Part 47 (Unicode)

Start from the beginning
                                    

မထင်မှတ်ထားခဲ့သည်က မေတ္တာတရား အပြည့်အဝနှင့် သူ့ကို ကာကွယ်ပေးသည့်အပြင် ကမ်းပေးခဲ့သည့် လက်ဖဝါးတစ်စုံ။ နက်ရှိုင်းကြည်လင်သော မျက်လုံးပြာများ ပိုင်ရှင်၏ ပုံရိပ်တစ်ခု။ သူ အံ့သြခဲ့ရသည်။ မယုံကြည်နိုင်သည်အထိ။

ယခုအခါမှာတော့ ထိုလက်အစုံကို တစ်ဖန်ပြန်လည်ဆုပ်ကိုင်ခွင့် မရှိတော့။ မျက်လုံးပြာများထဲမှ နွေးထွေးသော မေတ္တာတရားနှင့် ချစ်ခြင်းများကို ဆုံးရှုံးခဲ့ရပြီဆိုသောအသိသည် နာကျင်မှုကို မခံမရပ်နိုင်သည်အထိ ခံရခက်အောင် ဆင့်ကဲနှိပ်စက်နေသည်။

သူ ပုံပေမြို့မှ ထွက်ခွာလာသည်မှာ ညကတည်းကဖြစ်သည်။ ညည့်နက်သည့်အချိန်တွင် ယာခင်းအိမ်တစ်ခုဖြစ်သော ဒီမိသားစုရှိရာသို့ ရောက်လာခဲ့သည်။ ခေတ္တခဏနားခိုခွင့်ပေးရန် တောင်းဆိုသည်တွင် သဘောကောင်းသော အိမ်ရှင်မိသားစုသည် မငြင်းဆန်ခဲ့။

ခေါင်းငိုက်စိုက်နှင့် သက်ပြင်းချဖြစ်သည်။ ယခုအချိန်အထိ နာကျင်ယောင်ကိုင်းနေသော ပါးရိုးတစ်ဖက်ကို အုပ်ကိုင်ဖြစ်သည်။ ခေါင်းတွေထုံနေသည်။ ဘာကိုမှမစဉ်းစားဖို့ မိမိကိုယ်ကို သတိပေးနေသော်လည်း မအောင်မြင်။ မျက်ဝန်းထဲမှာမဟုတ်ဘဲ နှလုံးသားမှာ ထင်ကျန်ရစ်သော ပုံရိပ်ဟူသည် ဖျောက်ဖျက်ရန်ခက်လှသည်။

"ဦးဦး..လာကြည့်.."

"ဘာဖြစ်လို့လဲ ကလေး"

"တိမ်တွေ မြေကြီးထဲက ထွက်နေတယ်။"

"ဘာ.."

"တိမ်တွေလေ။ မြေကြီးထဲက ထွက်နေတယ်။"

ကလေးငယ်သည် နွားတင်းကုပ် အပြင်ဘက်သို့ လက်ညှိုးညွှန်ရင်း ဖြေသည်။ နွားတင်းကုပ်ဆိုသော်လည်း အဆောက်အဦးမှာ အုတ်နှင့်ဖြစ်သည်။ တံခါးများက ဟန်ဆောင်တပ်ထားသည်ဟု ပြောလို့ရလောက်အောင် ယိုင်နဲ့နေသည်။

"လာကြည့် ဦးဦး။"

သူငယ်လေးမှာ နှပ်ချေးတစ်ချက်ရှုပ်လိုက်ပြီးနောက် ဖဲလ်လစ်နားမှ ပြေးထွက်သွားသည်။ ဖဲလ်လစ်နေရာမှထကာ မတည်မငြိမ် ပတပ်ရပ်ချင်နေသည့် မြင်းကြီး၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း နှစ်သိမ့်စကားဆိုဖြစ်သည်။ မြင်းနက်ကြီးသည် တစ်စုံတစ်ရာကို ကြောက်လန့်နေသလို တည်ငြိမ်မှုမရှိ။ တင်းကုပ်ထဲမှ ကြက်မကြီးသည်လည်း အန္တရာယ်အငွေ့အသက်ကို ရသည့်အလား အမွှေးတွေဖောင်းပွကာ ကြက်ပေါက်စငယ်များကို တောင်ပံအောက် သွင်းထားသည်။

ထာ၀ရ ပုံပေWhere stories live. Discover now