ကျေးဇူးတင်စကား (2019)

Start from the beginning
                                    

ဒီဇာတ်လမ်းလေးကို ဇာတ်ကောင်တွေနေရာက ၀င်ရေးတာမျိုးထက် မျက်စိရှေ့မှာ ဖြစ်ပျက်နေသလိုမျိုး အမြင်နဲ့ ရေးဖြစ်ခဲ့တယ်။ တစ်ခါတလေ ရောမခေတ်နဲ့ အခုခေတ်ကို ပေါင်းကူးခုန်ကူးနေသလားထင်ရတဲ့ အထိပဲ။ ရယ်စရာကောင်းသလို ဟာသလို့တောင် ပြောရမလားမသိ။ ဇာတ်လမ်းထဲနစ်မြှုပ်နေချိန်ဆို လက်ရှိကာလကို မေ့နေတတ်တယ်။ နောက်ပြီး အဖြစ်အပျက်တိုင်းကို အသေးစိတ်ခြယ်မှုန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အိမ်၊ ဈေး၊ မီးဖိုချောင်၊ မြို့လယ်နေရာ၊ ညစာစားပွဲ၊ အမိုးဖွင့်ပြဇာတ်ရုံ၊ ရေချိုးဆောင်၊ ခရီးထွက်ပုံ၊ အနားယူစံအိမ်၊ အမဲလိုက်ပုံ၊ အပန်းဖြေလှေခရီးစီးပုံ၊ ကျိန်စာတိုက်ပုံ..။ အကြောင်းအရာမျိုးစုံကို နောက်ခံထားပြီး အသေးစိတ် အချက်အလက်တွေကို သေချာလေ့လာပြီးမှ ဇာတ်လမ်းကို အပေါ်က ထပ်ဖြည့်ရေးခဲ့တာမျိုးပါ။

မိန်းကလေးတွေ အလှပြင်ပုံကအစ ရောမလူမျိုးတွေ စာရေးပုံအဆုံး ဘယ်လောက်သေးငယ်တဲ့ အပြုအမူဖြစ်ပါစေ အဲ့ဒီ့ခေတ်ကာလကအတိုင်းဖြစ်အောင် ကြိုးစားလေ့လာ ရေးခဲ့ပါတယ်။ ဒီလိုအသေးစိတ် လေ့လာရေးသားထားပြီး ပုံပေမြို့ဖြစ်ရပ်ဟာ အမှန်တကယ်ဖြစ်ခဲ့တာ ဖြစ်ပေမယ့် ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို မမွန် စိတ်ကူးသက်သက်နဲ့ပဲ ပုံဖော်ခဲ့တာပါနော်။ အင်ပါယာရှင်ဗေ့စပါးစီရားနိုနဲ့ သားဖြစ်သူ အင်ပါယာရှင်တိတိုတို့ဟာ အမှန်တကယ် ရှိခဲ့ကြသူများဖြစ်ပါတယ်။ (ဗေ့စပါးစီရားနိုဟာ ရောမမြို့က Colosseum ကို စတင်တည်ဆောက်ခဲ့သူ ဖြစ်ပြီး သားဖြစ်သူ တိတိုလက်ထက်မှာ ဖွင့်လှစ်ခဲ့တာပါ။) ဒါပေမဲ့ သူတို့နဲ့ သက်ဆိုင်တဲ့ ဒီဇာတ်လမ်းထဲက ဖြစ်ရပ်တွေကတော့ စိတ်ကူးယဉ်သက်သက်ပါ။ ဒီဇာတ်လမ်း၊ ဒီဝတ္ထုထဲမှာ အမှားအယွင်းတစ်စုံတစ်ရာ ရှိနေခဲ့ရင်လည်း စာရေးသူ မမွန်ရဲ့ တာဝန်သာဖြစ်ပါတယ်။

အဓိကဇာတ်ကောင်ကို လက်တင်အမည်ဖြစ်တဲ့ Iulius ဆိုတဲ့ အမည်ပေးချင်ပေမယ့် မြန်မာအသံထွက်နဲ့ "ယူးလိယူးစ်" လို့ရေးတဲ့အခါမှာ တစ်မျိုးဖြစ်နေသလိုပဲ။ အသံထွက်မှန် အိယူးလီယူးစ်ကိုမှ ရှေ့ဆုံးနှစ်လုံးကို ဆက်တိုက်၊ နောက်ဆုံးနှစ်လုံးကိုဆက်တိုက် မြန်မြန်ဆက်ခေါ်ရမယ့် နာမည်မျိုးဖြစ်နေတယ်။ နောက်ဆုံးတော့ ခေါ်ဆိုရလွယ်ဖို့ လုလိယက်စ်လို့ပဲ မှည့်ခေါ်ခဲ့ပါတယ်။ Felix အမည်မှာလည်း အနီးစပ်ဆုံး ဖဲလ်လစ်လို့ ရေးခဲ့တာကို နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်နော်။

ထာ၀ရ ပုံပေWhere stories live. Discover now