Part 36 (2017) (Unicode)

Start from the beginning
                                    

"သေချာကြည့်ကြပါဦးဗျာ။ ဘာထူးခြားလဲ။"

ဖုန်းကင်မရာများမှ ဓါတ်ပုံရိုက်သံ တဖျတ်ဖျတ်ကို ကြားနေရသည်။ ရုပ်သွင်းထားသော မိန်းမပျိုငယ်ကို အားလုံးကို ဓါတ်ပုံဝိုင်းရိုက်နေခြင်းဖြစ်သည်။ နေရာစုံ၊ ထောင့်ပေါင်းစုံမှ ဓါတ်ပုံရိုက်နေသူများရှိသလို အနီးကပ်ပြီး တအံ့တသြ ကြည့်ရှုနေသူများလည်းရှိသည်။ ဒီနေရာရောက်တိုင်း၊ ဒီအကြောင်းပြောရတိုင်း စိတ်မကောင်းဖြစ်ရသည်။ အချိန်တွေကြာခဲ့ပြီဆိုပေမယ့်၊ ဖြစ်ခဲ့တာကြာခဲ့ပြီဆိုပေမယ့် မျက်စိရှေ့မှ ပုံပေမြို့သူလေးအတွက် တွေးမိတိုင်း ဝမ်းနည်းရသည်။

"ကလေးမလေးမှာ ကိုယ်ဝန်နဲ့ဗျ။"

အာမေဋိတ်သံများ၊ စိတ်မကောင်းစွာ စုပ်သတ်သံများလည်း ထွက်ပေါ်လာသည်။ မှောက်ရက်လဲနေသော ကလေးမလေး၏ ဝမ်းဗိုက်ပူပူလေးကို ဧည့်သည်များ ယခုမှသတိထားမိသွားကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလို အသေးစိတ် မြင်နေရသည့် လူခန္ဓာတစ်ကိုယ်လုံးပုံကို ကြည့်ရင်း ဧည့်သည်များ မအံ့သြဘဲမနေနိုင်။

"၁၈၆၃ ခုနှစ် မြို့ဟောင်းကြီးကို ပြန်လည်တူးဖော်နေတဲ့အချိန်ပေါ့ဗျာ။ လမ်းသွယ်တစ်ခုကို ပြန်တူးဖော်နေတဲ့အချိန်မှာ လေဟာနယ်လို အပေါက်တစ်ခုတွေ့ပြီး အထဲမှာ အရိုးစုတွေကိုတွေ့ခဲ့တယ်။ အဲ့ဒီ့အကြောင်းကိုသိတာနဲ့ ဦးစီးအရာရှိ Giuseppe Fiorelli က တူးဖော်တာတွေကို ချက်ချင်းရပ်ခိုင်းပြီး ထုံးတွေကို အရည်ဖျော်ခိုင်းတယ်။ အဲ့ဒီ့အပေါက်နေရာနဲ့ တခြားအပေါက်နေရာတွေကနေ ထုံးရည်တွေ လောင်းထည့်ခိုင်းပြီး ခြောက်သွားတော့မှ ဘေးပတ်ဝန်းကျင်က မာကျောနေတဲ့ပြာတွေကို ဂရုစိုက်ဖယ်ပြီး ဆက်တူးဖော်ခိုင်းတယ်။ သူ ဘာဖြစ်လို့ ဒီလိုခိုင်းရလဲသိလား။"

"ဒီလိုရုပ်အလောင်းတွေကို ပုံသွင်းပြီး နဂိုပုံစံအတိုင်း ပြန်ရဖို့ပေါ့ ဟုတ်လား။"

"အမှန်ပဲဗျ။ မီးတောင်ပေါက်ကွဲချိန်တုန်းက တိမ်တိုက်လိုမျိုး ပြာမှုန်တွေဟာ မီးတောင်ကနေ လိမ့်ဆင်းလာပြီး မြို့ကိုဖုံးသွားခဲ့တယ်။ လူတွေဟာ လမ်းပေါ်မှာ ပြေးရင်းတန်းလန်း ဖုံးအုပ်ခံလိုက်ရသလိုမျိုးဗျာ။ မီးတောင်ပြာတွေအုပ်ပြီး လူတွေကို ချုပ်ထားလိုက်သလို ဖြစ်ခဲ့တာကိုး။ အချိန်ကြာလာတော့ ပြာတွေဟာ မာကျောသွားတယ်။ ပြာတွေကြားမှာ ပိတ်မိနေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ အဝတ်အစားတွေဟာ ပျက်စီးသွားပေမယ့် သူတို့ရှိခဲ့တဲ့နေရာတွေကတော့ ပုံမပျက်အခေါင်းပေါက်လိုကျန်ခဲ့တယ်။ ဒီအခေါင်းပေါက်တွေထဲ ကို ထုံးရည်တွေလောင်းသွင်း၊ ခြောက်လာမှ ပြန်ခွာတော့ လူပုံရုပ်အလောင်းတွေအပြင် တိရစ္ဆာန်တွေ၊ သစ်ပင်၊ တံခါးတွေ ပုံစံတွေပါ ပြန်ရခဲ့ကြတယ်။ သစ်သားတွေ၊ အဝတ်စတွေ၊ အသားတွေက ဆွေးမြေ့သွားပေမယ့် အရိုးစုနဲ့လူပုံစံတွေ ပုံမပျက် ကျန်ခဲ့တာကိုး။ တစ်ချို့ ရုပ်အလောင်းတွေဆိုရင် ဖိနပ်ပုံစံကအစ ပြန်ရတယ်။ ကလေး၊ လူကြီး အစုံပေါ့ဗျာ။"

ထာ၀ရ ပုံပေWhere stories live. Discover now