည်။

"ဟင် ဘယ်ရောက်သွားတာလဲ "

အခန်းပတ်လည်ကို မျက်လုံးဝေ့ကြည့်ပြီးနောက် အိပ်ယာပေါ်မှဆင်းကာ အိမ်သာတံခါးကို ခေါက်ကြည့်လိုက်သည်။ သို့ပေမယ့် အထဲမှ အသံမကြားရ၍ တံခါးဖွင့်ကြည့်လိုက်တော့ မည်သူမျှမရှိ ။ ဒီလိုဆို ရိပ်ထင် တွေးနေတာ မမှားဘူးပဲ။ ထို့ကြောင့် အခန်းတံခါးကိုဖွင့်ကာ ကြယ်လေးအိပ်ခန်းသို့ ဦးတည်သွားလိုက်သည်။ အိပ်ခန်းရှေ့ရောက်တော့ အခန်းတံခါးကို ဖြည်းညှင်းစွာ လှည့်ဖွင့်၍ အခန်းထဲသို့အသာ ချောင်းကြည့်လိုက်ရာ ကြယ်လေး၏ ကုတင်ပေါ်တွင် ကြယ်လေးခေါင်းအုံးလေးကိုပိတ်ကာ ကွေးကွေးလေးအိပ်နေသည့် ခြွေ့ကိုမြင်လိုက်ရတော့ ရိပ်ထင် စိတ်ထဲမကောင်း။ နိုးသွားမည်စိုး၍ ခြေသံဖွဖွနင်းပြီး အနားတိုးကပ်ကာ ကုတင်ပေါ် တင်မလွှဲထိုင်လိုက်သည်။ ညမီးအိမ်အလင်းပြပြတွင် စောင်းအိပ်နေသော ချစ်သူ၏ မျက်နှာကို ရိပ်ထင်ငေးကြည့်နေမိသည်။ ခပ်ဖွာဖွာ ဆံပင်များက တစ်ဖက်သို့ စောင်းကျနေကာ မှိတ်ထားသည့် မျက်တောင်ဖြာဖြာတို့တွင် စိုလဲ့တင်ကျန်နေသောမျက်ရည်တစ်ချို့ကိုမြင်လိုက်ရသည်။ နှာခေါင်းထိပ်လေးများရဲနေပြီး အိပ်နေရင်း တစ်ချက်တစ်ချက် ရှိုက်သံကထွက်သေးသည်မို့ ရိပ်ထင် ခြွေ့ကျောပြင်လေးအား ပွတ်သပ်ကာ ချော့မြူလိုက်သည်။ ရင်ခွင်၌ ကျစ်ကျစ်ပါသောပိုက်ထားသည့် ကြယ်လေး ခေါင်းအုံးလေးက ခြွေ့လက်တို့၏ရစ်ပတ်မှုကြောင့် အိကျနေသည်။ နှစ်ခုထပ်ရက်ရှိသော ချည်သားဘောင်းဘီအရှည်အောက်တွင် တစ်စွန်းတစ်စပေါ်နေသည့် ခြေချောင်းတို့ကို ရိပ်ထင်အသာစမ်းကြည့်လိုက်သည်။ အေးစက်နေမှုကြောင့် ကုတင်ခြေရင်းရှိ ကလေးစောင်အထူလေးအား ဆွဲယူကာ ခြွေ့ကိုယ်ပေါ်သို့ လွှမ်းပေးလိုက်ပါသည်။
ထို့နောက် တစ်ကိုယ်စာလွတ်နေသည့် နေရာလေးတွင် ရိပ်ထင်ဝင်လှဲကာ တစောင်းလှဲအိပ်၍ ခြွေ့ကိုယ်လုံးလေးအား ရင်ခွင်သိမ်းကျုံးထည့်ကာ ဖက်အိပ်လိုက်တော့သည်။

ခြွေ (ခြွေ) (Completed) Where stories live. Discover now